Ch 19
Viewers 141

Ch-19

• April 13 at 12:47 PM

ယခုတစ်ကြိမ်တွင်တော့ ဆင့်ခေါ်မည် ဆိုသည့် ခလုတ်ကို နှိပ်လိုက်ပြီးနောက် တိုးတက်မှုပြတန်း တစ်ခု ပေါ်လာခဲ့သည်။

နောက်ဆုံးတော့ အောင်မြင်သွားပါ၏။

စနစ်အချက်ပြချက် - ဇာတ်ကောင်ကို အောင်မြင်စွာ စေလွှတ်လိုက်ပါပြီ။

စုဟယ် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားတော့သည်။

"သွားကြစို့ ဟုန်လျန်၊ အပြင်ထွက်ကြည့်ရအောင်"

စုဟယ်နှင့် ဟုန်လျန်တို့ အပြင်သို့ ထွက်လိုက်သည်နှင့် ဟဲယဲ့တည်းခိုခန်း၏ ဧည့်ကြိုကောင်တာဘက်တွင် မြစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပညာရှိတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုပညာရှိမှာ အသက် (၅၀) ဝန်းကျင်ခန့်ရှိပြီး ပိုးသားဦးထုပ်ကို ဆောင်းထားကာ အရပ်ရှည်ရှည် ပါးပါးလျလျ ပုံစံရှိသည်။ 

သူ့ မြစိမ်းရောင် ဝတ်စုံက တင့်တယ်လှပသော အမူအရာကို ပိုမိုပေါ်လွင်စေပြီး မြင့်မြတ်လှကာ ဝါးပင်တစ်ပင်နှင့်ပင် တူနေတော့သည်။

နှမြောစရာကောင်းသည်မှာ မြစိမ်းရောင်ဝတ်စုံမှာ အကြိမ်ကြိမ် လျှော်ဖွတ်ထားသဖြင့် အရောင်များလွင့်ကာ ဖြူဖျော့နေပြီး အချို့နေရာများတွင် အရောင်ရင့်ကာ အချို့နေရာများတွင် အရောင်ဖျော့နေခြင်းပင်။ အစက်အပြောက် ဖာထေးရာများလည်း ရှိနေပြီး ထိုဖာထေးရာများမှာပင် အနားသတ်များ လန်နေပြီဖြစ်သည်။

ထိုပညာရှိ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး စုဟယ်က မည်သို့စကားစရမည်ကို တွေဝေနေစဉ်မှာပင် ထိုသူက အရင် စကားပြောလာသည်။

"ခင်ဗျားက စနစ်နဲ့ ချိတ်ဆက်ထားသူ ဖြစ်လိမ့်မယ် ထင်ပါတယ် "

ထိုသို့ပြောပြီးနောက် သူ စုဟယ်နှင့် ဟုန်လျန်ကို ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီအဘိုးကြီးရဲ့ နာမည်က ဝေဖုန်းယီပါ" 

စုဟယ်သည် စိတ်ထဲမှနေ၍ စနစ် ဟု တိတ်တဆိတ် ရွတ်ဆိုကာ စနစ်မျက်နှာပြင်ကို ဖွင့်ပြီး ဇာတ်ကောင်အချက်အလက်ကို စစ်ဆေးလိုက်သည်။

ဇာတ်ကောင်ကတ် - ဝေဖုန်းယီ

ဇာတ်ကောင်မိတ်ဆက် : ကျောက်ဆောင်စမ်းချောင်းလေး ဝေမျိုးနွယ်စုမှ လူငယ်နှစ်ဦး၊ တစ်ဦးမှာ ရှူးကျိ ဟု အမည်ရပြီး အခြားတစ်ဦးမှာ ဖုန်းယီ ဟု အမည်တွင်သည်။

ရှားပါးမှုအဆင့် : အဆင့်မြင့် 

လက်ရှိအဆင့် : ကြယ် ၁

ထူးချွန်ထက်မြက်သည့် အရည်အချင်း : ကဗျာသီကုံးခြင်း (စာပေဗဟုသုတ ကြွယ်ဝပြီး ထူးကဲသော ပါရမီရှိသူ)

