အခန်း ၅
Viewers 66


"အဲ့ဒီ ပါးစပ်သရမ်းတဲ့ စုန်းမကြီး ရွှီအာမေ... အသေနာမကြီး..."

ဟယ်ချောင်ကျယ်တစ်ယောက် အိမ်ထဲကို ဒေါသတကြီး ဝုန်းဒိုင်းကြဲဝင်လာရင်း တတွတ်တွတ် ကျိန်ဆဲနေမိသည်။


 ခြေလှမ်းလှမ်းလိုက်ရုံရှိသေး... အိမ်တံခါးခုံအဝင်မှာတင် ကြက်ချေးပုံကို အရှိန်နဲ့ နင်းမိလိုက်သဖြင့် သူမအသံက ပို၍ စူးစူးဝါးဝါး ထွက်လာတော့သည်။


"ချန်ထင်မေ! ချန်ထင်မေ! ညည်း သေနေလို့လား။ တစ်အိမ်လုံး ကြက်ချေးတွေ ပွစာကြဲနေတာကို တံမြက်စည်းလေးတောင် မလှဲနိုင်ဘူးလား။ ညည်းလို သမီးမျိုးကို ကျွေးထားရတာ ဘာအသုံးကျလို့လဲ!"


"သမီးကို မကျွေးချင်ရင်လည်း အစတည်းက ဘာလို့ မွေးခဲ့လဲ!" အိမ်ထဲကနေလည်း လျှော့မပေးဘဲ အသံပြဲကြီးနဲ့ ပြန်အော်သံ ထွက်လာသည်။ ဆံပင်စုတ်ဖွား၊ အသားမည်းမည်းနှင့် အရပ်ရှည်ရှည် ကောင်မလေးတစ်ယောက် ခါးထောက်ပြီး အိမ်ထဲကနေ အားမာန်ပါပါ လှမ်းထွက်လာခဲ့၏။


"အမေကလည်း အိမ်ထဲတောင် မဝင်ရသေးဘူး၊ အမြဲတမ်း အော်ဟစ်ဆဲဆိုနေတာပဲ။ အမေ့အော်သံကြောင့် လာမယ့် လာဘ်နတ်မင်းတောင် လန့်ပြေးကုန်ဦးမယ်။ ကြက်ချေးနင်းမိတာ ဘာဖြစ်လဲ... ရေဆေးလိုက်ရင် ပြီးတာပဲကို!"


အိမ်ကြီးအိမ်ခွဲဆီ သွားပြီး ရန်ဖြစ်လာရတဲ့ ဒေါသက မပြေနိုင်သေးခင်၊ အခုလည်း အငယ်ဆုံးသမီးရဲ့ ခွန်းတုံ့ပြန် စကားနာထိုးမှုကို ခံလိုက်ရသဖြင့် ဟယ်ချောင်ကျယ်တစ်ယောက် ဒေါသအဆမတန် ထွက်သွားကာ ထောင့်က တံမြက်စည်းကို ဆွဲယူပြီး ချန်ထင်မေဆီ လွှဲပေါက်လိုက်တော့သည်။


သို့သော် ချန်ထင်မေကလည်း အေးအေးဆေးဆေး ခံမည့်သူ မဟုတ်ပေ။ လျင်မြန်စွာပင် ဘေးသို့ ရှောင်ကွင်းပြီး မျက်စိတစ်မှိတ်အတွင်း အိမ်ပြင်သို့ ပြေးထွက် ပျောက်ကွယ်သွားရာ ဟယ်ချောင်ကျယ်မှာ ခါးကြီးထောက်ကာ ဒေါသတလူလူဖြင့် ကျန်ရစ်ခဲ့၏။ 


"ညည်း အဲ့လောက် သတ္တိရှိရင် ညစာပြန်လာမစားနဲ့!" ဟု နောက်ကနေ အော်ဟစ် ကျိန်ဆဲလိုက်သည်။


"အလို... ဒုတိယအရီးရယ်" ခြံစည်းရိုးတစ်ဖက်က အိမ်နီးနားချင်းတစ်ယောက်က လှမ်းအော်ပြောလာသည်။


 "ဘာလို့ ထင်မေကို ခဏခဏ ဆဲနေရတာလဲ။ သူလည်း အသက် နှစ်ဆယ်ကျော်နေပြီပဲ။ အမေက ဒီလိုကြီးပဲ ဆက်လုပ်နေရင် အသက်ကြီးလို့ အိုမင်းမစွမ်းဖြစ်တဲ့အခါ သူ ညည်းကို ပြုစုစောင့်ရှောက်မှာ မဟုတ်ဘူးနော်။"


