အခန်း ၄
Viewers 66


"စျေးနှုန်းကတော့ နည်းနည်းမာလှချည်လား"

ငါးဖမ်းကွင်းဂိတ်ဝက ကြေညာသင်ပုန်းဘေးမှာ တစ်ယောက်ယောက်က တိုးတိုးတိတ်တိတ် ညည်းတွားလိုက်သည်။


"ရန်ချန်မှာရှိတဲ့ ငါ့ဝမ်းကွဲရဲ့ ဒုတိယအဒေါ် ဖွင့်ထားတဲ့ ငါးဖမ်းကွင်းငယ်လေးမှာတောင် ဈေးနှုန်းတွေက ဒီလောက် မကြီးဘူး!"


လူအုပ်ကြီးက အသစ်ကပ်ထားတဲ့ ကန်ထရိုက်စနစ် အသေးစိတ်အချက်အလက်တွေကို စုပြုံကြည့်ရှုရင်း စရိတ်စက ကြီးမားလွန်းတာကြောင့် ညည်းညူနေကြသည်။


ငါးဖမ်းကွင်းမန်နေဂျာက ထိုညည်းညူသံတွေကို နားမခံနိုင်တော့ဘဲ စိတ်မရှည်စွာ အော်ဟစ်လိုက်လေသည်။

"မတတ်နိုင်ရင်လည်း ကန်ထရိုက်မယူကြနဲ့ပေါ့! ဒါ မင်းတို့ကိုယ်တိုင် လိုချင်ခဲ့တဲ့ ရလဒ်ပဲ မဟုတ်လား !! အထက်လူကြီးတွေက အတည်ပြုပြီး စီမံကိန်းချပေးပြီးပြီ။ ဆက်ပြီး ညည်းညူမနေကြနဲ့၊ အချိန်ဆွဲနေရင် လက်ဗလာနဲ့ပဲ ကျန်ခဲ့လိမ့်မယ်!"


သူ့ရဲ့နောက်ဆုံးစကားက နည်းနည်းကြမ်းတမ်းပေမဲ့ လူအုပ်ကြီးကတော့ ငြိမ်ကျသွားခဲ့ရသည်။


လွန်ခဲ့တဲ့ ရက်ပိုင်းက အရာရာဟာ လေမုန်တိုင်းတစ်ခုလို လျင်မြန်ဆန်းကြယ်လွန်းခဲ့သည်။ ပထမတော့ ငါးဖမ်းကွင်းကြီးကို ပြုပြင်ပြောင်းလဲတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ ချမ်းသာတဲ့ ပြင်ပလူတစ်ယောက်ဆီ ငှားရမ်းတော့မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့သည်။


ချန်ရှောင်းချန်ရဲ့ ဇနီးသည်က ဘာအကြောင်းကြောင့်ရယ်မသိ၊ ရပ်ကွက်ထဲက အတင်းအဖျင်းပြောရတာ ဝါသနာပါသူတွေကို စည်းရုံးပြီး ပြည်သူပိုင်သိမ်းမယ့်ကိစ္စကို ကန့်ကွက်ဖို့ မြို့နယ်ရုံးကို သွားရောက်ဆန္ဒပြခဲ့ကြသည်။


သူတို့ရဲ့ ဆန္ဒပြမှုကြောင့် မြို့နယ်တာဝန်ရှိသူတွေဟာ မြို့ပြအာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ရသည်။ အဆုံးမရှိတဲ့ အစည်းအဝေးတွေအပြီးမှာတော့ မြို့ကြီးတွေရဲ့ စံနမူနာအတိုင်း ငါးဖမ်းကွင်းကို တစ်ဦးချင်းစီ ကန်ထရိုက်စနစ်နဲ့ အကွက်ငယ်လေးတွေ ခွဲဝေပေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။


သို့သော်လည်း ကန်ထရိုက်ဈေးနှုန်း စံနှုန်းတွေကို မြို့ကြီးတွေရဲ့ စံနှုန်းအတိုင်း သတ်မှတ်ထားပြီး၊ အဆိုပါ ချမ်းသာတဲ့ ပြင်ပလူကလည်း မြောက်မြားစွာသော ငွေကြေးပမာဏနဲ့ ကမ်းလှမ်းထားပြီးသား ဖြစ်နေသည်။


