9
Viewers 101

အခန်း (၉) ပထမကမ္ဘာ


"ဆရာ၊ ကျောင်းသူယောက် အနိုင်ကျင့်ခံနေရလို့ သမီးနဲ့ မြန်မြန်လိုက်ခဲ့ပေးပါ!" မင်ရှု့သည် ဆရာတစ်ဦးထံ အပြေးအလွှားသွားကာ လက်မောင်းကိုဆွဲ၍ ခေါ်ထုတ်ရန် ကြိုးစားလိုက်သည်။


ထိုဆရာသည် နေရာမှမရွေ့ဘဲ သူမလက်ကို အားတုံ့အားနာ ဖယ်ထုတ်လိုက်သည်။

"ဒီလိုကိစ္စမျိုးက ဆရာတို့ တာဝန်မဟုတ်ဘူး။ ကျောင်းသားသမဂ္ဂကိုပဲ သွားပြောလိုက်ပါ"


"ရှင်?" မင်ရှု့က "နောက်နေတာလား" ဟု ပြန်ပြောတော့မည့်အချိန်တွင် ဤဖြစ်စဉ်သည် အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း သူမ ရုတ်တရက် သတိရသွားသည်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌသည် ကျင်းယွီဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌသည် ကျင်းယောင်ဖြစ်သည်။ ၎င်းတို့နှင့် ဆက်သွယ်ရန် အကြောင်းပြချက်မရှိမည်ကို သူမ စိတ်ပူနေခဲ့ခြင်းဖြစ်သည်။ ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ မင်ရှု့သည် ကျောင်းသားသမဂ္ဂရုံးခန်းရှိရာသို့ ချက်ချင်း ဦးတည်သွားလေသည်။


အေးစက်လှသော ရေများကြောင့် လီကျောက် တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်ရည်များသည်လည်း ဝဲတက်လာသည်။ သူမသည် ရေဘုံဘိုင်ခေါင်းအောက်တွင် ခေါင်းကိုထိုးထည့်ကာ အေးစက်သောရေများဖြင့် ပက်ဖြန်းခံထားရသည်။ ရိုးတွင်းခြင်ဆီအထိ အေးစိမ့်သွားသော ဒဏ်ကြောင့် သူမ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး ငိုမချမိစေရန် အံကြိတ်ထားရသည်။ ထိုစဉ် တစ်စုံတစ်ယောက်က ရေဘုံဘိုင်ခေါင်းကို အခြားတစ်ဖက်သို့ လှည့်လိုက်သဖြင့် အေးစက်သောရေများ တဖြည်းဖြည်း နွေးထွေးလာသည်။ နူးညံ့သော လက်တစ်စုံက သူမ၏ ဦးရေပြားကို နှိပ်နယ်ပေးပြီးနောက် ပျော့ပျောင်းသော တာဝါတစ်ခုဖြင့် ခေါင်းကို အုပ်ပေးလိုက်သည်။


လီကျောက်သည် အေးခဲတောင့်တင်းသွားပြီး အမွေးပွ တာဝါဖြင့် အုပ်ထားသော ခေါင်းကို မော့ကြည့်လိုက်ရာ ဆုန်ကျူယောင်၏ သိမ်မွေ့သော မေးရိုးကို မြင်လိုက်ရသည်။ အမြဲတမ်း အပြုံးရိပ်သန်းနေတတ်သော ဆုန်ကျူယောင်၏ နှုတ်ခမ်းအစုံသည် ယခုမူ တင်းမာနေသော်လည်း လျို့ကျောက်၏ ဆံပင်မှ ရေစက်များကို သုတ်ပေးနေသော သူမ၏ လက်အစုံသည် အလွန်ပင် နူးညံ့နေသည်။


[အား... ရင်ထဲကို နွေးထွေးသွားတာပဲ!]


[ကြည့်ရတာ ချိုမြိန်လိုက်တာ!]


[ဆုန်ကျူယောင်က ဘာလို့ သူ့မျက်နှာဖုံးကို အခုထိ မချွတ်သေးတာလဲ။ မြန်မြန်ချွတ်လိုက်ပါတော့၊ ငါတော့ မတောင့်ခံနိုင်တော့ဘူး! နူးညံ့တဲ့လူတွေကိုဆို ငါက သိပ်အားနာတတ်တာ]


[ဒီလောက်နဲ့တင် စိတ်လှုပ်ရှားနေရင် ဒီအစီအစဉ်ကို မကြည့်တာ ပိုကောင်းမယ်။ မုဒိမ်းမှုကျူးလွန်ပြီး ကလေးတစ်ယောက်ကို သေစေခဲ့တဲ့ တရားခံတစ်ယောက်ကို နင်တို့ မဲပေးမိသွားရင် အဲဒီမဲက သေဆုံးသူရဲ့ မိသားစုကို ပိုပြီး နာကျင်စေလိမ့်မယ်!]


