Ch 7
Viewers 134

Ch-7

• April 13 at 12:25 PM

စုဟယ်၏ အိပ်ချင်စိတ်များမှာ အဝေးသို့ လွင့်စင်သွားပါ၏။

ဆိုင်မှာ ခြောက်ကပ်မနေတော့ပေ။ သူမ ဓာတ်တိုင်တွင် ကပ်ထားခဲ့သော လမ်းညွှန်ဆိုင်းဘုတ်လေးကြောင့် လက်ပတ်တန်းစီမည့် လူအုပ်ကြီးမှာ ဆိုင်ဘက်သို့ တဖွဲဖွဲ ရောက်ရှိလာသည်။

လက်ပတ်စတင်ရောင်းချမည့် မနက် (၈) နာရီနီးလာသည်နှင့် ဟဲယဲ့တည်းခိုခန်းရှေ့မှ ဖြတ်သွားသူများမှာ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြ၏။

စုဟယ် အခြေအနေကို ပါးနပ်စွာ ကြည့်ပြီး အရောင်းမြှင့်တင်ရေး လုပ်ငန်းများကို ခေတ္တရပ်နားလိုက်သည်။

သူမ ထိုအခွင့်အရေးကို ယူကာ ဆိုင်ထဲမှ ခဏထွက်ပြီး မုန့်အချို့ကို ယူဆောင်ကာ ကြွယ်ဝခြင်းနတ်ဘုရား ဟဲယဲ့တည်းခိုခန်း၏ စီးပွားရေးကို စောင့်ရှောက်ပေးပါဟု ဆုတောင်းလိုက်၏။

မည်သို့ပင်ဆို‌စေ ယခုဆိုရင် သူမဟာ ကြယ်ဝခြင်းနတ်ဘုရားနှင့် အိမ်နီးချင်းများ ဖြစ်နေပေပြီ။

"အဝေးက ဆွေမျိုးထက် အနားက အိမ်နီးချင်းက ပိုအားကိုးရတယ်"

ထိုစကားအတိုင်း နတ်မင်းကြီးအနေနှင့် အိမ်နီးချင်း၏ စီးပွားရေးကို ကြည့်ရှူစောင်မပေးသင့်ပါသည်။

စုဟယ် ဆိုင်သို့ ပြန်ရောက်ချိန်တွင် ဟုန်လျန်မှာ မုန့်အသစ်တစ်သုတ်ကို လုပ်ပြီးသွားပြီး ရောင်းချရန် အတော်လေး ရထား၏။

ထိုအချိန်တွင် လက်ပတ် တန်းစီပြီး၍ ဆန်းကျုံးကျောင်းတော်တွင် ဆုတောင်းမှုများ ပြုလုပ်ပြီးကြသော ဘုရားဖူးများသည် ဟဲယဲ့တည်းခိုခန်း အဝင်ဝသို့ တဖြည်းဖြည်း စုဝေးလာကြသည်။ 

အချို့မှာ ထိုလူချောလေးကြောင့် မုန့်ကို စိတ်ဝင်စားသွားကြသလို အချို့ကတော့ လူများတန်းစီနေသည်ကို မြင်၍ အလိုလို တန်းစီနေသည့်အထဲသို့ ဝင်ရောက်လာကြခြင်းပေ။

လူများ၏ စပ်စုတတ်သည့် စိတ်ဓာတ်က တကယ်ကို အံ့ဩစရာကောင်းပါ၏။ လူများ တန်းစီနေသည်ကို မြင်ရလျှင် လူအများကြီး တန်းစီနေ၍ အရသာ မဆိုးနိုင်ပါဘူးဟု အမြဲတမ်း တွေးတတ်ကြသည်။ သို့မဟုတ် သူများ‌တွေ တန်းစီးနေတာ၊ ငါလည်း တန်းစီကြည့်ဦးမယ် ဆိုသည့် စပ်စုလိုစိတ် သက်သက်ကြောင့်လည်း ဖြစ်နိုင်၏။

ဟဲယဲ့တည်းခိုခန်းမှာ ဆန်းကျုံးကျောင်းတော်နှင့် မျက်နှာချင်းဆိုင် လမ်းပေါ်တွင် တည်ရှိသည်။ ကျောင်းတော်မှ ထွက်လာသူများနှင့် ကျောင်းတော်သို့ သွားမည့်သူများသည် ထိုလမ်းမှ ဖြတ်သွားရသဖြင့် ဟဲယဲ့တည်းခိုခန်း၏ ဆိုင်ပြတင်းပေါက်တွင် လူအုပ်ကြီးမှာ စည်ကားနေတော့သည်။

