Ch 8
Viewers 139

Ch-8

• April 13 at 12:26 PM

မူလက စုဟယ် ထိုတာဝန်ကို စနစ်၏ လမ်းညွှန်ချက် တစ်ခုအဖြစ်သာ သဘောထားပြီး ယွမ် (၁၀၀၀) ဆုလာဘ်ကိုသာ အဓိက ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုတော့ မည်သို့မှန်းမသိ ထိုတာဝန်မှာ သေရေးရှင်ရေးတာဝန် တစ်ခု ဖြစ်သွားရ၏။

စုဟယ် သက်ပြင်းချလိုက်မိသည်။ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိနေမည်ဟုတော့ သူမ ယုံကြည်ပါ၏။ လာမည့်ရက်အနည်းငယ်အတွင်း တည်းခိုခန်းသို့ တစ်ယောက်ယောက် တည်းခိုရန် ရောက်လာနိုင်ပေသည်။

သို့သော်လည်း မုန့်လုပ်ငန်းကိုတော့ ရပ်တန့်၍ မရနိုင်ပေ။ သူမအနေဖြင့် ကနဦးအရင်းအနှီးအချို့ စုဆောင်းထားရန် လိုအပ်၏။ ဟဲယဲ့တည်းခိုခန်းမှာ ဟောင်းနွမ်းပျက်စီးနေပြီး နံရံမှ ဆေးများမှာလည်း ကွာကျနေပြီဖြစ်ရာ ပြုပြင်ထိန်းသိမ်းစရိတ်အချို့ကို ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးဖြစ်ပေမည်။

စုဟယ် ဖယ်ထားသော မုန့်များကို ယူဆောင်ကာ ဝမ်ဘဲကင်ဆိုင်မှ အစ်မဝမ်နှင့် အဘိုးကြီးလီ၏ အိုးကပ်ထမင်းဆိုင်မှ အဘိုးကြီးလီ တို့ထံ သွားရောက်ကာ အခြေအနေအရ စကားစမြည် ပြောဆိုနှုတ်ဆက်လိုက်၏။

အစ်မဝမ်နှင့် အဘိုးကြီးလီတို့ကတော့ ဟဲယဲ့တည်းခိုခန်းက အဘယ့်ကြောင့် ရုတ်တရက် မုန့်တွေ ထရောင်းနေသလဲဆိုသည်ကို သဘာဝအတိုင်း စပ်စုကြတော့သည်။ စုဟယ်က တည်းခိုခန်း၏ ဝင်ငွေတိုးရန်အတွက် စီးပွားရေးလုပ်ငန်းအသစ်များကို စမ်းသပ်ကြည့်နေခြင်းဖြစ်ကြောင်း အပေါ်ယံသာ ပြောပြလိုက်သည်။

စုဟယ်၏ မုန့်လုပ်ငန်းမှာ ဝမ်ဘဲကင်ဆိုင် သို့မဟုတ် အဘိုးကြီးလီ၏ အိုးကပ်ထမင်းဆိုင်တို့နှင့် တိုက်ရိုက် အကျိုးစီးပွားအပြိုင်မဖြစ်ပေ။

အစ်မဝမ်နှင့် အဘိုးကြီးလီတို့မှာလည်း

'လူငယ်ပီပီ တော်လိုက်တာ' ၊ ' ရှောင်ဟယ်ရေး ကြိုးစားစမ်းပါဦး' စသည့် ချီးကျူးစကားအချို့ကိုသာ ပြောကြားကြပြီး အသေးစိတ်ကိုတော့ ထပ်မံ၍ အတင်းအကျပ် မမေးမြန်းကြတော့ချေ။

လူမှုရေးကိစ္စများ ပြီးစီးပြီးနောက် စုဟယ် ဟုန်လျန်ကို ခေါ်ကာ ပါဝင်ပစ္စည်းများ ဝယ်ယူရန် ဈေးသို့ သွားခဲ့သည်။ ယနေ့အတွက် မုန့်များမှာ ကုန်သွားပြီဖြစ်ရာ စုဟယ်အနေဖြင့် ထပ်မံလုပ်ရန် အစီအစဉ်မရှိပေ။ ထပ်လုပ်ပြီးရောင်းနေပါက သူမ အလွန် ပင်ပန်းသွားလိမ့်မည်။