[အဲဒီလို ရာဇဝတ်မှုမျိုးက တကယ် ရွံစရာကောင်းတာပဲ။ အခုလို သတိပေးလို့ ကျေးဇူးပါ။ သူ့အပေါ်ထားတဲ့ ငါ့အထင်ကြီးမှုတွေ ချက်ချင်း ပျောက်သွားပါပြီ]


လီကျောက်၏ ခေါင်းပေါ်မှ တာဝါလေး အနည်းငယ် လျောကျသွားသည့်အခါ သူမသည် နွေးထွေးပြီး ဂရုစိုက်မှုအပြည့်ရှိသော မျက်လုံးတစ်စုံနှင့် ဆုံတွေ့လိုက်သည်။


"ကျေးဇူးတင်ပါတယ်" လီကျောက်က မျက်ထောင့်လေးများ နီရဲလျက် တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ လက်အစုံကို တင်းတင်းဆုပ်ထားမိပြီး "ကျွန်မဘာသာ လုပ်ပါ့မယ်" ဟုပင် မပြောရဲလောက်အောင် စိတ်လှုပ်ရှားနေမိသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူမ၏ဆံပင်ကို ယခုလို ခြောက်သွေးအောင် သုတ်ပေးခဲ့ဖူးခြင်း မရှိပေ။


"အထူးဝင်ခွင့်ရ ကျောင်းသူလား?" ဆုန်ကျူယောင်က မေးလိုက်သည်။


"ဟုတ်ကဲ့"


"သူတို့တွေ ခဏခဏ ဒီလိုပဲ အနိုင်ကျင့်ကြတာလား? ဆရာတွေကိုရော တိုင်ဖူးလား?"


ဆုန်ကျူယောင်၏ လေသံသည် အလွန်တည်ကြည်ပြီး လေးနက်လှသည်။ လီကျောက်ထက် တစ်နှစ်သာ အသက်ကြီးသော်လည်း လီကျောက်သည် သူမအား ယုံကြည်အားကိုးထိုက်သည့် လူကြီးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ လီကျောက်က မျက်ရည်များဝဲလျက် ခေါင်းကို အားရပါးရ ညိတ်လိုက်သည်။


"ဆရာတွေက ဒါကိစ္စကို ကျောင်းသားသမဂ္ဂကိစ္စဖြစ်ပြီး သူတို့တာဝန်မဟုတ်ဘူးလို့ ပြောတယ်။ ကျောင်းအုပ်ကြီးကလည်း ဘယ်တော့မှ ကျောင်းမှာမရှိဘူး၊ တာဝန်တွေကနေ ရှောင်နေတာ"


"ကျင်းခယ့်အကယ်ဒမီကို ငါ စစတက်တုန်းက ကျောင်းအုပ်ကြီးက ကျောင်းရဲ့ စနစ်တွေကို ပြုပြင်ပြောင်းလဲပြီး အထူးဝင်ခွင့်ရကျောင်းသားတွေကို ကောင်းကောင်း ဆက်ဆံပါ့မယ်လို့ ငါ့ကို ကတိပေးခဲ့တာ။ အခုတော့ သူ ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ" ဆုန်ကျူယောင်က ဒေါသတကြီး ပြောလိုက်သည်။ သူမသည် လီကျောက်၏ မျက်နှာပေါ်မှ နီမြန်းနေသော အမှတ်အသားများကို စိုးရိမ်တကြီး ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"အရင်ဆုံး ဆေးပေးခန်းကို သွားကြရအောင်"


ကျောင်းဆေးပေးခန်းအတွင်းတွင် ထန်းခိုင်သည် စောစောက အစီအစဉ် ပျက်သွားသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ ပရိသတ်များက NPC နှစ်ဦး၏ စွမ်းဆောင်ရည်ကို ကြည့်ရင်း မင်ရှု့နှင့် ထန်းခိုင်တို့ကြားရှိ ဉာဏ်ရည်ကွာဟမှုကို သတိထားမိကြသည်။ ၎င်းသည် အိုင်ဒေါတစ်ဦးနှင့် အကယ်ဒမီဆုရ မင်းသားတစ်ဦးတို့ကြားရှိ ကွာခြားချက်ကဲ့သို့ပင်။ ယခုအခါ ထန်းခိုင်သည် ထုတ်လုပ်ရေးအဖွဲ့က အလွန်အရေးထားနေသော အချက်တစ်ချက်ကို စဉ်းစားမိသွားသည်။


"ဆုန်ကျူယောင်ရဲ့ အမေ လျို့ယန်က ဘယ်မှာလဲ?" သူသည် မေးစေ့ကို ပွတ်သပ်ရင်း တွေးနေမိသည်။


ဇာတ်ညွှန်းအရ ဆုန်ကျူယောင်၏ အမေသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ကျင်းယောင်နှင့် ကျင်းယွီတို့၏ ဖခင်ထံတွင် အငယ်အနှောင်းဖြစ်နေရမည်ဖြစ်သည်။ သို့သော် ယခုမူ သူမသည် အငယ်အနှောင်း ဖြစ်မနေပုံပေါ်သည်။ ထိုသို့ဆိုလျှင် ဩဇာကြီးမားလှသော ကျင်းယောင်နှင့် ကျင်းယွီတို့၏ အခန်းကဏ္ဍများ အသုံးဝင်ပါဦးမည်လော။ လျို့ယန်၏ စရိုက်သည် ဆုန်ကျူယောင်ကို အနှောင့်အယှက်ပေးရန်နှင့် ထိန်းချုပ်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။ သူမ မသေဆုံးသရွေ့ ဆုန်ကျူယောင်ကို အောက်သို့ ဆွဲချနေရမည်ဖြစ်သည်။ သို့သော် လျို့ယန်က ဘယ်ကို ရောက်ရှိသွားသနည်း။ ထန်းခိုင်က အင်တာနက်တွင် ရှာဖွေကြည့်ရာ လျို့ယန်သည်လည်း နာမည်ကြီးတစ်ဦးဖြစ်ခဲ့ကြောင်း တွေ့လိုက်ရသည်။ သို့သော် နာမည်ကောင်းဖြင့် ကျော်ကြားခြင်း မဟုတ်ပေ။


