15
Viewers 98

အခန်း (၁၅) ပထမကမ္ဘာ


လီကျောက်သည် မင်ရှု့ကို ကြည့်ကာ သူမ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေရသည်ကို နားမလည်နိုင်ဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။

"ဒါက အခန်း ၁၁ က ကျန်းပိုင်ချီလေ။ သူလည်း အထူးဝင်ခွင့်ရ ကျောင်းသားပဲ။ လူထူးဆန်းတစ်ယောက်ပေါ့”


မင်ရှု့သည် ထိုနာမည်ကို စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်ပြီး လီကျောက်ကို ဆက်မေးလိုက်သည်။

"လူထူးဆန်းတဲ့လား။ အဲ့ဒါက ဘာကို ဆိုလိုတာလဲ?"


"သူက ဘယ်သူနဲ့မှ စကားမပြောဘူး၊ ဆွံ့အ နားမကြားတစ်ယောက်လိုပဲ။ ပြီးတော့ သူက အရမ်းသုန်မှုန်ပြီး ကြောက်စရာကောင်းတယ်။ တစ်ခါတလေ လူတွေကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်တတ်တယ်၊ ပြီးတော့ သရဲတစ်ကောင်လိုပဲ စိတ်အလိုရှိသလို ပေါ်လာလိုက် ပျောက်သွားလိုက်နဲ့။ လူတိုင်းကတော့ သူ ဒီနေရာမှာ တစ်ခုခု မှားနေတယ်လို့ ထင်ကြတာပဲ။ ချမ်းသာတဲ့ ကလေးတွေတောင်မှ လက်စားချေခံရမှာ ကြောက်လို့ သူ့ကို သွားမစရဲကြဘူး" လီကျောက်က သူမ၏ ဦးခေါင်းကို ညွှန်ပြရင်း တိုးတိုးလေး ပြောလိုက်သည်။ ကျန်းပိုင်ချီသည် ဤကျောင်းတွင် အမှန်တကယ် ထူးခြားသူဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် သူ၏ သုန်မှုန်ပြီး ကြောက်စရာကောင်းသော ပုံစံကြောင့် လူမိုက်များပင် သူ့ကို မနှိပ်စက်ရဲကြပေ။


မင်ရှု့သည် သူမ၏ လက်မောင်းကို ပွတ်သပ်ရင်း စိတ်မသက်မသာဖြစ်သွားပုံ ပြသလိုက်သည်။

"နင်ပြောတာ ကြားပြီးတော့ ငါလည်း သူ့ကို ထူးဆန်းပြီး ကြောက်စရာကောင်းတယ်လို့ ခံစားရတယ်။ သူ့မိသားစုအကြောင်းရော နင် သိတာရှိလား။ မိသားစုဝင် လူဘယ်နှစ်ယောက်တဲ့လဲ?"


လီကျောက်က သူမကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"နင်က သူ့အိမ်ထောင်စုစာရင်းကို စစ်ဆေးမလို့လား?"


မင်ရှု့က ပခုံးတွန့်ပြလိုက်သည်။

"သိချင်ရုံသက်သက်ပါပဲ" 


သို့မဟုတ်ပါက ဆုန်ကျူယောင်က အဘယ်ကြောင့် သူ့ကို စောင့်ကြည့်နေရသည်ကို သူမ မည်သို့ သိနိုင်မည်နည်း။


"ငါလည်း မသိဘူး" လီကျောက်က ဝန်ခံလိုက်သည်။


"ဒါပေမယ့် သူက အထူးဝင်ခွင့်ရထားတဲ့ ကျောင်းသားဆိုတော့ ငါတို့လိုပဲ သာမန်မိသားစုက ဖြစ်ဖို့များပါတယ်။ ချမ်းသာတဲ့လူတွေက ကျောင်းကပေးတဲ့ ဆုကြေးငွေကို ဂရုစိုက်မဟုတ်သလို၊ အထူးဝင်ခွင့်ရတဲ့ ကျောင်းသားအဖြစ် အောက်ခြေအဆင့်ကနေ ဝင်လာကြမှာ မဟုတ်ဘူးလေ"