"ဟွန့်... အဲ့ဒီ လာဘ်ပိတ်တဲ့ ကောင်မလေးက ငါ့ကို ပြုစုလိမ့်မယ်လို့ မျှော်ကို မမျှော်လင့်ဘူး" ဟယ်ချောင်ကျယ်က ရွဲ့စောင်းပြောဆိုလိုက်သည်။ "အဲ့ဒီ အမင်္ဂလာမလေးက ကျိန်စာသင့်နေတာ။ သူ မွေးကတည်းက ငါလည်း နောက်ထပ် ကလေးမရတော့ဘူး။ ငါက နောက်ထပ် သမီးတွေ မမွေးချင်တော့လို့ သူ့ကို 'ထင်မေ' (သမီးတော်ပြီ) လို့ နာမည်ပေးခဲ့တာ။ ဒါကို သူက သူ့မောင်လေးကိုပါ လန့်ပြေးအောင် လုပ်လိုက်တာလေ!"


ရှစ်ယောက်မြောက် အရီးကတော့ ထိုရက်စက်လှသော စကားများကို ကြားပြီး နှုတ်ခမ်းကို မဲ့လိုက်မိသည်။ ချန်ရှောင်းချန်ရဲ့ မိန်းမက တကယ်ကို အပြောအဆို ကြမ်းတမ်းလှသည်။ သူမတွင် သမီးငါးယောက်ရှိသော်လည်း တစ်ယောက်ကိုမျှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ဘဲ အငယ်ဆုံးသမီး ချန်ထင်မေကတော့ အဆဲအဆို အခံရဆုံး ဖြစ်သည်။ ဟယ်ချောင်ကျယ်က ဆဲဆိုလျှင် ဘိုးဘွားဘီဘင် တစ်ဆယ့်ရှစ်ဆက်တိုင်အောင် ဆွဲထည့်ပြီး ဆဲတတ်သူ ဖြစ်သည်။


‘ဒါနဲ့ ထင်မေရဲ့ ဘိုးဘွားတွေက ငါတို့မိသားစုလည်း ဖြစ်နေတာပဲမဟုတ်လား!’ ရှစ်ယောက်မြောက် အရီး စိတ်ထဲကနေ တွေးပြီး မကျေမနပ် ဖြစ်သွားသည်။


ဟယ်ချောင်ကျယ်ရဲ့ ဒေါသတကြီး ဖြစ်နေပုံကို ကြည့်ပြီး ရှစ်ယောက်မြောက် အရီးက သူမတစ်ယောက် ဒီနေ့ အိမ်ကြီးအိမ်ခွဲဘက်မှာ အဆင်မပြေဖြစ်လာခဲ့သည်ဟု ရိပ်မိလိုက်သည်။ ထို့ကြောင့် စူးစမ်းလိုစိတ်ဖြင့် လှမ်းမေးလိုက်၏။

 "ဒီနေ့ အိမ်ကြီးအိမ်ခွဲနဲ့ ပြဿနာတက်လာတာလား။"


ထိုစကားက ဟယ်ချောင်ကျယ်ရဲ့ အသည်းကို ဓားနဲ့မွှန်းလိုက်သလို ဖြစ်သွားသဖြင့် ချက်ချင်းပင် အသံကျယ်ကြီးဖြင့် ပြန်ပက်လိုက်တော့သည်။ "ငါတို့က အိမ်ကြီးအိမ်ခွဲဆီကနေ ဘာတစ်ခုမှ အမြတ်မထုတ်ခဲ့ဘူးနော်! ရှစ်ယောက်မြောက်အရီး... အဖြစ်မှန်ကို သေသေချာချာ မသိဘဲ ကောလာဟလတွေ မလျှောက်ဖြန့်နဲ့။ ငါ့မိသားစုက ရိုးသားတဲ့သူတွေ။ သူတို့ဆီကနေ ပိုက်ဆံဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် တစ်ပြားတစ်ချပ်မှ မချေးဖူးဘူး။"


စောစောက ရွှီအာမေ ထုတ်ပြခဲ့သည့် အကြွေးစာရင်းစာအုပ်ကို သတိရသွားပြီး ဟယ်ချောင်ကျယ်က မိမိတို့အိမ်၏ "အပြစ်ကင်းစင်မှု" ကို လူတိုင်းသိစေရန် အသံကို ပို၍ ကုန်ဟစ်အော်လိုက်သည်။


အိမ်နီးနားချင်းများ စုရုံးကြည့်ရှုနေသည်ကို မြင်သောအခါ ဟယ်ချောင်ကျယ်က ပို၍ပင် ပြင်းပြင်းထန်ထန် ကျိန်ဆိုလိုက်ပြန်သည်။ "ငါ့မိသားစုက ရိုးသားတယ်။ ဘယ်သူ့ဆီကမှ မတရားမယူဘူး။ တကယ်လို့ ငါတို့သာ သူများအပေါ် အမြတ်ထုတ်ခဲ့ရင် ငါ့ကို သင်္ဂြိုလ်မယ့် သားသမီးမရှိဘဲ သေပါစေ!"