"ငါဟာ ကြယ်ပွင့်တစ်ပွင့်" အစီအစဉ်တွင် ပါဝင်ပြီးနောက် ဆုန်ကျူယောင်သည် အခြားအစီအစဉ်များသို့ ဖိတ်ကြားခံခဲ့ရသည်။ ထိုအထဲတွင် မိဘနှင့် သားသမီးများ အပြင်ထွက်ကစားသည့် လက်တွေ့ရှိုးတစ်ခုလည်း ပါဝင်ပြီး ဆုန်ကျူယောင်နှင့် လျို့ယန်တို့က ဧည့်သည်အဖြစ် ပါဝင်ခဲ့ကြသည်။ သို့သော် ထိုအစီအစဉ်တွင် လျို့ယန်သည် သူမ၏ မင်းသမီးတစ်ပါးကဲ့သို့ အကျင့်စရိုက်များကို မထိန်းချုပ်နိုင်ခဲ့ပေ။ သူမသည် ဆုန်ကျူယောင်၏ ပြုစုစောင့်ရှောက်မှုကို ခံယူသည့်အဖြစ်ကို သူမ၏ အခွင့်အရေးဟု ထင်မှတ်နေပြီး ဝတ်စုံပြည့်၊ ဒေါက်ဖိနပ်၊ မိတ်ကပ်အပြည့်ဖြင့် နေထိုင်ခဲ့သည်။ ၎င်းသည် ထိုစဉ်က ပိန်ပိန်ပါးပါးနှင့် မည်းမည်းသည်းသည်း ကျောင်းသူလေး ဆုန်ကျူယောင်နှင့် အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ဆုန်ကျူယောင်က ကျောပိုးအိတ်အကြီးကြီးကို ထမ်းပြီး ခရီးဆောင်အိတ်များကို ကလေးအလုပ်သမားတစ်ယောက်လို တွန်းနေရချိန်တွင် လျို့ယန်သည် ဘာဝန်ထုပ်ဝန်ပိုးမှမရှိဘဲ လမ်းလျှောက်နေခဲ့သည်။ ၎င်းတို့သည် အခြားအစီအစဉ်တစ်ခုတွင် ဝက်စာချက်ရသည့် တာဝန်ကို ပေးအပ်ခဲ့သည်။ လျို့ယန်က နှာခေါင်းကို ပုဝါဖြင့်အုပ်ကာ အဝေးတွင် ထိုင်နေချိန်တွင် ဆုန်ကျူယောင်က ဝက်ခြံဘေး၌ ဓားမကြီးဖြင့် ကျွမ်းကျင်စွာ လှီးဖြတ်ကာ ချက်ပြုတ်နေခဲ့သည်။


"ကျူယောင်က ဘာလို့ ဒီလောက် ငယ်ငယ်လေးနဲ့ အကုန်လုံးကို ကျွမ်းကျင်နေရတာလဲ? အိမ်မှာ ခဏခဏ အလုပ်လုပ်နေလို့လား?" အခြားမိခင်တစ်ဦးက မေးလိုက်သည်။


"ဟုတ်တယ်၊ ကျူယောင်က တကယ်တော်တာ။ ကျွန်မတို့အိမ်မှာ ဒါတွေအားလုံးကို သူပဲ အမြဲလုပ်ပေးနေကျလေ" လျို့ယန်က ဂုဏ်ယူစွာပင် ပြန်ဖြေခဲ့သည်။


ထိုအစီအစဉ်ကို ထန်းခိုင်၏ အမြင်မှတစ်ဆင့် ကြည့်နေရသော ပရိသတ်များနှင့် ထန်းခိုင်ကိုယ်တိုင်ပင် အံ့အားသင့်သွားကြသည်။ အခြားမိခင်များသည် ဒေါသကို အနိုင်နိုင် ထိန်းထားရသည့်ပုံပေါ်သည်။ ဆုန်ကျူယောင်နှင့် လျို့ယန်တို့သည် ထိုမိဘနှင့် သားသမီးများ လက်တွေရှိုးတွင် ဧည့်သည်အဖြစ် တစ်ပိုင်းမျှသာ ပါဝင်ခဲ့သော်လည်း ထိုအပိုင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုသည် အလွန်ပင် ကြီးမားလှသည်။ လျို့ယန်သည် အပြင်းအထန် ဝေဖန်ကဲ့ရဲ့ခံခဲ့ရပြီး အစီအစဉ်တွင် ပါဝင်သည့် အခြားမိခင်များသည်လည်း လူမှုကွန်ရက်ပေါ်တွင် သူမအား ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ထိုနှစ်အတွင်းတွင် 'မိခင်တစ်ယောက်ဆိုတာ လျို့ယန်လိုမျိုး မပြုမူသင့်ဘူး' ဆိုသည့် စကားစုမျိုး အလွန်ပင် ခေတ်စားသွားခဲ့သည်။


