Ch 10
Viewers 507

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း 


အပိုင်း ၁၀ - ဝိုင်းပယ်ခံရခြင်းနှင့် ဖိနှိပ်ခံရခြင်း




လင်းရှင်းယောင်သည် သူမ၏ အရှုံးအမြတ်များကိုသာ စိတ်ထဲတွင် အမြဲတွက်ချက်နေမိရာ ကားလေးသည် အနောက်တိုင်းစတိုင်ဆောက်ထားသည့် အဆောက်အအုံလေးတစ်ခုရှေ့တွင် ရပ်သွားပြီး စက်ရုံမှူးလျန်က သူမကို ဆင်းရန်ခေါ်လိုက်သည်ကိုပင် သတိမထားမိလိုက်ပေ။



"အမေ ကြည့်စမ်းပါဦး၊ လင်းရှင်းယောင်ကတော့ သူ့ရဲ့သူဌေးသမီး အကျင့်ဆိုးတွေကို ထုတ်ပြနေပြန်ပြီ။ ဖေဖေက ကားပေါ်ကဆင်းဖို့ ဖိတ်ခေါ်တာကို စောင့်နေသေးတာ !"



လျန်ဟွေ့သည် စိတ်တိုလွယ်ပြီး စိတ်လိုက်မာန်ပါ လုပ်တတ်သည့် ပွင့်လင်းသူဖြစ်သော်လည်း လင်းရှင်းယောင်ကမူ ငယ်စဉ်ကတည်းက ဟန်ဆောင်ကောင်းသူဖြစ်သည်။ 



သူမသည် တွေ့တိုင်း လျန်ဟွေ့ ဒေါသထွက်စေမည့် စကားလုံးအချို့နှင့် အမြဲဆွတတ်ပြီး လျန်ဟွေ့ ဒေါသပေါက်ကွဲသည့်အခါတိုင်း မိဘများ၏ အပြစ်တင်ခြင်းကို ခံရစမြဲပင်။



ထိုဝမ်းကွဲအစ်မ၏ ဖိနှိပ်မှုကို ခံရင်း ကြီးပြင်းလာရသဖြင့် လျန်ဟွေ့သည် လင်းရှင်းယောင်ကို မြင်တိုင်း မျက်နှာကောင်းမပြတတ်ပေ။ ယခုအခါ လင်းရှင်းယောင်က သူတို့အိမ်သို့ ပြောင်းလာမည်ဆိုရာ သူမ ပျော်နေလျှင်သာ အံ့ဩစရာဖြစ်ပေလိမ့်မည်။



"တော်တော့၊ သူနဲ့ ဝေးဝေးမှာပဲနေ။ နင် ဒေါသထွက်အောင် ထပ်မလုပ်မိစေနဲ့။ သူက လင်းမိသားစုရဲ့ စွန့်ပစ်တာခံရပြီး ကျင်းမန်မြို့မှာ ကျန်ခဲ့တာလေ၊ ပြီးတော့နင့်အဖေကလည်း သူ့ကို ပစ်မထားနိုင်ဘူးလေ"



လျန်ကတော်သည်လည်း ဤတူမဖြစ်သူကို မနှစ်သက်သော်လည်း အပြင်ပန်း အမြင်ကောင်းအောင်တော့ ထိန်းသိမ်းရမည်ဖြစ်သည်။ သမီးဖြစ်သူ စိတ်ဆင်းရဲရမည်ကို စိုးရိမ်သဖြင့် စိတ်လိုက်မာန်ပါ မလုပ်ရန် အထူးမှာကြားနေခြင်း ဖြစ်သည်။



"အမေရယ်၊ သမီးက ဝေးဝေးနေချင်ရင်တောင် သူက လာရှာနေဦးမှာပဲ။ သူမက သရုပ်ဆောင် သိပ်ကောင်းတာ၊ ဖေဖေကလည်း အမြဲအယုံလွယ်တယ်။ တကယ် စိတ်တိုဖို့ကောင်းလိုက်တာ"