ထို့အပြင် ယနေ့မနက်ပိုင်းက အလွန်အလျင်စလို ဖြစ်ခဲ့ရသဖြင့် ကိစ္စအတော်များများကို ပြန်လည်စီစဉ်ရန် လိုအပ်နေသည်။

စုဟယ်နှင့် ဟုန်လျန်တို့ ပစ္စည်းဝယ်ရန် အိမ်မှ ထွက်လာခဲ့ကြ၏။ ဈေးသို့သွားရာ လမ်းတစ်လျှောက်တွင် စုဟယ် သူတို့ကြုံတွေ့ရသမျှ အရာများကို ဟုန်လျန်အား ရှင်းပြပေးနေပါသည်။ ဟုန်လျန်မှာ ထိုခေတ်မီနည်းပညာများအပေါ် အလွန်အမင်း အံ့ဩနေတော့သည်။

သူတို့နှစ်ဦး လမ်းလျှောက်ရင်း ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြ၏။ ဈေးသို့ ရောက်သည့်အခါ စုဟယ်နှင့် ဟုန်လျန်တို့သည် ကုန်ကြမ်းအမြောက်အမြားကို ဝယ်ယူခဲ့ကြသည်။ 

အရေအတွက် များပြားလွန်းသဖြင့် ဆိုင်ရှင်က အိမ်အရောက် ပို့ပေးရ၏။ ဆိုင်ရှင်က သူတို့ကို ဈေးပိုတောင်းမည်ကို စုဟယ် အစပိုင်းတွင် စိုးရိမ်ခဲ့သော်လည်း လူကြားထဲ ထွက်ရမှာ ရှက်တတ်သော ဟုန်လျန်က ဂျုံမှုန့်နှင့် ကပ်စေးနှဲဂျုံမှုန့်များအကြောင်း ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုပြီး ဆိုင်ရှင် လန့်ဖြန့်သွားရလောက်အောင် ပြင်းပြင်းထန်ထန် ဈေးဆစ်နေသည်ကို မြင်ရသည့်အခါ သူမ၏ စိုးရိမ်မှုများမှာ လွင့်စင်သွားတော့သည်။

ဟုန်လျန်သည် ဆိုင်ရှင်ကို စကားဖြင့် ချောင်ပိတ်သွားအောင် ပြောဆိုခဲ့သူမှာ သူမဟုတ်တော့သည့်အလားနှုတ်ခမ်းလေးကို စူကာ အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်၏။

"သူဌေးမ ဒါဆို ဝယ်ဖို့ လောက်ပါပြီ" 

ထို့နောက် စုဟယ်သည် ဟုန်လျန်ကို ခေါ်ကာ မီးဖိုချောင်သုံးပစ္စည်းများ ဖြစ်သော မုန့်နယ်စက် အကြီးစားတစ်လုံး၊ ပေါင်းစက်တစ်လုံးနှင့် ပေါင်းအိုးအကြီးတစ်လုံးတို့ကို ဝယ်ယူလိုက်သည်။

ဒေသတွင်း အွန်လိုင်းပလက်ဖောင်းတစ်ခုမှတစ်ဆင့် စုဟယ် ထုပ်ပိုးသည့် ဘူးအသစ်များနှင့် တံဆိပ်ကပ် စတစ်ကာများကိုလည်း အထူးမှာယူခဲ့သည်။ ပလတ်စတစ်အိတ်များပေါ်တွင်လည်း လိုဂို ရိုက်နှိပ်ထားသဖြင့် မုန့်ထုပ်ပိုးမှုမှာ သိသိသာသာ ပို၍ လှလာတော့၏။