သာမန်နောက်ခံရှိပြီး အုံ့မှိုင်းသော စရိုက်ရှိသည့်အပြင် လူသိမခံလိုသော လူတစ်ယောက်က ဆုန်ကျူယောင်ကဲ့သို့ တောက်ပပြီး ကွဲပြားခြားနားသော ကမ္ဘာတစ်ခုမှ မွေးဖွားလာပုံရသည့် မိန်းကလေး၏ အာရုံစိုက်မှုကို ရရှိနေသည့် အချက်သည် မင်ရှု့အတွက် ပို၍ပင် ထူးဆန်းပြီး စိတ်ဝင်စားစရာဖြစ်နေတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍတွင်လည်း အမျိုးမျိုးသော ခန့်မှန်းချက်များဖြင့် ဆူညံနေပြီး အင်တာနက် စုံထောက်များစွာ ပေါ်ထွက်လာကာ ဖြစ်နိုင်ခြေရှိသည်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာနေကြသည်။ ကြည့်ရှုသူများ အလွန်စွဲလမ်းလာပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှ မျက်တောင်မခတ်နိုင် ဖြစ်နေကြသည်။ အစီအစဉ်၏ အဆင့်သတ်မှတ်ချက် စံနှုန်းသည်လည်း တဖြည်းဖြည်း မြင့်တက်လာပြီး အင်တာနက်ပေါ်တွင် ဤအကြောင်းအရာက အဆက်မပြတ် ဆွေးနွေးစရာဖြစ်နေသဖြင့် ထုတ်လုပ်ရေးအဖွဲ့အတွင်း၌ပင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာသည်။


ခေါင်းဆောင် ဒါရိုက်တာနှင့် သူ့ကို ထောက်ခံသူများက ဤဖြစ်စဉ်ကို အကောင်းမြင်နေကြသည်။ အဆုံး၌ ဆုန်ကျူယောင်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ရာ ဤအတိုင်း ဆက်သွားခွင့်ပြုလျှင် ၎င်းတို့အတွက် အကျိုးအမြတ်သာ များပြားလာမည် မဟုတ်လေသလော။ လက်ထောက်ဒါရိုက်တာ ထျန်းရှန် ဦးဆောင်သော အုပ်စုကမူ ဖြစ်လာနိုင်သော အန္တရာယ်များကို သတိထားရန် လိုအပ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ပရိသတ်များ စိတ်မယိုင်သွားစေရန် ဆုန်ကျူယောင်၏ ကြီးမားသော အားနည်းချက်ကို ဖော်ထုတ်ရန် ၎င်းတို့ ဆုံးဖြတ်ထားကြသည်။


......

ကျောင်းသားသမဂ္ဂ အဆောက်အဦသည် အဆောက်အဦတစ်ခုလုံးကို နေရာယူထားပြီး ဌာနတစ်ခုချင်းစီတွင် ရုံးခန်းများ၊ အဖွဲ့ဝင်များ နားနေဆောင်နှင့် အစည်းအဝေးခန်းမများရှိကြသည်။ ဥက္ကဋ္ဌ ရုံးခန်းသည် အမြင့်ဆုံးအထပ်တွင် တည်ရှိသည်။ ဆုန်ကျူယောင်သည် ကျောင်းသားသမဂ္ဂ အဆောက်အဦအတွင်းသို့ ဝင်လိုက်သည်နှင့် သူမကို မြင်သူတိုင်း အံ့အားသင့်သွားကြသည်။


"ဆုန်ကျူယောင်လား။ သူ ဒီကို ဘာလာလုပ်တာလဲ?"


"ကျင်းယောင်ကို တောင်းပန်ဖို့ ဖြစ်မှာပေါ့"


"ဆုန်ကျူယောင်က အဲဒီလိုလူမျိုးဖြစ်ပါ့မလား?"


"သူ တကယ်တမ်း ဘယ်လိုလူလဲဆိုတာ ဘယ်သူသိမှာလဲ..."


ဆုန်ကျူယောင်သည် ဓာတ်လှေကားအတွင်းသို့ ဝင်ပြီး အမြင့်ဆုံးအထပ်​၏ ခလုတ်ကို နှိပ်လိုက်သည်။


"သူ အပေါ်ဆုံးထပ်ကို သွားနေတာပဲ။ ဥက္ကဋ္ဌကို သွားရှာတာလား?"