ဒါကြောင့် အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေလောက်မယ့် မြင့်မားတဲ့ ဈေးနှုန်းတွေ ဖြစ်ပေါ်လာရတော့သည်။ ယခုအခါ သူတို့ရဲ့ စိုးရိမ်ပူပန်မှုက ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ရုံတင်မကဘဲ အိတ်ကပ်ထဲမှာ ငွေကြေးမရှိတဲ့ ခါးသီးလှတဲ့ လက်တွေ့ဘဝဆီသို့ပါ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။


ချန်ပေါ်ရင်သည် ထိုမနက်စောစောကတည်းက ငါးဖမ်းထွက်ခဲ့တာကြောင့် ထိုကဲ့သို့ မြင့်မားလှတဲ့ ကန်ထရိုက်ဈေးနှုန်းတွေကို မသိရှိသေးပေ။


သူမအား ဒုက္ခပေးနေတဲ့ ဒုတိယအဒေါ်ကို တခြားနေရာမှာ သွားရောက်ပြဿနာရှာဖို့ လှည့်ဖြားမောင်းထုတ်ပြီးနောက်၊ ချန်ပေါ်ရင်သည် သူမရဲ့ အာရုံအားလုံးကို ငါးဖမ်းခြင်းအလုပ်ထဲ၌သာ မြှုပ်နှံထားလိုက်သည်။


ရက်အနည်းငယ်အတွင်းမှာပဲ သူမရဲ့ ထူးခြားဆန်းပြားတဲ့ စွမ်းအင်တွေက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး ငါးကြီးတွေကို ဆွဲဆောင်နိုင်တဲ့ 'ရေရဲ့အဆီအနှစ်'ကို စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။


ထို့ကြောင့် ထိုမနက်ခင်းတွင် သူမသည် ငါးမျှားတံကို ပုခုံးပေါ်ထမ်းကာ သူမရဲ့ ခွေးဝါလေး အာဝမ်ကို ခေါ်ပြီး ပုံမှန်ငါးဖမ်းနေကျ နေရာလေးဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။


သူမ သွားနေကျနေရာက ကျောက်ဆောင်ထူထပ်ပြီး ကမ်းခြေလာသူတွေ ခဲယဉ်းလှတဲ့ အထီးကျန်ဆန်သော နေရာလေးတစ်ခု ဖြစ်သည်။ အနီးအနားမှာ အုန်းပင်တွေမရှိ၊ ရံဖန်ရံခါ ပျံသန်းနေတဲ့ ဇင်ယော်ငှက်အချို့နဲ့ အောက်ခြေက တက်ကြွလှုပ်ရှားနေတဲ့ ရေအောက်သက်ရှိလောကကို အမှတ်ရစေတဲ့ ကြည်လင်ပြာလဲ့နေတဲ့ ပင်လယ်ပြင်ကြီးသာ ရှိသည်။


ထိုနေရာ၌ ရေစီးသန်ပြီး ရေနက်တာကြောင့် ငါးကြီးတွေ ကျက်စားဖို့ အကောင်းဆုံးနေရာ ဖြစ်သည်။ ကျောက်ဆောင်ပေါ်ကနေ ချော်ကျပြီး ပင်လယ်ထဲ ပြုတ်ကျမှာကို ကြောက်ရွံ့ကြတာကြောင့် ဒီနေရာမှာ ဘယ်သူမှ ငါးမမျှားရဲကြပေ။ သို့သော် ချန်ပေါ်ရင်ကတော့ ဘာမှပူစရာမလို။


ပင်လယ်ပြင်ကြီးတစ်ခုလုံးက ရေတွေနဲ့ ပြည့်နှက်နေပြီး၊ ရေစွမ်းအင်အသုံးပြုနိုင်သူတစ်ယောက်အနေနဲ့ ချန်ပေါ်ရင်အတွက် ကြောက်ရွံ့စရာ ဘာမှမရှိပေ။


"အာဝမ်..." သူမက တဖြည်းဖြည်း သွက်လက်တက်ကြွလာတဲ့ ခွေးဝါလေးကို ပြုံးပြီး မေးလိုက်သည်။ "ဒီနေ့ ငါ ငါးကြီးတစ်ကောင် မိမယ်ထင်လား?"