လျန်ဟွေ့သည် ကားပေါ်ကဆင်းလာသော လင်းရှင်းယောင်ကို ကြည့်ကာ တစ်စုံတစ်ယောက်ကများ သူမကို ပြန်ပေးဆွဲပြီး အဝေးကြီးကို ခေါ်သွားရင်ကောင်းမှာဟု ရင်ထဲတွင် မကျေမနပ် တွေးနေမိသည်။ သို့မဟုတ်လျှင်လည်း လင်းမိသားစုနောက်ကိုသာ အတူလိုက်သွားပါတော့လား၊ အခုတော့ ဒုက္ခပေးဖို့ ကျန်ရစ်နေခဲ့ပြန်ပြီ။



'ဘယ်လောက်တောင် ကံဆိုးလိုက်လဲ။ နောင်ဆိုရင် မြို့ရိုးထက် ထူတဲ့မျက်နှာရှိတဲ့ ဒီကောင်မကို နေ့တိုင်း ရင်ဆိုင်နေရတော့မှာ!'



"ဒေါ်လေး၊ ဟွေ့ဟွေ့... အနှောင့်အယှက်ပေးမိလို့ အားနာလိုက်တာ"



"အနှောင့်အယှက် မဖြစ်ပါဘူးကွယ်။ ကိုယ့်ဦးလေးအိမ်မှာ ဘာတွေ အားနာနေတာလဲ။ အထဲဝင်ခဲ့လေ၊ ထမင်းစားဖို့ အဆင်သင့်ဖြစ်တော့မှာ။ ရှင်းယောင် ဒီနေ့လာမယ်မှန်း အန်တီမသိလို့ သမီးကြိုက်တဲ့ ဟင်းတွေ မပြင်ဆင်ထားရဘူး၊ စိတ်ထဲမထားပါနဲ့ဦးနော်။"



လျန်ကတော်သည် အလွန်အကွက်စေ့ပြီး စကားပြောပါးနပ်သူဖြစ်ရာ စကားအနည်းငယ်ဖြင့်ပင် စက်ရုံမှူးလျန်အား သူမသည် တူမအပေါ် အလွန်ကြင်နာတတ်သူဟု ထင်မှတ်သွားစေသည်။



"ငါတို့တွေက မိသားစုတွေပဲလေ။ ရှင်းယောင်၊ သမီး ဘာစားချင်လဲ၊ ဘာလိုချင်လဲဆိုတာ ဒေါ်လေးကိုသာ ပြော။ ခဏနေရင် ဒေါ်လေးကို သမီး လဲဖို့အဝတ်အစား ရှာပေးခိုင်းလိုက်မယ်၊ မနက်ဖြန်ကျမှ အဝတ်သစ်တွေ သွားဝယ်ကြတာပေါ့"



စက်ရုံမှူးလျန်က ဂရုတစိုက် မှာကြားနေစဉ် လျန်ဟွေ့၏ မျက်လုံးများက တစ်ချက်ဝေ့သွားပြီး ချက်ချင်းပင် ဝင်ပြောလိုက်သည်။



"ဖေဖေ၊ အရင်က ဝမ်းကွဲအစ်မ ရှင်းယောင် ပို့ပေးထားတဲ့ အဝတ်အစားတွေ အများကြီးရှိတယ်လေ။ အမေက သေသေချာချာ သိမ်းထားတာဆိုတော့ အခု အစ်မပြန်ဝတ်ဖို့အတွက် အတော်ပဲပေါ့"



လင်းရှင်းယောင် ဘာများ ဂုဏ်ယူနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။ သူမကို အရှက်ခွဲဖို့ ပေးခဲ့ဖူးတဲ့ အဝတ်စုတ်တွေကိုပဲ အခု သူမလက်ထဲ ပြန်အပ်ရတော့မည်။



