Ch 3
Viewers 502

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း 


အပိုင်း ၃ - လျို့ဝှက်သိုလှောင်ခန်း အခိုးခံရခြင်း




နံနက်စောစောတွင် သခင်မကြီးလင်းသည် အရင်ဆုံးထကာ ကိုယ်လက်သန့်စင်ပြီးနောက်၊ နိုးလာသော သခင်ကြီးလင်းကို ပြုစုပေးခဲ့သည်။



"မောင်ကြီး၊ ကျွန်မမမောင်လေးက သင်္ဘောလက်မှတ်တွေ ပို့ပေးလိုက်ပြီ။ ဒါပေမဲ့ သူက စုယွီကို သိပ်အာရုံမထားမိတော့ လက်မှတ်တစ်စောင် လိုသွားတယ်၊ စုယွီလေးတော့ ကျန်ခဲ့ရတော့မယ် ထင်တယ်"



သခင်မကြီးလင်းသည် လင်းစုယွီအတွက် လက်မှတ်မပြင်ဆင်ထားကြောင်းကို ပြောင်ပြောင်တင်းတင်း ပြောရဲခြင်းမှာ လင်းမိသားစု ပြည်ပသို့ ထွက်ခွာနိုင်ရေးသည် သူမ၏ မောင်အရင်းအပေါ်၌သာ လုံးလုံးလျားလျား မှီခိုနေရသောကြောင့် ဖြစ်သည်။



"မသွားနိုင်ရင်လည်း နေပါစေပေါ့! ငါတို့ထွက်သွားပြီးရင် သူ့ကို မြို့တော်က သူ့ရဲ့ မွေးမိခင်ဆီ ပို့ပေးဖို့ ရပ်ကွက်ရုံးကို စာတစ်စောင် ရေးခဲ့ပေးမယ်"



ကိုယ်လုပ်တော်ကမွေးသည့် သမီးတစ်ယောက်အပေါ် လင်းသခင်ကြီးက အလေးမထားပေ။ ထို့အပြင် ယခုအချိန်တွင် လင်းမိသားစုသည် ဇနီးသည်ဘက်မှ မိသားစု၏ အကူအညီကို လိုအပ်နေသဖြင့် ဇနီး၏ အရှိန်အဝါကို လုံးဝ မထိပါးဝံ့ပါ။



လင်းစုယွီ၏ ကံကြမ္မာအပေါ် လင်းသခင်ကြီးက ဂရုမစိုက်ကြောင်း ကြားရသောအခါ လင်းသခင်မကြီးမှာ ကျေနပ်သွားသည်။ သူမ၏ လှုပ်ရှားမှုများမှာ ပို၍ နူးညံ့လာပြီး နောက်ရက်အနည်းငယ်အတွက် စီစဉ်ထားသည်များကို ဆက်ပြောပြလေသည်။



"မနက်ဖြန်ကျရင် အိမ်က အစေခံတွေကို အလုပ်နားပေးလိုက်တော့မယ်။ အိမ်တော်ထိန်းနဲ့ အထိန်းတော်လင်းတို့ကိုလည်း ပိုက်ဆံအပိုပေးပြီး နယ်ပြန်ခိုင်းလိုက်မယ်။ စုယွီကိုလည်း ငွေအနည်းငယ် ပေးခဲ့ရမယ်ထင်တယ်"



"ကောင်းပြီ၊ မင်းအဆင်ပြေသလိုသာ စီစဉ်လိုက်ပါ။ သန်ဘက်ခါအတွက် ရထားလုံးကိစ္စကို သေချာဂရုစိုက်ဦး။ ငါတို့မှာ ပစ္စည်းတွေ အများကြီးရှိတယ်။ ယူမသွားနိုင်တာတွေကို ဝှက်ထားခဲ့ပြီး၊ သယ်လို့လွယ်တဲ့ ရွှေတုံးတွေနဲ့ အဖိုးတန်ပစ္စည်းတွေကိုပဲ အကုန်ယူသွားမယ်"