[အခုတော့ ငါ နားလည်သွားပြီ။ ဆုန်ကျူယောင်က သူ့အမေနဲ့ ဝေးဝေးနေဖို့ အခွင့်အရေးရအောင် လျို့ယန်ကို ဒီအစီအစဉ်ထဲ တမင်တကာ ဆွဲထည့်ခဲ့တာပဲ ဖြစ်ရမယ်]


[အဲဒီအစီအစဉ် ထုတ်လွှင့်ပြီးတဲ့နောက်မှာ လျို့ယန် ဘယ်လောက်တောင် ဝေဖန်တိုက်ခိုက်ခံရပြီး ဆုန်ကျူယောင်ကတော့ ဘယ်လောက်တောင် သနားစရာကောင်းတဲ့ ကလေးအဖြစ် ပုံပေါ်သွားမလဲဆိုတာ ငါ တွေးကြည့်လို့တောင် ရတယ်]


[ဆုန်ကျူယောင်က ဒါတွေအားလုံးကို ကြိုတင်စီစဉ်ထားတာပဲ။ သူ့ကို ဆွဲချနေမယ့် သူ့အမေသာ မရှိတော့ရင် သူ့ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက်အဖြစ် အလွယ်တကူ တက်လှမ်းနိုင်မှာလေ]


[ကိုယ့်အမေအရင်းအပေါ် ထားတဲ့ သူ့ရဲ့ လုပ်ရပ်တွေက တကယ့်ကို ကြောက်စရာပဲ။ သူ့အကြံအစည်တွေက တော်တော် နက်ရှိုင်းတာပဲ။ အမေဖြစ်သူက ဘယ်လောက်ပဲ အသုံးမကျပါစေဦးတော့၊ လူတစ်ယောက်ကို စွန့်ပစ်ဖို့အတွက် ဒီလိုနည်းလမ်းမျိုးတော့ မသုံးသင့်ဘူး မဟုတ်လား]


[သူ့အမေကို အောင်မြင်မှုအတွက် လှေကားထစ်တစ်ခုလို အသုံးချရုံတင်မကဘဲ အင်တာနက်ပေါ်မှာပါ အရှက်တကွဲ ဝေဖန်ခံရအောင် လုပ်ခဲ့တာကို ကြည့်ရင် သူက ရက်စက်ပြီး ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်ကောင်ဆိုတာ ထင်ရှားနေတာပဲ]


[......]


ပရိသတ်များသည် ဆုန်ကျူယောင်ကို အဆိုးဆုံးဘက်မှသာ တွေးချင်နေကြသည်။အဘယ်ကြောင့်ဆိုသော် လျို့ယန်ကဲ့သို့ အမေမျိုးရှိနေခြင်းသည် အလွန်ပင် မွန်းကျပ်စရာကောင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆုန်ကျူယောင်သည် ဤဝန်ထုပ်ဝန်ပိုးကြီးကို ဖယ်ရှားရန်အတွက် နည်းလမ်းရှာခဲ့ခြင်း ဖြစ်မည်ဟု ၎င်းတို့ ယုံကြည်နေကြသည်။ ကျောင်းဆေးပေးခန်း တံခါး ပွင့်နေသဖြင့် ဆုန်ကျူယောင်သည် အထူးဝင်ခွင့်ရ ကျောင်းသူလေးကို ခေါ်ကာ တိုက်ရိုက် ဝင်လာခဲ့သည်။ ထန်းခိုင်သည် သူမကို မြင်လျှင် အလန့်တကြား ဖြစ်သွားပြီး ကွန်ပျူတာစခရင်ပေါ်မှ လက်တွေရှိုးကို အမြန်ပိတ်ရန် ကြိုးစားလိုက်သည်။ သို့သော် လျို့ယန်၏ အသံများ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။


ဆုန်ကျူယောင်က ခေတ္တရပ်တန့်ပြီး မေးလိုက်သည်။

"ဆရာ... 'တုနှိုင်းမဲ့ မိခင်' အစီအစဉ်ကို ကြည့်နေတာလား?"


