16
Viewers 102

အခန်း (၁၆) ပထမကမ္ဘာ


ကျင်းယွီသည် ဒေါသကြောင့် တုန်ရီနေသည်။

"မင်း... မင်းကများ အတင့်ရဲလို့..."


"ရှင်ကရော တခြားလူတွေရဲ့ သိက္ခာကို ဒီလိုနင်းချေရတဲ့အထိ ဘယ်လိုလုပ် ဒီလောက် အတင့်ရဲရတာလဲ!" ဆုန်ကျူယောင်၏ ဒေါသသည် ကျင်းယွီထက်ပင် ပို၍ပြင်းထန်နေပြီး သူမမျက်နှာသည် အလွန်တင်းမာနေသည်။


"ကျောင်းတိုင်းက ထူးချွန်ပြီး အလားအလာရှိတဲ့ ကျောင်းသားတွေကို ခေါ်ယူဖို့ ကတိတွေအများကြီး ပေးထားခဲ့တာ။ ဒီကျောင်းကို ရောက်လာတဲ့အခါ သူတို့ကို အလေးမထားတာ ထားပါဦး၊ အတင်းအကျပ် မောင်းထုတ်ဖို့ ကြိုးစားတာကတော့ တကယ့်ကို ယုတ်ညံ့လွန်းတယ်။ ရှင်က တကယ် ရွံစရာကောင်းတာပဲ"


"မင်း..." ကျင်းယွီသည် သူ​၏ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။


ဆုန်ကျူယောင်သည် မရပ်တန့်ဘဲ ခေါင်းငုံ့ကာ သူ၏ကော်လာကို ဆွဲလိုက်သည်။

"ရှင့်ကို တစ်ခုပြောပြမယ်၊ ဆင်းရဲတဲ့လူတွေမှာလည်း မာနနဲ့ ခံယူချက်တွေရှိတယ်။ ရှင်က ဘာတွေများ သာလွန်နေလို့လဲ။ ကျွန်မ ရှင့်ကို ရိုက်ချင်ရင် ရိုက်မှာပဲ။ ရှင့်ရဲ့ မြင့်မြတ်လှပါတယ်ဆိုတဲ့ ခန္ဓာကိုယ်က ကျွန်မလက်သီးအောက်မှာ နာကျင်မှုကို မခံစားရဘူးလို့ ထင်နေတာလား?"


ဆုန်ကျူယောင်၏ မျက်လုံးများသည် ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်မှုများဖြင့် လင်းလက်နေပြီး၊ ဝိညာဉ်များကိုပင် ပြာကျစေနိုင်သည့် မီးတောက်များသဖွယ် တောက်လောင်နေသည်။ ကျင်းယွီသည် ထိုမျက်လုံးများကို အနီးကပ် မြင်လိုက်ရသောအခါ အရှင်လတ်လတ် မီးရှို့ခံနေရသလို ခံစားလိုက်ရပြီး အသက်ရှူမှားသွားသည်။


"မင်းတော့... သေ... ချင်... နေ... တာ... ပဲ" ကျင်းယွီသည် သတိပြန်ဝင်လာပြီးနောက် အံကြိတ်ကာ တစ်လုံးချင်း ပြောလိုက်သည်။


ဆုန်ကျူယောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သော်လည်း ထိုအပြုံးတွင် နွေးထွေးမှု လုံးဝမပါဝင်ပေ။ သူမက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ရှင် ကျွန်မကို ဘာလုပ်နိုင်မှာလဲ။ ကျွန်မက 'နိုင်ငံတော်ရတနာ' လို့ တင်စားခံထားရတဲ့၊ တစ်နိုင်ငံလုံးမှာ တစ်ယောက်တည်းပဲရှိတဲ့ အိုလံပစ်ဆုရ အဖွဲ့ဝင်တစ်ယောက်။ အစိုးရက ကျွန်မ ဒီကျင့်ခယ့်အကယ်ဒမီမှာရှိနေတာကို သိတယ်။ ကျွန်မ တစ်ခုခုဖြစ်သွားရင် အစိုးရက ဒီအတိုင်း လွှတ်ထားမယ် ထင်နေလား။ ဒါက ကျွန်မအတွက် အားသာချက်ပဲ။ နောက်ပြီး မစ္စတာအဲလ်ဘတ် အကြောင်းကိုလည်း ရှင့်ကို သတိပေးပါရစေ၊ ရှင် သူ့ကို သိမှာပါ။ မစ္စတာအဲလ်ဘတ်ဆိုတာ သူ့ရဲ့သုတေသနတွေသာ မအောင်မြင်ရင် မိသားစုရဲ့ လက်နက်အင်ပါယာကြီးကို ပြန်ပြီး အမွေဆက်ခံရမယ့် ဂန္ထဝင်ပုဂ္ဂိုလ်လေ။ ကျွန်မက သူ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲ။ ရှင်တို့ ဒီလိုပြဿနာမျိုး ရှာထားတဲ့အကြောင်းကို ရှင့်အဖေသာ သိရင် ရှင့်ကို အသေရိုက်သတ်လောက်တယ်နော်"