အာဝမ်ကတော့ သူ့သခင်မပြောတဲ့ 'ငါးကြီး' ဆိုတဲ့အဓိပ္ပာယ်ကို နားမလည်တာကြောင့် သခင်မရဲ့အသံကို ကြားရုံနဲ့တင် အမြီးတုတ်တုတ်ခါပြီး စိတ်လှုပ်ရှားစွာ ဟောင်လိုက်လေသည်။


ချန်ပေါ်ရင်က ဂရုမစိုက်ဘဲ ခွေးလေးကို စကားတပြောပြောနဲ့ ပင်လယ်ထဲသို့ မျှားကြိုး ချလိုက်သည်။


ငါးမျှားချိတ် ရေထဲကျသွားတာနဲ့ တစ်ပြိုင်နက် တောက်ပပြီး ဂျယ်လီလို အကြည်ရောင် ရေအဆီအနှစ် အစက်လေးက မျှားကြိုးတစ်လျှောက် စီးဆင်းသွားပြီး ငါးမျှားချိတ်ပေါ်မှာ တွဲခိုသွားသည်။


ထိုရေအဆီအနှစ် ပေါ်လာတာနဲ့ အာဝမ်က ချက်ချင်း မျက်လုံးတောက်သွားပြီး၊ ၎င်းက ရေထဲသို့ ပျောက်ကွယ်သွားတာကို မြင်လိုက်ရတဲ့အခါ ပေါ်ရင့်ရဲ့ အင်္ကျီလက်စကို အသည်းအသန် လာရောက်ဆွဲဆုတ်တော့သည်။


ပေါ်ရင်က သဘောကျစွာ ရယ်မောရင်း ပဲစေ့ခန့်ရှိတဲ့ ရေအဆီအနှစ်တစ်စက်ကို ထပ်မံဖန်တီးပြီး အာဝမ်ရဲ့ ပါးစပ်ထဲ ခွံ့ကျွေးလိုက်မှ ခွေးဝါလေး ငြိမ်ကျသွားတော့သည်။


ထို့နောက် သူမကိုယ်တိုင်အတွက်လည်း တစ်စက် သုံးဆောင်ဖို့ မမေ့ခဲ့ပေ။


သူမ ဒီကမ္ဘာကို ကူးပြောင်းရောက်ရှိလာတာ တစ်ပတ်ခန့် ရှိပြီဖြစ်သည်။ ထိုရေအဆီအနှစ်ကြောင့်သာ သေလုမြောပါး ဖြစ်နေတဲ့ သူမရဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ပြန်လည်ကျန်းမာလာရခြင်း ဖြစ်သည်။


ပေါ်ရင်က နှုတ်ခမ်းကို သပ်ရင်း သူမရဲ့ ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ ရေအဆီအနှစ် ဘယ်လောက်တောင် လိုအပ်ဦးမလဲလို့ တွေးနေမိစဉ်...


 ရုတ်တရက် ငါးမျှားတံပေါ်သို့ အလွန်လေးလံလှတဲ့ ဆွဲအားတစ်ခု သက်ရောက်လာပြီး သူမကို သတိပြန်ဝင်လာစေသည်။


အမှန်ပင်... အောက်ခြေကနေ ပြင်းထန်တဲ့ ဆွဲအားတစ်ခု သက်ရောက်နေသည်။ လှိုင်းလေထန်နေတဲ့ ပင်လယ်ပြင်ကြီးက ပိုမိုကြမ်းတမ်းလာပြီး လှိုင်းလုံးကြီးတွေက ကျောက်ဆောင်တွေကို ရိုက်ခတ်လို့ ဆူညံသံတွေ ထွက်ပေါ်လာသည်။


အာဝမ်ရဲ့ အသံပျော့ပျော့လေးကလည်း စိုးရိမ်တကြီး ဟောင်သံအဖြစ် ပြောင်းလဲသွားခဲ့ပြီ။


ငါးမျှားချိတ်မှာ မိနေတဲ့ သတ္တဝါကြီးကို ထိန်းကျောင်းရင်း ပေါ်ရင်က ကျောက်ဆောင်အောက်က ရေပြင်ကို ငုံ့ကြည့်လိုက်သည်။ တစ်မီတာနီးပါး ရှည်လျားလှတဲ့ အမြီးကြီးတစ်ခု ရေပြင်ပေါ် ပေါ်လိုက်မြုပ်လိုက် ဖြစ်နေတာကို သူမ လှမ်းမြင်လိုက်ရသည်။