ထိုကျိန်ဆိုသံကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ရယ်သံများ စီညံသွားတော့သည်။


"ဟယ်ချောင်ကျယ်... ညည်း အသက်က ငါးဆယ်နား ကပ်နေပြီလေ။ အခုချိန်မှာ ဘယ်လိုလုပ် သားဦး ရဦးမှာလဲ။ ညည်းမှာ သားမရှိဘဲ သေမှာကတော့ သေချာပေါက်ပဲလေ။ ဒီလို ကျိန်ဆိုနေတာ အပိုပဲ!"


"မပြောနိုင်ဘူးလေ... ကမာကောင် အိုကြီးတွေတောင် ပုလဲထွက်နိုင်သေးတာပဲ။ တစ်နေ့နေ့ သူ ဗိုက်ကြီးလာဦးမလား မသိဘူးလေ!"


လူအုပ်ကြီး၏ အာရုံက ဟယ်ချောင်ကျယ် နောက်ထပ် ကလေးရနိုင်၊ မရနိုင်ဆိုသည့် ကိစ္စပေါ်သို့ လုံးဝရောက်ရှိသွားပြီး အိမ်ကြီးအိမ်ခွဲထံမှ တကယ်ပဲ အကျိုးအမြတ် ထုတ်ခဲ့သလား ဆိုသည်ကို မည်သူမျှ ဆက်မမေးကြတော့ပေ။


အခွင့်အရေးရသည်နှင့် ဟယ်ချောင်ကျယ်လည်း အိမ်ထဲသို့ သုတ်ခြေတင် ပြေးဝင်ခဲ့တော့သည်။ သို့သော် အမောတောင် မဖြေရသေးခင် ဧည့်ခန်းထဲတွင် အရက်သောက်နေသည့် လင်ယောက်ျားကြောင့် လန့်ဖျပ်သွားရပြန်သည်။


ချန်ရှောင်းချန်က သူ့မိန်းမ၏ ပျာပျာသလဲ ဖြစ်နေပုံကို ကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဟောက်လိုက်၏။ "ရွာထဲမှာ ရန်သူတွေ လျှောက်မရှာစမ်းနဲ့၊ အထူးသဖြင့် အိမ်နီးနားချင်းတွေကို။ တတိယဦးလေးတို့ မိသားစုမှာ အဆက်အသွယ်ကောင်းတွေ ရှိတယ်။ မင်းက လူတွေ လျှောက်ရန်လုပ်နေရင် ငါက ဘယ်လိုလုပ် မျက်နှာပွင့်ပြီး အောင်မြင်မှာလဲ။ ဒါနဲ့... အစ်မကြီးဆီကနေ ပိုက်ဆံ ချေးလို့ရခဲ့လား။"


ဟယ်ချောင်ကျယ်က အားပျက်စွာ ခေါင်းခါပြလိုက်သည်။ "ရှင်လည်း သိတာပဲ... သူ ဘယ်လောက် တွန့်တိုလဲဆိုတာ။ ဒီနေ့ ငါ သွားတာ နောက်ကျသွားတယ်၊ အစ်ကိုကြီးလည်း အိမ်မှာ မရှိဘူး။ မဟုတ်ရင် ပိုက်ဆံက ရလောက်ပါတယ်။ မာဒမ်မာပေးတဲ့ အကြံက ငါတို့အတွက် အကောင်းဆုံးအခွင့်အရေးပဲ... အရင်းအနှီးလေး နည်းနည်းပဲ လိုတာ။ အိမ်ကြီးအိမ်ခွဲဆီကနေ မရမှတော့ မြို့ပေါ်က ရှင့်ညီမဆီမှာ သွားချေးကြည့်ရင်ကော။"


ချန်ရှောင်းချန်က မိန်းမဖြစ်သူ၏ အစီအစဉ်ကို စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူမကို ဆက်ပြီး ဆူပူရန် မမေ့ပေ။


