၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း
အပိုင်း ၂ - စိတ်ဝိဉာဉ်စမ်းရေ နေရာလွတ်
"စုယွီ၊ နေလို့ကောင်းရဲ့လား။ နေမကောင်းရင် သွားလှဲနေလိုက်လေ..."
"လင်းစုယွီ၊ နင်က ဘာလို့ အာ့မှာ သစ်တုံးတစ်တုံးလို မတ်တပ်ရပ်နေတာလဲ။ ငါတို့ကို ထိုင်ဖို့ မဖိတ်တော့ဘူးလား။ ဧည့်ဝတ်ပြုရမှန်းတောင် မသိဘူး။ ကိုယ်လုပ်တော်ရဲ့ သမီးဆိုတော့လည်း အဆုံးအမ မရှိတာ အထူးအဆန်းမဟုတ်ပါဘူး။"
လင်းမိသားစုဝင်တွေဟာ လင်းစုယွီအပေါ် အမြဲတမ်း ရိုင်းစိုင်းကြသည်။ လင်းမိသားစုထဲမှာ သူမ ရရှိတဲ့ ဆက်ဆံရေးဟာ အခိုင်းအစေ တစ်ယောက်ထက်တောင် ပိုဆိုးသည်။ လင်းဟောက်ယွီဟာ သူမကို ဆူပူကြိမ်းမောင်း နေသော်လည်း အပြစ်ရှိစိတ် စိုးစဉ်းမျှ မရှိပေ။
လင်းစုစုသည် မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို အစာခြေဖျက်လို့ ပြီးရုံရှိပါသေးသည်။ သူတို့နှစ်ယောက် ရောက်လာတာကို မြင်လိုက်ရတော့ သူမ အလွန်အံ့အားသင့်သွားသည်။ လူမမာလာမေးတယ်ဆိုတဲ့ သူတို့စကားကို တစ်ခွန်းမှ မယုံပါပေ။
သူတို့ ဘာလာလုပ်တာလဲဆိုတာကို သူမ စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ လင်းစုစုသည် အခန်းထဲကို ဖြည်းဖြည်းချင်း လျှောက်ပြန်သွားပြီး ကုတင်ဘောင်ပေါ် ထိုင်လိုက်ကာ သူတို့နှစ်ယောက်ကို အခန်းထဲ ဝင်ခွင့်ပြုလိုက်သည်။
"ဒီကုလားထိုင်တွေက သန့်ရဲ့လားမသိဘူး။ ဝမ်းကွဲ ငါတို့ မထိုင်ဘဲ နေရအောင်"
လင်းဟောက်ယွီရဲ့ မျက်နှာပေါ်မှာ ရွံရှာမုန်းတီးမှုတွေ အထင်းသား ပေါ်လွင်နေပြီး လင်းရှင်းယောင်ကတော့ ဟန်ဆောင်အပြုံးတစ်ခု နောက်ကွယ်မှာ ဖုံးကွယ်ထားသည်။
"စုယွီ၊ နင် အဆင်ပြေတာ မြင်ရလို့ စိတ်အေးသွားပါပြီ။ နောင်ဆိုရင် ရေကန်နားမှာ ဆော့တဲ့အခါ ဒီထက် ပို ဂရုစိုက်ရမယ်နော်။"
စကားမဆုံးခင်မှာပဲ လင်းရှင်းယောင်ရဲ့ အကြည့်ဟာ လင်းစုယွီရဲ့ လည်ပင်းမှာ ပတ်ထားတဲ့ အနီရောင်ကြိုးလေးပေါ် ကျရောက်သွားသည်။ သူမရဲ့ မျက်လုံးတွေဟာ အံ့ဩမှုတွေနဲ့ ပြည့်သွားပြီးနောက် ဂနာမငြိမ် ဖြစ်လာသည်။
"နင် ဆွဲထားတဲ့ ကျောက်စိမ်းဆွဲသီး ဘယ်မှာလဲ“