သူမ အဆင့်မြင့်ကတ် တစ်ခုကို နှိပ်မိသွားတာပဲ။

စုဟယ် ကျောက်ဆောင်စမ်းချောင်းလေး နှင့် ပတ်သက်သည့် သူမ ဝေဝါးနေသော မှတ်ဉာဏ်များကို အသည်းအသန် ပြန်လည်ရှာဖွေလိုက်သည်။

ဆရာက အတင်းအကျပ် အလွတ်ကျက်ခိုင်းခဲ့သော အရာအားလုံးသည် ဟင်းလင်းပြင်ထဲတွင် ဦးတည်ချက်မဲ့ ကူးခတ်နေသယောင် ရှိသည် ဆိုသည့် စာသားကိုသာ မှတ်မိပြီး ထိုစာစီစာကုံး၏ နောက်ခံသမိုင်းကြောင်းကိုမူ လုံးဝမေ့သွားခဲ့၏။

စာသားအဆုံးနားလေးတွင်သာ နာမည်ပါခဲ့သော ဝေဖုန်းယီအကြောင်းကိုမူ ပြောနေရန်ပင် မလိုတော့ပေ။

စုဟယ်၏ ဝေခွဲမရဖြစ်နေသော မျက်နှာပေးကို မြင်သောအခါ ဝေဖုန်းယီ ဖြည်းညှင်းစွာ စတင်ပြောဆိုလာသည်။

"အစ်ကိုကြီးလျို ကြောင့်သာ ကျုပ်အစ်ကို ရှူးကျိနဲ့ ကျုပ်ဟာ သမိုင်းမှာ နာမည်ကျန်ရစ်ခဲ့တာပါ။ ကျုပ်အစ်ကိုက နောက်ပိုင်းမှာ အမတ်စာမေးပွဲတွေအောင်ပြီး အဆင့် ၄ အရာရှိအထိ ဖြစ်ခဲ့ပါတယ်။ သူဟာ နိုင်ငံရေးအုပ်စုတွေရဲ့ အားပြိုင်မှုကြားမှာ အကြိမ်ကြိမ် ရာထူးချခံရပြီး အတက်အကျတွေ အများကြီး ကြုံခဲ့ရတယ်။ ကျုပ်လည်း အစ်ကို့နောက်ကို လိုက်ပြီး ပြည်နှင်ဒဏ်သင့်ရာ အရပ်ရပ်ကို လှည့်လည်ခဲ့ရပါတယ်။ ကျုပ်ဇနီးက အာဏာပိုင်တွေရဲ့ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသလို၊ ကျုပ်သားနှစ်ယောက်စလုံးကလည်း ငတ်ပြတ်ပြီး သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ကြရတယ်... နောက်ဆုံးတော့ ကျုပ်ဟာ တစ်ကိုယ်တည်း အထီးကျန် ဆင်းရဲဒုက္ခရောက်ခဲ့ရတာပါပဲ "

ရှေးခေတ်က လာသူတစ်ဦးဖြစ်သည့်အတိုင်း ဟုန်လျန်သည် ဝေဖုန်းယီ၏ တိုတောင်းလှသော စကားလုံးများနောက်ကွယ်မှ ဝမ်းနည်းကြေကွဲမှုကို ပိုမိုနားလည်နိုင်စွမ်း ရှိသည်။ 

ကျားမိသားစု ဝင်ရောက်စီးနင်းခံရပြီးနောက် သူမကိုယ်တိုင်လည်း လွင့်စဉ်ကာ အသက်ရှင်သန်ရန် ရုန်းကန်ခဲ့ရပေသည်။