ဟုန်လျန်မှာ တည်းခိုခန်းသို့ ပြန်ရောက်သည်နှင့် စုဟယ်ကို မုန့်နယ်စက် အသုံးပြုပုံ သင်ပေးရန် ပူဆာတော့သည်။

မုန့်နယ်စက်၏ ခလုတ်များမှာ ရိုးရှင်းပြီး အရှိန်ညှိရန်အတွက် လှည့်ရုံသာ။ ဟုန်လျန် သင်ယူပြီးသွားသည်နှင့် စုဟယ်ကို အပြင်သို့ ချက်ချင်း နှင်ထုတ်တော့သည်။

"သူဌေး သွားပြီး နားပါဦး "

ဟုန်လျန်သည် လက်ကာပြလိုက်ပြီး မီးဖိုချောင်ကို သူမ တာဝန်ယူလိုက်ပြီဖြစ်ကြောင်း ပြ၏။

ဟုန်လျန်မှာ မီးဖိုချောင်သုံးပစ္စည်းအသစ်များကို တက်ကြွစွာ ကြည့်နေတော့သည်။ ထိုမုန့်နယ်စက်သည် ဂျုံမှုန့် (၁၀)ပေါင်ကို နယ်ပေးနိုင်သည်။

'ဒါ သူဌေးမ ပြောပြတဲ့ နည်းပညာရဲ့ စွမ်းအားလား'

ဟုန်လျန် အလုပ်ထဲသို့ အာရုံအပြည့် နှစ်မြှုပ်လိုက်ပြီး မုန့်အမြောက်အမြား ပြုလုပ်ရန်အတွက် နည်းလမ်း များကို စိတ်အားထက်သန်စွာ သုတေသန ပြုလုပ်နေတော့၏။

စုဟယ်မှာ ခဏတာ စောင့်ကြည့်နေပြီးနောက် မီးဖိုချောင်သည် ဟုန်လျန်အတွက် စိတ်အချရဆုံး နေရာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ခေတ်သစ်လူ့အဖွဲ့အစည်းအပေါ် သူမ ခံစားနေရသော ဖုံးကွယ်ထားသည့် စိုးရိမ်ထိတ်လန့်မှုများမှာ ပျောက်ကွယ်သွားပြီး အလေးအနက်ထားတတ်သည့်စိတ်များ ဝင်ရောက်လာ၏။

ဟုန်လျန် မငြီးတွားသော်လည်း စုဟယ်သည် သူမ၏ စိုးရိမ်စိတ်ကို သတိထားမိသည်။

သူတို့ တည်းခိုခန်းပြင်ပသို့ ထွက်လာပြီး မြင့်မားသော အဆောက်အအုံများကို မြင်ရသည့်အခါ ဟုန်လျန်မှာ သူမ၏အနားသို့ ပိုတိုးကပ်လာတတ်ပြီး မြင့်မားသော အဆောက်အအုံများအပေါ် အနည်းငယ် ကြောက်လန့်နေမှုကို ပြသနေ၏။ လမ်းကူးသည့်အခါ ကားများကို မြင်လျှင်လည်း သူမ၏ တစ်ကိုယ်လုံး တောင့်တင်းသွားတတ်သည်။

ရှေးခေတ်နှင့် ခေတ်သစ်၏ အပြောင်းအလဲများကို သူမ လိုက်လျောညီထွေ မဖြစ်မှာ စိုးရိမ်မိသဖြင့် ပြန်ရောက်လျှင် ဟုန်လျန်ကို ကောင်းကောင်း နှစ်သိမ့်ပေးရန် စုဟယ် တွေးထားခဲ့ပါသည်။ ယခုတော့ သူမအနေဖြင့် ဟုန်လျန်ကို အထင်သေးခဲ့မိပုံပင်။

လက်ဖက်ရည် တည်ခင်းပေးရသော အစေခံမိန်းကလေးတစ်ဦးအနေဖြင့် ဟုန်လျန်သည် မီးဖိုချောင်တွင် မုန့်လုပ်နည်းများကို တိတ်တဆိတ် သင်ယူနိုင်ခဲ့ခြင်းက သူမ၏ အမြော်အမြင် ကို ဖော်ပြနေပါ၏။