လင်းရှင်းယောင်ဟာ အသံစူးစူးနဲ့ အော်ဟစ်ရင်း လင်းစုယွီရဲ့ လည်ပင်းဆီ လက်လှမ်းလိုက်ပြီး ဘာမှမရှိတော့တဲ့ အနီရောင်ကြိုးကို ဆွဲရမ်းကာ စစ်မေးတော့သည်။
"ကျောက်စိမ်းဆွဲသီးလား။ ဒီမှာရှိနေတာ မဟုတ်ဘူးလား"
လင်းစုစုလည်း လည်ပင်းက ကြိုးကို စမ်းကြည့်လိုက်သည်။ စမ်းကြည့်ပြီးနောက်မှာ ဆွဲသီး မရှိတော့တာကို သိသွားပြီး ပျာပျာသလဲ ထရပ်လိုက်သည်။
"ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ။ ငါ့ကျောက်စိမ်းဆွဲသီး ဘယ်ရောက်သွားတာလဲ။ ရေထဲကျတုန်းက ပျောက်သွားတာများလား"
လင်းစုစု အခန်းထဲက အသုံးအဆောင်တွေထည့်ထားသည့် သေတ္တာဆီ အပြေးသွားပြီး ကတ်ကြေးတစ်လက်ကို ယူကာ အနီရောင်ကြိုးကို ဖြတ်ချလိုက်သည်။ ဖြတ်ထားတဲ့ ကြိုးစလေးကို ကိုင်ပြီး ထိတ်လန့်တကြားနဲ့ ငိုချလိုက်ပါတော့သည်။
"မမကြီး ကျွန်မရဲ့ ကျောက်စိမ်းဆွဲသီး ရေကန်ထဲ ကျသွားတာ ဖြစ်နိုင်မလား။ ကျွန်မကို... ကျွန်မကို ကူညီပြီး ရေထဲက ဆယ်ပေးဖို့ လူလွှတ်ပေးလို့ ရမလားဟင်။"
"သွားစမ်းပါ နင့်ရဲ့ အပေါစား ကျောက်စိမ်းဆွဲသီးက ဘယ်လောက်တန်ဖိုးရှိလို့ ငါတို့ကို လူလွှတ်ဆယ်ခိုင်းရတာလဲ။ နင်ကတော့ တော်တော်သတ္တိရှိတာပဲ"
လင်းဟောက်ယွီက ထုံးစံအတိုင်း မစဉ်းစားပဲ အော်ဟစ်လိုက်ပေမယ့် လင်းရှင်းယောင်ကတော့ မျက်မှောင်ကြုတ်ကာ လင်းစုစု လိမ်နေလားဆိုတာကို သိနိုင်ဖို့ စူးစူးစိုက်စိုက် ကြည့်နေသည်။
"နင်က ကျောက်စိမ်းဆွဲသီးကို ဘယ်လိုဖြစ်ပြီး ပျောက်လိုက်ရတာလဲ။" လင်းရှင်းယောင်က ဒေါသတကြီးနဲ့ ငေါက်လိုက်သည်။
"ဒါက... ဒါက ကျွန်မအမေ ချန်ထားခဲ့တဲ့ ကျောက်စိမ်းဆွဲသီးပါ၊" လင်းစုစုက ကြောင်တောင်တောင်နဲ့ ပြန်ပြောလိုက်သည်။ " ဘယ်လိုလုပ်ပြီး ပျောက်သွားရတာလဲ။"
"အေးပါ၊ အေးပါလေ။ ရှာလို့ရ မရ ငါ လူလွှတ်ပြီး ဆယ်ခိုင်းလိုက်ပါ့မယ်"
လင်းရှင်းယောင်ဟာ သူမရဲ့ စိတ်တိုမှုနဲ့ ဖုံးကွယ်ထားတဲ့ မုန်းတီးမှုကို အောင့်အည်းပြီး သဘောတူလိုက်သည်။ 'သေစမ်း ဒါမျိုးဖြစ်မှန်း သိရင် မနေ့က မြင်ကတည်းက ငှားထားလိုက်ပါတယ်။ အဲ့ဒီပစ္စည်းက ဟောင်ကောင်မြို့က ပိုင်မိသားစုနဲ့ ပတ်သက်နေတာ...'