ဟုန်လျန် သူမ အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်လိုက်မိ၏။

ဟုန်လျန် ဝမ်းနည်းနေသည်ကို မြင်သောအခါ ဝေဖုန်းယီက ဆက်ပြောသည်။

"ဒါဟာ ထူးဆန်းတဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်ပါတယ်၊ တစ်နေ့မှာ ကျုပ် ရုတ်တရက် သတိပြန်ဝင်လာတော့ ကျယ်ပြောလှတဲ့ သမုဒ္ဒရာကြီးထဲ ရောက်နေသလို ခံစားရတယ်။ အဲဒီနောက် အလင်းတန်းတစ်ခုက ကျုပ်ကို ရွေးချယ်လိုက်ပြီး ဒီကို ရောက်လာခဲ့တာပါပဲ "

ဟုန်လျန် ခေါင်းကို တရစပ် ညိတ်လိုက်သည်။ သူတို့လို လူမျိုးများကို ကတ်ဇာတ်ကောင်အဖြစ် ရွေးချယ်ခံရခြင်းမှာ အလွန်ပင် ဝမ်းမြောက်စရာ ကောင်းလှပေ၏။

စုဟယ် အနည်းငယ် လေးလံနေသော အခြေအနေကို ဖျောက်ပစ်လိုက်သည်။

"ပညာရှိဝေ... မဟုတ်ဘူး၊ ဆရာဝေလို့ပဲ ခေါ်ပါရစေ။ ကျွန်မကတော့ စုဟယ် ပါ၊ ဟဲယဲ့တည်းခိုခန်းရဲ့ ပိုင်ရှင် ပေါ့။ ဆရာကတော့ ကျွန်မကို သူဌေးမစု လို့ပဲ ခေါ်နိုင်ပါတယ်။ စနစ်က ကျမကို ပေးထားတဲ့ တာဝန်ကတော့ ဒီဟဲယဲ့တည်းခိုခန်းကို ကမ္ဘာ့အဆင့်မီ ဟိုတယ်တစ်ခု ဖြစ်လာအောင် တည်ဆောက်ဖို့ပါပဲ "

စုဟယ် လက်ရှိ လူမှုပတ်ဝန်းကျင် အခြေအနေများကို ဝေဖုန်းယီအား ရှင်းပြလိုက်သည်။ သူသည် အဆင့်မြင့်ကတ် တစ်ခု ဖြစ်သောကြောင့်လား မသိ၊ အရာရာကို အလွန်လျင်မြန်စွာ လက်ခံနားလည်နိုင်စွမ်း ရှိ၏။

"သူဌေးမစု... ကျွန်တော် နားလည်ပါပြီ။ ကျွန်တော်လည်း ကြယ် (၃) ပွင့် အဖြစ် အမြန်ဆုံး တိုးမြှင့်ခံရဖို့ မျှော်လင့်ပါတယ်။ အဲဒီအချိန်ကျရင် ကျွန်တော့် ဇနီးနဲ့ သားသမီးတွေကို ပြန်တွေ့နိုင်ခွင့် ရကောင်း ရနိုင်ပါတယ်" 

ဝေဖုန်းယီ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

စုဟယ်နှင့် ဟုန်လျန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

ကတ်အဆင့်မြှင့်တင်ခြင်းက ထိုကဲ့သို့သော ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်သည်ကို သူတို့နှစ်ဦးစလုံး မသိခဲ့ကြပေ။

ဝေဖုန်းယီ ရှင်းပြသည်။

"ဒါက ကျွန်‌တော်တို့ဆီမှာ ရှိနေတဲ့ ဝေဝါးတဲ့ ခံစားချက်တစ်ခုပါ။ အခု ကျွန်တော် မှတ်မိနေတာက ကျွန်တော်မှာ ဇနီး၊ သားသမီးတွေနဲ့ အစ်ကိုတစ်ယောက် ရှိတယ်ဆိုတာပဲ။ ဒါပေမဲ့ အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ရင်တော့ ဟင်းလင်းပြင်ကြီးလို ဘာမှမရှိတော့ဘူး။ ကြယ် ၃ ပွင့် အဖြစ် အဆင့်မြှင့်ပြီးရင်တော့ သေချာပေါက် အဖြေတစ်ခု ရှိလာလိမ့်မယ်လို့ ယုံကြည်ပါတယ်"