မျှားကြိုးကို ဆွဲနေတဲ့ အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် ထိုငါးကြီးဟာ ပေါင်ငါးဆယ် (ပိဿာ ၂၀ ကျော်) မက အလေးချိန်ရှိမယ်လို့ သူမ ခန့်မှန်းလိုက်သည်။


'ဝါး... အံ့ဩစရာပဲ!' သူမ တွေးလိုက်မိသည်။ 'ရေအဆီအနှစ်ကို ပထမဆုံးအကြိမ် သုံးလိုက်တာနဲ့ ဒီလိုငါးကြီး မိလိမ့်မယ်လို့ မထင်ထားမိဘူး!'


ပေါ်ရင်က အသက်ကို ပြင်းပြင်းရှူသွင်းပြီး ငါးမျှားတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ သူမရဲ့ မျက်ဝန်းတွေက စူးရှသွားပြီး၊ လက်မောင်းကြွက်သားတွေ တင်းမာလာကာ ခြေထောက်ကို ကျောက်ဆောင်ပေါ်မှာ အခိုင်အမာ နင်းထားလိုက်သည်။ ထို့နောက် အင်အားအပြည့်နဲ့ လက်မောင်းနှစ်ဖက်လုံးကို လွှဲပြီး အပေါ်သို့ ဆွဲတင်လိုက်လေသည်။


နေရောင်အောက်မှာ ရွှေရောင်အကြေးခွံတွေက တလက်လက် တောက်ပသွားပြီး ရေမှုန်ရေမွှားတွေက ကောင်းကင်ယံမှာ သက်တံတစ်ခုလို ဖြာထွက်သွားသည်။ ခဏအကြာမှာတော့ တစ်မီတာနီးပါး ရှည်လျားတဲ့ ငါးကြီးတစ်ကောင်က ကမ်းစပ်ကျောက်ဆောင်ပေါ်သို့ ဝုန်းခနဲ ကျရောက်လာတော့သည်။


ထိုဆူညံသံကြောင့် အနီးအနားက ရေကျချိန် ကမ်းခြေမှာ လှုပ်ရှားနေကြသူတွေ အပြေးအလွှား ရောက်ရှိလာကြသည်။


"အို ဘုရားရေ... ကြည့်စမ်းပါဦး၊ ဒါ ကကတစ်ရွှေငါးကြီး  မဟုတ်လား!"


"အမလေး... ဒီလိုငါးမျိုးက ရွှေထက်တန်ဖိုးရှိတာဟေ့!"


"ဒါကို ရောင်းရင် ဘယ်လောက်တောင် ရမလဲမသိဘူး?"

မိန်းမတွေကော ကလေးတွေပါ အားလုံးက ထိုငါးကြီးကို ဝိုင်းအုံကြည့်ရှုရင်း ၎င်းရဲ့ တန်ဖိုးအပေါ် စိတ်ဝင်စားနေကြသည်။


လူတွေ အုံလာတာကို မြင်တော့ ပေါ်ရင်က သူမရဲ့ ငါးဖမ်းပိုက်ကွန်ကို အမြန်ဆွဲယူပြီး ကကတစ်ငါးကြီးကို အထဲသို့ ထည့်လိုက်သည်။ သဘာဝတောရိုင်း ကကတစ်ရွှေငါးတွေဟာ အမြဲတမ်း တန်ဖိုးကြီးမားပြီး၊ ကြီးလေလေ ဈေးကောင်းရလေလေဖြစ်သည်။ ဒီငါးကြီးဆိုရင် အနည်းဆုံး ယွမ်သုံးရာကနေ ငါးရာအထိ အလွယ်တကူ ရနိုင်ပေသည်။


"ညည်းက ချန်တာချန်ရဲ့ ကောလိပ်ကျောင်းသူ သမီးလေးမလား?" အသက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က ပေါ်ရင်ကို လှမ်းအော်မေးလိုက်သည်။


ပေါ်ရင်က ငါးကို ထုပ်ပိုးပြီး အိမ်ပြန်ဖို့ ပြင်နေစဉ် ထိုအမျိုးသမီးက စိတ်အားထက်သန်စွာနဲ့ ပြေးလာပြီး...