 "ဒါတွေအားလုံး မြို့ပေါ်မှာ မင်း ပြဿနာရှာခဲ့လို့ဖြစ်ရတာ။ အဲ့ဒီတုန်းက မင်းသာ ဆန္ဒပြပွဲကို ဦးမဆောင်ခဲ့ရင် အခုချိန် ငါတို့ ပိုက်ဆံကို တိတ်တိတ်ဆဆိတ်ဆိတ် ချေးလို့ရနေပြီ။"


ငါးဖမ်းကွက် ငှားရမ်းခစာချုပ်ကို ပြန်လည်ညှိနှိုင်းရန် ကြိုးပမ်းမှုမှာ သူတို့အတွက် အဆိုးဘက်သို့ ဦးတည်သွားခဲ့သည်။ မြို့နယ်အာဏာပိုင်များကို ဆန္ဒပြပွဲ ဦးဆောင်ခဲ့ခြင်းက ငါးဖမ်းကွက် ပြုပြင်ပြောင်းလဲမှုကို မတားဆီးနိုင်ခဲ့သည့်အပြင်၊ မြို့နယ်လူကြီးများနှင့် မြောက်ပိုင်းက သူဌေးကြီးကိုပါ ဒေါသထွက်စေခဲ့သည်။ အခုချိန်တွင် ချန်ရှောင်းချန်မှာ လမ်းကြားတစ်ခုခု၌ အုန်းဆွဲခံရမည်ကို ကြောက်သဖြင့် မြို့ပေါ်သို့ပင် မျက်နှာမပြရဲတော့ပေ။


တစ်ဖက်တွင်မူ ပေါင်ရင်သည် သူမ၏ ဦးလေးမိသားစု၏ ကောက်ကျစ်သော အကြံအစည်များကို ဘာမျှမသိရှာပေ။ လက်ရှိတွင် သူမ၏ အိမ်ကလေးမှာတော့ ပျော်ရွှင်စရာ အသံများဖြင့် ဆူညံလျက် ရှိသည်။


ကျောက်ဆောင်ပေါ်မှ ဖမ်းမိလာသော ကကတစ်ဝါကြီး  ကို မမျှော်လင့်ဘဲ ရှစ်ရာယွမ် (800 yuan) အထိ အံ့မခန်းဈေးဖြင့် ရောင်းချနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။


သူတို့မိသားစုက အများဆုံး ငါးရာယွမ်လောက်သာ ရလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း ရလဒ်က စိတ်ကူးယဉ်သည်ထက်ပင် သာလွန်နေခဲ့သည်။


"ဟောင်ကောင်က လာတဲ့ ပုဂ္ဂလိက ကုန်းပတ်သင်္ဘော  တစ်စီး ဆိပ်ကမ်းမှာ လာဆိုက်တာနဲ့ ကွက်တိတိုးတာ" ဟု အစ်ကိုချန်က စိတ်လှုပ်ရှားစွာ ရှင်းပြသည်။


 "သင်္ဘောပေါ်က သူဌေးကြီးတစ်ယောက်က ငါးကို မြင်မြင်ချင်းပဲ ရှစ်ရာယွမ် ပေးမယ်ဆိုပြီး ချက်ချင်း ဝယ်သွားတာ။ အဲ့ဒါ လာဘ်ကောင်းတဲ့ ဂဏန်းမို့လို့တဲ့။"


အစ်ကိုချန်က ဒီငါးရောင်းရတဲ့ ကိစ္စကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ထားချင်သော်လည်း လူစည်ကားလှသည့် မြို့ဆိပ်ကမ်းမှာ ရောင်းခဲ့ရသဖြင့် သတင်းက တောမီးပမာ ပျံ့နှံ့သွားခဲ့လေပြီ။ ထို့ကြောင့် သူကပဲ ပွင့်ပွင့်လင်းလင်း သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီလောက် ဈေးကောင်းရတာက ကံကောင်းလွန်း၍သာ ဖြစ်ပြီး၊ အချိန်အခါကောင်းမှာ ဟောင်ကောင်သူဌေးနှင့် ဆုံခဲ့ရခြင်းကြောင့်သာ ဖြစ်သည်။


ရှစ်ရာယွမ် ရသည့် သတင်းက ပေါင်ရင်ကို ဝမ်းသာစေသော်လည်း တစ်ပြိုင်နက်တည်းမှာပင် အလုပ်ရှုပ်စရာများ သယ်ဆောင်လာခဲ့သည်။ မကြာမီမှာပင် အိမ်နီးနားချင်း အဒေါ်ကြီးများက သူမ၏ "ငါးဖမ်းလျှို့ဝှက်ချက်" ကို သိလိုသဖြင့် ဝိုင်းအုံမေးမြန်းကြတော့သည်။