[အား... အား... အား... မိုက်လိုက်တာ!!!]


[အိုမိုင်ဂေါ့... ဘယ်လိုဇာတ်ညွှန်းမျိုးလဲဟာ။ ငါ့ဦးနှောက်တော့ စိတ်လှုပ်ရှားလွန်းလို့ ပေါက်ကွဲတော့မယ်]


[အရမ်းကြည့်ကောင်းတာပဲ၊ ဆုန်ကျူယောင်... နင် ငါ့ကို သတ်နေတာပဲ။ ငါ ကျင်းယွီနေရာကို ဝင်ချင်တယ်... နေဦး ကျင်းယွီက NPC ကြီးဟ]


ကျင်းယွီ၏ မျက်နှာသည် ဒေါသနှင့် အမုန်းတရားများကြောင့် နီတစ်ဝက် ပြာတစ်ဝက် ဖြစ်နေသည်။ သူ အမြဲတမ်း အထင်သေးခဲ့သည့် သာမန်လူတန်းစားအဆင့် အထူးဝင်ခွင့်ရ ကျောင်းသူတစ်ယောက်က ယခုလို ပြန်တုန့်ပြန်လာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ဆုန်ကျူယောင်က သူ့ကို လွှတ်ပေးလိုက်သည်။ သူမ၏ အကြည့်များသည် သူ့ကို အညစ်အကြေးတစ်ခုလို ရွံရှာနေသည့် အကြည့်မျိုး ဖြစ်သည်။ ၎င်းသည် တစ်ပါးသူကို ကြည့်လေ့ရှိသော ကျင်းယွီ​၏ အကြည့်မျိုး ဖြစ်သည်။ သူသည် ဒေါသအလွန်ထွက်လာကာ စိတ်လွတ်သွားပြီး မြေပြင်မှ ဝုန်းခနဲ ထရပ်ကာ ဆုန်ကျူယောင်ကို လှမ်းဖမ်းလိုက်သည်။


"မင်း ဘယ်သွားမလို့လဲ—"

သူ့လက်သည် ဆုန်ကျူယောင်၏ ပုခုံးကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ကြီး တစ်ပတ်လည်သွားသလို ခံစားလိုက်ရပြီး ကျင်းယွီ၏ အမြင်အာရုံများ မှောင်အတိ ကျသွားတော့သည်။


"ဘန်း!" ကျင်းယွီသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် သူ၏ အရိုးများ ကွဲအက်သွားသည့် အသံများ အခန်းထဲတွင် ထွက်ပေါ်သွားသလိုပင်။ သို့သော် အရိုးကျိုးသံထက် ပို၍ ကျယ်လောင်သည့်အသံသည် သူ၏ ကွဲအက်သွားသော မာနတရားများပင်။


ခဏတာမျှ အရာအားလုံး ရပ်တန့်သွားသလိုပင်။ သူသည် အရာအားလုံးကို အိမ်မက်ဟုတ် မဟုတ်ပင် မခွဲခြားနိုင်တော့ပေ။ သို့မဟုတ်ပါက ဤကဲ့သို့သောအရာမျိုးသည် သူ၏အပေါ် မည်သို့သက်ရောက်လာနိုင်မည်နည်း။ မည်သူကများ သူ့ကို ဤကဲ့သို့သောပုံစံမျိုးဖြင့် ဆက်ဆံရဲရသနည်း။ ဆုန်ကျူယောင်သည် သူမ၏ ပုခုံးပေါ်မှ ကျော်၍ ပစ်ပေါက်လိုက်သဖြင့် မြေပြင်ပေါ်သို့ လဲကျနေသော ကျင်းယွီကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ သေသပ်လှပသော ဆံပင်များ ရှုပ်ပွနေပြီး၊ မျက်မှန်သည်လည်း လွင့်ထွက်သွားကာ အဝတ်အစားများသည်လည်း ဖရိုဖရဲ ဖြစ်နေသည်။ ကျင်းယွီသည် ကြောင်တောင်တောင်ဖြစ်နေပြီး သူ၏ဖြစ်တည်မှုအပေါ်ပင် သံသယဝင်နေပုံပေါ်သည်။


ဆုန်ကျူယောင်သည် မျက်တောင်တစ်ချက်ခတ်ကာ စားပွဲဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"ကျွန်မကို နောက်ကနေ ရုတ်တရက် လှမ်းတိုက်ခိုက်တာမျိုး ထပ်မလုပ်ပါနဲ့၊ ဟုတ်ပြီလား?"


