Ch-10
• April 13 at 12:27 PM
လူ ခြောက်ယောက်ပါသော ထိုမိသားစုမှာ ပထမဆုံး ထွက်ခွာသွားကြသည်။ တည်းခိုခန်းထဲသို့ စတင်ဝင်ရောက်လာစဉ်က လူရုပ်မပေါက်ဘဲ ဖရိုဖရဲဖြစ်နေသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခု ကောင်းမွန်စွာ အနားယူထားကြသဖြင့် အားအင်များ ပိုမိုပြည့်ဝနေကြသည်မှာ သိသာလှ၏။
စုဟယ်သည် ရင်ခုန်လှုပ်ရှားစွာဖြင့် စနစ်မျက်နှာပြင်ကို စိုက်ကြည့်နေမိသည်။
စနစ်၏ အသိပေးချက် : မှတ်ချက်ကောင်းများကို တွက်ချက်နေပါသည်။
"မှတ်ချက်ကောင်း ၁/၆ ရရှိသည်၊ ဈေးနှုန်းချိုသာပြီး သူဌေးမက အရမ်းသဘောကောင်းတယ်"
စုဟယ် ရှေ့တွင် ကလေးပွေ့ထားသော အမျိုးသားကို လှမ်းကြည့်လိုက်သည်၊ ထိုမှတ်ချက်မှာ ထိုဖခင်ဖြစ်သူ ပေးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"မှတ်ချက်ကောင်း ၁/၆ ရရှိသည်၊ အရမ်းဈေးပေါတယ်၊ ဒါပေမဲ့ ပတ်ဝန်းကျင် အခြေအနေကတော့ သိပ်မကောင်းဘူး"
၎င်းတော့ မိခင်ဖြစ်သူ ပေးလိုက်သည့် ပျမ်းမျှမှတ်ချက်ပင်။
ဈေးနှုန်းသက်သာမှုက မှတ်ချက်ကောင်းတစ်ခု ရရှိရန် အထောက်အကူပြုပုံရသည်။
စုဟယ် အနည်းငယ်တော့ စိုးရိမ်မိသည်၊ ဟဲယဲ့တည်းခိုခန်း ပတ်ဝန်းကျင်မှာ အမှန်တကယ်ပင် အနည်းငယ် အဆင့်နိမ့်နေသည် မဟုတ်ပါလား။
"မှတ်ချက်ကောင်း ၁/၆ ရရှိသည်၊ ရေပူက တကယ့်ကို ပူနွေးနေတာပဲ၊ တာ့ပေါင်လည်း အများကြီး သက်သောင့်သက်သာ ဖြစ်သွားတယ်"
၎င်းကတော့ ဆံပင်ဖြူဖြူနှင့် အဘွားအို ပေးခဲ့သည့် မှတ်ချက်ကောင်း ဖြစ်သည်။
စုဟယ် ဆက်လက် စောင့်ဆိုင်းနေမိ၏။
ထိုမိသားစု အဝေးသို့ လျှောက်သွားသည်အထိ သူမ စောင့်ကြည့်နေသော်လည်း မှတ်ချက်ကောင်းအသစ်များ ထပ်မံပေါ်ထွက်မလာတော့ပေ။
"မဖြစ်နိုင်တာ ဒါပဲလား "
စုဟယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်၊ သူမသည် ထိုမိသားစုအပေါ် မျှော်လင့်ချက်အကြီးကြီး ထားခဲ့သည် မဟုတ်ပါလား။
သူမသည် နောက်ဆုံးရလဒ်ကို ကြည့်ရန် စနစ်ပေါ်တွင် နှိပ်လိုက်သည်။
စနစ်၏ အသိပေးချက် : မှတ်ချက်ကောင်း ၃/၆ ရရှိသည်။
အခြားမှတ်ချက်များ ဆိုင်မှာ ခဏလေး နားတာကိုတောင် ပိုက်ဆံတောင်းတယ်၊ ဂုတ်သွေးစုပ်တာပဲ။
ထိုမှတ်ချက်မှာ အဘိုးအို ပေးခဲ့ခြင်း ဖြစ်ရမည်။
စုဟယ် မျက်လုံးများ ပြာဝေသွားသည်၊ (၉.၉) ယွမ်တန် အချိန်ပိုင်းအခန်းကိုတောင် သူက ဈေးကြီးသည်ဟု ထင်နေသည်။