ပေါင်ရင်က ဘာပြောရမည်နည်း။ ကံကောင်းခြင်းသက်သက်သာ ဖြစ်ကြောင်းနှင့် ထိုကျောက်ဆောင်အနီး နေရာသည် အန္တရာယ်များသော်လည်း ငါးကြီးများ ဖြတ်သန်းတတ်သည့် နေရာဖြစ်ကြောင်းသာ ထပ်ခါတလဲလဲ ပြောနေမိသည်။ သူမ၏ မိခင် ရွှီအာမေကလည်း ဘေးကနေ ယဉ်ယဉ်ကျေးကျေး ဝင်ရောက်ရှင်းပြရင်း လူအုပ်ကြီးကို ဖျောင်းဖျပြီး ပြန်လွှတ်လိုက်ရသည်။


ခြံဝင်းတံခါးကို ပိတ်လိုက်နိုင်သည့် အချိန်တွင်မူ ပေါင်ရင်၏ ဆံပင်များပင် ချွေးများဖြင့် စိုရွှဲနေခဲ့ပြီ ဖြစ်သည်။


"လူတွေအားလုံး အဲ့ဒီ ငါးဖမ်းကွက်ဆီကို လုပြီး သွားကြမှာ စိုးရိမ်မိတယ်" သူမက သက်ပြင်းချရင်း ပြောလိုက်သည်။ "အလုအယက် သွားကြရင်း တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာ ရကုန်ဦးမယ်။"


"ဒီရက်ပိုင်း အဲ့ဒီနေရာနဲ့ ဝေးဝေးမှာပဲ နေပါဦး" အစ်ကိုချန်က အကြံပြုသည်။ "အဲ့ဒီမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေတော့မှာ။"


ပြောပြောဆိုဆိုဖြင့် သူက အိတ်ထဲမှ ရှစ်ရာယွမ်ကို ထုတ်ယူကာ ပေါင်ရင်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။


ပေါင်ရင်က ထိုငွေများကို မိခင်ဖြစ်သူထံ ချက်ချင်း ပြန်ပေးရန် ကြိုးစားသော်လည်း ရွှီအာမေက လက်ကာပြလိုက်သည်။ "သမီးလည်း အရွယ်ရောက်နေပြီပဲ။ ဒီပိုက်ဆံကို သမီးဘာသာ သိမ်းထားလိုက်ပါ။ မိသားစုအတွက် ပိုက်ဆံလိုတာ မှန်ပေမယ့် ဒီထက်အများကြီး လိုတာပါ။


 ရှစ်ရာယွမ်လောက်ကတော့ ဘာမှ မထူးခြားစေပါဘူး။ သမီးရဲ့ အနာဂတ် အစီအစဉ်က ဘာလဲဆိုတာ အမေမသိပေမယ့် သမီးကို ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်တယ်။"


အစ်ကိုချန်ကလည်း အားတက်သရော ခေါင်းညိတ်ထောက်ခံသည်။ "အစ်ကိုလည်း အသုံးမကျပါဘူး။ ညီမလေးအတွက် အသိအဆက်အသွယ်တွေနဲ့ အလုပ်ရှာမပေးနိုင်ဘူး။ ပိုက်ဆံကို သိမ်းထားလိုက်ပါ။ မိသားစုကိစ္စကိုတော့ အဖေနဲ့အစ်ကို တာဝန်ယူပါ့မယ်။"


ပေါင်ရင်က မိမိတို့ အိမ်၏ အခြေအနေကို ကောင်းကောင်းသိသည်။ နေ့စဉ်စားဝတ်နေရေးအတွက် ပိုက်ဆံအနည်းငယ်ကို သူတို့ မလိုလားပေ။ အစ်ကိုဖြစ်သူ၏ ဇနီးနှင့် တူလေးပါ အတူနေသဖြင့် အိမ်တွင် လူခြောက်ယောက်သာ ရှိပြီး၊ လတ်တလောတွင် သိသာသော အသုံးစရိတ်ဟူ၍ တူလေး၏ မူလတန်းကျောင်းလခသာ ရှိသည်။


သူတို့ တကယ် လိုအပ်နေသည်မှာ ငါးဖမ်းကွက်ကို ငှားရမ်းရန်အတွက် ယွမ်သောင်းချီသော ငွေပမာဏ ဖြစ်သည်။ ထိုပမာဏကို ရရှိရန် သေချာစနစ်တကျ အကွက်ချစီမံရမည်။ တကယ်လို့သာ ငါးဖမ်းကွက်က စက်လှေကြီးတစ်စီးကို ငှားပြီး ပင်လယ်ထဲ စွန့်စားထွက်နိုင်ရင်... ငါးအနည်းငယ် ကောင်းကောင်းမိရုံနဲ့ လိုချင်တဲ့ငွေကို အလွယ်တကူ ရနိုင်မည်။