"သူ ဥက္ကဋ္ဌကို ချဉ်းကပ်ဖို့ ကြိုးစားနေတာများလား။ ဥက္ကဋ္ဌက ကျင်းယောင်ထက် ပိုယဉ်ကျေးတယ်လို့ ထင်ရပေမယ့်၊ ချဉ်းကပ်ရလွယ်တဲ့လူလို့ ထင်နေရင်တော့ အမှားကြီး မှားသွားလိမ့်မယ်"


"ဥက္ကဋ္ဌက အထူးဝင်ခွင့်ရ ကျောင်းသားတွေကို အရမ်းမုန်းတာ..."


၎င်းတို့သည် ဓာတ်လှေကား၏ မြင့်တက်သွားသော ကိန်းဂဏန်းများကို ကြည့်ရင်း ဆက်လက် ခန့်မှန်းနေကြသည်။ ကျင်းယောင်နှင့် နှိုင်းယှဉ်လျှင် ကျင်းယွီသည် မွေးရာပါ မာန်မာနရှိသော မင်းစိုးရာဇာ နွယ်ဖွားစစ်စစ် ဖြစ်သည်။ သူသည် စစ်မှန်သော အထက်တန်းလွှာ မျိုးဆက်၏ ကြီးမြတ်မှုကို ယုံကြည်သူဖြစ်သည်။ ကောလာဟလများအရ သူသည် အသက်ခုနစ်နှစ်အရွယ်ကပင် သူနှင့် ဂုဏ်တူတန်းတူဖြစ်သော မိသားစုမှ မိန်းကလေးတစ်ဦးကို သူ၏ အနာဂတ်ဇနီးလောင်းအဖြစ် ရွေးချယ်ပြီးသားဖြစ်သည်ဟု ဆိုကြသည်။ ဓာတ်လှေကား တံခါးသည် အချက်ပေးသံဖြင့် ပွင့်သွားသည်။ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌသည် ထိုအထပ်တစ်ခုလုံးကို ပိုင်ဆိုင်ထားသဖြင့် လူများ အမြဲမပြတ် သွားလာနေသော အခြားအထပ်များနှင့်မတူဘဲ စင်္ကြံလမ်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘယ်ဘက်ခြမ်းရှိ ပန်းချီဒီဇိုင်းများပါသော မှန်ပြတင်းပေါက်မှ နေရောင်ခြည်များ ဖြာကျရောက်နေပြီး ဆုန်ကျူယောင်သည် ရုံးခန်းတံခါးဝသို့ ချဉ်းကပ်ကာ တံခါးခေါက်လိုက်သည်။


"ဝင်ခဲ့ပါ" အထဲမှ အေးစက်စက် အမျိုးသားအသံတစ်သံ ထွက်ပေါ်လာသည်။


ဆုန်ကျူယောင်သည် တံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်လိုက်သည်။ ဆုန်ကျူယောင်ကို မြင်သော်လည်း ကျင်းယွီက အံ့ဩခြင်းမရှိပေ။ သူမ ကျောင်းသားသမဂ္ဂ အဆောက်အဦထဲ ဝင်လာကတည်းက အောက်ထပ်မှ တစ်စုံတစ်ယောက်က သူ့ကို အကြောင်းကြားထားပြီး ဖြစ်သည်။ ဆုန်ကျူယောင်၏ မျက်ဝန်းထဲတွင် စားပွဲနောက်၌ ထိုင်နေသော လူငယ်၏ ပုံရိပ် ထင်ဟပ်နေသည်။ သူသည် ကျင်းယောင်နှင့် ထပ်တူကျသော မျက်နှာသွင်ပြင် ရှိသော်လည်း ဆံပင်ပုံစံကမူ အနည်းငယ် ကွဲပြားနေသည်။ သူ၏ ဆံပင်များသည် တစ်ပင်ချင်းစီ သပ်ရပ်နေပြီး အဝတ်အစားရှိ ကြယ်သီးများသည်လည်း စနစ်တကျ တပ်ဆင်ထားကာ နှာတံပေါ်တွင် ခပ်ပါးပါး မှန်ဘောင်နှင့် မျက်မှန်ကို တပ်ထားသဖြင့် ရှေးကျသော မင်းစိုးရာဇာတစ်ဦး၏ ပုံစံမျိုး ပေါက်နေသည်။