"နင် အဆင်ပြေနေပြီဆိုတော့ ငါနဲ့ ဟောက်ယွီလည်း မနေတော့ဘူး။ ကောင်းကောင်းနားလိုက်ဦး။ ကျောက်စိမ်းဆွဲသီးကိစ္စကိုတော့ ငါ လူလွှတ်ကြည့်ခိုင်းလိုက်မယ်။"
ထိုသို့ပြောပြီးနောက် လင်းရှင်းယောင်က လင်းဟောက်ယွီကို ဆွဲခေါ်သွားခဲ့သည်။ သူမ လှည့်ထွက်သွားတဲ့အချိန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပုံက သူမ စိတ်မအေးနိုင်သေးဘူးဆိုတာကို လင်းစုစု သိလိုက်ပါသည်။
ဇာတ်လိုက်မရဲ့ ရည်ရွယ်ချက်က မူလပိုင်ရှင်ဆီက ကျောက်စိမ်းဆွဲသီး ဖြစ်ပုံရပေမယ့် ဒီဇာတ်ကွက်က မူရင်းစာအုပ်ထဲမှာ မပါပါ။ လင်းစုစု ဇဝေဇဝါ ဖြစ်သွားပေမယ့် လောလောဆယ်တော့ အများကြီး ထည့်မစဉ်းစားနိုင်သေးပါ။
စိတ်ရှုပ်စရာကောင်းသည့် မောင်နှမ နှစ်ယောက်ကို လွှတ်လိုက်ပြီးနောက် လင်းစုစုသည် သူမ၏ လက်ရှိအခြေအနေကို စတင်သုံးသပ်လိုက်သည်။
လင်းမိသားစုက ထွက်ပြေးတော့မယ်၊ ဒါပေမဲ့ သူမကတော့ ကျန်ခဲ့မယ့်သူ ဖြစ်နေတယ်။ မူလကိုယ်သည် အသက် ၁၂ နှစ်ပဲ ရှိသေးပြီး ကျောင်းတောင် မတက်ခဲ့ရဘူး။ အနာဂတ်မှာ သူမ ဘယ်လို အသက်ရှင်နိုင်မှာလဲ။
ဝတ္ထုစာအုပ်ထဲမှာတော့ လင်းမိသားစု ထွက်သွားပြီးနောက် မူလကိုယ်ဟာ ဖျားပြီး အိပ်ရာထဲ လဲနေခဲ့သည်။ ရပ်ကွက်ရုံးက လင်းအိမ်တော်ကို လာရောက် သိမ်းယူတဲ့အခါမှ ဖျားပြီး သတိလစ်သလို ဖြစ်နေတဲ့ သူမကို တွေ့ခဲ့ကြတာပင်။ နောက်ပိုင်းမှာ ရပ်ကွက်ရုံးက သူမရဲ့ မိခင်အရင်းကို ဆက်သွယ်ပြီး မြို့တော်ကို ပို့ဆောင်ပေးခဲ့သည်။
မြို့တော်ရောက်တဲ့အခါ သူမရဲ့ မိခင်အရင်း နောက်အိမ်ထောင်ပြုခဲ့သည့် ချန်းမိသားစုဟာ ဒီလူပိုသမီးကို ဘယ်တုန်းကမှ မကြိုဆိုခဲ့ပါ။ ချန်းမိသားစုမှာလည်း သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိပြီးသားပါ။ သားအကြီးက အိမ်ထောင်ကျပြီး ခွဲနေပေမယ့် သမီးဖြစ်သူကတော့ လင်းစုယွီနဲ့ သက်တူရွယ်တူ ဖြစ်နေသည်။
ချန်းမိသားစုရဲ့ သမီးက သူမရဲ့ မိထွေးပါလာတဲ့ ဝန်ထုပ်ဝန်ပိုးကို ဘယ်လိုလုပ်ပြီး ကြိုက်ပါ့မလဲ။ ချန်းမိသားစုမှာ နေထိုင်ရင်း မူလကိုယ်သည် နည်းမျိုးစုံနဲ့ နှိပ်စက်ခံခဲ့ရသည်။ အိမ်အလုပ်အားလုံးကို လုပ်ရပြီး အမြဲတမ်း အပြစ်ရှာခံခဲ့ရသည်။ သူမဘဝဟာ ဆင်းရဲဒုက္ခရောက်ခဲ့ရပြီး နောက်ဆုံး အသက် ၁၆ နှစ်မှာတော့ ကျေးလက်တောရွာကို အပို့ခံခဲ့ရသည်။