"အေး ဟုတ်သားပဲ။ ပြီးခဲ့တဲ့လကတင် ရှင်းယောင်က အဝတ်အစား အိတ်ကြီးတစ်အိတ် ပို့လိုက်သေးတာ။ ခဏနေ ဒေါ်လေး သွားရှာပေးမယ်၊ ရှင်းယောင် လဲဖို့ အဆင်ပြေတာပေါ့"



လျန်ကတော်သည် ရယ်ချင်စိတ်ကို အောင့်ထားရင်း ဝင်ထောက်ခံလိုက်သည်။ လျန်မိသားစုသည် လင်းမိသားစုလောက် မချမ်းသာသော်လည်း သူတစ်ပါးဝတ်ပြီးသား ဝတ်ရမည့်အခြေအနေ မဟုတ်ပေ။



 လင်းရှင်းယောင်သည် ယခင်က သူမ၏ အဝတ်ဟောင်းများကို အထက်စီးဖြင့် ပေးပို့လေ့ရှိရာ ယခုအချိန်သည် ဟွေ့ဟွေ့အတွက် ပြန်လက်စားချေရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။



သားအမိနှစ်ယောက်၏ အတွေးက အံ့ဩစရာကောင်းလောက်အောင် တိုက်ဆိုင်နေသည်။ လင်းရှင်းယောင်သည်လည်း သူမ ဘာလုပ်ခဲ့သည်ကို သူမသိနေသဖြင့် လျန်ကတော်က ဤသို့ဖော်ပြောလိုက်ခြင်းသည် သူမ၏ ပါးကိုရိုက်လိုက်သကဲ့သို့ ခံစားရပြီး အလွန်အမင်း အရှက်ရသွားစေသည်။



"ဒေါ်လေး~ အရင်က ဟွေ့ဟွေ့ဆီ ပို့တဲ့အဝတ်တွေက အိမ်စေတွေ ထုပ်ပေးလိုက်တာမို့ အထဲမှာ ဘာတွေပါလဲဆိုတာ သမီးတောင် သေချာမသိလိုက်ဘူး။ ဒါပေမဲ့ ပို့ထားမိတာ ကံကောင်းသွားတာပေါ့၊ မဟုတ်ရင် ဒီည လဲဖို့ အဝတ်ရှိမှာ မဟုတ်ဘူး"



စကားအနည်းငယ်ဖြင့်ပင် လင်းရှင်းယောင်သည် ထိုအဝတ်စုတ်များကို သူမကိုယ်တိုင် ထုပ်ပိုးခဲ့ခြင်း မဟုတ်ကြောင်း ငြင်းဆိုကာ အပြစ်လွတ်အောင် ကြိုးစားလိုက်သည်။



ကံဆိုးသည်မှာ လူတိုင်းက စကားအနည်းငယ်နှင့် လှည့်စား၍ မရနိုင်ခြင်းပင်။ လျန်ဟွေ့သည် လင်းရှင်းယောင်ကြောင့် ဒုက္ခများစွာ ကြုံခဲ့ဖူးသဖြင့် သူမအပေါ် ယုံကြည်မှု လုံးဝမရှိတော့သလို၊ လျန်ကတော်မှာလည်း လင်းရှင်းယောင်ကဲ့သို့ ကောင်မလေးတစ်ယောက်၏ အလွယ်တကူ လှည့်စားနိုင်မည့်သူ မဟုတ်ပေ။



တစ်ကျော့ပြန် ပြန်လည်မွေးဖွားလာသော လင်းရှင်းယောင်သည် ယခင်ဘဝထက်စာလျှင် အတွေးအခေါ် ပိုရင့်ကျက်လာပြီး လုပ်ရပ်များ ပိုရက်စက်လာနိုင်သော်လည်း လူတစ်ဦး၏ ဗီဇဆိုသည်မှာ ပြောင်းလဲရန် ခက်ခဲလှသည်။



ဥပမာအားဖြင့် လင်းရှင်းယောင်၏ ဘဝနှစ်ခုလုံးမှ မာနထောင်လွှားမှုနှင့် သူတစ်ပါးထက် သာလွန်သည်ဟု ထင်မှတ်နေသည့် ပုံစံမျိုးပင် ဖြစ်သည်။