 

"လာ လာ... အဒေါ် ဝိုင်းသယ်ပေးမယ်! ညည်းအဖေကို မြို့ပေါ်က ဝယ်မယ့်လူဆီ ချက်ချင်းသွားပို့ခိုင်းမှ ဖြစ်မယ်!"


အမျိုးသမီးရဲ့ မျက်ဝန်းတွေထဲမှာ စေတနာတွေ အပြည့်ရှိနေတာကြောင့် ပေါ်ရင်က ထိုအမျိုးသမီးကို မမှတ်မိပေမဲ့လည်း အကူအညီကို လက်ခံလိုက်သည်။


သူတို့ လမ်းမလျှောက်ရသေးခင်မှာပဲ သတင်းကြားလို့ အပြေးအလွှား ရောက်လာတဲ့ ချန်ပေါင်အန်းနဲ့ လမ်းမှာ တိုးတော့သည်။


"ညီမလေး... ဟိုကလေးတွေ လာပြောတုန်းက ငါက နောက်နေတယ်မှတ်တာ!" သူက အံ့ဩတကြီး ရေရွတ်လိုက်သည်။ "အမလေး... ဒီလို ကကတစ်ရွှေငါးကြီးကို ကမ်းစပ်မှာ တင် မျှားလို့ရတယ်လို့!"


"ဟုတ်ပဟယ်! ငါတို့လည်း မျက်စိနဲ့တပ်အပ်မမြင်ရင် ယုံမှာမဟုတ်ဘူး!" အသက်လတ်ပိုင်းအမျိုးသမီးက ခေါင်းတငြိမ့်ငြိမ့်နဲ့ ထောက်ခံလိုက်သည်။


 နောက်က လိုက်လာတဲ့ လူအုပ်ကြီးကလည်း စိတ်လှုပ်ရှားစွာနဲ့ ဝိုင်းပြောကြသည်။ ဒီလောက်ကြီးမားတဲ့ ငါးကြီးကို ကမ်းစပ်မှာတင် ဖမ်းမိတယ်ဆိုတာကို သူတို့ ယုံနိုင်စရာမရှိအောင် ဖြစ်နေကြဆဲ။


"ယုံစီးအမေ... ဝိုင်းကူပေးလို့ တကယ်ကျေးဇူးတင်ပါတယ်နော်" ပေါ်ရင်က ပြောလိုက်သည်။ "ယုံစီး ငါ့ဆီ ပြေးလာကတည်းက အဒေါ် လွှတ်လိုက်တာလို့ ငါ သိနေတယ်"


သူတို့စကားပြောသံကို နားထောင်ရင်း ပေါ်ရင်က ထိုအမျိုးသမီးဟာ ရွာလူကြီး သုံးဦးမြောက်ဦးလေးရဲ့ ချွေးမ ဖြစ်မှန်း သတိရသွားသည်။ သုံးဦးမြောက်ဦးလေးက ရွာလူကြီးနဲ့အတူ ငါးဖမ်းကွင်းကိစ္စကို အဓိက ဆွေးနွေးပေးနေသူ ဖြစ်ပြီး ယုံစီးကတော့ ထိုအမျိုးသမီးရဲ့ သားဖြစ်သည်။


"ဟယ်... ဘာမှမဟုတ်တာ၊ အချင်းချင်းပဲကို" ယုံစီးအမေက ပြောသည်။ "ဒါနဲ့... ဒီကကတစ်ရွှေငါးကြီးကို မြို့ပေါ် ချက်ချင်းပို့ဖို့ မြန်မြန်လုပ်ဦး။ နေကလည်း ပူလှချည်ရဲ့၊ ကြာရင် ပုပ်သွားလိမ့်မယ်"


ချန်ပေါင်အန်းက ပထမတော့ ယုံစီး စကားကို ပုံကြီးချဲ့ပြောတယ် ထင်ထားတာကြောင့် ကားနဲ့ ရေခဲတွေကို ကြိုတင်ပြင်ဆင်မထားခဲ့မိဘဲ ယခုမှ စိုးရိမ်စိတ် ဝင်လာတော့သည်။