ထိုသို့ တွေးမိရင်း လင်းစုစုရဲ့ ရင်ထဲ အေးစက်သွားသည်။ အိမ်အလုပ်တွေ အကုန်လုပ်ပြီး ကျွန်တစ်ယောက်လို နေရမယ် ဟုတ်လားးး? ဒါဟာ မဖြစ်နိုင်တာပဲ။ သူမဟာ အရင်ဘဝမှာ ချောမွေ့တဲ့ ဘဝကို ပိုင်ဆိုင်ခဲ့ပြီး ပင်ပန်းတဲ့ အလုပ်တွေ သိပ်မလုပ်ခဲ့ရဘူး။ အခုဘဝမှာလည်း ဒီလောက် ဆင်းရဲတဲ့ ဘဝကို ဖြတ်သန်းဖို့ ဘာအကြောင်းမရှိဘူးး။
လင်းစုစု အရင်ဘဝမှာ ငယ်စဉ်ကတည်းက ချမ်းသာတဲ့ မိသားစုကနေ မွေးလာခဲ့သည်။ သူမ ရင်ဆိုင်ခဲ့ရတဲ့ တစ်ခုတည်းသော အခက်အခဲကတော့ သမီးလေး မွေးပြီး တစ်နှစ်မပြည့်ခင်မှာ ကွာရှင်းခဲ့ရတာပါပဲ။ ကွာရှင်းပြီးနောက် သူမရဲ့ မိဘမျိုးရိုးကပဲ ကလေးကို ကူညီပြုစုပျိုးထောင်ပေးခဲ့သည်။
ထို့နောက် သူမသည် အာမခံ အရောင်းလုပ်ငန်းကို သုံးနှစ် လုပ်ကိုင်ခဲ့သည်။ ကောင်းကောင်းပြောရရင်တော့ စီးပွားရေး လုပ်တာပေါ့၊ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လူတစ်စုက စားသောက် ပျော်ပါးရင်းနဲ့ တခြားလူတွေကို အကာအကွယ်အတွက်ဆိုပြီး အာမခံဝယ်အောင် လိမ်ညာတာပါပဲ။
သုံးနှစ်အကြာမှာ သူမ သမီးကို မူကြိုကျောင်း ပထမဆုံးအကြိမ် ပို့ပေးရင်းနဲ့ စိတ်ကူးပေါက်ပြီး ထီလက်မှတ်တစ်စောင် ဝယ်လိုက်ရာကနေ သူမရဲ့ တစ်ဘဝလုံး သက်သောင့်သက်သာ နေနိုင်လောက်တဲ့ ဆုကြီး ပေါက်ခဲ့ပါသည်။
အဲ့ဒီနောက်မှာတော့ လင်းစုစုဟာ သူမစိတ်ကြိုက်အိမ်တစ်လုံးဝယ်ပြီး ဝတ္ထုရေးလိုက်၊ မာကျောက် ကစားလိုက်၊ သမီးကို ပြုစုပျိုးထောင်လိုက်နဲ့ အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းခဲ့သည်။
လွတ်လပ်မှုကို မြတ်နိုးတဲ့ သူမရဲ့ သမီးဖြစ်သူကလည်း အလွန်အောင်မြင်သည့်သူ တစ်ဦးဖြစ်ခဲ့သည်။ ပညာရေးအတွက်လည်း စိတ်ပူစရာ မလိုဘဲ ထိပ်တန်းတက္ကသိုလ် တက်ခဲ့ရပြီး၊ ထိပ်တန်းဌာနတစ်ခုမှာ အလုပ်လုပ်ကာ ထိပ်တန်းအမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့သည်။
လင်းစုစုဟာ သူမရဲ့ သမီးနဲ့ သားမက်ရဲ့ ပြုစုယုယမှုကို တစ်ဘဝလုံး ရရှိခဲ့တာကြောင့် အလုပ်ကြိုးစားရတာနဲ့ ဒုက္ခခံရတာတွေဟာ သူမရဲ့ စတိုင်မဟုတ်ပါပေ။ သူမ မလုပ်နိုင်ဘူး!