[ဟား ဟား ဟား ဟား]


[ဟား ဟား ဟား ဟား၊ ရယ်ရလွန်းလို့ ငါ့ခေါင်းတောင် လွင့်ထွက်တော့မယ်]


[ဆယ်မိုင်ပတ်လည်က ကြက်တွေပါ တွန်ရလောက်အောင်ကို ရယ်နေရတယ်ဟေး... ဟား ဟား ဟား ဟား]


[အရမ်းကြည့်ကောင်းတာပဲ!!!]


ဆုန်ကျူယောင်သည် စားပွဲပေါ်ရှိ ကြိုးဖုန်းကို ကောက်ကိုင်လိုက်ပြီး ကျောင်းဆေးပေးခန်းသို့ ဖုန်းဆက်လိုက်သည်။


......

ထန်းခိုင် ဖုန်းလက်ခံရရှိချိန်တွင် သူသည် ဆုန်ကျူယောင် အဘယ်ကြောင့် ဤမျှ လူကြိုက်များရသည်ကို အွန်လိုင်းတွင် ရှာဖွေနေဆဲဖြစ်သည်။ ဆုန်ကျူယောင်၏ ကိုယ်ရေးရာဇဝင်မှာ အလွန်ရှည်လျားပြီး အစီအစဉ်များစွာတွင် ပါဝင်ခဲ့ဖူးသော်လည်း ထန်းခိုင်အနေဖြင့် အားလုံးကိုကြည့်ရန် အချိန်မလောက်ငပေ။ အကြောင်းမှာ သူသည် ကျောင်းဆရာဝန်တစ်ဦးဖြစ်သဖြင့် အလုပ်များလွန်းလှပြီး၊ အထူးသဖြင့် သူသည် အလွန်ချောမောသောကြောင့်ပင်။ ကျောင်းဆရာဝန်အသစ်သည် ခန့်ညားထည်ဝါပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ဦးဖြစ်သည်ဟူသော သတင်းများ ကျောင်းတစ်ကျောင်းလုံး ပျံ့နှံ့သွားခဲ့ရာ ကျောင်းသူလေးများသည် သူ့ထံလာရန် အကြောင်းပြချက်အမျိုးမျိုး ရှာဖွေကြတော့သည်။ သူသည် နေ့စဉ်နှင့်အမျှ ၎င်းတို့ကိုသာ ကိုင်တွယ်ဖြေရှင်းနေရသဖြင့် ဆရာဝန်တစ်ဦးထက် ဧည့်ကြိုတစ်ဦးကဲ့သို့ပင် ခံစားနေရသည်။


နောက်ဆုံးတွင် ယနေ့သည် လပတ်စာမေးပွဲနေ့ဖြစ်သဖြင့် သူ အနည်းငယ် အားလပ်သွားပြီး ဆုန်ကျူယောင်အကြောင်း ဆက်လက်ရှာဖွေလိုက်သည်။ မိမိ​၏ရန်သူကို သိခြင်းသည် တိုက်ပွဲတိုင်းတွင် အောင်နိုင်ခြင်း၏သော့ချက်ဖြစ်သည်ဟု ထန်းခိုင် ယုံကြည်သည်။ ထို့ကြောင့် ဆုန်ကျူယောင်ကို မအောင်နိုင်မီ သူမကို အသေအချာ နားလည်ထားရန် လိုအပ်သည်။ သူ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းရှိ လူကြိုက်များမှုအတွက် သူ မစိုးရိမ်ပေ။ အကြောင်းမှာ ပရိသတ်များသည် သူ့ထက်ပင် ပို၍သိချင်နေကြလိမ့်မည်ဟု သူယုံကြည်သောကြောင့်ဖြစ်သည်။ ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဆုန်ကျူယောင်အကြောင်း ရိုက်နှိပ်ရှာလိုက်ရုံဖြင့် ပရိသတ်အမြောက်အမြားသည် သူ့ထုတ်လွှင့်မှုဆီ ရောက်လာပြီး သတင်းအချက်အလက်များကို သူနှင့်အတူ ကြည့်ရှုကြမည်ဖြစ်သည်။