"ဒေါက်တာဆုန်၊ မင်း တောင်းပန်ဖို့ လာတာဆိုရင်တော့ အခု အရမ်း နောက်ကျသွားပြီ" ကျင်းယွီက တည်ငြိမ်သော မျက်နှာထားဖြင့် သူမကို စိုက်ကြည့်လိုက်သည်။


"ကျွန်မ ဘာအတွက် တောင်းပန်ရမလဲဆိုတာ မသိဘူးဖြစ်နေတယ်" သူမက ပြန်ဖြေလိုက်သည်။


"ဒါဆို မင်း တောင်းပန်ဖို့ လာတာ မဟုတ်ဘူးပေါ့" ကျင်းယွီသည် သူ၏ ဖောင်တိန်ကို အဖုံးပိတ်ကာ ထရပ်လိုက်သည်။

"ဒါဆိုရင်တော့ အထူးဝင်ခွင့်ရ ကျောင်းသားတွေ ကိစ္စအတွက်ပဲ ဖြစ်ရမယ်"


"သူတို့ရဲ့ အဆင့်အတန်းက ဘယ်လိုပဲရှိရှိ၊ ကျောင်းဝင်ချိန်မှာ ကျင်းခယ့်အကယ်ဒမီရဲ့ ကျောင်းသားတိုင်းက ဒီအဖွဲ့အစည်းကို ကိုယ်စားပြုတဲ့သူတွေပါ။ ကျောင်းက ထွက်သွားတဲ့အခါ သူတို့အားလုံး ကျင်းခယ့်အကယ်ဒမီရဲ့ မျက်နှာဖုံးတွေ ဖြစ်လာကြမှာ။ ဒါ့အပြင် သူတို့က ရှင်တို့ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေဖြစ်လာပြီး ရှင်တို့ မိသားစု လုပ်ငန်းတွေအတွက် ရှားပါးတဲ့ အရည်အချင်းရှိသူတွေ ဖြစ်လာနိုင်ပါတယ်။ ကျောင်းသားသမဂ္ဂက ဘာဖြစ်လို့ သူတို့ကို ခွဲခြားဆက်ဆံနေရသလဲဆိုတာ ကျွန်မ တကယ် နားမလည်နိုင်ဘူး"


ကျင်းယွီသည် အေးစက်ပြီး ပြင်းထန်သော အကြည့်များဖြင့် စိုက်ကြည့်နေသော်လည်း ဆုန်ကျူယောင်သည် မျက်တောင်မခတ်ဘဲ ပြန်ကြည့်လိုက်သည်။ သူမ၏ ကျောပြင်သည် လေပြင်းထဲက ဝါးပင်ကဲ့သို့ တည့်မတ်ခိုင်မာနေသည်။


ကျင်းယွီ၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

"မင်းက ငါ့ကို အပြစ်တင်နေတာလား?"


"ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ကျောင်းကို စနစ်တကျ စီမံခန့်ခွဲဖို့နဲ့ စည်းကမ်းထိန်းသိမ်းဖို့က ရှင့်တာဝန်ပဲ။ ဒါပေမယ့် ရှင် ပျက်ကွက်ခဲ့တယ်" ဆုန်ကျူယောင်က ပြန်ပြောလိုက်သည်။


ကျင်းယွီက လှောင်ပြုံးပြုံးရင်း တုံ့ပြန်လိုက်သည်။

"မင်းက ဘယ်လို အဆင့်အတန်းမျိုးနဲ့ ငါ့ကို ဒီလိုလာစွပ်စွဲနေတာလဲ။ သနားစရာကောင်းတဲ့ ပိုးကောင်တွေလို အထူးဝင်ခွင့်ရ ကျောင်းသူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့လား? မင်းနဲ့ အမျိုးအနွယ်တူတဲ့လူတွေ အနှိပ်စက်ခံနေရတာကို ကြည့်ပြီး ဝမ်းနည်းဖို့ကောင်းတယ်လို့ ခံစားရလို့ အခု သူရဲကောင်း လုပ်ချင်နေတာလား?"