ပေါ်ရင်ကတော့ နေပူတာ ဘာမှမဖြစ်ဘူးလို့ ပြောချင်နေမိသည်။ သူမသည် သူမရဲ့ စွမ်းအင်ကို အသုံးပြုပြီး ငါးတစ်ကောင်လုံးကို ရေလွှာအပါးလေးနဲ့ ပတ်ထားတာကြောင့် လတ်ဆတ်မှုက အပြည့်ရှိနေသည်။


သို့သော် သူမက... "အစ်ကို... အစ်ကို အမြန်သွားပြီး ကားနဲ့ ရေခဲ သွားငှားလိုက်။ ညီမတို့ ငါးကို လမ်းမကြီးပေါ် သယ်သွားပြီး စောင့်နေမယ်"


ငါးဖမ်းကွင်းမှာ ငါးတွေသယ်ဖို့ ကားနဲ့ ရေခဲတွေ အဆင်သင့်ရှိတာကြောင့် သူမအစ်ကိုအနေနဲ့ အလွယ်တကူ သွားရောက်ငှားရမ်းနိုင်သည်။


အားလုံး ဝိုင်းဝန်းကူညီကြတာကြောင့် ကကတစ်ရွှေငါးကြီးကို မြို့ပေါ်သို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့သည်။

ငါးကြီး ထွက်သွားပြီးနောက်မှာတော့ ရွာထဲက ရိုက်ခတ်မှုက ပိုမိုပြင်းထန်လာခဲ့သည်။


အဓိကအကြောင်းရင်းကတော့ သူတို့ ငါးကြီးကို သယ်ဆောင်သွားစဉ် ငါးဖမ်းကွင်းဂိတ်ဝက ကြေညာသင်ပုန်းရှေ့ကနေ ဖြတ်သန်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုနေရာမှာ ကန်ထရိုက်စရိတ်ကြီးမားလို့ စိတ်ပျက်နေတဲ့ ရွာသားတွေ စုရုံးနေကြတာ ဖြစ်သည်။


ချန်ပေါင်အန်းက ငါးသွားရောင်းနေစဉ် ရွာသားတွေကတော့ ပေါ်ရင်တို့ အိမ်ဆီသို့ စုပြုံရောက်ရှိလာကြတော့သည်။


"ချန်တာချန်ရေ... မင်းသမီး မိတဲ့ ကကတစ်ရွှေငါးကြီးက ယွမ်သုံးရာကနေ ငါးရာအထိ ရနိုင်တယ်ဟေ့။ မင်းတို့မိသားစုတော့ ငါးဖမ်းကွင်း ကန်ထရိုက်ကြေးအတွက် ပူစရာမလိုတော့ဘူး ထင်တယ်"


ပေါ်ရင်က အိမ်အမိုးအောက်မှာ ထိုင်ရင်း ခွေးဝါလေး အာဝမ်ကို ရေချိုးပေးနေသည်။ ခွေးလေးက ငါးကြီးမိတုန်းက စိတ်လှုပ်ရှားပြီး ငါးကြီးကို သွားကုတ်ဖက်ခဲ့တာကြောင့် တစ်ကိုယ်လုံး ငါးညှီနံ့တွေ နံစော်နေခဲ့ခြင်း ဖြစ်သည်။


ဧည့်ခန်းထဲက ရွာသားတွေရဲ့ စကားသံကို နားထောင်ရင်း ပေါ်ရင် တစ်ယောက် စကားမရှိ အသည်းယားမိသည်။ သူမ ငါးဖမ်းကွင်း ကန်ထရိုက်ဈေးနှုန်းတွေကို မြင်ဖူးသည်။ အစွန်အဖျားဆုံး အညံ့စားနေရာလေးတောင် တစ်နှစ်ကို ယွမ် ၂၀,၀၀၀ ပေးရပြီး၊ အကောင်းဆုံးနေရာဆိုရင် ယွမ် ၁၀၀,၀၀၀ အထိ ဈေးပေါက်သည်။


နိုင်ငံက စီးပွားရေးပွင့်လင်းလာတာ နှစ်အနည်းငယ် ရှိပြီဆိုပေမဲ့ သူတို့ရွာလေးကတော့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ရွာငယ်လေးမျှသာ ဖြစ်တာကြောင့် ဒီဈေးနှုန်းက မတန်တဆ ကြီးမားလွန်းလှသည်။