ထန်းခိုင်က ချက်ချင်း တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရသည်။

"ဆရာက နိုင်ငံခြားကနေ အခုမှ ပြန်ရောက်တာဆိုတော့ မင်းရဲ့ အခြေအနေကို သိပ်မသိဘူး။ ဒါကြောင့် စူးစမ်းကြည့်ရင်းနဲ့ မင်း လက်တွေ့ရှိုးတွေ အများကြီး ပါခဲ့တာကို တွေ့လို့ ဆက်ကြည့်လိုက်တာ"


"အရင်ကတော့ အသုံးစရိတ်ရဖို့အတွက် အစီအစဉ်တချို့မှာ ပါဝင်ခဲ့ဖူးပါတယ်" ဆုန်ကျူယောင်က စကားပြောရင်း လီကျောက်ကို ထိုင်ခိုင်းလိုက်သည်။

"ဒီကျောင်းသူလေးကို တစ်ချက်လောက် ကြည့်ပေးပါဦး ဆရာ"


ထန်းခိုင်က လီကျောက်ကို သေချာ စစ်ဆေးပေးပြီး ဂရုတစိုက် ဆေးထည့်ပေးလိုက်သည်။ 

"ဒါတွေအားလုံးက ဆေးထည့်ရုံနဲ့တင် ပျောက်နိုင်တဲ့ ပြင်ပဒဏ်ရာတွေပါ။ ဒါပေမယ့် အတွင်းဒဏ်ရာတွေ အရှင်းပျောက်ဖို့အတွက်တော့ စနစ်တကျ ဆေးသောက်ဖို့ လိုလိမ့်မယ်။ ဘယ်အချိန်မဆို ဆရာ့ဆီ လာခဲ့လို့ ရပါတယ်နော်"


[အား... ဒေါက်တာထန်း၊ ကျွန်မ နေမကောင်းဖြစ်နေပြီ!]


[တို့ရုပ်ရှင်မင်းသားကြီးက တကယ့်ကို ဆွဲဆောင်မှုရှိလွန်းတယ်၊ အင်း...]


[ကျွန်မရဲ့ နှလုံးသားလေး ဒဏ်ရာရသွားပြီ၊ အဲဒါကို ပျောက်ကင်းသွားအောင် ဒေါက်တာထန်းက အနမ်းပေးဖို့ လိုတယ်...]


ထိုစဉ် လီကျောက်သည် ထန်းခိုင်ကဲ့သို့ ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးနှင့် တစ်ခါမျှ မဆုံဖူးသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်နေရှာသည်။ စစ်ဆေးမှုအပြီးနောက် ထန်းခိုင်က ဆုန်ကျူယောင်တစ်ယောက် ကွန်ပျူတာစခရင်ကို ငေးကြည့်နေသည်ကို သတိပြုမိသဖြင့် အခွင့်အရေးယူကာ မေးလိုက်သည်။

"မင်းရဲ့အမေက မင်းအပေါ် သိပ်မှီခိုလွန်းတယ်လို့ ဆရာ ခံစားရတယ်။ မင်းမရှိရင် သူ ကိုယ့်ဘာသာကိုယ် ဂရုစိုက်နိုင်ပါ့မလား။ အခုရော အတူတူ နေကြသေးလား?"


"မနေတော့ပါဘူး" ဆုန်ကျူယောင်က အတွေးထဲမှ ရုန်းထွက်လိုက်ပြီး ထုံးစံအတိုင်း အပြုံးဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။

"ဒီလောကမှာ တစ်စုံတစ်ယောက်မရှိလို့ မနေနိုင်တဲ့လူဆိုပြီး မရှိပါဘူး"


"အဲဒါက..."


"အဲဒီအစီအစဉ်ကို ပိတ်လိုက်လို့ ရမလား။ ကျွန်မ ထွက်သွားမှပဲ ဆရာ ဆက်ကြည့်လိုက်ပါ" ဆုန်ကျူယောင်က ကြားဖြတ် ပြောလိုက်သည်။


"ရပါတယ်"


ထိုအစီအစဉ်ကို ပိတ်လိုက်သည့်အခါ ဆေးပေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ထန်းခိုင်က ဆုန်ကျူယောင်သည် ထိုအစီအစဉ်ကို အလွန်အမင်း ရွံရှာနေပုံရသည်ဟု တွေးမိသွားသည်။ ဆုန်ကျူယောင်သည် လျို့ယန်နှင့် လမ်းခွဲရန်အတွက် ထိုအစီအစဉ်ကို အခွင့်အရေးအဖြစ် အသုံးချခဲ့ခြင်းဖြစ်သလော။ သို့သော် ထိုစဉ် သူမသည် အသက် ၁၀ နှစ်သာ ရှိသေးသဖြင့် အုပ်ထိန်းသူထံမှ ခွဲထွက်ရန် မဖြစ်နိုင်သလောက်ပင်။


---

တစ်ချိန်တည်းမှာပင် လက်တွေ့ကမ္ဘာရှိ တရားစီရင်ရာနေ့ရက်များ စတူဒီယိုတွင် ဝန်ထမ်းတစ်ဦး ပြေးဝင်လာပြီး ပြောလိုက်သည်။ 

"လူကြီးမင်းကေ ရောက်လာပါပြီ" 


လက်ထောက်ဒါရိုက်တာ ထျန်းရှန်က အမြန်ထ၍ ကြိုဆိုလိုက်သည်။

"လူကြီးမင်းကေ၊ ဒါကို တစ်ခုခု လုပ်ပေးလို့ ရမလား?" ထျန်းရှန်က မေးလိုက်သည်။


"အခြေခံဒေတာကနေတစ်ဆင့် အတိတ်က မြင်ကွင်းတွေကို ပြန်ကြည့်ဖို့လား?... ခင်ဗျားတို့ကတော့ တော်တော် ရဲတင်းနေတာပဲ။ ဒီကမ္ဘာအတုရဲ့စနစ်ကို ဘယ်သူ တီထွင်ခဲ့တယ်လို့ ထင်လို့လဲ။ တွက်ချက်မှုတွေက အလွန်များလွန်းလို့ ဖြစ်နိုင်မှာ မဟုတ်ဘူး..." လူကြီးမင်းကေက ပြန်ဖြေသည်။


