၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း
အပိုင်း ၁ - ရေထဲပြုတ်ကျခြင်း
နွေရာသီအစောပိုင်းကာလ ကျင်းမန်မြို့၏ နာမည်ကြီး လင်းမိသားစုအိမ်တော်ဝင်းတွင် အမျိုးသမီးဝတ်အင်္ကျီရှည်ကို ဝတ်ထားသည့် ၁၂-၁၃နှစ်ဝန်းကျင် မိန်းကလေးသည် ရေထဲတွင်ရုန်းကန်နေသည့် တစ်ခြားမိန်းကလေးတစ်ဦးကို အေးစက်စက်ကြည့်နေ၏။
ရေကန်ထဲရှိ မိန်းကလေးသည် ရေနစ်မြုပ်သွားတော့မည့် ပုံပေါ်တော့မှ ကန်ဘောင်ပေါ်က မိန်းကလေးသည် အထိတ်တလန့်ဟန်ဖြင့် အကြိမ်အနည်းငယ် အော်ဟစ်လိုက်သည်။
"တစ်ယောက်ယောက်အမြန်လာပါဦးး! လင်းစုယွီ ရေကန်ထဲ ပြုတ်ကျသွားလို့!ကယ်ကြပါဦး တစ်ယောက်ယောက်ကယ်ကြပါဦး!"
ဝုန်းကနဲ အသံနှင့်အတူ ရေကူးကျွမ်းကျင်သည့် အမျိုးသမီးနှစ်ဦး ရေကန်ထဲ ခုန်ဆင်းကာ ရေနစ်တော့မည့် မိန်းကလေးကို ကယ်ခဲ့ကြသည်။
"တော်သေးတာပေါ့ ကယ်လိုက်နိုင်လို့! အထိန်းတော်လင်း စုယွီနဲ့အတူနေလိုက်ဦး ဒါမှ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်မှာ"
"ဟုတ်ကဲ့ပါ"
အထိန်းတော်လင်းသည် လင်းအိမ်တော်၏ အစေခံဖြစ်သည်။ တရုတ်ပြည်၏ စနစ်အပြောင်းအလဲကာလတွင် လင်းအိမ်တော်ရှိ အစေခံ အတော်များများကို အလုပ်ဖြုတ်ခဲ့သော်လည်း သွားစရာနေရာမရှိသည့် အိမ်တော်ထိန်းနှင့် အထိန်းတော်လင်းသာ ကျန်ခဲ့လေသည်။ သူတို့လည်း လင်းအိမ်တော်၏ ကားသမားနှင့် အထိန်းတော် နေရာ ရောက်သွားရတော့သည်။
"ဟင်းးး ဘယ်လိုကံမျိုးပါလိမ့်။ အမြန်နေကောင်းမှပါအေ။ နောက်နှစ်ရက်ဆို သခင်ကြီးက တို့အားလုံးကို အလုပ်ဖြုတ်လိုက်တော့မှာ။ အာ့အချိန်ရောက်လာရင်တော့ ပြုစုချင်ရင်တောင် ပြုစုပေးနိုင်တော့မယ် မထင်ဘူး"
အထိန်းတော်လင်းသည် စုယွီကို သူ့အခန်းဆီ ကျောပေါ်တင်ခေါ်သွားခဲ့သည်။ အိမ်တော်ထိန်းချန်က ဆရာဝန်ပင့်လာပေး၍ စုယွီကို လိုအပ်သည်များ စစ်ဆေးကာ ဆေးပေးခဲ့သည်။ အရေးကြီးသည်များ ကပြာကယာလုပ်ပြီးနောက် စုယွီကို ရေပတ်တိုက်ပေးလိုက်သည်။
ယခုဖြစ်ပျက်နေသည့် အခြေအနေကို တွေးဆကာ အထိန်းတော်လင်း သူမကိုယ်ကို စိုးရိမ်သည်ထက် စုယွီအတွက်ကို ပိုစိုးရိမ်မိသည်။ အနည်းငယ် ညဉ်းတွားပြီးနောက် အလုပ်လုပ်ရန် အပြင်ပြန်ထွက်သွားတော့သည်။