 စက်ရုံမှူးလျန်သည် ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ရှိသူဖြစ်ကာ လျန်ကတော်သည်လည်း အရာရှိကတော်များကြားတွင် မျက်နှာပွင့်သူဖြစ်သည်။ ထို့ကြောင့် လင်းရှင်းယောင်၏ မသိမသာ မာနကြီးမှုနှင့် အထက်စီးဆန်သော အမူအရာကို သူမ မသိဘဲ နေပါမည်လော။



စရိုက်တူသူအချင်းချင်း စိတ်အာရုံခံစားမှုသည် ပိုထက်မြက်တတ်ကြပြီး လျန်ကတော်နှင့် လင်းရှင်းယောင်သည်လည်း အမျိုးအစားတူသူများ ဖြစ်ကြသည်။ 



ထို့ကြောင့် လျန်ကတော်၏ နားထဲတွင် လင်းရှင်းယောင်၏ စကားများသည် အပြစ်ရှိသဖြင့် ဖုံးကွယ်နေခြင်းဟုသာ ကြားနေရတော့သည်။



"ဟုတ်တာပေါ့၊ တော်တော်အဆင်ပြေသွားတာပဲ။ ကဲ... ဒါတွေထားလိုက်ပါတော့၊ ထမင်းဟင်းတွေ အေးကုန်ဦးမယ်။ လာ လာ... မြန်မြန်စားကြရအောင်"



ထမင်းဝိုင်းတွင် လျန်ဟွေ့သည် သူမ၏ အစ်ကိုနှစ်ယောက်အကြောင်းကို တမင်တကာ ထုတ်ပြောပြီး သူတို့အိမ်တွင် ကပ်နေရသော လင်းရှင်းယောင်ကို ဘေးဖယ်ထားသည့် ပုံစံမျိုး လုပ်လိုက်သည်။



"အမေ၊ အစ်ကိုကြီးက သမီးအတွက် ပိုက်ဆံနဲ့ ကူပွန်တွေ ထပ်ပို့ပေးပြန်ပြီလား။ နောက်ခါဆို သူ့အတွက်ပဲ ထားလိုက်ဖို့ ပြောလိုက်ပါဦး။ သူက စစ်တပ်မှာ တာဝန်တွေ အများကြီးနဲ့ဆိုတော့ ကောင်းကောင်းစားပြီး သူ့ဘဝအတွက်ပဲ သုံးသင့်တာ"



"ငါ့သမီး ဟွေ့ဟွေ့ကတော့ တကယ်ကို လူကြီးဖြစ်နေပြီပဲ၊ အစ်ကို့အပေါ်တောင် စဉ်းစားပေးတတ်နေပြီ။ နင့်အစ်ကိုကလည်း နင့်ကို သိပ်ချစ်တာလေ၊ လတိုင်း မုန့်ဖိုးတွေပို့၊ အဝတ်ကူပွန်တွေတောင် ရှာပေးသေးတာ"



စက်ရုံမှူးလျန်မှာလည်း ကျေနပ်ပီတိဖြစ်သွားရသည်။ ယခင်ကဆိုလျှင် သမီးဖြစ်သူက အစားအသောက်နှင့် အဝတ်အစားလောက်သာ စိတ်ဝင်စားသူဖြစ်ရာ ယခုကဲ့သို့ ပြောတတ်လာခြင်းမှာ တကယ်ပင် ခဲယဉ်းလှသည်။



"အို... သမီး အစ်ကိုတွေက သမီးကို အရမ်းအလိုလိုက်တာလေ၊ သမီးက သူတို့အကြောင်း ပြန်စဉ်းစားပေးရမှာပေါ့။ အစ်ကိုလတ်လည်း ကျောင်းမှာ ကောင်းကောင်းစားရမှာ မဟုတ်ဘူး၊ အိမ်က စည်သွပ်ဗူးတွေ ချန်ထားပြီး သူ့ဆီ ပို့ပေးရမယ်။"