သူမမှာ ငိုချင်သွားသော်လည်း မျက်ရည်က ထွက်မလာနိုင်တော့ပေ။
အခြားမှတ်ချက်များ ဝူးဝူးဝူး
အခြားမှတ်ချက်များ ဝါး... ဟင်းဟင်း
ထိုနားမလည်နိုင်သော မှတ်ချက်နှစ်ခုမှာ ကလေးငယ်နှစ်ယောက် ပေးခဲ့ခြင်းတော့ မဟုတ်လောက်ပါဘူးနော်
"ဒါကတော့ သိပ်မတရားဘူး။ ကလေးတွေက ငယ်သေးတယ်။ သူတို့ရဲ့ စိတ်ကူးတွေကို ဘယ်လိုလုပ်ပြီး ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်မှာလဲ "
စနစ်၏ အသိပေးချက် : မှတ်ချက်ကောင်း (၁) ခု မပြည့်မီပါ။ မှတ်ချက်ကောင်းများ သုညသို့ ပြန်လည်ရောက်ရှိသွားပါပြီ။ ကျေးဇူးပြု၍ ပိုမိုကြိုးစားပေးပါ။
စုဟယ် မျက်နှာလေး ရှုံ့မဲ့သွားတော့၏။
ဒုတိယမြောက် အခန်းအပ်ပြီး ထွက်သွားသူမှာ လက်တော့အိတ်ကို လွယ်ထားသော မိန်းကလေး ဖြစ်သည်။
စုဟယ် မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ကြည့်နေမိ၏။
သို့သော် ထိုမိန်းကလေး၏ အမူအရာကို မြင်လိုက်ရပြီးနောက် စုဟယ် အသစ်တစ်ဖန် နိုးထလာသော မျှော်လင့်ချက်မှာ အောက်ခြေသို့ ပြန်လည် နစ်မြုပ်သွားပြန်သည်။
မိန်းကလေးမှာ မျက်မှောင်ကြုတ်ထားပြီး သူမ၏ မျက်ခုံးကြားတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ရှိနေ၏။
အခန်းကတ်ကို ပြန်အပ်ပြီးနောက် သူမသည် လေးလံသော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။
အခြားမှတ်ချက်များ၊ ဒီတစ်ခါလည်း လူတွေ့စစ်ဆေးတာ ထပ်ပြီး မအောင်မြင်ပြန်ဘူး။ ဟူး... ဒီတစ်လော ငါ့ကံက ညံ့နေတာပဲ... မဟုတ်ဘူး... ဒါ ဒီတည်းခိုခန်းရဲ့ ဖုန်းရွှေ မကောင်းလို့ပဲ ဖြစ်ရမယ်
စုဟယ် သူမကို တားဆီးချင်သည့် အမူအရာဖြင့် လက်ကမ်းလိုက်မိသော်လည်း ထိုမိန်းကလေးကို ဆွဲထားရန် ခိုင်လုံသော အကြောင်းပြချက် မရှိပေ။
စုဟယ်အနေဖြင့် ထိုမိန်းကလေးကို လူတွေ့စစ်ဆေးမှု အောင်မြင်အောင် မကူညီနိုင်သရွေ့ သူမကို ပြုံးအောင်လုပ်ဖို့က ခက်ခဲပေလိမ့်မည်။
မာကျောက်ကစားသူ လေးဦး အောက်ထပ်သို့ ဆင်းလာချိန်တွင်တော့ စုဟယ်မှာ မျှော်လင့်ချက် လုံးဝ စွန့်လွှတ်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်၊ ပထမ သုံးယောက်ဆီက မှတ်ချက်ကောင်းများ ရပြီးနောက် စုဟယ်သည် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်လိုက်၏။
အခြားမှတ်ချက်များ ဒေါသထွက်စရာကြီး ဒီတစ်ခါ ငါတစ်ယောက်တည်း ရှုံးပြီး သုံးယောက်လုံး နိုင်သွားကြတယ် တော်သေးတာပေါ့ ဒီနေ့ ပိုက်ဆံအများကြီးနဲ့ မကစားဖြစ်လို့။ ဟူး... နောက်တစ်ခါကျရင်တော့ ငါ အမြဲသွားနေကျ မာကျောက်ဝိုင်းကိုပဲ သွားတော့မယ်