"ဆုန်ကျူယောင် ဘာကြောင့် ဒီလောက် နာမည်ကြီးတာလဲ?" ဟု ထန်းခိုင်က ရှာဖွေလိုက်သည်။


သူသည် လိုက်ခ် ၁၂၀၀၀၀ ကျော် ရရှိထားသည့် တုံ့ပြန်ချက်တစ်ခုကို နှိပ်ကြည့်လိုက်သည်။ ဆုန်ကျူယောင်သည် "ငါဟာ ကြယ်ပွင့်တစ်ပွင်" အစီအစဉ်တွင် ပါဝင်စဉ်က သူမအပေါ်ထားရှိသည့် လူအများ၏ နှစ်သက်မှုများ တိမ်မြင့်ပေါ်သို့ မြင့်တင်သွားစေသည့် ဂန္ထဝင်မြောက်သော အပိုင်းတစ်ခုရှိခဲ့သည်။ ထိုဗီဒီယိုဖိုင်တွင် ဆုန်ကျူယောင်သည် အခြားပြိုင်ပွဲဝင်အားလုံးကို အနိုင်ယူပြီးချိန်၌ တင်ဆက်သူက သူမ၏ဖခင်ဖြစ်သူက လိုက်မလာဘဲ မိခင်တစ်ဦးတည်းသာ လိုက်လာရသနည်းဟု မေးမြန်းခဲ့သည်။ တင်ဆက်သူ၏ ရည်ရွယ်ချက်မှာ ဆုန်ကျူယောင်၏ ဖခင်ကွယ်လွန်သွားပြီဖြစ်ကြောင်း ပြောစေရန်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ပရိသတ်များ မျက်ရည်ကျလောက်မည့် ဝမ်းနည်းစရာဇာတ်လမ်းတစ်ပုဒ် ဖန်တီးရန်ဖြစ်သည်။ သို့သော်လည်း ထိုအချိန်က ဆင်းရဲနွမ်းပါးပြီး ပိန်လှီနေသော ဆုန်ကျူယောင်က ခိုင်မာပြတ်သားစွာ ရပ်တည်ခဲ့သည်။ သူမသည် တည်ငြိမ်သော အကြည့်များဖြင့် ထိုနေရာတွင် ရပ်နေခဲ့ပြီး သူမ၏ အဖြစ်ဆိုးကို အသုံးချကာ သနားအောင် မပြုလုပ်ခဲ့ပေ။


"အဖေက အဝေးတစ်နေရာကို သွားနေတော့ သမီးနဲ့အတူ ရှိနေပေးဖို့ အချိန်မရသေးလို့ပါ"


"သူ... ကွယ်လွန်သွားပြီလား?"


"မဟုတ်ပါဘူး၊ သူ အဝေးတစ်နေရာကို ခဏ သွားနေတာပါ"


ဤအပိုင်း ထုတ်လွှင့်ပြီးနောက် ပရိသတ်များအားလုံး ဇဝေဇဝါဖြစ်စွာ ကျန်ရစ်ခဲ့သည်။ ဆုန်ကျူယောင်၏ ဖခင်ဖြစ်သူ ကွယ်လွန်သွားပြီဖြစ်သလော၊ အဝေးသို့ အလုပ်သွားလုပ်ခြင်းဖြစ်သလော၊ သို့မဟုတ် သူမနှင့် သူမ၏မိခင်ကို စွန့်ပစ်သွားခဲ့ခြင်းဖြစ်သလောဟု တွေးတောနေကြသည်။ ထန်းခိုင်သည် ဤအပိုင်းကို အပြည့်အဝ ခံစားရရန်အတွက် အခြားဗီဒီယိုဖိုင်တစ်ခုနှင့် တွဲကြည့်ရမည်ကို ထိုစဉ်က မသိခဲ့ပေ။


ထုတ်လွှင့်သည့်ညတွင် "အောင်နိုင်သူ ကျွန်ုပ်" အစီအစဉ်၏ ဒါရိုက်တာ ဖုန်းကျာသည် သူ၏ ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်တွင် ရိုက်ကွင်း နောက်ကွယ်မှ အပိုင်းတစ်ခုကို တင်ခဲ့သည်။