ဟဲယဲ့တည်းခိုခန်းတွင် ကုန်လွန်ခဲ့သော နှစ်ရက်အတွင်း ဟုန်လျန်မှာ နားထောင်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် တိတ်တဆိတ် သင်ယူခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အမှားအယွင်းဖြစ်မည်ကိုလည်း စိုးရိမ်နေခဲ့သည်။

အစေခံတစ်ဦးအနေဖြင့် သခင်ကို စိတ်အနှောင့်အယှက်ပေးမိလျှင် အနည်းဆုံး ရိုက်နှက်ဆဲဆို ခံရမည်ဖြစ်ပြီး အဆိုးဆုံးဆို ရောင်းစားခံရပေမည်။ 

အိမ်တော်တွင် ရှင်သန်နိုင်သော အစေခံများမှာ အဆက်အသွယ်ရှိသူများ ဖြစ်ကြသလို ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်သူများလည်း ဖြစ်သည်။ ထက်မြက်သော ဦးနှောက်မရှိလျှင်တောင် ပါးနပ်သူများ ဖြစ်ကြသည်။ဟုန်လျန်မှာ ထိုအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားပါ၏။

သူမသည် တစ်စုံတစ်ခုကို ကျွမ်းကျင်မှုမရှိလျှင် သို့မဟုတ် မသိလျှင် စကားပြောမည်မဟုတ်ပေ။

စုဟယ်၏ စကားပြောပုံနှင့် အပြုအမူတိုင်းကို သူမ ဂရုတစိုက် စောင့်ကြည့်နေပြီး အပြောင်းအလဲကို လိုက်လျောညီထွေဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေ၏။

သူမသည် ဤနေရာတွင် ဆက်နေချင်ပြီး သူမ၏ ကြယ်ပွင့်အဆင့်ကိုလည်း ဆက်တိုက် တိုးမြှင့်ချင်နေသည်။

စုဟယ် မီးဖိုချောင်တွင် မကူညီနိုင်သဖြင့် သူမသည် အချိန်ကန့်သတ်ထားသည့် တာဝန်ကို မည်သို့ ပြီးမြောက်အောင် လုပ်ရမည်ကို အသည်းအသန် စဉ်းစားနေတော့၏။

နေ့စဉ် ရရှိနေသော ပလက်ဖောင်း၏ အခမဲ့ ကြည့်ရှူနှုန်းမှာ သိပ်ပြီး ထိရောက်မှု မရှိပေ။ အွန်လိုင်းမှ ဘိုကင်တင်မှုမှာ (၀) သာ ရှိနေသေးသည်။

ထိုရလဒ်မှာ စုဟယ်အတွက် အံ့ဩစရာ မဟုတ်ပေ။ အကယ်၍ အခမဲ့ကြည့်ရှူနှုန်းသည် ကောင်းမွန်နေမည်ဆိုလျှင် ပလက်ဖောင်းပေါ်တွင် အဆင့်အတန်းနှင့် မှတ်ချက်ကောင်းများ ရရှိရန်အတွက် မည်သူက ငွေကြေး အကုန်အကျခံ ဝယ်ယူနေတော့မည်နည်း။

အွန်လိုင်းပလက်ဖောင်းပေါ်တွင် ဟဲယဲ့တည်းခိုခန်း၏ သနားစဖွယ် (၃.၄) အဆင့်သတ်မှတ်ချက်ကို ကြည့်ပြီး စုဟယ်မှာ အသက်ပြင်းပြင်းရှူလိုက်မိ၏။

ထို့နောက် သူမ Little Green Book ကို ထပ်မံဖွင့်ကြည့်လိုက်ရာ မနက်ပိုင်းက အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကြောင့် ဟဲယဲ့တည်းခိုခန်းအကြောင်း ပို့စ်များစွာ ထပ်တိုးလာသည်ကို တွေ့လိုက်ရသည်။ လမ်းသွားလမ်းလာ အချို့ကလည်း ထိုပို့စ်များကို မြင်ပြီးနောက် စပ်စုလိုစိတ်ဖြင့် မေးခွန်းများ မေးမြန်းထားကြ၏။