ဆုန်ကျူယောင်၏ မျက်ဝန်းများထဲတွင် ဒေါသများ တောက်လောင်လာပြီး အမြဲလိုလို အထက်သို့ ကွေးညွှတ်နေသော သူမ၏ နှုတ်ခမ်းအစုံ အောက်သို့ ညွန့်ကျသွားသည်။

"အနှိပ်စက်ခံရတဲ့ ကျောင်းသားက အထူးဝင်ခွင့်ရတဲ့ ကျောင်းသားပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့ ကျောင်းသားပဲဖြစ်ဖြစ်၊ သူတို့ မတရားသဖြင့် ရိုက်နှက်ခံနေရတာကို မြင်ရင် ကျွန်မ အမြဲ လက်ကမ်းကူညီမှာပါ။ ကျွန်မ ဒီကိုလာတာ ရှင့်ကို အပြစ်တင်ဖို့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ဘူး၊ ဒါပေမယ့် ရှင့်လိုလူမျိုးနဲ့ ဆက်သွယ်ပြောဆိုလို့ ဘာမှမရနိုင်ဘူးဆိုတာ ကျွန်မ အခု သိပြီ။ နှိပ်စက်ခံရတဲ့ ကျောင်းသားတွေက လက်စားချေခံရတာ ကြောက်လို့ သည်းခံနေကြပေမယ့်၊ ကျွန်မကတော့ သည်းမခံနိုင်ဘူး။ ရှင်ကတော့ အထူးဝင်ခွင့်ရ ကျောင်းသားတွေရဲ့ အတွေ့အကြုံတွေကို မျက်ကွယ်ပြုထားတာ၊ အနိုင်ကျင့်တဲ့သူတွေကို လွှတ်ထားပေးတာ၊ ဒါမှမဟုတ် တခြားသူတွေကို ဒုက္ခပေးဖို့ မြှောက်ပင့်ပေးတာကိုပဲဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ရှင့်ရဲ့ ပေါ့ဆမှု သက်သေတွေကို စီရင်ဆုံးဖြတ်ပေးမယ့် အာဏာပိုင်တွေဆီ ကျွန်မဘက်က တင်ပြသွားမှာ။ အဆိုးဆုံး အခြေအနေဆိုရင်တော့ နိုင်ငံတော်သမ္မတရဲ့ စားပွဲပေါ်အထိ ရောက်သွားနိုင်တယ်"


ကျင်းယွီသည် လှောင်ပြောင်သော အမူအရာဖြင့် ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

"သမ္မတနဲ့ တစ်ခါလောက် တွေ့ဖူးတာက မင်းရဲ့ ဂုဏ်ယူစရာ အရင်းအနှီး ဖြစ်သွားတာပေါ့လေ"


ထိုလှောင်ပြောင်မှုကို ဂရုမစိုက်ဘဲ ဆုန်ကျူယောင်က ဆက်ပြောလိုက်သည်။

"နဂါးတစ်ကောင်က သေသွားနိုင်ပေမယ့် အရှိန်အဝါက မသေဘူးဆိုတာ ကျွန်မ နားလည်ပါတယ်။ ကျင်းမိသားစုရဲ့ အဆင့်အတန်းနဲ့ ချမ်းသာကြွယ်ဝမှုက ဘယ်လောက်တောင် ကြီးမားသလဲဆိုရင်၊ လူတစ်ယောက် အသတ်ခံရလို့ သမ္မတဆီ သက်သေတင်ပြခဲ့ရင်တောင် ရှင်တို့ မိသားစုကို လှုပ်ခါနိုင်ဖို့ မလုံလောက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အစိုးရက မင်းစိုးရာဇာတွေရဲ့ ဖြစ်တည်မှုကို မကျေနပ်လို့ သူတို့ရဲ့ အာဏာနဲ့ စည်းစိမ်တွေကို လျော့ချဖို့ နည်းလမ်းရှာနေတယ်ဆိုတဲ့အကြောင်းကိုလည်း ကျွန်မ သိတယ်။ ကျွန်မ သူတို့ကို နည်းလမ်းတစ်ခုတလေလောက် မပေးနိုင်ဘူးလို့ ရှင် ထင်နေလား။ မိုင်ပေါင်းထောင်ချီ ရှည်လျားတဲ့ ဆည်ကြီးတစ်ခုလည်း ခြကောင်လေးတွေရဲ့ အသိုက်ကြောင့် ပျက်စီးသွားနိုင်ပါတယ်။ ဥက္ကဋ္ဌကျင်းက ဒီအချက်ကို နားမလည်တာလား၊ ဒါမှမဟုတ် တကယ်ပဲ ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ တွေးရလောက်တဲ့အထိ မာန်တက်နေကြတာလား?"