သို့သော် စိတ်မကောင်းစရာမှာ မိသားစုက သူမကို ကံကောင်းရုံသက်သက်သာ ရှိသေးသည့်၊ ပင်လယ်အကြောင်း ဘာမှမသိသေးသော တက္ကသိုလ်ကျောင်းဆင်း အတွေ့အကြုံမရှိသူတစ်ဦးအဖြစ်သာ မြင်နေကြဆဲ ဖြစ်သည်။


 စက်လှေကြီးတစ်စီး ငှားဖို့ ပြောရန်က မဖြစ်နိုင်သေးချေ။ သို့သော် လှေငယ်လေးတစ်စီးဆိုလျှင်တော့ ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေမည်။


ကျောက်ဆောင်အနီးသို့ သွားရန် မဖြစ်နိုင်တော့သဖြင့် သူမအနေဖြင့် ပင်လယ်ပြင်ထဲသို့ ပို၍ ဝေးဝေးထွက်ကာ ပို၍ တန်ဖိုးရှိသော အရာများကို ဖမ်းယူရန် ဆုံးဖြတ်လိုက်သည်။ အစီအစဉ်ကို အပြီးသတ် ဆုံးဖြတ်ပြီးနောက် ပေါင်ရင်က ဒီနေ့ညစာစားချိန်တွင် လှေငယ်လေးတစ်စီး ငှားရမ်းမည့်အကြောင်းကို ပြောရန် စိတ်ပိုင်းဖြတ်လိုက်တော့သည်။


"အခုချိန်မှာ လှေငှားဖို့က နည်းနည်း ခက်လိမ့်မယ်" ဟု အဖေဖြစ်သူက ဆိုသည်။ "ငါးဖမ်းကွက်က ပြန်လည်ဖွဲ့စည်းနေတော့ ဒီဇယ်အင်ဂျင်စက်လှေတွေ ငှားဖို့ မလွယ်ဘူး။ အဲ့ဒီအစား ငါတို့ရဲ့ သစ်သားလှေအိုလေးကိုပဲ သုံးကြမလား။ သမီးလည်း ဒီရက်ပိုင်း ငါးဖမ်းကွက်မှာ အလုပ်မလုပ်ရသေးတော့ အစ်ကိုကြီးကို လှေလှော်ခိုင်းပြီး ပင်လယ်ထဲ လိုက်ပို့ခိုင်းမယ်လေ။"


ထိုသစ်သားလှေငယ်လေးက ဝေးဝေးလံလံ မသွားနိုင်သော်လည်း ကမ်းခြေအနီးတွင် ငါးဖမ်းရန်အတွက်တော့ အဆင်ပြေပါသည်။ တစ်ခုတည်းသော အားနည်းချက်မှာ လှေလှော်ရသည်မှာ အလွန်ပင်ပန်းခြင်း ဖြစ်သည်။ ပေါင်ရင်ကလည်း ထိုအကြံကို သဘောတူလိုက်သည်။


 လတ်တလောတွင် ထိုလှေလေးက အဆင်ပြေဆုံးဖြစ်ပြီး၊ အစ်ကိုကြီးထံမှ လှေလှော်နည်းကိုပါ သင်ယူနိုင်သည်။ သူမကိုယ်တိုင် လှော်တတ်သွားလျှင် အချိန်မရွေး ပင်လယ်ထဲသို့ တစ်ယောက်တည်း ထွက်နိုင်မည်မဟုတ်ပါလား။


ဆိုင်းငံ့မနေနဲ့ အခုပဲ လုပ်ကြစို့! ညစာစားပြီးသည်နှင့် မိသားစုဝင်များက ခြံထောင့်တွင် သိမ်းဆည်းထားသော သစ်သားလှေအိုလေးကို ဆွဲထုတ်လိုက်ကြသည်။ လှေက တကယ်ကို သေးငယ်လှပြီး အမိုးအကာပင် မရှိချေ။ ရိုးရိုးရှင်းရှင်း သစ်သားလှေငယ်လေးမျှသာ ဖြစ်သည်။ မသုံးဖြစ်သည်မှာ ကြာပြီဖြစ်၍ ခြံထဲတွင် ဒီအတိုင်း ပစ်ထားခဲ့ခြင်း ဖြစ်သည်။