"ယောင်ယောင်၊ တင်ဆက်သူဦးဦးက သမီးကို မေးခွန်းမေးတုန်းက သမီး ဘာလို့ အမှန်အတိုင်း မပြောခဲ့တာလဲ။ အစီအစဉ်ကို ကြည့်နေကြတဲ့ ဦးဦး၊ ဒေါ်ဒေါ်တို့တွေလည်း သိချင်ကြတာပေါ့" ဒါရိုက်တာ ဖုန်းကျာသည် သူမ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ မေးလိုက်သည်။


ဆုန်ကျူယောင်က သူ့ကို ကြည့်ပြီး ဖြေလိုက်သည်။

"အဖေဆုံးသွားကတည်းက သမီး အရမ်းဝမ်းနည်းခဲ့တာ။ ဒါက ပျော်စရာကောင်းတဲ့ ကိစ္စမဟုတ်ဘူးလေ။ သမီး ဒီနာကျင်မှုကို နေ့တိုင်း ခံစားနေရတာ၊ ဒီလို နာကျင်တဲ့ ခံစားချက်မျိုးကို တခြားလူတွေဆီ မပြန့်ပွားစေချင်လို့ပါ"


ထိုကလေးမလေး၏ အပြစ်ကင်းစင်သော အသံသည် လူအများကို မျက်ရည်ကျစေနိုင်သည့် သဘာဝစွမ်းအင်များရှိနေပြီး ၎င်းတို့အနားရှိ စိတ်နုသော ဝန်ထမ်းအများအပြားသည် မျက်လုံးများ နီရဲလာကြသည်။ ဒါရိုက်တာသည် သူ၏မျက်နှာကို သုတ်လိုက်ပြီး မေတ္တာပါသော အမူအရာဖြင့် သူမ၏ခေါင်းကို ပုတ်လိုက်သည်။ ဤမျှ ရင့်ကျက်ပြီး၊ အလိုက်သိကာ လိမ္မာယဉ်ကျေးသော ကလေးမလေးသည် အမှန်တကယ် ချစ်စရာကောင်းလှသည်။ ဤအပိုင်းလေးကြောင့်ပင် သူမသည် လူပြောအများဆုံး စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။ အစီအစဉ်အဖွဲ့မှ ဆုန်ကျူယောင်အတွက် လူမှုကွန်ရက်အကောင့်တစ်ခု ဖန်တီးပေးခဲ့ပြီး သူမ၏ ပရိသတ်အင်အားသည်လည်း မိဘအမြောက်အမြားကြောင့် လျင်မြန်စွာ တိုးမြင့်လာခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းရှိ မှတ်ချက်များသည်လည်း စိတ်လှုပ်ရှားမှုများ မျက်ရည်များဖြင့် ပြည့်နှက်လာသည်။


[အမေရေ၊ ငိုနေရပါပြီ]


[အို ဘုရားသခင်၊ ငါ ငိုနေမိပြီ]


[မိခင်တစ်ယောက်အနေနဲ့ ဒီမြင်ကွင်းကို တကယ် မကြည့်ရဲဘူး။ အရမ်းစိတ်မကောင်းဖြစ်မိပါတယ်]


[ဆုန်ကျူယောင်ရဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး တစ်ခုခု ဖုံးကွယ်ထားတာ ရှိလိမ့်မယ်လို့ ငါ တကယ်သံသယဖြစ်မိတယ်။ ဒီကမ္ဘာအတုမှာ သူ ဘယ်လိုလူမျိုး ဖြစ်လာပါစေ၊ အဲဒါက သူရဲ့ တကယ့်လောကထဲက ခိုင်မာတဲ့ အရည်အသွေးတွေရဲ့ လွှမ်းမိုးမှုပဲ။ သူက စိတ်ရင်းကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ရာဂဇောကြောင့် တစ်ယောက်ယောက်ကို အဓမ္မကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကတော့ တကယ့်ကို ရယ်စရာကောင်းတယ်]


[သက်သေမရှိဘဲ ဒီလိုတွေ မပြောပါနဲ့။ သေဆုံးသူရဲ့ မိသားစုဝင်ဘက်က ခံစားချက်ကိုလည်း ထည့်တွက်ပေးပါဦး၊ ဟုတ်ပြီလား?]