သခင်ကြီးလင်းသည် လင်းစုယွီအကြောင်းကို ဆက်မကြားလိုတော့ဘဲ စိတ်မရှည်ဖြစ်နေသည်။ ဤအရေးကြီးသော အချိန်တွင် သူသည် လွတ်မြောက်ရေးလမ်းကြောင်းကိုသာ အချောသတ်လိုပြီး မည်သည့်အမှားအယွင်းမျှ အဖြစ်မခံနိုင်ပေ။



"မောင်ကြီး၊ မြို့ပြင်က ဂိုဒေါင်ထဲက ဆန်စပါးတွေအားလုံးကို တကယ်ပဲ ပေးအပ်လိုက်ရမှာလား"



အငတ်ဘေးကာလတွင် ဆန်စပါးသည် အသက်တမျှ အရေးကြီးသည်။ လင်းမိသားစုတွင် ပြည့်လျှံနေသော ဆန်စပါးဂိုဒေါင်များစွာ ရှိနေသောကြောင့်သာ လင်းမိသားစုဝင်များ ပြည်ပသို့ ထွက်ခွာနိုင်ရန် တစ်စုံတစ်ယောက်က အာမခံပေးခြင်း ဖြစ်သည်။



"ပေးလိုက်ပါ။ တစ်စေ့မကျန် ပေးလိုက်။ ငါတို့ တိုင်းပြည်ကနေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်ရင် ချမ်းသာတဲ့ဘဝက စောင့်ကြိုနေတာ။ အဲ့ဒီ ဆန်ဟောင်း အနည်းငယ်က ဘာအရေးလဲ"



ယခုခေတ်တွင် သူတို့ကဲ့သို့ အရင်းရှင်လူတန်းစားများသည် အလွန်ခက်ခဲစွာ ရှင်သန်နေရသည်။ မျိုးရိုးသုံးဆက် ဆင်းရဲသားလယ်သမား ဖြစ်သူများပင် သူတို့ထက် လူမှုအဆင့်အတန်း ပိုမြင့်မားနေသည်။ ယခင်က စက်ရုံ၊ အလုပ်ရုံများ ရှိနေသေးသဖြင့် အခြေအနေကောင်းလာမည်ဟု ထင်ခဲ့သော်လည်း၊ လွန်ခဲ့သည့် နှစ်အနည်းငယ်က အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်လုပ်ငန်းများမှာ ယခုအခါ နိုင်ငံပိုင် လုံးလုံး ဖြစ်သွားလေပြီ။



အကယ်၍ ယခုမထွက်ခွာပါက နောက်နောင်တွင် အခွင့်အရေး ရတော့မည်မဟုတ်ဟု သူ ကြိုတင်ခံစားနေရသည်။ လင်းမိသားစုတွင် ပြည်ပရှိ ဆွေမျိုးများ ရှိနှင့်ပြီးသား ဖြစ်ရာ၊ မိသားစုလိုက် ပြောင်းရွှေ့အခြေချပါက ယခုထက် ပိုမဆိုးနိုင်သည်မှာ သေချာသည်။



"ဒီနှစ်ရက်အတွင်းမှာ အိမ်က အမျိုးသမီးတွေကို ရွှေတုံးတွေဝှက်ဖို့ ခါးပတ်တွေ ချုပ်ခိုင်းလိုက်။ မိသားစုဝင်တိုင်း တစ်ယောက်တစ်ခုစီ ပတ်ထားရမယ်၊ ရောက်တဲ့နေရာကျမှ ပြန်သိမ်းကြတာပေါ့"



သခင်ကြီးလင်းက အသေးစိတ်ညွှန်ကြားချက်များ ပေးလိုသော်လည်း၊ ထိုစဉ် တံခါးအပြင်ဘက်မှ အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။



"အစ်ကိုကြီး... ဒုက္ခပါပဲ၊ ဒုက္ခပါပဲ..."