"ကူညီပါ..ကျွန်မ ကောင်းကောင်းမွန်မွန်နေနိုင်အောင် ကျေးဇူးပြုပြီး ကူညီပေးပါ။ ကျွန်မခန္ဓာကိုယ်ကို အစ်မကို ပေးခဲ့ပါ့မယ်။ နောက်ဘဝက ပိုပြီး ကြွယ်ဝပြည့်စုံတယ်လို့ မသေမျိုးတစ်ယောက် ကျွန်မကို ပြောပြဖူးတယ်။ ဒါကြောင့် ခုဘဝမှာကျွန်မ ထပ်မနေချင်တော့ပါဘူး"
လင်းစုစု နေချင်သည်ဖြစ်စေ မနေချင်သည်ဖြစ်စေ ဝေဝါးနေသည့်အရိပ်တစ်ခုကတော့ သူမကို အိပ်မက်ထဲကနေ နှုတ်ဆက်သွားခဲ့လေပြီ။ သစ်သားပြားလေးခင်းထားသည့် ကုတင်ပေါ်အိပ်နေသည့် လင်းစုစုသည် အချိန် အတော်လေးကြာမှ မျက်လုံးပွင့်လာခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ။ ငါ အသက်ရှည်ရှည်နဲ့ ကောင်းကောင်းမွန်မွန် နေခဲ့ပြီပဲကို ဘာလို့ ဒီမှာထပ်နိုးထလာရတာလဲ။ အတော်ဆိုးတာပဲ ခေတ်ကလည်း ကောင်းမယ့်ပုံ မပေါ်ဘူး"
လင်းစုစုသည် တုံးအသည့်သူမဟုတ်ပဲ ခေတ်မှီသည့် သူတစ်ဦးဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအကြာ ဝတ္ထုများဖတ်ခဲ့ဖူးသည့် အတွေ့အကြုံအရ ဘာတွေဖြစ်ပျက်နေမှန်း သူမ ချက်ချင်းသိလိုက်သည်။
အခုချိန်က ၁၉၆၀ အစောပိုင်းကာလအချိန်တွေပင်။တရုတ်ပြည်မကြီးသည် ၂နှစ်ကြာ သဘာဝဘေးကပ်စိုက်ပြီးနောက် နိုင်ငံအဝှမ်း အငတ်ဘေးကြုံခဲ့ရာ လင်းအိမ်တော်၏ သခင်ကြီး၊ သခင်မကြီးတို့က ခြိုးခြံခြွေတာနေရသည့်ဘဝမှာ မနေချင်၍ နိုင်ငံမှ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ကြသည်။
လင်းရှင်းယောင်သည် ပထမအိမ်တော်ခွဲ၏ တရားဝင်သမီးဖြစ်သည်။ သူမတို့၏ အိမ်ခြံဝန်းကို လှူလိုက်မည်ဖြစ်ပြီး အလဲအလှယ်အားဖြင့် တစ်မိသားစုလုံး နိုင်ငံခြားထွက်ခွာမည်ဆိုသည့်အကြောင်းကို ပထမသခင်မကြီးလင်း ဆီမှာ သူမသိလိုက်ရသည်။
သူမသည် ကိုယ်လုပ်တော်မှ မွေးသည့် သူမ၏ ညီမငယ် လင်းစုယွီ အတူလိုက်လာမည်ကိုတော့မလိုချင်ပေ။ထို့ကြောင့် လင်းစုယွီ ရေထဲပြုတ်ကျပြီး နေမကောင်းဖြစ် သွားအောင် သူမကြံစည်လိုက်ပြီး ခရီးစဉ် လိုက်မပါနိုင်အောင်လုပ်လိုက်သည်။
အမှန်တော့ လင်းရှင်းယောင်၏ လုပ်ရပ်သည် မလိုအပ်လှပါ။
တော်လှန်ရေး မတိုင်ခင်ကာလ တရုတ်ပြည်မကြီးတွင် အနိမ့်ဆုံးအဆင့် ကိုယ်လုပ်တော်၏ သားသမီးများဘဝသည် လင်းအိမ်တော်ရှိ အစေခံများထက်ပင် ဆိုးရွားလှသည်။ အိမ်တော်ရှိ အကြီးအကဲ ဘယ်သူမျှ သူတို့၏ သနားစရာဘဝကို ဂရုမစိုက်ကြပါ။
၂၂ရာစုတွင် နှစ်၈၀ အထိ အသက်ရှည်ခဲ့ပြီး အေးချမ်းစွာဆုံးပါးသွားကာ ဤနေရာသို့ ကူးပြောင်းလာသည့် သခင်မကြီး လင်းစုစု အတွက်ဆိုလျင် ပို၍ပင် မလိုအပ်ခဲ့ပါ။