စုဟယ် ထိုဧည့်သည်လေးဦးကို တည်ငြိမ်စွာပင် လိုက်ပို့လိုက်သည်။
ဧည့်ကြိုကောင်တာတွင် စိတ်ဓာတ်ကျစွာ မတ်တတ်ရပ်နေသော စုဟယ်ကို ကြည့်ပြီး ဟုန်လျန်က ဇဝေဇဝါဖြင့် မေးလိုက်၏။
"သူဌေးမ၊ ဘာဖြစ်လို့လဲဟင်"
စုဟယ်က အားနည်းစွာ လက်ကာပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ ငါ တစ်ခုခု စဉ်းစားနေလို့ပါ။ နင် မုန့်လုပ်နည်း သုတေသနကော ပြီးပြီလား "
မုန့်အကြောင်း ပြောလိုက်သည်နှင့် ဟုန်လျန်မှာ အလွန်တက်ကြွသွား၏။
"ဟုတ်ကဲ့ ဒီမုန့်နယ်စက်က သုံးရတာ တကယ်လွယ်တယ်။ ဂျုံမှုန့်နဲ့ ရေအချိုးအစားကို အနည်းငယ် ညှိလိုက်တာ၊ စက်နဲ့နယ်တဲ့ ဂျုံသားက လက်နဲ့နယ်တာထ
က် မညံ့ဘူး။ တစ်ခါတည်းနဲ့ ဂျုံအများကြီး နယ်လို့ရတယ်"
"အဲဒီ ပေါင်းအိုးအကြီးကြီးကိုလည်း စမ်းကြည့်ပြီးပြီ။ မနက်ဖြန်ကျရင် မုန့်တွေကို တစ်သုတ်ချင်းစီ ခွဲပြီး ပေါင်းနေစရာ မလိုတော့ဘူး"
ဟုန်လျန်မှာ မနက်ဖြန် မုန့်ပြုလုပ်ရန်အတွက် ယုံကြည်မှုများ အပြည့်ရှိနေသည်။
သူမသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော စုဟယ်ကို ကြည့်ပြီး မေးလိုက်၏။
"ကျမ ကူညီပေးရမယ့်အရာ ရှိလားဟင် "
စုဟယ် ခေါင်းခါလိုက်ပြီး စိတ်ကို ပြန်လည် စုစည်းလိုက်သည်။
‘ဟူး... ဒီလောက် အခက်အခဲလေးကို သူမ ဘယ်လိုလုပ် အရှုံးပေးနိုင်မှာလဲ ဒီနေ့ မှတ်ချက်ကောင်း မရရင်လည်း မနက်ဖြန် ဆက်ပြီး ကြိုးစားရမှာပေါ့’
ဧည့်သည်များ ပိုလာစေရန် သူမ နည်းလမ်းရှာလို့ ရပါသေး၏။
အကယ်၍ ဟဲယဲ့တည်းခိုခန်းမှာ ဆွဲဆောင်မှုရှိသည့် အချက်များ မရှိဘူးဆိုရင်တော့ ဈေးနှုန်းကို အရင်ဆုံး လျှော့ချပြီး အချိန်ကန့်သတ်ထားသည့် တာဝန်ကို အရင်ဆုံး ပြီးအောင် လုပ်ရပေမည်။
အဆိုးဆုံးအနေနှင့် တည်းခိုရင် မုန့်လက်ဆောင်ပေးမည် ဆိုသော နည်းလမ်းကို သုံးရပေလိမ့်မည်။
မနက်ဖြန်မနက် မုန့်လာဝယ်တဲ့ ဧည့်သည်အချို့ကတော့ ဒါကို စမ်းကြည့်ချင်ကြမှာ အသေအချာပင်။
စုဟယ် စိတ်ဓာတ်ကို ပြန်တင်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ပေးလိုက်၏။
"ဟုန်လျန်၊ နင်အားရင် ဧည့်ခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့ ကူညီပေးပါလား "