“ဒီမုန့်တွေက တကယ် အရသာရှိတာလား”

“ဝါး... ငါ့အိမ်က ဒီနားမှာပဲ၊ မနက်ဖြန် သွားပြီး တန်းစီဦးမယ် ”

မှတ်ချက်များမှာ မုန့်ကို ချီးကျူးသည့်အပေါ်တွင်သာရောက်နေကြသည်။ မနက်ဖြန်အတွက် မုန့်အရောင်းအဝယ်ကို စိုးရိမ်စရာ မလိုတော့ပေ။ သို့သော် သူမအနေဖြင့် စီးပွားရေးမှာ ကောင်းကင်က ကျလာမှာကို ထိုင်စောင့်နေ၍တော့မရပေ။ စုဟယ် ပုံမှန်နည်းလမ်းအားလုံးကို စမ်းသပ်ကြည့်ပြီးပါ၏။

ဖောက်သည်များ ရရှိရန်အတွက် သူမအနေဖြင့် တက်ကြွစွာ ရှာဖွေရပေမည်။ ယခုတစ်ကြိမ်တွင် စုဟယ်သည် တာဝန်ကို ဖွင့်ကာ ဂရုတစိုက် လေ့လာလိုက်၏။

"ဧည့်သည် (၁) ဦးကို တည်းခိုခန်းတွင် လက်ခံပြီး ကောင်းမွန်သော မှတ်ချက် (၁) ခု ရယူပါ "

စနစ်သည် တည်းခိုခန်း၏ အခန်းခအပေါ် ကန့်သတ်ချက် မထားထားသလို ဧည့်သည်များ တည်းခိုမည့် ကြာချိန်ကိုလည်း ကန့်သတ်မထားပေ။ ဧည့်သည်တစ်ဦး တည်းခိုပြီး မှတ်ချက်ကောင်း တစ်ခု ပေးသည်နှင့် တာဝန်အောင်မြင်သွားပေမည်။

အကယ်၍ အချိန်ပိုင်းအခန်းများလည်း တာဝန်၏ အခြေအနေနဲ့ ကိုက်ညီနိုင်မည်လော။

စုဟယ် စနစ်ကို စမ်းသပ်ကြည့်လိုက်သည်။ ယခုတစ်ကြိမ်တွင် စနစ်သည် နောက်ထပ် တာဝန်ကန့်သတ်ချက်များ ထပ်မံမထည့်သွင်းထားသဖြင့် စုဟယ်မှာ ယုံကြည်ချက်အချို့ ရှိသွားတော့၏။

သူမသည် အွန်လိုင်း ဘိုကင်တင်သည့် ပလက်ဖောင်းကို ဖွင့်ကာ အထူးလျှော့ဈေး အစီအစဉ် တစ်ခုကို တင်လိုက်သည်။

"(၉.၉)ယွမ်တန် (၄) နာရီ အချိန်ပိုင်းအခန်း၊အကန့်အသတ်နဲ့ပဲ ရမယ်နော် "

ထိုဈေးနှုန်းမှာ အလွန်ပင် တန်လွန်းလှသည်။

ဟဲယဲ့တည်းခိုခန်း၏ အချိန်ပိုင်းအခန်းများသည် အထူးလျှော့ဈေး ကဏ္ဍထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီး အွန်လိုင်းပလက်ဖောင်းပေါ်တွင် လူသိများလာရန် အခွင့်အရေး ရသွားတော့၏။

ထိုဈေးနှုန်းမှာ အရှုံးသက်သက်သာ ဖြစ်သည်။ပလက်ဖောင်းက တစ်ဝက်ကို ယူပြီး ဝန်ဆောင်ခများကို နှုတ်လိုက်လျှင် ဟဲယဲ့တည်းခိုခန်းအနေဖြင့် ၄ ယွမ်သာ ရရှိပေလိမ့်မည်။