ကျွတ် ကျွတ် ကျွတ်.. ၁၉၆၀ခုနှစ်က ကိုယ်လုပ်တော်ဖွား သမီးလင်းစုယွီနှင့် တရားဝင်သမီး လင်းရှင်းယောင်၊ ကျင်းမန်မြို့၏ မျိုးနှင့်ရိုးနှင့် ချမ်းသာလာသည့် လင်းမိသားစုမှ သခင်ကြီး လင်းဟွာရှန်း..ဘယ်လိုပဲကြည့်ကြည့် ဒီဇာတ်လမ်းရဲ့ ဇာတ်ကွက်တွေက သူမအရင်က ဖတ်ဖူးသည့် ဝတ္ထုတစ်ပုဒ်နှင့် ကိုက်ညီနေသည်။
ထိုဝတ္ထုသည် လင်းမိသားစု၊ ပထမအိမ်တော်၏ တရားဝင်သမီး လင်းရှင်းယောင်၏ ဇာတ်လမ်းပင် ဖြစ်သည်။ သူမ အသက်၁၃ နှစ်တွင် မိသားစုနှင့်အတူ ပင်လယ်ကို ဖြတ်ကျော်ကာ နိုင်ငံကူးပြောင်းခဲ့သည်။ နိုင်ငံခြားတွင် အခက်အခဲများ ကြုံတွေ့ရသော်လည်း ဘယ်တော့မှ အရှုံးမပေးခဲ့ပဲ ဘိုးဘွားပိုင်အမွေအနှစ် ကျောက်စိမ်းဆွဲသီးမှာ ပါသည့်နေရာလွတ်ကိုအသုံးပြုကာ ချမ်းသာသည့် ထိပ်သီးတစ်ဦးဖြစ်အောင်ကြိုးစားခဲ့သည်။
၉၀ခုနှစ် အစောပိုင်းကာလရောက်မှ သူမသည် တရုတ်ပြည်မကို ပြန်လာကာ ရင်းနှီမြုပ်နှံခဲ့ပြီး ကြီးမားသည့် စီးပွားရေး လုပ်ငန်းစုကြီးကို တည်ထောင်ခဲ့သည်။
မူလကိုယ် လင်းစုယွီ အကြောင်းကတော့ဖြင့် အောက်ပါအတိုင်းဖြစ်လေသည်။
နိုင်ငံရပ်ခြားကို မထွက်ခွာခင် လင်းရှင်းယောင်၏ ညီမ လင်းစုယွီသည် ရေထဲ မတော်တဆပြုတ်ကျကာ ဆုံးပါးသွားခဲ့သည်။ လင်းရှင်းယောင် ပူဆွေးနေမည့်အချိန်မရတော့ပဲ လင်းစုယွီ၏ ကိုယ်ပိုင်အမှတ်သင်္ကေတဖြစ်သည့် ကျောက်စိမ်းဆွဲသီးကိုယူကာ မိသားစုနှင့်အတူ နိုင်ငံခြားကို ထွက်သွားခဲ့သည်။
(အမှန်တော့ လင်းစုယွိီ မသေခဲ့ပါ။ ဇာတ်လိုက်အမျိုးသမီးနှင့် သူမ မိသားစု ဘက်မှ ကာကွယ်ကာ ရေးပေးထားသည့်အပိုင်းဖြစ်သည်။ မဟုတ်လျင် သူမ၏ ညီမထံမှ ဆွဲသီးကိုခိုးယူပြီး မိသားစုနှင့်အတူ ထွက်ပြေးသွားသည့်အကြောင်း ဝန်ခံသလိုဖြစ်သွားလိမ့်မည်။)
လင်းရှင်းယောင်သည် ဆွဲသီးကို ထုတ်ကာ သူ့အမေကို ထိုအကြောင်းပြောပြစဉ် အမေဖြစ်သူ သခင်မလင်းသည် လင်းမိသားစု၏ အချိန်အတော်ကြာ ပျောက်ဆုံးနေသော ဘိုးဘွားပိုင် ဆွဲသီးကို မြင်လိုက်ရ၍ ကြောင်အ သွားသည်။ သူမသည် လင်းစုယွီက သူခိုးမသာ ဖြစ်ပြီး လင်းရှင်းယောင် သတိတရပြောနေရန်ပင် မတန်ကြောင်း သူ့သမီးကို နှစ်သိမ့်လိုက်သည်။
"အရှက်မရှိလိုက်ကြတာ! ကျောက်စိမ်းဆွဲသီးက လင်းစုယွီရဲ့အမေ သူ့သမီးကို ပေးခဲ့တာ အသေအချာပဲကို။ ဒါတောင် ဒီ အရှက်မရှိတဲ့လင်းမျိုးရိုးတွေက လင်းစုယွီကို ခိုးထားတယ်ဆိုပြီး ယိုးစွပ်နေကြတယ်"