တံခါးပွင့်သွားပြီးနောက် သခင်ကြီးလင်းသည် အမောတကော ဖြစ်နေသော သူ၏ ဒုတိယညီဖြစ်သူကို မြင်လိုက်ရသည်။ သူက စကားကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။



"အစ်ကိုကြီး... ကျုပ်တို့... ကျုပ်တို့အိမ် အခိုးခံလိုက်ရပြီ။ မြေအောက်ခန်း မြေအောက်ခန်းထဲက ပစ္စည်းတွေ အကုန်ပါသွားပြီ။ ဘာမှမကျန်ဘူး၊ အကုန်ကုန်ပြီ"



ဝမ်းနည်းပူဆွေးမှုကြောင့် ဒုတိယသခင်ကြီးလင်း၏ မျက်ရည်များ စီးကျလာသည်။ လင်းမိသားစု မျိုးဆက်ပေါင်းများစွာ စုဆောင်းထားသော ရတနာများကို ဥယျာဉ်ထဲက လျှို့ဝှက်မြေအောက်ခန်းတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ ယခုအခါ ဘာမှမကျန်တော့သဖြင့် လင်းမိသားစု၏ ကမ္ဘာပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။



ယင်းစကားကို ကြားသောအခါ သခင်ကြီးလင်းက သူ၏ညီ ရူးသွားပြီဟု ဦးစွာထင်လိုက်သည်။ လင်းမိသားစု၏ လျှို့ဝှက်ရတနာတိုက်ကြီးက ဘယ်လိုလုပ်ပြီး အကုန်ပြောင်သွားနိုင်မှာလဲ။ ထိုမျှလောက်များသော သေတ္တာများကို ရွှေ့ပြောင်းရန်မှာ တစ်နေကုန် လူသိရှင်ကြား လုပ်မှသာ ဖြစ်နိုင်သည်။



"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ စိတ်ဖောက်ပြန်သွားတာလား"



"ကျွန်တော်နဲ့ လိုက်ကြည့်လိုက်ပါဦး။"  ဒုတိယသခင်ကြီးလင်းက သူ၏အစ်ကိုကြီးကို ဥယျာဉ်ဆီသို့ အတင်းဆွဲခေါ်သွားလေသည်။



ဥယျာဉ်သို့ ရောက်သောအခါ လင်းမိသားစုမှ အမျိုးသားများအားလုံး ကျောက်ဆောင်အတုအနီးတွင် စုရုံးနေကြသည်။ အချို့မှာ ဘာမှမသိဘဲ ကျောက်ဆောင်ထဲက အပေါက်ကြီးကိုမြင်ကာ အံ့အားသင့်နေကြပြီး၊ အချို့မှာမူ လင်းသခင်ကြီး၏ ညီများကဲ့သို့ပင် အကြောင်းစုံကို သိထားကြသူများ ဖြစ်သည်။



"အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ ဘာဖြစ်တာလဲ"



 "ဦးကြီး၊ ဒုတိယဦးလေး၊ မင်္ဂလာပါ။"



လူအများ၏ ဆူညံသံများကြောင့် သခင်ကြီးလင်းသည် သူ၏ညီစကား မှန်ကန်ကြောင်း သဘောပေါက်သွားသည်။ သူတို့မိသားစု၏ စည်းစိမ်ဥစ္စာများ တကယ်ပင် ဆုံးရှုံးသွားပုံရသည်။ သခင်ကြီးလင်း၏ ဦးနှောက်က တုံ့ပြန်ရန် နည်းလမ်းများကို အသည်းအသန် ရှာဖွေနေတော့သည်။



"မင်းတို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ။ သွားကြ၊ လူစုခွဲလိုက်ကြ။ တတိယညီလေး၊ မင်းပဲနေခဲ့။"