ထမင်းဝိုင်းတွင် လျန်ဟွေ့က ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိသူအဖြစ် သရုပ်ဆောင်နေသဖြင့် စက်ရုံမှူးလျန်တို့ ဇနီးမောင်နှံမှာ ပြုံးပျော်နေကြသော်လည်း လင်းရှင်းယောင်မှာမူ လျန်ကတော်နှင့် လျန်ဟွေ့တို့၏ တမင်တကာ လျစ်လျူရှုခြင်းကို ခံနေရသည်။



လင်းရှင်းယောင်သည် မနေ့ကနှင့် ဒီနေ့ ဘဝအခြေအနေ ကွာခြားချက်ကို ရင်ထဲကနေ အကြီးအကျယ် ခံစားနေရသည်။ ယခင်ကဆိုလျှင် သူမ၏ဒေါ်လေးနှင့် လျန်ဟွေ့တို့သည် သူမကို ယခုကဲ့သို့ ဖိနှိပ်ရန် မည်သို့မျှ ဝံ့ရဲကြမည် မဟုတ်ပေ။



လင်းရှင်းယောင်၏ စိတ်ပျက်အားငယ်နေသော အမူအရာကို လျန်ဟွေ့ မြင်လိုက်ရသောအခါ သူမ၏ မျက်ခုံးများ ပင့်တက်သွားပြီး မျက်ဝန်းထဲတွင်လည်း အောင်နိုင်သူ၏ အငွေ့အသက်များ ပြည့်လျှံနေတော့သည်။ နောက်ဆုံးတော့ လင်းရှင်းယောင်ကို အသက်ရှူကျပ်အောင် လုပ်နိုင်မည့် အခွင့်အရေးကို သူမ ရခဲ့ပြီဖြစ်သည်။



နောက်ထပ် နှစ်ရက် ကုန်လွန်သွားပြန်သည်။ လင်းစုယွီသည် ပထမဦးဆုံး ရပ်ကွက်ရုံးသို့သွားကာ အိမ်ထောင်စုစာရင်းနှင့် ပိုင်ဆိုင်မှုများကို မှတ်ပုံတင်ပြီးနောက် သူမ၏ အိမ်အသစ်လေးကို အလှဆင်ရန် စတင်ပြင်ဆင်တော့သည်။



သခင်ကြီးလင်း ပေးခဲ့သော ပိုက်ဆံနှင့် ကူပွန်များသည် သူမ၏ ဖခင်အရင်းက ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟု ဆိုကာ သူမသည် ပွင့်ပွင့်လင်းလင်းပင် အသုံးပြုခဲ့သည်။ ကူပွန်များ ကုန်လုနီးပါးအချိန်တွင်တော့ ထိုခြံဝင်းလေးသည် နွေးထွေးစိုပြေသော အိမ်လေးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။



စက်ရုံမှူးလျန်သည် လင်းစုယွီ၏ အကြောင်းကို နှစ်ရက်ကြာ စုံစမ်းခဲ့ရာ သူမနှင့် သူ၏တူမတို့ တစ်ယောက်ပြီးတစ်ယောက် ဆေးရုံတက်ခဲ့ရသည်ကို သိရှိသွားသည်။ ထို့အပြင် သူမအား ရပ်ကွက်ရုံးဝန်ထမ်းများက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး၊ အကြောင်းမှာ သူ၏ညီမနှင့် တူမဖြစ်သူတို့က သူမကို မေ့ဆေးတိုက်ခဲ့သောကြောင့် ဖြစ်သည်။



"ရှင်းယောင်၊ အဲ့ဒီနေ့ညက သမီးနဲ့ သမီးအမေက စုယွီဆီ ပဲဟင်းရည်သွားပို့ခဲ့ကြတာလား"