ဒေါသထွက်နေသည့် အဖွားအို သခင်မလင်းစုစုသည် ဝတ္ထုပါအကြောင်းအရာကို ပြန်တွေးရင်း သစ်သားကုတင်ပေါ်မှ ထခုန်လုမတတ်ဖြစ်သွားသည်။
သို့သော် ထိုသို့တွေးမိလိုက်သောကြောင့် သူမလည်ပင်းမှာ ဆွဲထားသည့် ကျောက်စိမ်းဆွဲသီးသည် နေရာလွတ်ရှိကြောင်း သတိရလိုက်ကာ ဆွဲသီးပိုင်ရှင်အဖြစ်အသိအမှတ်ပြုနိုင်ရန် သူမလက်ချောင်းကို အမြန်အပ်ဖြင့်ဖောက်ကာ ဆွဲသီးပေါ် သွေးတစ်စက်ချရန် အမြန်လုပ်ရမည်ဖြစ်သည်။
လင်းစုစု ကုတင်ပေါ်မှ လှိမ့်ကာ ထချင်သော်လည်း သူမခန္ဓာကိုယ်သည် ပျော့ဖတ်နှုန်းခွေနေ၏။ သူမ ရုန်းကန်ရင်း လက်ကို ဆန့်တန်းလိုက်ကာ ကုတင်ဘေးက ခြင်ထောင်မှာ တပ်ထားသည့် တွယ်အပ်ကိုယူလိုက်သည်။ ဤကဲ့သို့ လှုပ်ရှားမှု အနည်းငယ်ကပင် သူမကို မောဟိုက်သွားစေသည်။
"သေစမ်းး ငါ မသေခင်အရင်ဘဝတုန်းက ဒီလောက်အားမနည်းဖူးပါဘူး။ တစ်ကယ့်အိပ်မက်ဆိုးပဲ။ လင်းစုယွီရဲ့ ခန္ဓာကိုယ်က တစ်ကယ်ကို ပျက်စီးနေတာပဲ။ ခုလိုခေတ် မကောင်းအချိန်ကြီးမှာ ဒီခန္ဓာကိုယ်ကို ပြန်ကောင်းလာအောင် လုပ်နိုင်ပါ့မလားတောင် မသိဘူး"
သူမလက်ထိပ်ကို အပ်ဖြင့်ဖောက်လိုက်သည်။ သို့သော် ရှုံ့တွနေသည့် သူမလက်ချောင်းထိပ်ကနေ ဘာသွေးမှ ထွက်မလာချေ။ သူမ လက်ချောင်းကို အတင်းဖျစ်ညှစ်လိုက်ပြီး ထွက်လာသည့် သွေးအနည်းငယ်ကို ကျောက်စိမ်းဆွဲသီးပေါ် သုတ်လိုက်သည်။
"ဝင်မယ်!"
သူမရှေ့ကမြင်ကွင်းက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ လင်းစုစုသည် ခြံဝန်းတစ်ခု၏ ရေတွင်းဘေးမှာ လဲလျောင်းလျက်သားရှိနေသည်။
'ငါလခွမ်းး မတ်တပ်ရပ်ပြီး ဝင်လာလို့မရဘူးလားးး'
သူမ တွားသွားလိုက်ပြီး ရေတွင်းထဲ ငုံ့ကြည့်လိုက်သည်။တွင်းထဲက ရေသည် သူမ လက်လှမ်းမှီနိုင်သည်အထိ ပြည့်နေသည်။ ထို့ကြောင့် လက်ကို ခွက်ပုံသဏ္ဌာန်လုပ်ကာ ခပ်ယူပြီး သောက်လိုက်သည်။
'ချိုမြပြီး လန်းဆန်းသွားတာပဲ...ပြီးတော့..... ဘာမှလည်း ဆက်ဖြစ်မလာပါလားး ရိုးတွင်းချဉ်ဆီကို သန့်စင်ပေးပြီး ခွန်အားတိုးစေတဲ့အစွမ်းမျိုး မပါဘူးလားး။ အာ့လိုမျိုး မရှိဘူးလား။ ဟုတ်ပါပြီ ဟုတ်ပါပြီ အိမ်တစ်လုံး၊ ရေတွင်းတစ်တွင်း၊ လယ်ကွင်း နဲ့ တောတောင်တွေပါတဲ့ နေရာလွတ်တစ်ခု! ငါကျေနပ်ပါပြီ ကျေနပ်ပါတယ်လေ..'