ဘာမှမသိသော မျိုးဆက်သစ်လူငယ်များကို မောင်းထုတ်ပြီးနောက်၊ လင်းသခင်ကြီးသည် ကျောက်ဆောင်ဂူထဲသို့ အမြန်ဝင်ကြည့်လိုက်သည်။ ကျယ်ပြောလှသော မြေအောက်ခန်းမှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်နေပြီး ကြမ်းပြင်ပေါ်က ဖုန်များပင် သန့်ရှင်းအောင် လှည်းကျင်းထားသကဲ့သို့ ဖြစ်နေသည်။



တောက်! အစအနတောင် မကျန်ဘူးပဲ။ စုံစမ်းဖို့တောင် လမ်းစရှာမရနိုင်တော့ဘူး။



"ဒီကိစ္စကို ဘယ်သူ အရင်ဆုံး တွေ့တာလဲ"



သခင်ကြီးလင်းက သံသယရှိသူများကို စိတ်ထဲက စဉ်းစားနေသည်။ မူလက ဤလျှို့ဝှက်ခန်းအကြောင်းကို သူတစ်ဦးတည်းသာ သိခြင်းဖြစ်သည်။ မကြာသေးမီကမှ ပစ္စည်းများကို ရွှေ့ပြောင်းရန် ယုံကြည်ရသူ လိုအပ်သောကြောင့် သူ၏ညီနှစ်ယောက်ကို အသိပေးခဲ့ခြင်း ဖြစ်သည်။



"အစ်ကိုကြီး၊ ရှင်းယောင်က အရင်ဆုံး မြင်တာပါ။ သူ့အော်သံကြောင့် ကျုပ်တို့ ရောက်လာပြီး မြေအောက်ခန်းကြီး ဟာနေတာကို တွေ့တာ။ အဲ့ဒါနဲ့ ကျွန်တော်က အစ်ကိုကြီးဆီ လာပြောတာ၊ တတိယညီလေးကတော့ သတိလစ်သွားတဲ့ ရှင်းယောင်ကို အခန်းထဲ ပြန်ပွေ့သွားတယ်။"



ဒုတိယသခင်ကြီးလင်းက သူသိသမျှကို ပြောပြသည်။ လင်းရှင်းယောင်က နံနက်စောစော ကျောက်ဆောင်အဝသို့ ရောက်နေခြင်းက သူ့စိတ်ထဲတွင် သံသယဖြစ်စေသော်လည်း၊ အစ်ကိုကြီးက ရှင်းယောင်ကို အလွန်ချစ်မြတ်နိုးကြောင်း သိသဖြင့် ပါးပါးနပ်နပ်ပင် သူသံသယရှိသည့်အကြောင်း မပြောဘဲ ချန်ထားလိုက်သည်။



"ဒီသတင်းကို အရင်ဆုံး ပိတ်ထားလိုက်။ လင်းအိမ်တော်ထဲက ဘယ်သူမှ ဒီအကြောင်းကို ထပ်မပြောစေနဲ့။ တတိယညီလေး၊ ဒီနားကို လာခဲ့ဖူးတဲ့သူ မှန်သမျှကို စစ်ဆေး။ ငါတို့ သံသယရှိသူကို ရှာရမယ်။ သူခိုးတွေက တစ်ညတည်းနဲ့ ဒီလိုအသံတိတ် အကုန်ယူသွားနိုင်မှာ မဟုတ်ဘူး။ ဒုတိယညီလေး၊ လူအချို့ကို ခေါ်ပြီး လင်းအိမ်တော် တစ်ခုလုံးကို နှံ့အောင် ရှာစမ်း။"



အမိန့်များ ပေးပြီးနောက် လင်းသခင်ကြီးသည် လင်းရှင်းယောင်ကို ကြည့်ရန် ချက်ချင်းသွားခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက ဤသမီးကို အလွန်အလိုလိုက် အချစ်ပိုခဲ့သည်။ သူမ သတိလစ်သွားသည်ဟု ကြားသောအခါ သူ၏စိုးရိမ်ပူပန်မှုသည် ရတနာများ ဆုံးရှုံးရသည်ထက် မလျော့ပေ။