"ပိုက်ဆံက အရမ်းအရေးကြီးတယ်။ လင်းမိသားစုက ထွက်ပြေးတော့မှာဖြစ်ပြီး မူလကိုယ်ကိုလည်း တမင်ချန်ထားခဲ့မှာဆိုတော့ သူတို့ရဲ့ စည်းစိမ်တွေကို ယူလိုက်တာကတော့ သိပ်မလွန်ပါဘူးလေ"
ဒီဘဝမှာ ပိုကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ သူမဟာ ကိုယ်ကျင့်တရားတွေကို ဘေးဖယ်ထားလိုက်တော့သည်။ သူမဟာ လင်းမိသားစုရဲ့ စည်းစိမ်တွေကို အမြန်ဆုံး လက်ဝယ်ရရှိအောင် လုပ်ရတော့မည်။
ညသန်းခေါင်ယံအချိန်မှာ သူမနဲ့အတူနေတဲ့ အထိန်းတော် လင်း အိပ်မောကျနေတာကို အကဲခတ်ပြီးနောက် လင်းစုစုဟာ ကုတင်ပေါ်ကနေ တိတ်တဆိတ် ထလိုက်သည်။
နေ့ခင်းဘက်တုန်းက သူမဟာ မူလပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကို ပြန်လည်စီစစ်ထားခဲ့ကာ ထိုမှတ်ဉာဏ်တွေအရ လင်းအိမ်တော်ရဲ့ ဥယျာဉ်ထဲမှာ လျှို့ဝှက်သိုလှောင်ခန်းတစ်ခု ရှိနေတယ်ဆိုတာကို သူမ သိလိုက်သည်။
မူလကိုယ်ဟာ အသက် ၅ နှစ်ကတည်းက လင်းရှင်းယောင်ရဲ့ အခိုင်းအစေမလေး ဖြစ်ခဲ့တာပင်။ လင်းရှင်းယောင်သည် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသည်။ သခင်ကြီးလင်းသည် သူမကို ဥယျာဉ်ထဲက လျှို့ဝှက်အခန်းဆီ ခေါ်သွားဖူးပြီး၊ နုံအတဲ့ လင်းရှင်းယောင်ဟာ ကစားနေရင်းနဲ့ မူလကိုယ်ရဲ့ ရှေ့မှာပဲ အဲ့ဒီလျှို့ဝှက်အခန်းကို ဖွင့်ဖို့ ကြိုးစားခဲ့ဖူးသည်။
ကြယ်ရောင်အောက်မှာ လင်းစုစုဟာ ဥယျာဉ်စင်္ကြံလမ်းကို အမြန်ဖြတ်ကျော်ပြီး ဥယျာဉ်အလယ်က ကျောက်တုံးဂူဝဆီ ရောက်သွားခဲ့သည်။ သူမ ငုံ့ပြီး ကျောက်တုံးကြားက အက်ကြောင်းတွေထဲကို သေချာရှာဖွေကြည့်ရာ လှည့်လို့ရတဲ့ ကျောက်တုံးတစ်ခုကို တကယ်ပဲ ရှာတွေ့သွားသည်။
ကျောက်တုံးကို လှည့်လိုက်တာနဲ့ လူတစ်ဝက်စာ အမြင့်ရှိတဲ့ ကျောက်တံခါးဟာ ဖြည်းဖြည်းချင်း ပွင့်လာသည်။ ကံကောင်းတာက စက်ယန္တရားဟာ အရမ်းကောင်းမွန်တာကြောင့် ကျောက်တံခါး ပွင့်တဲ့အခါမှာ အသံတစ်ချက်မှ ထွက်မလာခဲ့ပါ။