ဧည့်သည်တစ်ဦး ထွက်သွားပြီးနောက် အိပ်ရာခင်းများအားလုံးကို လဲလှယ်ရန် လိုအပ်ပြီး အခန်းကိုလည်း သေသေချာချာ သန့်ရှင်းရေး လုပ်ရန်လိုသည်။ (၄) ယွမ်ဆိုသည်မှာ ရေဖိုးမီးဖိုးပင် မကာမိပေ။

ထို့ကြောင့် စုဟယ်မှာ အထူးလျှော့ဈေး အစီအစဉ် (၁၀) ခုကိုသာ တင်လိုက်ပြီး အသုံးပြုနိုင်မည့် အချိန်ကိုလည်း ယနေ့နှင့် မနက်ဖြန်ဟုသာ ကန့်သတ်ထားလိုက်၏။

"အစီအစဉ် (၁၀) ခု ဆိုတော့ တစ်ယောက်ယောက်က တည်းခိုခန်းကို မှတ်ချက်ကောင်း ပေးမှာပါ "

စုဟယ် ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

"(၉.၉) ယွမ်တည်းနဲ့ဆိုတော့ ဧည့်သည်တွေလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေကို လျှော့ချထားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

စုဟယ်က ဆုတောင်းလိုက်၏။

(၉.၉) ယွမ် ဆိုသည့် ဈေးနှုန်းမှာ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလွန်းသည်။ ခဏအတွင်းမှာပင် အစီအစဉ် ၅ ခုမှာ ရောင်းထွက်သွားတော့၏။

"တူ... တူ... တူ..." 

တည်းခိုခန်း ဖုန်း မြည်လာသည်။

"ဟဲလို ဒါ ဟဲ့ယဲ့တည်းခိုခန်းက လားဗျ။ ကျနော် (၉.၉) ယွမ်တန် အစီအစဉ်ကို ဝယ်ထားလို့ပါ၊ အခုပဲ သုံးလို့ ရပြီလား "

ဧည့်သည်တစ်ဦးထံမှ ဘိုကင်တင်သည့် ဖုန်းခေါ်ဆိုမှုပင် ဖြစ်သည်။

စုဟယ်က ချက်ချင်းပင် ပြန်လည် ဖြေကြားလိုက်၏။

"ဟဲလို ဒါ ဟဲယဲ့တည်းခိုခန်း ပါ။ ရပါတယ်ရှင့် ကျမတို့ အွန်လိုင်းက အထူးအစီအစဉ်ကို သုံးလို့ ရပါတယ်ရှင်။ ဟုတ်ကဲ့၊ တည်းခိုခန်းမှာ လူရှိပါတယ်၊ ကြိုက်တဲ့အချိန် လာခဲ့လို့ ရပါတယ်ရှင် "

စုဟယ် ဖုန်းချလိုက်ပြီး ဧည့်သည်၏ အချက်အလက်များကို မှတ်တမ်းတင်ရန် အာရုံစိုက်လိုက်သည်။

"အခုပဲ လာမှာလား၊လူဘယ်နှစ်ယောက် တည်းမှာလဲရှင့် "

စုဟယ် အချက်အလက်များကို မှတ်တမ်းတင်ရန် ပြင်ဆင်လိုက်သော်လည်း တစ်ဖက်လူက အလျင်စလို ဖုန်းချသွားသည်ကိုသာ ကြားလိုက်ရသဖြင့် သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

"ထားလိုက်ပါတော့လေ၊ အရင်ဆုံး ဧည့်သည်လက်ခံဖို့ ပြင်ဆင်ထားရအောင် " 

စုဟယ် အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး ဝန်ဆောင်မှု ပေးနေစဉ် တစ်လျှောက်လုံး ပြုံးပြုံးရွှင်ရွှင်ဖြင့် ဧည့်ခံရန်သာ ဆုံးဖြတ်လိုက်တော့သည်။