စုဟယ်းသည် စိတ်သောက ရောက်မနေစေရန် တစ်ခုခု လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
"ရတာပေါ့ရှင်"
ဟုန်လျန်မှာ အားယားနေရမှာကို အကြောက်ဆုံး ဖြစ်၏။
အလုပ်တစ်ခုခု ရှိနေခြင်းက သူမကို ပိုပြီး စိတ်အေးချမ်းစေသလို သူမကိုယ်သူမ အသုံးဝင်သည်ဟု ခံစားရစေသည်။
စုဟယ် ခုနမှ လစ်လပ်သွားသော အခန်းထဲသို့ ဝင်လိုက်ပြီး အိပ်ရာခင်းနှင့် စောင်စွပ်များ မည်သို့လဲရမည်ကို ဟုန်လျန်အား သင်ပေးရန် ပြင်လိုက်စဉ် ဟုန်လျန်သည် စောင်စွပ်ပေါ်က ကြိုးများကို ကျွမ်းကျင်စွာ ဖြုတ်ပြီး စောင်ကို ဆွဲထုတ်နေသည်အား မြင်လိုက်ရ၏။
ဟုန်လျန် မျက်တောင်ခတ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် လက်ကို ပြန်ရုတ်လိုက်သည်။
"သူဌေးမ၊ ဒီလိုမျိုး မဟုတ်ဘူးလားဟင်"
စုဟယ် ခေါင်းကို အကြိမ်ကြိမ် ညိတ်လိုက်၏။
"ဟုတ်တယ်၊ ဟုတ်တယ်၊ အတိအကျပဲ။ ဟုန်လျန်၊ နင် တကယ် တော်တာပဲ"
သူမသည် ထိုနေရာတွင် ဘာမှမလုပ်ဘဲ အနှောင့်အယှက် ပေးနေသလိုမျိုးပင် ဖြစ်နေသည်။
ဟုန်လျန်က နှုတ်ခမ်းလေးစူကာ ပြုံးလိုက်၏။
"ကျွန်မမ ဒါတွေ လုပ်နေကျပါ"
လက်ဖက်ရည် တည်ခင်းခြင်း၊ ရေယူပေးခြင်းနှင့် အိပ်ရာနေရာ ချပေးခြင်းတို့မှာ သူမ ငယ်ငယ်ကတည်းက လုပ်လာခဲ့ရသည့် အလုပ်များ ဖြစ်သည်။
သန့်ရှင်းရေး မလုပ်တတ်မည်ကို သူမ စိုးရိမ်နေခဲ့သော်လည်း ယခုတော့ သူမ ကျွမ်းကျင်သည့် နယ်ပယ်ထဲ၌သာ ရှိနေသေး၏။
ဟုန်လျန်သည် အိပ်ရာခင်းများကို လဲလှယ်သည်၊ အဝတ်စတစ်ခုကို ယူကာ စားပွဲများကို သုတ်သည်၊ ရေချိုးခန်းထဲက အိမ်သာနှင့် ကြွေပြားများကိုလည်း သေသေချာချာ သန့်ရှင်းရေး လုပ်လိုက်သည်။
ဟုန်လျန် တစ်ခေါက် သုတ်ပြီးသွားသောအခါ ကြမ်းပြင်ကို သုတ်ရန် ထိုင်ချလိုက်သော်လည်း စုဟယ်က ကြမ်းတိုက်တံ တစ်ခုကို လျင်မြန်စွာ ကမ်းပေးလိုက်၏။
ဟုန်လျန် စမ်းသုံးကြည့်ပြီး ပြောလိုက်သည်။
"ဒီကြမ်းတိုက်တံက အရင်က သုံးခဲ့တာတွေထက် အများကြီး သုံးလို့ကောင်းတာပဲ။ ဒီသန့်ရှင်းရေး အရည်ကလည်း တကယ့်ကို ထိရောက်တယ်"
ကြမ်းပြင်တိုက်နေစဉ်မှာပင် သူမသည် စုဟယ် ပစ္စည်းများ စီစဉ်နေသည်ကို စောင့်ကြည့်နေသည်။
ရေချိုးခန်းထဲတွင် သန့်ရှင်းသော တာဝါများ၊ သွားတိုက်တံနှင့် သွားတိုက်ဆေးအသစ်များကို ထားပေးရန် လိုအပ်ပါ၏။
ဗီရိုထဲတွင်လည်း တစ်ခါသုံး ဖိနပ်အသစ်များကို ထားပေးရမည်။
ထိုအလုပ်များမှာ ခက်ခဲပုံမရပေ။