လင်းစုစုဟာ ခေါင်းငုံ့ပြီး ကျောက်တံခါးထဲ ဝင်သွားလိုက်သည်။ လှေကားတွေအတိုင်း မီတာအနည်းငယ်လောက် ငုံ့လျှောက်သွားပြီးနောက် နေရာဟာ ရုတ်တရက် ကျယ်ဝန်းသွားပြီး ပုံမှန်အတိုင်းမတ်တပ်ရပ်လျှောက်သွားနိုင်၏။ ခဏလောက် လျှောက်ပြီးတဲ့နောက်မှာတော့ ကြီးမားတဲ့ မြေအောက်လျှို့ဝှက်အခန်းကြီး တစ်ခုကို တွေ့လိုက်ရသည်။
လျှို့ဝှက်အခန်းထဲမှာတော့ တောင်လေးတွေလို စီထားတဲ့ ကြီးမားတဲ့ သေတ္တာတန်းကြီးတွေ ရှိနေသည်။ ကြည့်ရသလောက်တော့ သေတ္တာပေါင်း တစ်ရာကျော်လောက် ရှိမှာ သေချာသည်။
'တကယ့်ကို တုန်လှုပ်စရာပဲ။ ဒီသေတ္တာတွေ အကုန်လုံး အခု ငါ့ဟာတွေ ဖြစ်သွားပြီ။' လင်းစုစုဟာ လက်လှမ်းပြီး သေတ္တာတွေကို ထိလိုက်သည်။ ဘေးက သေတ္တာတွေဟာ ချက်ချင်းပဲ ပျောက်ကွယ်သွားပြီး လင်းစုစုရဲ့ နေရာလွတ်ထဲ ရောက်သွားတော့သည်။
ခဏချင်းအတွင်းမှာပဲ လျှို့ဝှက်အခန်းဟာ ဟာလာဟင်းလင်း ဖြစ်သွားပြီး ကြမ်းပြင်ပေါ်မှာ ဖုန်တွေနဲ့ ခြေရာတွေသာ ကျန်ခဲ့တော့သည်။ အတော်လေး အလုပ်ရှုပ်သွားတာပဲ။
လင်းစုစုဟာ အဲ့ဒီအတိုင်း မထားခဲ့ရဲပေ။ သူမရဲ့နေရာလွတ်ထဲကနေ မူလကိုယ်ရဲ့ အဝတ်အစား တစ်စုံကို ထုတ်လိုက်ပြီး ခြေရာတွေကို သုတ်သင်ဖို့အတွက် ကြမ်းတိုက်ဝတ်အဖြစ် အသုံးပြုလိုက်သည်။
အမှတ်အသားတွေကို ရှင်းလင်းပြီးနောက် လင်းစုစုလည်း လျို့ဝှက်ခန်းထဲ မနေတော့ဘဲ သူမရဲ့ အခန်းဆီ တန်းတန်းမတ်မတ် ပြန်သွားပြီး လှဲနေလိုက်တော့သည်။
'ဘုရားရေ! ငါ့ဘဝမှာ ပထမဆုံးအကြိမ် ခိုးဖူးတာပဲ။ တကယ့်ကို ရင်ခုန်စရာ ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းလိုက်တာ!'
သူမရဲ့ ရင်ခုန်သံတွေ အရမ်းမြန်နေတာကို ခံစားမိတာကြောင့် လင်းစုစုဟာ စိတ်ကို အမြန်အေးအောင် ထားလိုက်သည်။ ဘေးကုတင်က အထိန်းတော်လင်းရဲ့ ဟောက်သံကို နားထောင်ရင်း သူမဟာ တဖြည်းဖြည်း ပြန်အိပ်ပျော်သွားတော့သည်။