[သေဆုံးသူရဲ့ မိသားစုက သနားစရာကောင်းတာ အမှန်ပဲဆိုပေမယ့်၊ ဆုန်ကျူယောင်က တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံခဲ့ဘူးလေ။ သူက ဒီအစီအစဉ်မှာ ပါဝင်ပြီး သူရဲ့ အနာဂတ်ကို ငါတို့လက်ထဲ အပ်ခဲ့တာ။ ငါတို့အနေနဲ့ အခြေအနေကို ကိုယ်တိုင်လေ့လာပြီး ဆုံးဖြတ်ရမှာ။ တကယ်လို့ ဝှက်ထားတဲ့ အမှန်တရားတွေရှိနေခဲ့ရင် ဒါမှမဟုတ် မတရား စွပ်စွဲခံထားရတာဆိုရင်၊ ဆုန်ကျူယောင်ရဲ့ ခံစားချက်တွေကရော ဘယ်လိုဖြစ်မလဲ]


[ငါတို့ မြင်ရတာတွေက အမှန်တရား မဟုတ်နိုင်ပါဘူး။ လူသတ်သမားတစ်ယောက်ကို မတရားစွပ်စွဲခံရတာလို့ ယူဆလိုက်တာက သိပ်ပြီး ဆင်ခြင်တုံတရားမဲ့ရာ မရောက်ဘူးလား?]


[......]


တိုက်ရိုက်လွှင့်ခန်းအတွင်းရှိ မှတ်ချက်များ နောက်ထပ် အငြင်းပွားမှုတစ်ခုအဖြစ်သို့ ပေါက်ကွဲသွားပြန်သည်။ ထန်းခိုင်သည် ရုပ်ရှင်မင်းသားတစ်ဦးအနေဖြင့် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသော်လည်း အပြင်ပန်းတွင်မူ အလွယ်တကူ မပြသခဲ့ပေ။ သူသည် ဆုန်ကျူယောင်ထံမှ ဖုန်းလက်ခံရရှိပြီးနောက် သူနာပြုတစ်ဦးနှင့်အတူ ကျောင်းသားသမဂ္ဂ အဆောက်အအုံသို့ အပြေးအလွှား ရောက်ရှိသွားချိန်အထိပင်။ မြေပြင်ပေါ် လဲနေသော ကျင်းယွီကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာအမူအရာ ပျက်ယွင်းသွားတော့သည်။


"သူ့ဘာသာသူ ချော်လဲတာပါ" ဆုန်ကျူယောင်က အပြုံးဖြင့် ပြောလိုက်သည်။


ထန်းခိုင် : ‘...... မင်း မျက်နှာအမူအရာကို ဒီထက်ပိုပြီး ထိန်းချုပ်လို့ မရတော့ဘူးလား?’


မကြာမီမှာပင် ထန်းခိုင်နှင့် သူနာပြုအချို့သည် ကျင်းယွီကို အတူသယ်သွားကြသည်။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များသည် ကြောင်အမ်းအမ်းဖြစ်ကာ စကားပင် မပြောနိုင်လောက်အောင် တုန်လှုပ်နေကြသည်။


ဆုန်ကျူယောင်က ထပ်မံ ရှင်းပြလိုက်သည်။

"ကျင်းယွီက မတော်တဆ ချော်လဲသွားတာပါ"


ဒါက တကယ်ကြီးလား။ ငါတို့ရဲ့ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ခန့်ညားထည်ဝါပြီး၊ ယဉ်ကျေးသိမ်မွေ့တဲ့အပြင် ဘယ်တုန်းကမှ မသင့်တော်တာမျိုး မလုပ်ခဲ့တဲ့ အထက်တန်းလွှာပုဂ္ဂိုလ်လေ။ အခုတော့ ဆုန်ကျူယောင်နဲ့ တွေ့ပြီး မကြာခင်မှာပဲ၊ မြင့်မြတ်လှတဲ့ ဥက္ကဋ္ဌကြီးက သူ့ရုံးခန်းထဲကနေ လူနာတင်စင်နဲ့ ထွက်သွားရတာလား။


၎င်းတို့သည် ဆုန်ကျူယောင်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။ သူမသည် မနေ့ကပင် ကျင်းယောင်​၏ လက်ကို ကိုက်ခဲ့ပြီးနောက် ယနေ့တွင် ကျင်းယွီကို ကျောင်းသားသမဂ္ဂ အဆောက်အအုံထဲမှ လူနာတင်စင်နှင် ထွက်ခွာသွားအောင် ပြုလုပ်ခဲ့သည်။ 

ဒီမိန်းမက တကယ် ကြောက်စရာကောင်းတာပဲ။