သူမမိတဲ့ ကကတစ်ရွှေငါးကြီးက အလွန်ဆုံးရမှ ယွမ်ငါးရာပဲ ရမှာဖြစ်ပြီး ယွမ် ၂၀,၀၀၀ ဆိုတဲ့ ကန်ထရိုက်ကြေးနဲ့ ယှဉ်ရင် အဝေးကြီး လိုပါသေးသည်။


ပေါ်ရင် သက်ပြင်းချရင်း တွေးလိုက်မိသည်။ 'ကမ္ဘာပျက်ကပ်တုန်းကတော့ ငတ်သေမှာ ကြောက်ရပြီး၊ အေးချမ်းတဲ့ ခေတ်ကျတော့လည်း ငွေမရှိမှာ ပူရပြန်ရော။ ခေတ်တိုင်းမှာ သူ့ဒုက္ခနဲ့သူ ရှိတာပဲ။'


အချို့ရွာသားတွေက ယွမ်ငါးရာဆိုတဲ့ ပမာဏကို အားကျပြီး သူမ ငါးကို ဘယ်လိုဖမ်းခဲ့လဲဆိုတာ လာရောက်မေးမြန်းကြသည်။ ဘယ်သူမှ သူမကို တောရွာမှာ သောင်တင်နေတဲ့ ကောလိပ်ကျောင်းသူဆိုပြီး မလှောင်ပြောင်ကြတော့ဘဲ ငါးကြီးတွေဖမ်းပြီး ငွေဘယ်လိုရှာရမလဲဆိုတဲ့ လျှို့ဝှက်ချက်ကိုသာ သိချင်နေကြသည်။


"ဒီလိုပဲ ပုံမှန်အတိုင်း မျှားတာပါပဲ!" ပေါ်ရင်က ပုခုံးတွန့်ပြလိုက်သည်။

သူမ ဒီထက်ပိုပြီး ဘာပြောနိုင်ဦးမှာလဲ။ ရေအဆီအနှစ်သာ မပါရင် သူမလည်း ငါးသေးငါးမွှားတွေပဲ ရမှာပဲလေ။


 ရွာသားတွေကတော့ ဒါကို ရိုးရိုးရှင်းရှင်းပဲလို့ မယုံကြည်ကြပေ။ သို့သော် ငါးဖမ်းခြင်းဆိုတာ အရည်အချင်းထက် ကံတရားအပေါ် ပိုမူတည်တာကြောင့်လည်း ဖြစ်သည်။

ဘယ်လို လျှို့ဝှက်ချက်မှ မရနိုင်တော့တာကို သိသွားပြီး၊ ငါးကြီးကိုလည်း ဈေးပေါပေါနဲ့ မရနိုင်တော့မှန်း သိလိုက်ရတဲ့အခါ ရွာသားတွေဟာ နာရီဝက်ခန့်အကြာမှာ တဖြည်းဖြည်း ပြန်သွားကြတော့သည်။


"နောက်ဆုံးတော့ အားလုံး သွားကြပြီ..." ရွှီအာမေက သက်ပြင်းချရင်း ပေါ်ရင့်ဆီ ပြေးလာပြီး သူမရဲ့ ကျောကို ဖြတ်ခနဲ ရိုက်လိုက်သည်။ "ညည်းကတော့လေ တကယ် သတ္တိခဲပဲ! ဟို ချော်လဲလွယ်တဲ့ ကျောက်ဆောင်တွေပေါ်မှာ သွားပြီး ငါးမျှားရဲတယ်! ဒီလောက် ငါးကြီး မိလာတာတောင်မှပဲ! တစ်ချက်လေး လွဲချော်တာနဲ့ ပင်လယ်ထဲ ပြုတ်ကျသွားနိုင်တာကို။ မိခင်ဖြစ်သူကို ရင်တထိတ်ထိတ် ဖြစ်အောင် လုပ်ရက်တယ်!"