စုဟယ် ပြတင်းပေါက်မှနေ၍ ဖောက်သည်များကို မုန့်များ ကမ်းပေးရင်း အော်ပြောနေ၏။

"အထူးအရောင်းမြင့်တင်ရေး အထူးအရောင်းမြင့်တင်ရေးပါ Little Green Book ဒါမှမဟုတ် Douyin ပေါ်မှာ ပို့စ်တင်ပေးမယ်ဆိုရင် (၅) ယွမ် လျှော့ပေးမယ်နော်"

ထိုအထူးအစီအစဉ်မှာ သူမ ချက်ချင်း စဉ်းစားလိုက်မိသည့် အကြံဉာဏ်ဖြစ်သည်။

လူစည်ကားနေခိုက်တွင် အခမဲ့ကြည့်ရှူနှုန်းတိုးစေရန်အတွက် အော်ဟစ်ဆွဲဆောင်လိုက်ခြင်းပင်။

မနက်က သူမဘာသာ အကောင့်များ ပြောင်းသုံးနေစဉ် ပို့စ်အချို့မှာ ပိတ်ဆို့ ခံလိုက်ရသည်ကို တွေ့လိုက်ရသည်။ 

ဖုန်းတစ်လုံးတည်း၊ IP address တစ်ခုတည်းမှ တူညီသည့် အချက်အလက်များ တင်မိ၍ ဖြစ်နိုင်ပါ၏။ ထို့ကြောင့် ဖောက်သည်များကိုယ်တိုင် တင်ပေးအောင် လှုံ့ဆော်ခြင်းက ပို၍ ထိရောက်ပေမည်။

တစ်ဖက်တွင် စုဟယ် ဟုန်လျန်ကို တန်းစီနေသူများကြားတွင် မုန့်မြည်းစမ်းခိုင်းသည့်‌နေရာ၌ တာဝန်ချပေးထားသည်။

ဟုန်လျန် ရူယီမုန့် တစ်ထုပ်ကို ဖြေလိုက်သည်။ 

သူမ အနည်းငယ် ရှက်နေသော်လည်း စုဟယ် သင်ပေးထားသည့်အတိုင်း သတ္တိမွေးကာ တန်းစီနေသူများကြားသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"ရူယီမုန့်လေး မြည်းကြည့်ပါဦးရှင့်"

ချက်ချင်းဆိုသလိုပင် ဟုန်လျန်မှာ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။

“ဝါး... အရသာရှိလိုက်တာ ” 

ဖောက်သည်အချို့မှာ အလွန်ပင် သဘောကျသွားပြီး စားပြီးသည်နှင့် ကျေနပ်အားရသည့်အသံများ ထွက်ပေါ်လာ၏။

“ကျွန်မ နှစ်ဘူး ဝယ်မယ် ”

“အရမ်း အရသာရှိတာပဲ ”

“ဒီလို လတ်လတ်ဆတ်ဆတ်နဲ့ နူးညံ့အိစက်နေတဲ့ မုန့်မျိုး မစားရတာ ကြာပြီ။ စူပါမားကတ်က စက်ရုံထုတ်မုန့်တွေက ဒီလောက် မကောင်းဘူး ”

ထိုမှတ်ချက်များကို ကြားလိုက်ရသည့်အခါ မုန့်မမြည်းရသေးသော ဖောက်သည်များမှာ ပို၍ စိတ်လှုပ်ရှားလာကြပြီး မုန့်မြည်းရန် တက်ကြွစွာ စောင့်ဆိုင်းနေကြတော့သည်။

“ဟင်... ကုန်သွားပြီလား ” 

ပန်းရောင်ဆံပင်နှင့် မိန်းကလေးတစ်ဦးမှာ ဟုန်လျန်မြည်းစမ်းခိုင်းသည့်မုန့် ကုန်သွားသည်ကို မြင်သောအခါ စိတ်ပျက်သွားသည့်ပုံစံဖြင့် ဟုန်လျန်ကို သနားစဖွယ် လှမ်းကြည့်လာ၏။

သူမရှေ့ နှစ်ယောက်အလိုမှာတင် ကုန်သွားခြင်းပင်။ သူမသည် ဟုန်လျန် ထွက်ခွာသွားသည်ကို ဝမ်းနည်းရိပ်သန်းစွာ ကြည့်နေမိသည်။