"ပေါင်အန်း... ရွာထဲက လူငယ်အချို့ကို သွားခေါ်ပြီး လှေကို ဆိပ်ကမ်းဆီ သယ်သွားဖို့ အကူအညီတောင်းလိုက်ဦး" ဟု အဖေက လှမ်းအော်ပြောသည်။


အစ်ကိုချန်က ချက်ချင်းပင် လူငယ်အချို့ကို ခေါ်လာခဲ့သည်။ လှေကို ဝိုင်းကူသယ်ပေးရင်း ထိုလူငယ်များက ပေါင်ရင်ကို ကကတစ်ဝါကြီး ဖမ်းမိခဲ့သည့်အကြောင်း တရစပ် မေးမြန်းကြတော့သည်။ ရှစ်ရာယွမ်တန် ငါးကြီးအကြောင်းက လူတိုင်း စိတ်ဝင်စားစရာ မဟုတ်ပါလား။ လူတိုင်းက မနာလိုဖြစ်မနေသော်လည်း အားကျနေကြသည်မှာတော့ အမှန်ပင်။


လူစုလူဝေး ဖြစ်လာသည်ကို မြင်သောအခါ ပေါင်ရင်က နောက်တွင်ပဲ ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ငါးဖမ်းသည့်ကိစ္စများကို ထပ်ခါတလဲလဲ အမေးမခံချင်တော့ပေ။


 မကြာမီ လူငယ်များက လှေကို သယ်ဆောင်သွားကြပြီး၊ မိဘနှစ်ပါးကလည်း ညနေခင်း လမ်းလျှောက်ထွက်သွားကြသဖြင့် အိမ်တွင် ပေါင်ရင်နှင့် အာဝမ် ဟုခေါ်သော ဝါဝါလေး ခွေးကလေးသာ ကျန်ရစ်ခဲ့တော့သည်။


နေဝင်သွားပြီ ဖြစ်သော်လည်း လမင်းကြီးက သာယာစွာ လင်းပန်းလျက်ရှိပြီး ကောင်းကင်တွင် ကြယ်ပွင့်များ စီခြယ်နေသည်။ အိမ်မီးများ မဖွင့်ထားသော်လည်း ခြံဝင်းတစ်ခုလုံးက မှောင်မည်းမနေပေ။ ပေါင်ရင်က ရေမိုးချိုးပြီးနောက် ခြံထဲတွင် ညနေခင်း လေညင်းခံရန် စဉ်းစားလိုက်သည်။ ရေချိုးခန်းထဲ ဝင်ကာ အဝတ်အစားပင် မချွတ်ရသေးခင် အပြင်ကနေ အာဝမ်၏ ဟောင်သံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။


ပေါင်ရင်က သက်ပြင်းချရင်း အပြင်သို့ ထွက်ကြည့်လိုက်ရာ ခြံဝင်းတံခါးအပြင်ဘက်တွင် လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက ဒုတိယအရီး၏ အငယ်ဆုံးသမီးဖြစ်သူ ချန်ထင်မေ ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။


ချန်ထင်မေက ပေါင်ရင်နှင့် အသက်တူဖြစ်ပြီး အမြဲတမ်း အရပ်အမောင်း၊ ရုပ်ရည်၊ ပညာရေးနှင့် ဖက်ရှင်အထိ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူ ဖြစ်သည်။ သို့သော် ပေါင်ရင်က အထက်တန်းကျောင်းတက်ကတည်းက မြို့ပေါ်တွင် အဆောင်နေခဲ့သဖြင့် သူတို့နှစ်ဦး မဆုံဖြစ်သည်မှာ ကြာခဲ့ပြီ။


ယခုအခါ ချန်ထင်မေက ခါးတစ်ဝက်ခန့်သာရှိသော ခြံစည်းရိုးတံခါးအပြင်တွင် ရပ်ကာ ပေါင်ရင်ကို ခြေဆုံးခေါင်းဆုံး မထီမဲ့မြင် ကြည့်နေသည်။ ပေါင်ရင်က ထိုအကြည့်ကို အလွန်ပင် မနှစ်မြို့ပေ။ ထို့ကြောင့် ကျောခိုင်းကာ ထိုလူဆန်းကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။


သို့သော် ချန်ထင်မေက လှမ်းအော်ပြောလိုက်၏။


 "အလို... တက္ကသိုလ်ကျောင်းသူကြီးက ဘာဖြစ်နေတာလဲ။ ပိန်ညှောင်ပြီး အသားတွေလည်း မည်းလို့။ တက္ကသိုလ်တက်ရင် ရုပ်ရှင်မင်းသမီးလို လှလာမယ် ထင်နေတာ!"