ဟုန်လျန် သဘောတူသည်။ 

သူမ ကျားမိသားစုတွင် အစေခံမလေး တစ်ယောက်ဖြစ်ခဲ့သည်ကိုသာ မှတ်မိပြီး မည်သူနှင့်အတူ အလုပ်လုပ်ခဲ့သည်။ မည်သည့်သခင်ကို ခစားခဲ့သည် ဆိုသည်ကိုမူ မှတ်ဉာဏ် မရှိတော့ပေ။

"ကောင်းပါပြီ၊ အားလုံး အတူတူ ကြိုးစားပြီး ဟဲယဲ့တည်းခိုခန်းကို ပိုပြီး ကြီးကျယ်ခိုင်မာအောင် လုပ်ကြတာပေါ့ " 

စုဟယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ 

သူဌေးတစ်ယောက်အနေဖြင့် သူမ ဝန်ထမ်းများ ပျော်ရွှင်သော ဘဝကို ရရှိရန်အတွက် သေချာပေါက် ကြိုးစားပေးရမည်။

စုဟယ် လက်ကိုပြန်ချလိုက်ပြီး အားနာစွာ ပြောလိုက်၏။

"ဒါပေမဲ့ ကြိုးစားမှုတွေ မစတင်ခင်မှာ ဆရာဝေရဲ့ အဝတ်အစားနဲ့ ဆံပင်ပုံစံကို အရင်ဆုံး နည်းနည်း ပြင်ဆင်ဖို့ လိုမယ် ထင်တယ်ရှင့် "

ဝေဖုန်းယီ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ စုချန် (စုဟယ်၏ဖခင်) နှင့် ဆင်တူသဖြင့် စုဟယ် သူမဖခင် ဗီဒိုထဲမှ မဝတ်ရသေးသော အင်္ကျီအချို့ကို ရှာဖွေကာ ဝေဖုန်းယီအား ပေးလိုက်၏။

အဝတ်အစားကတော့ ရှာရလွယ်သော်လည်း ဆံပင်မှာမူ အနည်းငယ် အခက်တွေ့စေသည်။

စုဟယ်က စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။

"ဆရာဝေ... ဒီမှာရှိတဲ့ အမျိုးသား အများစုက ဆံပင်တို ထားကြတာပါ။ ဆရာက ဆံပင်အရှည်ကိုပဲ ဆက်ထားချင်တယ်ဆိုရင် သားရေကွင်းနဲ့ သေသေချာချာ စည်းထားဖို့ လိုလိမ့်မယ်" 

လက်တွေ့မှာလည်း အချို့လူများမှာ ဆံပင်အရှည် ထားတတ်ကြသည်။ အများအားဖြင့် အနုပညာရှင်များ ဖြစ်တတ်သည်။ ယုံချန်း တွင် ကြယ်ငါးပွင့် ကမ္ဘာလှည့်ခရီးသွား ဆွဲဆောင်ရာနေရာ ဖြစ်သည့် နာမည်ကြီး တာအိုဘုရားကျောင်း တစ်ခုရှိပြီး ဒေသခံများမှာ အခမဲ့ ဝင်ထွက်ခွင့် ရရှိ၏။

စုဟယ် သူမ မိဘများနှင့်အတူ ထိုနေရာသို့ သွားရောက်လည်ပတ်ဖူးရာ ထိုရှိ တာအိုဘုန်းကြီးများမှာလည်း ဆံပင်အရှည် ထားကြသည်ကို မြင်ဖူးသည်။

ဝေဖုန်းယီ သူ့ဆံပင်အရှည်ကို လက်ဖြင့် ကိုင်ကြည့်လိုက်ပြီး စုဟယ်ကို ပြောသည်။

"ဒါဆိုရင် ကျွန်တော့်ကို သားရေကွင်းအချို့ ပေးဖို့ သူဌေးမကို အပူကပ်ရတော့မှာပဲ " 

ထိုမှော်ဆန်လှသော ကမ္ဘာသစ်တွင် သူ အတိတ်နှင့် ချိတ်ဆက်ထားသည့် အရာဆို၍ ဤဆံပင်အရှည်နှင့် မြစိမ်းရောင် ဝတ်စုံသာ ရှိသည်။