သို့သော် မကြာမီမှာပင် သူမ မျက်လုံးများ ဟုန်လျန် ပြန်ရောက်လာ၍ တောက်ပသွား၏။

ဟုန်လျန်သည် ခုနက ရူယီမုန့် ဝေပေးပြီးသည့် နေရာသို့ ပြန်လာကာ ပြောလိုက်သည်။

“ဆီးသီးကပ်စေးနှဲမုန့်လေး မြည်းကြည့်ပါဦးရှင့် ”

ပန်းရောင်ဆံပင်နှင့် မိန်းကလေးမှာ ပို၍ပင် စိတ်လှုပ်ရှားသွားတော့သည်။

'ဝါး... အရသာအသစ် တစ်မျိုးပေါ့'

သူမသည် ဆီးသီးကပ်စေးနှဲမုန့်ကို ယူကာ ပါးစပ်ထဲသို့ အငမ်းမရ ထည့်လိုက်သည်။ 

“အင်း... အရမ်း အရသာရှိတာပဲ၊ ဒါက ဆီးသီးကပ်စေးနှဲမုန့်လား ”

ရူယီမုန့် နောက်ဆုံးတစ်ခုကို ရလိုက်သူမှာ တိတ်တဆိတ် ဝမ်းသာနေခဲ့သော်လည်း ယခုတွင်မူ အနည်းငယ် နောင်တရသွား၏။ ဆီးသီးကပ်စေးနှဲမုန့်ကလည်း အရမ်း အရသာရှိပုံပင်။ ခုနကသာ သူ ယဉ်ကျေးသမှုဖြင့် လက်ရှောင်ခဲ့ပါက ဆီးသီးကပ်စေးနှဲမုန့်ကို မြည်းခွင့်ရမလားဟု တွေးနေမိသည်။

တန်းစီသည့် လူတန်းကြီးမှာ ပို၍ ရှည်လျားလာပြီး နောက်ဆုံးမှ လူများမှာလည်း မျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးများ တောက်ပနေကြ၏။

ဆီးသီးကပ်စေးနှဲမုန့်သာ ကုန်သွားလျှင် သစ်အယ်သီးမုန့်ကို မြည်းခွင့်ရမလားဆိုပြီး တွေးနေကြခြင်းပင်။

Douyin ပေါ်တွင် ပို့စ်တင်ပြီး (၅)ယွမ် လျှော့ဈေးဖြင့် ရူယီမုန့် နှစ်ဘူး ဝယ်ထားသော လူငယ်တစ်ဦးမှာ လူတန်းနောက်ဘက်က စကားသံများကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ခြေလှမ်းများရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“အစ်မ၊ ကျနော်ကို ဆီးသီးကပ်စေးနှဲမုန့် တစ်ဘူး ထပ်ပေးပါဦး။ ပြီးတော့... သစ်အယ်သီးမုန့် တစ်ဘူးလည်း ထပ်ယူလို့ ရမလား ”

စုဟယ်က သေချာပေါက် သဘောတူသည်ပင်။ သူမမှာ ပြုံးပျော်နေတော့သည်။ ဤသည်မှာ ပိုက်ဆံများပင် မဟုတ်ပါလော။

ထိုလူငယ်၏ နောက်တွင်တော့ ဆန်းကျုံးကျောင်းတော်၏ ပုံမှန်ဖောက်သည်ဖြစ်သည့် အဘိုးအိုတစ်ဦး ရှိနေသည်။ 

အငြိမ်းစားယူထားသည့် ထိုအဘိုးအိုမှာ နေ့စဉ် မနက်ပိုင်းတွင် ဆန်းကျုံးကျောင်းတော်ရှိ ကြာကန်သို့ လာပြီး လေ့ကျင့်ခန်း လုပ်လေ့ရှိ၏။

ယနေ့တွင် လမ်းပေါ်၌ လူများစွာ တန်းစီနေသည်ကို မြင်ရသည့်အခါ ငွေရော အချိန်ရော ပိုလျှံနေသည့် အဘိုးအိုအနေဖြင့် လက်လွှတ်မခံပေ။

“သမီးရေး အဘိုးကတော့ သမီးပြောတဲ့ Little Green Book ဆိုတာကြီးကို နားမလည်ဘူး၊ အဖိုးက အသက်ကြီးပြီလေ။ အဲဒီအစား အဘိုးရဲ့ WeChat မှာ တင်ပေးပြီး သူငယ်ချင်းတွေကို လာဝယ်ခိုင်းပေးရင် ရမလား ”

အဘိုးအို ရယ်မောရင်း မေးလိုက်သည်။

“ရတာပေါ့ အဘိုးရဲ့၊ ဘယ်မုန့်ယူမလဲ ပြောပါ”