သူမ၏ အားနည်းနေသည့် ခန္ဓာကိုယ်ကို တစ်ရွတ်တိုက်ဆွဲရင်း အိမ်တံခါးကို ဖွင့်လိုက်သည်။ အိမ်အတွင်း ဟောခန်းမတွင် လူတစ်ဉီး၏ ပုံတူပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသည်။ ပန်းချီကား၏ အောက်၊ ကန်တော့ပစ္စည်းများတင်သည့် စားပွဲပေါ်တွင် ဆေးခြယ်ထားသည့်အင်တုံကြီး တစ်ခုရှိနေ၏။ ထိုအင်တုံထဲမှ စွမ်းအင်မြူခိုးများ လျှံထွက်နေကာ အင်တုံအလယ်တွင် စွမ်းအင်အလင်းတန်းများဖြာထွက်နေသည့် အဖြူရောင်စက်လုံးတစ်ခု ပေါလောပေါ်နေ၏။
လင်းစုစု ချက်ချင်း အမြန်ရှေ့တိုးလိုက်ကာ ဒုန်းကနဲ ဒူးထောက်အရိုအသေပေးလိုက်သည်။
ပုံတူပန်းချီကားသည် ရုတ်တရက် အလင်းဖြာထွက်လာကာ လင်းစုစု၏ နဖူးထဲ တိုက်ရိုက်ဝင်သွားသည်။ ချက်ချင်းပဲ သူမစိတ်ထဲဝယ် မှတ်ဉာဏ်လှိုင်းလုံးများ တိုးဝင်လာခဲ့သည်။
နေရာလွတ်၏ မူလဇစ်မြစ်အပြင် အသုံးပြုနည်းများ အားလုံးလည်းပါသည်။ လင်းစုစု သူမ နားထင်ကို ကို ပွတ်လိုက်ပြီး သူမအကြည့်တွေကို ပုံတူပန်းချီအားကြည့်နေရာမှ အင်တုံကြီးဆီရောက်သွားသည်။
သူမ စိတ်ဝိဉာဉ်အသိစိတ်အရ အင်တုံထဲတွင် စိတ်ဝိဉာဉ်စမ်းရေ ရှိနေလိမ့်မည်။ စိတ်ဝိဉာဉ်စမ်းရေသည် တစ်နှစ်လျင် တစ်စက်သာ ထုတ်ပေးနိုင်သည်ဖြစ်၍ အင်တုံထဲရှိ စိတ်ဝိဉာဉ်စမ်းရေ တစ်ဝက်ခန့်သည် နေရာလွတ်မှ နှစ်အတော်ကြာ စုဆောင်းထားခဲ့ရခြင်းဖြစ်သည်။
"နေရာလွတ်ထဲမှာ စိတ်စွမ်းအင်နဲ့ ခိုင်းလို့ရတယ်ဆိုတော့ စိတ်ဝိဉာဉ်စမ်းရေတစ်စက်နဲ့ အရင်စမ်းကြည့်လိုက်ရအောင်!"