စက်ရုံမှူးလျန်က လင်းရှင်းယောင်ကို ကြည့်လိုက်သောအခါ သူမ၏ အမူအရာကိုကြည့်ရုံနှင့်ပင် ထိုအချက်မှာ မှန်ကန်ကြောင်း သူ သိလိုက်သည်။



"ဒါဆိုရင် သမီးကို ဒုက္ခပေးတာ စုယွီ မဟုတ်လောက်ဘူး။ သူကိုယ်တိုင်လည်း ရပ်ကွက်ရုံးကလူတွေ ပို့ပေးလို့ ဆေးရုံရောက်သွားတာပဲ။ နောက်ပြီး သူက သမီးအဖေရဲ့ သမီးအရင်းလည်း မဟုတ်ဘူးလို့ ကြားတယ်၊ သမီးအဖေကိုယ်တိုင်ပဲ သူ့ရဲ့ အိမ်ထောင်စုစာရင်းကို ပြောင်းပေးခဲ့တာတဲ့"



"မဖြစ်နိုင်တာ... သူက ဘယ်လိုလုပ် ဖေဖေ့သမီး မဟုတ်ရမှာလဲ"



သူမ၏ ယခင်ဘဝတွင် သိထားသည်မှာ လင်းစုယွီသည် သူမဖခင်၏ ကိုယ်လုပ်တော်မှ မွေးဖွားလာသူ မဟုတ်ခြင်းကြောင့်သာ တရုတ်ပြည်မကြီး ထူထောင်စအချိန်တွင် ထိုကိုယ်လုပ်တော်က ကွာရှင်းခွင့်တောင်းပြီး အခြားသူတစ်ဦးနှင့် လက်ထပ်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။



"နင့်အဖေ ချန်ထားခဲ့တဲ့ သတင်းအရတော့ စုယွီက လင်းမိသားစု စာရင်းကိုင်ရဲ့ သမီးတဲ့။ အဲ့ဒီစာရင်းကိုင်ကိုယ်တိုင်က လင်းမိသားစုရဲ့ မွေးစားသားလို ဖြစ်နေတာကြောင့် သူ့သမီးကလည်း မိသားစုနဲ့အတူ ကျန်ခဲ့တာပေါ့"



"အခု သူ့ရဲ့ အိမ်ထောင်စုစာရင်းက သူ့ဖခင်အရင်းနာမည်အောက်ကို ပြန်ရောက်သွားပြီ၊ အမွေတွေကိုလည်း ဆက်ခံလိုက်ပြီ။ ဒါကြောင့် သူနဲ့ သမီး ထပ်ပြီး ပတ်သက်နေဖို့ မလိုတော့ဘူး"



"စုယွီရဲ့ အဖေအရင်းက ကျွန်မတို့ လင်းမိသားစုရဲ့ မွေးစားသားလား။ လင်းမိသားစုရဲ့ စာရင်းကိုင်လား။ မဖြစ်နိုင်တာ... အရင်တုန်းက ဒီလိုမှ မဟုတ်တာ"



လင်းရှင်းယောင်သည် အတိတ်ဟောင်းများကို ပြန်လည်တွေးတောရင်း ရေရွတ်နေမိသည်။ နောင်တစ်ချိန်တွင် လင်းစုယွီကို "အရင်းရှင်ကြီး၏သမီး" ဟူသော အဆင့်အတန်းကို အသုံးချပြီး ထာဝရ ဘဝပျက်အောင် လုပ်မည်ဟု သူမ ကြံစည်ထားခဲ့သည် မဟုတ်ပါလား။



ယခုမူ သူမ၏ ဖခင်အရင်း သခင်ကြီးလင်းကိုယ်တိုင်က လင်းစုယွီအတွက် ထိုဘေးအန္တရာယ်ကို ကြိုတင်ဖယ်ရှားပေးခဲ့ပြီ။ ဘာလို့ ဒီဘဝက အရင်ဘဝနဲ့ မတူရတာလဲ။



"လင်းစုယွီ... လင်းစုယွီကလည်း ငါ့လိုပဲ ပြန်လည်မွေးဖွားလာတာများလား"