စုဟယ် အပြုံး မပျက်ပေ။ 

(၅) ယွမ် လျှော့ဈေးလေးအတွက်နှင့် ဖောက်သည်တစ်ဦးကို စိတ်အနှောင့်အယှက် မပေးလိုပါ။ အမြတ်မကျန်လျှင်တောင်မှ ကြည့်ရှုနှုန်းနှင့် စေတနာကို ရရှိနိုင်ပေသည်။

“တစ်မျိုးကို တစ်ဘူးစီ ပေးကွယ် ”

အဘိုးအိုသည် ငွေပေးချေရန် ဖုန်းကို ထုတ်လိုက်ပြီး ဆိုင်၏ ဓာတ်ပုံများကို ရိုက်ကာ စုဟယ်ကို ပြောလိုက်၏။

“အဘိုးတို့ ငါးဖမ်းအဖွဲ့နဲ့ ပန်းစိုက်တဲ့ အဖွဲ့တွေထဲမှာ ကြော်ငြာပေးလိုက်မယ်နော် ”

“ကျေးဇူးတင်ပါတယ် အဘိုး၊ အရသာရှိရင် နောက်တစ်ခါ ပြန်လာခဲ့ပါဦးနော် ”

စုဟယ်သည် အဘိုးအိုကို ပြုံးပြ နှုတ်ဆက်လိုက်ပြီး နောက်ထပ် ဖောက်သည်ကို ပြုံးပြုံးရွှင်ရွှင်ပင် ဧည့်ခံလိုက်ပြန်သည်။

လူတန်း၏ နောက်ဘက်သို့ ရောက်လေ ဖောက်သည်များ ပိုဝယ်လာကြလေပေ။ အများစုမှာ မုန့်သုံးမျိုးလုံး ပါဝင်သည့် အထုပ်ကိုသာ ဝယ်ယူကြတော့၏။

ဘာပဲဖြစ်ဖြစ် သူတို့က လူကြီးများသာ၊ အကုန်လုံးကို စားဖူးချင်ကြသည်။

ငွေများ သိမ်းဆည်းရင်း၊ အရောင်းမြင့်တင်ရေး အစီအစဉ်များကို အော်ဟစ်ရင်း၊ ဖောက်သည်များ Little Green Book နှင့် Douyin ပေါ်တွင် ပို့စ်တင်နေကြသည်ကို ကြည့်ရင်းနှင့် အခြေအနေမှာ အတော်လေး ရှုပ်ထွေးနေသော်လည်း ကံကောင်းထောက်မစွာ ဟုန်လျန် ကူညီပေးနေပါ၏။

ဟုန်လျန်မှာ အီလက်ထရွန်နစ် ငွေပေးချေမှုများနှင့် အနည်းငယ် စိမ်းနေသော်လည်း အိတ်ထဲ ထည့်ပေးခြင်းနှင့် လူတန်းကို လမ်းညွှန်ပေးခြင်းတို့တွင်တော့ ပြဿနာ မရှိပေ။

မနက် (၁၀) နာရီကျော်သည့်အခါတွင် လူတန်းမှာ ရှည်လျားနေဆဲဖြစ်သည်ကို စုဟယ် တွေ့လိုက်ရသဖြင့် ယနေ့အတွက် မုန့်များ ကုန်သွားပြီဖြစ်ကြောင်းနှင့် ထပ်မံ တန်းမစီကြရန် ဟုန်လျန်ကို အသိပေးခိုင်းလိုက်၏။

သူမနှင့် ဟုန်လျန်တို့ ကျန်ရှိနေသည့် မုန့်အနည်းငယ်ကို တန်းစီနေသော်လည်း မရလိုက်သော ဖောက်သည်များကို မြည်းစမ်းရန်အတွက် ဝေပေးလိုက်ရာ ထိုသူများ၏ စိတ်အခြေအနေမှာ သိသိသာသာ ပြန်ကောင်းလာသည်။

မုန့်မြည်းကြည့်ပြီးနောက်တွင်တော့ မနက်ဖြန်ကျရင် စောစောလာပြီး တန်းစီမည်ဟု ကတိပေးသွားကြတော့၏။

ဖောက်သည်များကို နှုတ်ဆက်ပြီးနောက် စုဟယ် ရေနွေးအိုးကို မကာ တစ်ဂွတ်ဂွတ် နှင့် သောက်လိုက်တော့သည်။ 

တစ်မနက်လုံး သူမ လုံးဝ မနားခဲ့ရပေ။

သို့သော်လည်း မုန့်ရောင်းရသည်မှာ တကယ်ကို ပိုက်ဆံရပါသည်။

တစ်မနက်လုံးတွင် ငွေလက်ခံရရှိပါသည် ဆိုသည့် အသိပေးသံများမှာ သူမကို မိန်းမောသွားစေ၏။