ဟုန်လျန်သည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဆောင်ရင်း ထိုအခန်းကို သူမ တစ်ယောက်တည်း သန့်ရှင်းရေး လုပ်နိုင်မည်ဟု ခံစားလိုက်ရ၏။
စုဟယ် ပစ္စည်းများ စီစဉ်ပြီး၍ လှည့်ကြည့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် ဖုန်မှုန့်တစ်စပင် မရှိတော့ဘဲ ထူးထူးခြားခြား သန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။
စုဟယ် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လက်မ ထောင်ပြလိုက်၏။
"ဟုန်လျန်၊ နင် တကယ်တော်တာပဲ။ လက်မ အကြီးကြီး တစ်ခု ပေးလိုက်မယ်"
ဟုန်လျန်မှာ ခေတ်သစ်လောက၏ လျင်မြန်ဖြတ်လတ်သည့် ခရုမလေး တစ်ယောက်လိုပင် အခန်းကို ကောင်းမွန်စွာ မြန်မြန်သန့်ရှင်းရေး လုပ်ပေးနိုင်ခဲ့သည်။
စုဟယ် တစ်ခုတည်းသော အားသာချက်မှာ ခေတ်မီနည်းပညာများကို အသုံးပြုနိုင်ခြင်း ဖြစ်သော်လည်း အဝတ်လျှော်စက်နှင့် အခြောက်ခံစက် အသုံးပြုပုံကို ဟုန်လျန်အား သင်ပေးလိုက်ပြီးနောက်တွင် ထိုအားသာချက်မှာလည်း ပျောက်ကွယ်သွားတော့၏။
သူတို့နှစ်ဦး အတူတူ အလုပ်လုပ်ကြသဖြင့် မပင်ပန်းတော့ဘဲ အခန်းသုံးခန်းမှာ လျင်မြန်စွာ သန့်ရှင်းသပ်ရပ်သွားသည်။
ဧည့်သည်များ ဆေးလိပ်သောက်ခဲ့ကြသော မာကျောက်အခန်းကိုတော့ လေဝင်လေထွက်ကောင်းအောင် အချိန်အနည်းငယ် ပိုပေးလိုက်ရ၏
"ကဲ၊ ဟုန်လျန်၊ သွားပြီး ထမင်းစားရအောင်"
စုဟယ် လှမ်းခေါ်လိုက်သည်။
အလုပ်ရှုပ်ခဲ့သည့် တစ်နေ့တာအတွက် ကောင်းကောင်းမွန်မွန်လေး စားသောက်ဖို့ ထိုက်တန်သည် မဟုတ်ပါလား။
စားစရာ အကြောင်း ပြောလိုက်သည်နှင့် ဟုန်လျန် မျက်လုံးများ တောက်ပသွားသည်။
စားသောက်ရခြင်းမှာ သူမ၏ တစ်နေ့တာတွင် အ
ပျော်ဆုံးအချိန် ဖြစ်၏။
သူမ စံအိမ် ထဲတွင် နေထိုင်စဉ်က စားဝတ်နေရေးမှာ အဆင့်မြင့်သော်လည်း အစားအသောက်ကို တစ်ခါမှ အမှန်တကယ် မခံစားခဲ့ရဖူးပေ။စားသောက်သည့်အခါ အချိန်ကို ဂရုစိုက်နေရပြီး စားပြီးသည်နှင့် သူမ သခင်ကို အမြန် ပြန်လည် ဝတ်ပြုရသည်။
ထို့ကြောင့် သူမမှာ အမြဲတမ်း အလျင်စလို ဖြစ်နေရသလို အစေခံလေးတစ်ဦးဖြစ်သဖြင့် အစားအသောက်ကိုလည်း ထမင်းစားချိန် ကျော်သွားမှသာ စားရလေ့ရှိ၏။
သူတို့နှစ်ဦး ဘေးနားက အဘိုးကြီးလီ၏ အိုးကပ်ထမင်းဆိုင် သို့ သွားရန် ပြင်လိုက်စဉ်မှာပင် အပေါ်ထပ်မှ ဆူညံသံများ ကြားလိုက်ရသည်။ လူငယ် (၁၁) ယောက် အခန်းအပ်ရန် အောက်ထပ်သို့ ဆင်းလာကြခြင်းပင်။