ဝေဖုန်းယီ ဆံပင်ကို စည်းနှောင်ကာ အဝတ်အစားများ လဲလှယ်ပြီးနောက်တွင်တော့ သူ့အသွင်အပြင်မှာ ချက်ချင်း ပြောင်းလဲသွားတော့၏။ 

သူ၏ ပညာရှိဆန်လှသော အရှိန်အဝါကြောင့် တက္ကသိုလ် ပါမောက္ခတစ်ဦးနှင့်ပင် ဆင်တူနေတော့သည်။

"ဆရာဝေ... ဆရာ့ပုံစံက တက္ကသိုလ်တစ်ခုက လက်ရေးလှပညာရှင်တစ်ယောက်နဲ့ တော်တော်တူတယ်နော် " 

စုဟယ်၊ ဝေဖုန်းယီနှင့် ဟုန်လျန်တို့ ကုန်တိုက် သို့ သွားကြသည်။ 

နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူရန် လိုအပ်သလို ဆရာဝေနှင့် ဟုန်လျန်တို့အတွက် အင်္ကျီအသစ်များ လိုအပ်သည်။

ဝေဖုန်းယီက အားရပါးရ ရယ်မောလိုက်သည်။

"ကျနော့်ကို လက်ရေးလှဆရာ တစ်ယောက်လို့ပဲ သဘောထားလိုက်ပါ"

သူသည် သူ့အစ်ကိုနောက်ကိုလိုက်ပြီး ပြည်နှင်ဒဏ်သင့်ရာ အရပ်ရပ်သို့ လှည့်လည်ခဲ့စဉ်က တောင်ကြီးတောင်ငယ်၊ မြစ်ကြီးမြစ်ငယ်များကို တွေ့ကြုံခဲ့ရသဖြင့် စိတ်နှလုံးမှာ အလွန်ကျယ်ပြောကာ ဟာသဉာဏ်လည်း ရွှင်သူဖြစ်သည်။

ပြည်နှင်ဒဏ်သင့်သော ဘဝမှာ သေချာပေါက် ခါးသီးလှသည်။ 

အကယ်၍ သူသာ ကိုယ့်ကိုယ်ကိုယ် သနားပြီး ဝမ်းနည်းပူဆွေးနေမည်ဆိုလျှင် ထိုလမ်းခရီးတွင် သေဆုံးသွားသည်မှာ ကြာလှပြီပင်။

ဘဝ အခက်အခဲများက ဝေဖုန်းယီအား ပွင့်လင်းရိုးသားသော စိတ်ထားကို ပေးစွမ်းခဲ့ပြီး လက်ရေးလှဆရာ ဆိုသည့် အထောက်အထားကိုလည်း ဝမ်းမြောက်စွာ လက်ခံလိုက်သည်။

ထို့အပြင် သူ့ လက်ရေးလှပညာမှာလည်း တကယ်ပင် ကောင်းမွန်လှ၏။ နာမည်ကြီး ပညာရှင်ကြီးများနှင့် မနှိုင်းယှဉ်နိုင်သော်လည်း ကိုယ်ပိုင်ဟန်တစ်ခုတော့ ရှိပေသည်။

စောစောက ဝေဖုန်းယီ၏ ဆံပင်အရှည်ကို ကြည့်ပြီး ထူးဆန်းနေသော အရောင်းစာရေးမလေးမှာ စုဟယ်တို့ စကားပြောနေသည်ကို ကြားပြီးနောက် ချက်ချင်းပင် နားလည်သွားသည့် ပုံစံမျိုး ဖြစ်သွားသည်။

"ဪ... သူက တက္ကသိုလ်က လက်ရေးလှဆရာကိုး၊ ဒါကြောင့်လည်း ဒီလောက်အထိ တင့်တယ်တဲ့ အမူအရာ ရှိနေတာဖြစ်မယ် "