လင်းရှင်းယောင်အကြောင်း ပြောရလျှင်၊ သူမသည် လျှို့ဝှက်ခန်းထဲတွင် အော်ဟစ်လိုက်မိသည့်အတွက် နောင်တရနေသည်။ ထိုရတနာများအပေါ် သူမ အလွန်မျှော်လင့်ထားခဲ့ရာ၊ ရုတ်တရက် အကုန်ပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်မထိန်းနိုင်ဘဲ အော်လိုက်မိခြင်း ဖြစ်သည်။



"တောက်! အရင်ဘဝတုန်းက လျှို့ဝှက်ခန်း ဖောက်ထွင်းခံရတာမျိုး မရှိခဲ့ပါဘူး"



သူမ၏ အရင်ဘဝ ဖြစ်စဉ်အရဆိုလျှင် လင်းမိသားစုသည် သန်ဘက်ခါညတွင်မှ ရတနာများကို ရွှေ့ပြောင်းကြမည် ဖြစ်သည်။ သူမသည် ယနေ့နံနက်တွင် တိတ်တဆိတ် သွားခဲ့ခြင်းမှာ မိမိအတွက် အချို့ကို ခိုးယူဖွက်ထားရန်သာ ဖြစ်သည်။



သူမ မထင်မှတ်ထားသည်မှာ ကျောက်ဆောင်အဝက ပွင့်နေပြီး အထဲက သေတ္တာများအားလုံး အစအနမကျန် ပျောက်ဆုံးနေခြင်း ဖြစ်သည်။ ထို့အပြင် သူမ၏ စိတ်လှုပ်ရှားပြီး အော်လိုက်သံကြောင့် အခြားမိသားစုဝင်များ ရောက်လာကြခြင်း ဖြစ်သည်။



မကြာမီ သူမ၏ ဖခင် ရောက်လာပြီး မေးမြန်းတော့မည်။ သူမ၏ ကိုယ်ကျိုးရှာလိုသော ရည်ရွယ်ချက်ကို မပေါ်စေဘဲ မည်သို့ပြန် ဖြေရမည်ကို သေသေချာချာ စဉ်းစားရန် လိုအပ်နေသည်။



အရင်ဘဝတုန်းက လင်းမိသားစုရဲ့ စီးပွားရေးအင်ပါယာကြီးက သူမကြောင့် အောင်မြင်ခဲ့ရတာ ဖြစ်ပေမဲ့၊ နောက်ဆုံးမှာတော့ လင်းမိသားစုက အမျိုးသားတွေပဲ အသီးအပွင့်တွေကို ခံစားသွားခဲ့ရသည်။ 



အကယ်၍... အကယ်၍ ဒီဘဝမှာ သူမသာ အရင်းအနှီးရှိပြီး ကိုယ်ပိုင်ရပ်တည်နိုင်ခဲ့ရင် အရင်ဘဝကလို အဆုံးသတ်မျိုးကို ရှောင်လွှဲနိုင်မလား။



သို့သော် ယခုမူ သူမ မျှော်မှန်းထားသော အရင်းအနှီးများမှာ ပျောက်ဆုံးသွားပြီဖြစ်ပြီး ယနေ့ည စီစဉ်ထားသော ရွှေ့ပြောင်းရေးလုပ်ငန်းကိုလည်း ဖျက်သိမ်းလိုက်ရတော့မည်။



သူမ ဒီဘဝမှာ တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ ဘာလို့ ဘာတစ်ခုမှ အဆင်မပြေရတာလဲ။ လင်းစုယွီရဲ့ ကျောက်စိမ်းဆွဲသီးကို လိုချင်တော့လည်း ပျောက်သွားတယ်၊ လင်းမိသားစုရဲ့ လျှို့ဝှက်ရတနာတွေကို လိုချင်ပြန်တော့လည်း ကုန်သွားပြန်ပြီ။