ဆုန်ကျူယောင်သည် လှောင်ပြုံးပြုံးပြီးနောက် လှည့်ထွက်သွားသည်။ ကျင်းယွီ၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်သွားကာ ဒဏ်ရာပေါ်သို့ တုတ်ကျသွားပုံရသည်။ မင်းစိုးရာဇာများနှင့် အစိုးရအကြားက အာဏာလုပွဲသည် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ ကျင်းမိသားစုသည်လည်း ပိုမိုသတိထား စောင့်ကြည့်နေရချိန်ဖြစ်သည်။ ဆုန်ကျူယောင်၏ လုပ်ရပ်သည် သူ့ကို အငိုက်မိသွားစေသည်။ သို့သော် ကျင်းယွီကို ပို၍ စိတ်တိုစေသည့်အချက်မှာ ဆုန်ကျူယောင်သည် သူနှင့် သူမိသားစုကိုပင် လုံးဝ လေးစားမှု မရှိခြင်းပင်။


တောက်! ငါ့ကို ဒီလို လာခြိမ်းခြောက်ရဲတဲ့ လူမျိုးကို တစ်ခါမှ မကြုံဖူးဘူး။ မနေ့က ကျင်းယောင်ကို ကိုက်လိုက်တာက မတော်တဆ မဟုတ်ဘဲ၊ ဒီမိန်းမက ငါတို့ကို လုံးဝ အရေးမစိုက်တာပဲ။


ကျင်းယွီသည် သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ကာ ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်စွာ ထွက်ခွာသွားသော ဆုန်ကျူယောင်၏ နောက်ကျောကို ကြည့်ကာ ပြောလိုက်သည်။

"မင်း ပြောတာ တစ်ခုတလေတော့ မှန်ပါတယ်။ ဒါကြောင့် သိပ်မစိုးရိမ်နဲ့၊ မင်း အသုံးချလို့ရမယ့် အကွက်မျိုး ချန်ပေးထားဖို့ ငါ့မှာ ရည်ရွယ်ချက် မရှိဘူး"


ဆုန်ကျူယောင်၏ ခြေလှမ်းများ အနည်းငယ် နှေးကွေးသွားသည်။


ထိုအခါ ကျင်းယွီက ဆက်ပြောလိုက်သည်။

"ငါ့အမြင်တော့ ကျင်းခယ့်အကယ်ဒမီမှာ အထူးဝင်ခွင့်ရ ကျောင်းသားတွေ ရှိနေတာက လုံးဝ အဓိပ္ပာယ်မရှိဘူး။ လူသားတွေက ခေတ်သစ်လူ့အဖွဲ့အစည်းမှာ မျိုးဆက်တွေအများကြီး နေထိုင်လာကြတာတောင်မှ ဒီလူတွေက အခုထိ လူ့အဖွဲ့အစည်းရဲ့ အောက်ခြေမှာပဲ ရှိနေကြသေးတယ်။ ဒါက သူတို့ရဲ့ မျိုးရိုးဗီဇ ညံ့ဖျင်းမှုကို ဖော်ပြနေတာ၊ ဒါကြောင့် သူတို့ ဒီလိုနေရာမှာ အထက်တန်းလွှာ ပညာရေးကို သင်ယူဖို့ အရည်အချင်း မမီကြဘူး။ ဆိုတော့ ကျင်းခယ့်အကယ်ဒမီမှာရှိတဲ့ အထူးဝင်ခွင့်ရ ကျောင်းသားအားလုံးကို ကျောင်းက ထုတ်ပစ်မယ်"


ကျင်းယွီ​၏ စကားများပြီးဆုံးသည်နှင့် ဆုန်ကျူယောင်သည် သူမ၏ ခြေလှမ်းများကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်သည်။

"ရှင် ဘာပြောလိုက်တယ်?"