ဖောက်သည် အများစုမှာ မုန့်သုံးမျိုးလုံးကို တွဲဝယ်ကြသည်။ ရူယီမုန့်က (၁၀) ယွမ်၊ ဆီးသီးကပ်စေးနှဲမုန့်က (၂၀) ယွမ်၊ သစ်အယ်သီးမှုန့်မုန့်က (၃၅) ယွမ်ပေ။

(၅) ယွမ် လျှော့ဈေးကို နှုတ်လိုက်လျှင် ဖောက်သည်တစ်ဦး၏ ပျမ်းမျှအသုံးစရိတ်မှာ (၆၀)ယွမ် ဖြစ်သည်။

ယနေ့ တစ်မနက်တည်း၏ ဝင်ငွေမှာတင် ယွမ် (၂,၀၀၀) ကျော်သွား၏။ ဤသည်မှာ သူတို့ ပြင်ဆင်မှု မလုံလောက်သေး၍ပင်။

အကယ်၍ ပိုပြီး ပြင်ဆင်ထားနိုင်ခဲ့ပါရင်တောင် မုန့် အကုန်ရောင်းရဦးမှာပဲဟု စုဟယ် အခိုင်အမာ ယုံကြည်နေသည်။

အထူးသဖြင့် မုန့်အရသာကို မြည်းကြည့်ပြီးနောက်တွင်ပင်။

"အရသာရှိသည့် အရာကို ကြော်ငြာစရာ မလိုပေ" 

ဆိုသည့်စကားအတိုင်း ယနေ့ ဝယ်သွားသည့် ဖောက်သည်များထဲမှ တချို့သည် သေချာပေါက် ပုံမှန်ဖောက်သည်တွေ ဖြစ်လာလိမ့်မည်ဟု စုဟယ် ယုံကြည်သည်။

ဤမုန့်များအတွက် ကုန်ကျစရိတ်က မများလှပေ။ အဓိကအားဖြင့် ဂျုံမှုန့်၊ ပဲနီလေးနှင့် အလွယ်တကူ ရနိုင်သည့် ပါဝင်ပစ္စည်းများသာ ဖြစ်၏။ အရေးကြီးဆုံးဖြစ်သည့် လုပ်အားခကို ကတ်ကပဲ ဖြည့်ဆည်းပေးထားသည်။

စုဟယ်က အမြတ်ကို တွက်ချက်ကြည့်ရင်းနှင့် တွေးလိုက်မိ၏။

"ဘာလို့ တည်းခိုခန်း ဖွင့်နေဦးမှာလဲ၊ မုန့်ဆိုင်ပဲ ပြောင်းဖွင့်လိုက်ရင် ကောင်းမလား။ ဟဲယဲ့တည်းခိုခန်းရဲ့ သက်တမ်းအရဆိုရင် ဒါက တကယ့် ရှေးဟောင်း တရုတ်ရိုးရာ မုန့်တံဆိပ် တစ်ခု ဖြစ်နေလောက်ပြီ "

ထိုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသော စနစ် မှာ ရုတ်တရက် ပေါ်ထွက်လာတော့၏။

စနစ်၏ တာဝန် : ကစားသမားအနေဖြင့် ကျော်ကြားသော ဟိုတယ်တစ်ခု ဖြစ်လာအောင် ကြိုးစားပါ။ ဧည့်သည် ၁ ဦးကို လက်ခံပြီး ကောင်းမွန်သော မှတ်ချက် ၁ ခု ရယူပါ။

တာဝန်၏ ဆုလာဘ် : ဂိမ်းဆိုင် ကို ဖွင့်လှစ်ပေးမည်။ ငွေသားဆုလာဘ်: (၁,၀၀၀)ယွမ်။

တာဝန် ကြာချိန်: ၃ ရက်။ (ကျန်ရှိချိန်: ၅၂ နာရီ)

စနစ်၏ သတိပေးချက် : တာဝန်ကို အောင်မြင်စွာ မပြီးမြောက်ပါက အကောင့်ကို အလိုအလျောက် ဖျက်သိမ်းမည် ဖြစ်သည်။

စုဟယ် "......"

"ဒီစနစ်က စိတ်ကိုများ ဖတ်နိုင်နေတာလား၊ ဘာလို့ အခုမှ ရုတ်တရက် အချိန်သတ်မှတ်ချက်တွေ ပေါ်လာရတာလဲ'