အကယ်၍ ထိုရတနာများကို ပြန်မရနိုင်တော့ဘဲ မိသားစုနှင့်အတူ ပြည်ပသို့ လိုက်သွားရလျှင်၊ သူမသည် အရင်ဘဝကလို ငွေသုံးပြီး လမ်းခင်းကာ အရာရာကို ချောမွေ့အောင် လုပ်နိုင်ပါဦးမည်လားး။



လင်းရှင်းယောင် ဆက်ပြီး မစဉ်းစားနိုင်ခင်မှာပင် သခင်မကြီးလင်းက အခန်းထဲသို့ အလောတကြီး ဝင်လာလေသည်။



"ရှင်းယောင်၊ အမေ့ရဲ့ ရတနာလေးးး။ ရှင်းယောင်၊ သမီးလေး ဘာဖြစ်သွားတာလဲ"



ခုတင်ပေါ်တွင် ဖြူဖျော့စွာ လဲလျောင်းနေသော သမီးဖြစ်သူကို မြင်ရသောအခါ သခင်မကြီးလင်းမှာ စိတ်မကောင်းဖြစ်သွားသည်။ သူမသည် ချွေးမနှစ်ယောက်ကို တစ်ယောက်အား ရေခပ်ခိုင်းပြီး နောက်တစ်ယောက်ကို အစားအစာ ယူခိုင်းလေသည်။



"သမီးလေး၊ ဘယ်လိုဖြစ်ပြီး သတိလစ်သွားရတာလဲ။ လာ၊ငှက်သိုက်စွပ်ပြုတ်လေး သောက်လိုက်ဦး။ အမေက သမီးရဲ့အကြီးဆုံး ယောက်မကို သီးသန့် ချက်ခိုင်းထားတာ"



သူမ၏ သမီးအရင်းကို ဂရုတစိုက် ပြုစုနေရင်းမှ လင်းစုယွီ ရှိနေသေးသည်ကို သတိရသွားသည်။



"လင်းစုယွီ နိုးပြီလား။ သူ့ကို ရှင်းယောင်ဆီ လာပြုစုခိုင်းလိုက်။ ရေထဲကျတာလေးကို နွဲ့ဆိုးဆိုးပြီး တစ်နေ့လုံး အိပ်ရာထဲ လှဲနေတာ"



"အမေ၊ သူ့ကို လာခိုင်းဖို့ မလိုပါဘူး။ သမီးတို့ မထွက်သွားခင်အထိ သူ့မျက်နှာကို မမြင်ချင်ဘူး။ မြင်ရင် စိတ်တိုလွန်းလို့ သေတော့မယ်"



လင်းရှင်းယောင်သည် ယခုအချိန်တွင် လင်းစုယွီကို တွေ့ရန် စိတ်မပါပေ။ အမှန်တကယ်တော့ သူမသည် နောက်နောင်တွင် ပို၍အဆင်ပြေအောင် မည်သို့လုပ်ရမည်ကို တိတ်တဆိတ် စဉ်းစားချင်ရုံသာ ဖြစ်သည်။



သခင်ကြီးလင်း ရောက်လာပြီး သမီးဖြစ်သူ ဖြူဖျော့နေသည်ကို မြင်သောအခါ ရင်ထဲ နာကျင်သွားသည်။ လျှို့ဝှက်ခန်းအကြောင်း အနည်းငယ် မေးမြန်းသောအခါ လင်းရှင်းယောင်က စကားအချို့ကိုသာ ရွေးပြောပြီးနောက် ထပ်မပြောတော့ဘဲ ငြင်းဆန်လိုက်သည်။



သမီးဖြစ်သူ၏ ကြောက်ရွံ့နေသော မျက်နှာကို မြင်သောအခါ သခင်ကြီးလင်းက ဆက်မမေးရက်တော့ပေ။ ထို့ကြောင့် ထိုကိစ္စကို ထိုအတိုင်းပင် လွှတ်ထားလိုက်လေတော့သည်။