ကျင်းယွီသည် ခေါင်းငုံ့ကာ သူ၏ အင်္ကျီလက်ကောက်ဝတ်ကို ပြင်လိုက်သည်။

"မစိုးရိမ်ပါနဲ့၊ နစ်နာကြေးကတော့ လုံလောက်မှာပါ။ သူတို့အမှတ်တွေက အရမ်းကောင်းနေတာဆိုတော့ သူတို့ကို လက်ခံမယ့် အစိုးရကျောင်းတွေတော့ ရှိမှာပါ"


[အား.... ငါ ပေါက်ကွဲတော့မယ်! ! ! ]


[နင့်ရဲ့ မျိုးရိုးဗီဇ သီအိုရီတွေနဲ့ ငရဲကိုသာ သွားသေလိုက်တော့။ လူတွေ အောက်ခြေမှာရှိနေရတဲ့ အကြောင်းရင်းက နင်တို့လို ချမ်းသာတဲ့လူတွေက ပညာရေး အရင်းအမြစ်တွေကို လက်ဝါးကြီးအုပ်ထားပြီး တခြားသူတွေကို ဆင်းရဲတွင်းထဲ ရုန်းကန်ခိုင်းနေလို့ပဲ]


[ဒီရွံစရာကောင်းတဲ့ လူချမ်းသာတွေ။ သူတို့ အမှတ်မမီတဲ့အခါ တက္ကသိုလ်ဝင်စာမေးပွဲမှာ တခြားသူတွေရဲ့ အမှတ်ကို ခိုးတယ်၊ ဆင်းရဲသားတွေကို အမြတ်ထုတ်ပြီးတော့ ဆင်းရဲတာက သူတို့ရဲ့ မျိုးရိုးဗီဇကြောင့်လို့ ဂုဏ်ယူဝင့်ကြွားကြသေးတယ်!]


[ငါ တကယ် ဒေါသထွက်လာပြီ!]


"ဘန်း!"

အသားကို လက်သီးဖြင့် ထိုးနှက်လိုက်သော အသံနှင့်အတူ စကားပြောပြီးခါစ ကျင်းယွီသည် အနောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်သွားကာ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ အရှက်တကွဲ အကျိုးနည်းဖြစ်စွာ လဲကျသွားတော့သည်။


[အား...!!!]


[(⊙_⊙)(⊙_⊙)]


[အို ဘုရားသခင်!]


[……မိုက်လိုက်တာ!]


ကျင်းယွီသည် အထိုးခံရသော ပါးကို လက်ဖြင့်အုပ်ထားလျက် ထိုမာနကြီးသော မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့တုန်လှုပ်သော အမူအရာမျိုး ပေါ်လာသည်။ သူသည် ဆုန်ကျူယောင်ကို မယုံကြည်နိုင်စွာ ကြည့်ပြီးနောက် သူ၏ မျက်ဝန်းများတွင် စော်ကားခံရမှုကြောင့် ဖြစ်ပေါ်လာသော ဒေါသများဖြင့် ပြည့်နှက်သွားသည်။ ဆုန်ကျူယောင်သည် သူ့အနားသို့ ချဉ်းကပ်သွားပြီး သူ့ကို အမှိုက်သရိုက်တစ်ခုလို အပေါ်စီးမှ ငုံ့ကြည့်လိုက်သည်။

"အကြမ်းဖက်မှုဆိုတာ ဘယ်ပြဿနာအတွက်မှ အဖြေမဟုတ်ဘူး၊ ဒါကြောင့်လည်း ကျွန်မ အစက ဒီနည်းလမ်းကို မသုံးဖို့ ရည်ရွယ်ထားတာ"