လင်းစုစုပြောလိုက်သည်နှင့် တစ်ပြိုင်နက် စိတ်ဝိဉာဉ်စမ်းရေတစ်စက် အင်တုံထဲမှ ပျံထွက်လာကာ လင်းစုစု ပါးစပ်ထဲ တိုက်ရိုက် ဝင်ရောက်သွားသည်။
စိတ်ဝိဉာဉ်စမ်းရေသည် သူမ ပါးစပ်ထဲ ပျော်ဝင်သွားသည်နှင့်တစ်ပြိုင်နက် စွမ်းအင်လှိုင်းလုံးတစ်ခု လှိမ့်တက်လာ လင်းစုစု တစ်ကိုယ်လုံး နာကျင်သွားသည်။မီးခိုးရောင်အညစ်အကြေးများ သူမအရေပြားမှ စိမ့်ထွက်လာသည်။ နာကျင်မှုကြောင့် လင်းစုစု လဲကျသွားကာ သူမကိုယ်သူမလည်း နံစော်နေသည့်ရေမြောင်းထဲမှတွားသွားတက်လာသလို တစ်ကိုယ်လုံး ညစ်ပတ်နံစော်ပေရေ နေသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် ပူနွေးသည့်လှိုင်းလုံးတစ်ခု သူမနှလုံးမှ တစ်ဆင့် ခြေလက်တွေဆီ စီးဆင်းသွားသည်။ ထိုပူနွေးသည့်လှိုင်းလုံးက သူမခန္ဓာကိုယ်ကို ခွန်အားများ ထိုးသွင်းပေးလိုက်သလို ခံစားရကာ သူမတစ်ကိုယ်လုံး သက်သောင့်သက်သာဖြစ်သွားသည်။
ထပ်ပြီး မတ်တပ်ထရပ်လိုက်စဉ် လင်းစုစုသည် ယခင်က နာကျင်မှုများကို လုံးဝမခံစားလိုက်ရတော့ပေ။ သူမချက်ချင်းပြုံးလိုက်သည်။ တစ်ကယ့်အကျိုးအမြတ်ကြီးရလိုက်တာပဲဟေ့!
စိတ်ဝိဉာဉ်စမ်းရေ၏ ပြုပြင်ပေးမှုကြောင့် လင်းစုစု၏ အားနည်းနေသည့် လက်ရှိခန္ဓာကိုယ်သည် လုံးဝ ပြောင်းလဲသွားသည်။ ယခုဆိုလျင် သူမသည် ပြေးလွှားခုန်ပေါက်နိုင်ပြီဖြစ်ကာ တစ်ကိုယ်လုံးလည်း မကုန်ခမ်းနိုင်သည့်စွမ်းအင်များ ပြည့်ဝနေသည်။
အိမ်ထဲကနေ လမ်းလျှောက်ထွက်လာပြီးနောက် နေရာလွတ်ထဲက ပြန်မထွက်ခင် လင်းစုစုသည် စိတ်စွမ်းအင်အသုံးပြုကာ ရေတွင်းထဲက ရေခပ်ယူလိုက်ပြီး သူမခန္ဓာကိုယ်ကို ဆေးကြောလိုက်သည်။ နေရာလွတ်ထဲက သူမပြန်ထွက်လာတော့ သစ်သားကုတင်ပေါ်တွင် မတ်တပ်ရပ်လျက်သား ပြန်ထွက်လာခဲ့သည်။ နေရာလွတ်၏ အခြေခံအဆင့်အရ သူမဝင်သည့်နေရာမှ သူမ ပြန်ထွက်လာခြင်းဖြစ်သည်။
သူမ တံခါးကို ပိတ်လိုက်ပြီး စုတ်ပြတ်နေသည့် အဝတ်သေတ္တာမှ အိမ်နေရင်း အဝတ်တစ်စုံ ထုတ်ကာ လဲဝတ်ရန် ပြင်လိုက်စဉ် တံခါးကို ဒုန်းကနဲ ကျယ်လောင်စွာ လာထုသည့်အသံကြားလိုက်ရသည်။
"လင်းစုယွီ တံခါးဖွင့်စမ်း! မြန်မြန်တံခါးဖွင့်စမ်းး ဝမ်းကွဲရှင်းယောင်ကို စောင့်နေရအောင် မလုပ်နဲ့"
တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ဝမ်းကွဲမောင် လင်းဟောက်ယွီသည် သူ့ခန္ဓာကိုယ်ဖြင့် လင်းစုစုကို ဘေး တွန်းထုတ်လိုက်သည်။ သူ့ပါးစပ်ကနေလည်း လင်းစုယွီသည် သူ့ဝမ်းကွဲအစ်မ လင်းရှင်းယောင် စိုးရိမ်ရလောက်အောင် မတူမတန်ကြောင်း ရုတ်ရင်း ကြမ်းတမ်းသောစကားများ ပြောဆိုနေကာ လင်းရှင်းယောင်ကတော့ ဘယ်လို စိတ်ရှည်ကြင်နာ သဘောထားကောင်းကြောင်း ပြောနေ၏။