ထျန်းရှန်၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ လွန်ခဲ့သော ၁၈ နှစ်အတွင်း ဆုန်ကျူယောင် ပြုလုပ်ခဲ့သော အကြောင်းအရာများနှင့် သူမ၏ စရိုက်အမှန်ကို ၎င်းတို့ သိရှိရန် လိုအပ်နေသည်။ ယခုအချိန်ထိ ဆုန်ကျူယောင်သည် အမှားအယွင်း တစ်စုံတစ်ရာ မပြုလုပ်သေးပေ။ ကိန်းဂဏန်းများအရ သူမအပေါ် ဝေဖန်တိုက်ခိုက်မှုများ လျော့နည်းလာပြီး သူမ ကြောင်ကလေးနှင့် ဆော့ကစားနေသည့် အချိန်မှစ၍ သူမအပေါ် အကောင်းမြင်သည့် မှတ်ချက်အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် မြင့်တက်လာခဲ့သည်။ မှတ်ချက်ပင်လယ်ကြီးထဲတွင် ပုန်းကွယ်နေသည့် ဤအပိုင်းအစလေးများကို မည်သူမျှ သတိမထားမိကြသော်လည်း ထျန်းရှန်သည် ထိုအချက်ကို စိုးရိမ်တကြီး အာရုံစိုက်မိနေသည်။ 


လူ့နှလုံးသားဆိုသည် အမှန်တကယ်ပင် ယိမ်းယိုင်လွယ်လှသည်။ အပြင်ပန်းသဏ္ဌာန်၊ သေးငယ်သော အပြုအမူလေးများနှင့် စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်လေးများအပေါ်တွင် အလွယ်တကူ သက်ရောက်မှုရှိသွားတတ်သည်။ ထုတ်လုပ်ရေးအဖွဲ့အနေဖြင့်မူ အမှန်တကယ် ပြစ်မှုကျူးလွန်ထားသည့် ရာဇဝတ်ကောင်တစ်ဦးကို ပရိသတ်၏မဲပေးမှုဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခြင်း သို့မဟုတ် အပြစ်မှ လွတ်ငြိမ်းခွင့်ပေးခြင်းမျိုး လုံးဝ အဖြစ်ခံမည်မဟုတ်ပေ။


"မြင်ကွင်းတွေကို ပြန်ကြည့်ဖို့က မဖြစ်နိုင်ပေမယ့် အတိုကောက် အပိုင်းအစ တချို့ကိုတော့ ပြန်ရှာကြည့်လို့ ရနိုင်တယ်" လူကြီးမင်းကေ ပြောလိုက်သည်။


ထျန်းရှန် ဝမ်းသာသွားသည်။

"အဲဒါဆို ရပါပြီ။ တော်ဝင်နန်းတော်ရဲ့ ကွန်ရက် လုံခြုံရေးအဖွဲ့ဝင်ဆိုတဲ့အတိုင်း အရမ်းတော်တာပဲ!"


အတိတ်က အပိုင်းအစတိုလေးအချို့ကို ပြန်လည်ခြေရာခံကြည့်ရုံနှင့် ဆုန်ကျူယောင်၏ မည်သူမျှမသိသေးသော မျက်နှာဖုံးအစစ်ကို မြင်တွေ့ရန် လုံလောက်ပေလိမ့်မည်။

"ဒါဆို ဆုန်ကျူယောင်ရဲ့ အသက် ၁၀ နှစ်အရွယ်လောက်ကို ပြန်သွားလို့ ရမလား?" ထျန်းရှန်က မေးလိုက်သည်။


ဆုန်ကျူယောင်သည် ကမ္ဘာအတုထဲတွင် ၁၈ နှစ်တိုင်တိုင် အချိန်ကုန်ဆုံးခဲ့ခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့သာ အချိန်အပိုင်းအစများကို ကျပန်းပြန်ကြည့်မည်ဆိုပါက သူမ ဘဝ​၏ အိပ်စက်ခြင်း သို့မဟုတ် စာမေးပွဲဖြေဆိုခြင်းကဲ့သို့သော သာမန်နေ့စဉ်လုပ်ငန်းဆောင်တာများဖြင့်သာ အချိန်နှင့် ရင်းမြစ်များကို ဖြုန်းတီးမိသွားနိုင်သည်။ ဆုန်ကျူယောင်၏ အသက် ၁၀ နှစ်အရွယ်၌ ဒုတိယနှစ်ဝက်တွင် သူမနှင့် လျို့ယန်တို့ "တုနှိုင်းမဲ့ မိခင်" အစီအစဉ်တွင် ပါဝင်ခဲ့သည့် အချိန်ဖြစ်သည်။ ယခုလေးတင် ပြီးဆုံးသွားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအရ ဆုန်ကျူယောင်၏ တုံ့ပြန်မှုသည် အနည်းငယ် ထူးဆန်းနေသည်ကို မြင်တွေ့နိုင်သည်။ ဆုန်ကျူယောင်က သူမ၏မိခင်ကို တမင်တကာ စွန့်ပစ်ခဲ့ခြင်း ရှိ၊ မရှိကို ၎င်းတို့ စစ်ဆေးကြည့်နိုင်သည်။ ဤအချက်သာ အတည်ပြုနိုင်ခဲ့လျှင် ဆုန်ကျူယောင်အနေဖြင့် ဤအမည်းစက်ကို မည်သို့မျှ ဆေးကြောနိုင်တော့မည် မဟုတ်ပေ။