အရောင်းစာရေးမလေး စိတ်အားထက်သန်စွာဖြင့် ရှပ်အင်္ကျီပုံကြီးကို ထုတ်ပြကာ စတင်ရောင်းချတော့သည်။

တက္ကသိုလ်ဆရာတွေဆိုတာ ရှပ်အင်္ကျီ ဝတ်သင့်တာပေါ့။

နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူပြီးနောက် စုဟယ် ဝေဖုန်းယီနှင့် ဟုန်လျန်တို့အား မိုဘိုင်းဖုန်းများပါ ဝယ်ပေးလိုက်သည်။ 

သူမတွင် ယခုအခါ ဧည့်သည်များထံမှ ရရှိသော မွေ့ရာကြိုတင်ငွေများ ရှိနေသလို၊ လွန်ခဲ့သော ရက်အနည်းငယ်က မုန့်ရောင်းရငွေများလည်း ရှိနေပြီဖြစ်ရာ လက်ကျန်ငွေ ပိုလျှံနေသဖြင့် အဆင့်မြင့်ဖုန်း နှစ်လုံးကို ဝယ်ယူခဲ့၏။

"ဖုန်းရှိတော့ အွန်လိုင်းကနေ လူမှုပတ်ဝန်းကျင်အကြောင်း လေ့လာလို့ရသလို၊ အချင်းချင်းလည်း ဆက်သွယ်ရ လွယ်ကူသွားတာပေါ့"

စုဟယ် သူတို့နှစ်ဦးလုံးအတွက် အကောင့်များ ဖွင့်ပေးပြီး စကားပြောဂရုတစ်ခုလည်း ဖွဲ့ပေးလိုက်သည်။

အွန်လိုင်းလောကကြီးမှာ တကယ်ပင် အံ့သြဖို့ ကောင်းလှ၏။

စုဟယ် မည်သို့အသုံးပြုရမည်ကို အနည်းငယ် သင်ပြပေးလိုက်သည်နှင့် ဝေဖုန်းယီနှင့် ဟုန်လျန်တို့ စိတ်ဝင်တစား စတင်လေ့လာကြတော့သည်။

ဟုန်လျန်က ဗီဒီယိုအက်ပ် တစ်ခုကို ဖွင့်ကာ ဟင်းချက်နည်း သင်ခန်းစာများကို စတင်ကြည့်ရှုနေသည်။

ဆရာဝေကတော့ အီလက်ထရောနစ် စာအုပ် တစ်အုပ်ကို ဖွင့်ကာ ကွန်ဖြူးရှပ်၏ အဆုံးအမများ ကို ရှာဖွေပြီး ရိုးရှင်းသော တရုတ်စာလုံးများကို တဖြည်းဖြည်းချင်း လေ့လာနေတော့သည်။

"ဒီဖုန်းဆိုတာ တကယ့်ကို ရတနာတစ်ခုပဲ " 

ဝေဖုန်းယီ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ 

မိနစ်အနည်းငယ်အတွင်းမှာတင် သူသည် ရှေးဟောင်းကျမ်းစာပေါင်း ငါးဆယ်ကျော်ကို ဒေါင်းလုဒ် ဆွဲပြီးသွားပြီဖြစ်ပြီး ထိုစာအုပ်များမှာ ဖုန်း၏ မှတ်ဉာဏ် တစ်ရာခိုင်နှုန်းတောင် မပြည့်ပေ။

ခေတ်သစ်လူသားများ စာကြည့်တိုက်တစ်ခုလုံးကို ကိုယ်နှင့်မကွာ သယ်ဆောင်သွားနိုင်ခြင်းမှာ တကယ့်ကို ကံကောင်းလွန်းလှသည်။ ဝေဖုန်းယီဇွဲကောင်းကောင်းဖြင့် လေ့လာနေတော့၏။

အားလုံးက အွန်လိုင်းလောကထဲတွင် စိတ်နှစ်နေကြစဉ်မှာပင် တံခါးဝမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေစိုးမိုးရေး စစ်ဆေးရေးအဖွဲ့ လာပါပြီ "