ချန်ထင်မေက ထိုသို့ ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ အလွန် ဝမ်းသာပီတိ ဖြစ်နေသည်။ ပေါင်ရင် တစ်ယောက် အိမ်ပြန်ရောက်နေတာ ရက်အတော်ကြာပြီဖြစ်သော်လည်း မိမိထံသို့ လာမလည်ခြင်းမှာ မိမိကဲ့သို့ လှပဖြူစင်သော မိန်းကလေးကို မြင်ရမှာ ကြောက်နေ၍ ဖြစ်လိမ့်မည်ဟု တွေးထားခြင်း ဖြစ်သည်။


အခု ပေါင်ရင်ကို မြင်လိုက်ရသည့်အခါတွင်မူ ချန်ထင်မေက စိတ်ထဲကနေ ကျေနပ်စွာ တွေးလိုက်မိသည်။ ‘ဝါး... သူက ငါ့ထက်တောင် အသားမည်းသေးတယ်၊ ပြီးတော့ ပိန်လှီပြီး အရိုးငေါ့ငေါ့နဲ့။ တက္ကသိုလ်တက်တယ်ဆိုတာလည်း ထင်သလောက် မဟုတ်ပါလား!’

ချန်ထင်မေက စိတ်ထဲကသာ တွေးနေသော်လည်း ပေါင်ရင်က သူမ၏ အထာကို ကောင်းကောင်းသိသည်။ ချန်ထင်မေ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပုံကို ကြည့်ရုံဖြင့် သူမ ဘာတွေးနေသည်ကို အကဲခတ်မိ၏။


ထို့ကြောင့် နှာခေါင်းတစ်ချက် ရှုံ့ကာ အေးစက်စက် အသံဖြင့် ပြန်ပက်လိုက်သည်။ "ငါ့အသားညိုတာက ပင်လယ်ထဲ ဆင်းနေလို့။ နေရောင်အောက် မသွားဘဲ နေလိုက်ရင် ပြန်ဖြူလာမှာ။ ညည်းလို သဘာဝအတိုင်း အသားမည်းတဲ့သူကျတော့... အရိပ်ထဲမှာပဲ တစ်သက်လုံး ပုန်းနေရင်တောင် ဘယ်တော့မှ ဖြူလာမှာ မဟုတ်ဘူး။"


ပြန်ပြောမည့် စကားကိုပင် မစောင့်တော့ဘဲ အာဝမ်ကို လှမ်းခေါ်လိုက်သည်။ "အိမ်ထဲဝင်ရအောင် အာဝမ်! အပြင်က အရူးခွေး ကိုက်တာ မခံချင်ဘူး။"


"ဒုန်း!" ခနဲ တံခါးပိတ်သံနှင့်အတူ ချန်ထင်မေ၏ ဒေါသတကြီး အော်ဟစ်သံများသာ ကျန်ရစ်ခဲ့တော့သည်။

ပေါင်ရင်က စိတ်ထဲကနေ ရယ်မောလိုက်မိသည်။


 ‘ငါလည်း အလုပ်မရှိတာနဲ့ လူတစ်ယောက်နဲ့ အသားအရောင်ချင်း ပြိုင်ငြင်းနေမိတယ်။ အခုတလော ဘဝက တကယ်ကို အေးချမ်းလွန်းနေပြီထင်တယ်!’


"ဟီး ဟီး..."


ပိတ်ထားသော တံခါးကို စိုက်ကြည့်ရင်း ချန်ထင်မေ ဒေါသအလိပ်လိပ် ထွက်နေမိသည်။ သို့သော် မကြာမီမှာပင် ဒီနေ့မနက်က သူမ၏ အမေဖြစ်သူနှင့် အဖေဖြစ်သူတို့ ပြောခဲ့ကြသော စကားများကို သတိရသွားသည်။


ချက်ချင်းပင် သူမ၏ စိတ်ခံစားချက်က ပြန်လည် တက်ကြွသွားကာ ပြုံးနိုင်သွားတော့သည်။ ‘ဟွန့်... တက္ကသိုလ်ကျောင်းသူ ဖြစ်နေတော့ကော ဘာထူးလဲ။ ကျောင်းပြီးတာတောင် အလုပ်မရရှာပါဘူး။ ငါနဲ့တော့ ဘယ်တူမလဲ... မကြာခင် ငါ ဟောင်ကောင်ကို သွားပြီး သူဌေးမကြီး သွားလုပ်တော့မှာ!’