"ဒါပေမယ့် အခြေဆိုက်ဒေတာ ကူးယူခွင့်ကို တားမြစ်ထားတော့ အခု တိုက်ရိုက်ထုတ်လွှင့်မှုမှာပဲ ညာဘက်ထောင့်မှာ ဝင်းဒိုးအသေးလေးတစ်ခု ဖွင့်ပြီး ပရိသတ်တွေကို ပြပေးလို့ရမယ်၊ ဘယ်လိုလဲ?"

ထျန်းရှန်က ထိုအချက်ကို သဘောတူလိုက်သည်။ ပရိသတ်များသည်လည်း ဆုန်ကျူယောင်၏ အတိတ်ကို သိချင်နေကြမည်မှာ အမှန်ပင်။


---

ဆုန်ကျူယောင်သည် အတိတ်ကို ပြန်သတိရသွားသဖြင့် စိတ်အခြေအနေ မကောင်းလှပေ။ သူမ ထွက်သွားရန် ပြင်ဆင်နေစဉ်...

"ဆရာ!" ထိတ်လန့်တကြား အော်ဟစ်ကာ ပြေးဝင်လာသော ကျောင်းသားလေးတစ်ဦးက ဒဏ်ရာရထားသည့် အခြားကျောင်းသားတစ်ဦးကို ကျောပိုးလာသည်။


ဒဏ်ရာရထားသော ကျောင်းသားသည် နှာခေါင်းသွေးယိုနေပြီး မျက်နှာတွင်လည်း ပွန်းပဲ့ဒဏ်ရာများစွာ ရှိနေသည်။ အထူးသဖြင့် သူ၏ ခြေကျင်းဝတ်သည် အလွန်အမင်း ရောင်ကိုင်းနေသည်။ ထန်းခိုင်က ထိုကျောင်းသားကို ချက်ချင်း စစ်ဆေးပေးလိုက်သည်။

"ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ဒဏ်ရာရလာတာလဲ?"


ကျောင်းသားလေးသည် ဆုန်ကျူယောင်၏ အရှေ့တွင် ယခုလို ပုံစံမျိုး ရှိနေရသဖြင့် အလွန်ရှက်နေပုံရသည်။

"ကျွန်တော်တို့... တင်းနစ်ကွင်းမှာ ဘောလုံးကောက်ပေးနေတုန်း ဟိုလူတွေက တမင်တကာ ကြမ်းကြမ်းတမ်းတမ်း ကစားလိုက်လို့..."


"ဟိုလူတွေ" ဆိုသည် ကျောင်းရှိ သူဌေးသားများကို ဆိုလိုခြင်းဖြစ်သည်။


"သူတို့က နင်တို့ကို ကစားပွဲထဲမှာ ဘောလုံးဝင်ကောက်ခိုင်းတာလား?" ဆုန်ကျူယောင်သည် ဒေါသကို ထိန်းချုပ်ရင်း မေးလိုက်သည်။


ကျောင်းသားလေးက တိတ်ဆိတ်နေခြင်းဖြင့် "ဟုတ်ကဲ့" ဟု ပြန်ဖြေလိုက်သည်။ ဘောလုံးကောက်ရုံမျှဖြင့် ဤမျှအထိ ဒဏ်ရာမရနိုင်ပေ။ ၎င်းသည် တမင်တကာ အနိုင်ကျင့်ခြင်းသာ ဖြစ်ရပေလိမ့်မည်။

"ပုံမှန်ဆိုရင် ဒီလိုမဖြစ်ပါဘူး။ ကျောင်းသူသစ်တစ်ယောက် ဝင်လာပြီး သူရဲကောင်း လုပ်တာနဲ့ သူတို့ကို သွားဆွသလိုဖြစ်သွားတော့ သူတို့တွေ ဒေါသထွက်ပြီး ကျွန်တော်တို့ပါ မြေစာပင် ဖြစ်သွားတာ..." ထိုကျောင်းသားက ညည်းညူလိုက်သည်။


"ကျောင်းသူသစ်လား။ မေးစေ့မှာ မှည့်ပါတဲ့ မိန်းကလေးလား?" ထန်းခိုင်က မေးလိုက်သည်။


"ဟုတ်တယ်၊ အဲဒီတစ်ယောက်ပဲ။ သူက ကျင်းယောင်ကို သွားဆွလိုက်တာဆိုတော့ သူ့အခြေအနေက ပိုဆိုးလိမ့်မယ် ထင်တယ်။ လူနာတင်ကားတောင် ခေါ်ရမလား မသိဘူး" ကျောင်းသားလေးက ပြန်ဖြေသည်။


ဆုန်ကျူယောင်က မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားတော့သည်။ ပရိသတ်များသည်လည်း ထန်းခိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုမှ မင်ရှု့၏ တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ချက်ချင်း ပြောင်းကြည့်လိုက်ကြသည်။


[အား... ရင်နာစရာကောင်းလိုက်တာ!]


[ဒါ တမင်တကာ လုပ်တာ မဟုတ်ဘူးလား  ကျောင်းတွင်း အကြမ်းဖက်မှု ဥပဒေက ဘာလုပ်နေတာလဲ?]


[ချမ်းသာတဲ့လူတွေအတွက်တော့ ဥပဒေဆိုတာ ဟန်ပြပဲ။ သာမန်လူတွေအတွက်တော့ ဒီလောကကြီးမှာနေရတာ တကယ်ခက်ခဲတာပဲ]


[ဘာတွေဖြစ်ကုန်တာလဲ။ ငါ ရုပ်ရှင်မင်းသားကြီးရဲ့ ထုတ်လွှင့်မှုကနေ အခုမှ ရောက်လညတာ၊ ဘယ်သူ ရှင်းပြပေးနိုင်မလဲ?]


---

လွန်ခဲ့သော မိနစ် ၃၀ ခန့်သို့ ပြန်သွားရပေလိမ့်မည်။ မင်ရှု့သည် လီကျောက်အတွက် အကူအညီတောင်းရန် ကျောင်းသားသမဂ္ဂသို့ ပြေးသွားခဲ့သည်။ တစ်ဖက်တွင်လည်း ကျင်းယောင်၏ အာရုံကို ဆွဲဆောင်ရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ သို့သော် ကျောင်းသားသမဂ္ဂရှိ ကျောင်းသားများသည် သူမကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြသည်။


"ခေါင်းဆောင်က ဒီမှာ မရှိဘူး။ ဘာကိစ္စရှိလို့လဲ?" စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးက အေးစက်စွာ မေးလိုက်သည်။


"နံပါတ် ၄ စာသင်ဆောင်ရဲ့ တတိယထပ် အိမ်သာထဲမှာ ကျောင်းသူတစ်ယောက် အနိုင်ကျင့်ခံနေရလို့ပါ" မင်ရှု့က ဖြေလိုက်သည်။


"ဘယ်သူလဲ?"


"လီကျောက်ပါ"


ထိုအဖွဲ့ဝင်က ကွန်ပျူတာတွင် နာမည်ရိုက်ကြည့်လိုက်ပြီး "အထူးဝင်ခွင့်ရကျောင်းသူ" ဆိုသည်ကို မြင်သည့်အခါ စိတ်မရှည်သလို ဖြစ်သွားသည်။


"ကောင်းပြီ၊ ငါ နောက်မှ တစ်ယောက်ယောက် လွှတ်ပြီး စစ်ခိုင်းလိုက်မယ်"


"နောက်မှ တစ်ယောက်ယောက် လွှတ်မယ်တဲ့လား။ သူ အခု အိမ်သာထဲမှာ အပြင်းအထန် အရိုက်ခံနေရတာနော်။ အခု ချက်ချင်း သွားကူညီပေးသင့်တာ မဟုတ်ဘူးလား?" မင်ရှု့က ကန့်ကွက်လိုက်သည်။


"ကျောင်းသူ... အခုက နေ့လယ်စာစားချိန်လေ။ ငါလည်း ထမင်းစားရဦးမယ် မဟုတ်လား?" ထိုအဖွဲ့ဝင်က ပြန်ပြောသည်။


"နင်... ဘယ်လိုဖြစ်ပြီး ဒီလို ပြောရတာလဲ။ကျောင်းတွင်း စည်းကမ်းတွေကို ထိန်းသိမ်းရမှာ နင်တို့ တာဝန်မဟုတ်ဘူးလား?" မင်ရှု့သည် အမှန်တကယ် ဒေါသထွက်သွားသည်။


ထိုကျောင်းသားက လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

"နင် ငါ့ကို ဘာလုပ်နိုင်မှာ မို့လို့လဲ။ နင်သာ တကယ် ကယ်ချင်ရင် နင့်ဘာသာနင် သွားကယ်ပါလား။ ကိုယ်တိုင်က ပြဿနာတက်မှာ ကြောက်လို့ ထွက်ပြေးလာတာ မဟုတ်ဘူးလား။ နင်တို့လို အထူးဝင်ခွင့်ရ ကျောင်းသားတွေက တကယ် အသုံးမကျတဲ့ အမှိုက်သရိုက်တွေပဲ"


မင်ရှု့၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။

"နင် ဘာစကားပြောလိုက်တာလဲ။ ငါ... ငါ ကျင်းယောင်နဲ့ တွေ့ချင်တယ်!"


ထိုကျောင်းသားက ကောက်ကျစ်သော အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။

"အော်... ခေါင်းဆောင်လား၊ သူ အခု တင်းနစ်ကွင်းမှာ ရှိတယ်လေ"