ပေါ်ရင်က မိခင်ဖြစ်သူကို သူမ နေရာအသစ်မှာ သွားမျှားတာကို မပြောခဲ့မိတာကြောင့် အပြစ်ရှိသလို ခံစားရပြီး မိခင်ကို လှမ်းကြည့်ကာ... "သမီး ဘာမှမဖြစ်ဘဲ ဘေးကင်းကင်း ပြန်ရောက်လာပြီပဲဥစ္စာ!"


"အခု ဘာမှမဖြစ်ပေမဲ့... တစ်ခုခုဖြစ်လာရင် ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးနော်။ ငါးမျှားချင်သလောက် မျှား၊ အဲဒီ ကျောက်ဆောင်တွေဆီတော့ နောက်တစ်ခါ မသွားနဲ့!"


ပေါ်ရင်က ဒီနေ့ ထိုနေရာမှာ လူတွေ အုံခဲနေတာကို တွေးမိပြီး နှမြောတံတား ခေါင်းခါလိုက်သည်။ "သမီး နောက်တစ်ခါ သွားချင်ရင်တောင် နေရာရတော့မှာ မဟုတ်ပါဘူး အမေရဲ့"


ရွာသားတွေက အယူအဆ ရှိကြသည်။ ယခု ပေါ်ရင် ဒီနေရာမှာ ကကတစ်ရွှေငါးကြီး မိသွားတာကို မြင်ပြီးကတည်းက တစ်ယောက်ယောက်ကတော့ ထိုနေရာကို ကံကောင်းတဲ့နေရာဆိုပြီး အပိုင်လာဦးမှာ သေချာသည်။ အထူးသဖြင့် အခုလို အားလုံး ငွေလိုနေပြီး ကန်ထရိုက်အတွက် ပြင်ဆင်နေချိန်မှာ ပိုလို့တောင် မဖြစ်နိုင်တော့ပေ။


ရွှီအာမေကလည်း ဒါကို အမှန်ပဲလို့ လက်ခံလိုက်သည်။ စိတ်ပျက်လက်ပျက်နဲ့ ပေါ်ရင့်ပုခုံးကို ထပ်မံပုတ်လိုက်ပြီးနောက်... "နောက်ရက်အနည်းငယ်အတွင်းမှာ ညည်းအဖေနဲ့ငါ ညည်းအဒေါ်ဆီမှာ သွားပြီး အကူအညီတောင်းရလိမ့်မယ် ထင်တယ်"


ပေါ်ရင်က ချက်ချင်းပဲ မိဘတွေက သူမရဲ့ အဒေါ်ဆီကနေ ငွေချေးဖို့ ပြင်နေမှန်း သိလိုက်သည်။ သူမရဲ့ ဖခင် ချန်တာချန်မှာ မောင်နှမ နှစ်ယောက်ရှိသည်။ ညီဖြစ်သူ ချန်ရှောင်းချန် (ဒုတိယဦးလေး) နှင့် ညီမဖြစ်သူ ချန်ဟိုင်အူး  တို့ ဖြစ်ကြသည်။


သူမရဲ့ ဖခင်နဲ့ ဒုတိယဦးလေးက ငါးဖမ်းကွင်းမှာ လုပ်ကိုင်ကြပြီး အဒေါ် ဟိုင်အူးနဲ့ သူမရဲ့ ခင်ပွန်းကတော့ မြို့ပေါ်မှာ ကျောင်းဆရာမအလုပ် လုပ်ကိုင်တာကြောင့် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားကြသည်။


သူတို့ဆီမှာ ယွမ် ၂၀,၀၀၀ တော့ ရှိမှာ သေချာပေမဲ့ အဒေါ် ဟိုင်အူးဆီကနေ ဒီလောက်များပြားတဲ့ ငွေပမာဏကို ချေးဖို့ဆိုတာ မလွယ်ကူလှပေ။ သူမမှာ အစ်ကိုကြီး နှစ်ယောက်ရှိတာကြောင့် အစ်ကိုကြီးတစ်ယောက်ကိုပဲ ချေးပြီး ဒုတိယဦးလေးကို မချေးရင် မိသားစုအတွင်း ပြဿနာတက်နိုင်သည်လေ။


မိခင်နဲ့ သမီး နှစ်ယောက် ဒုတိယဦးလေးအကြောင်း ဆွေးနွေးနေစဉ်မှာပဲ... ရုတ်တရက် ဒုတိယအဒေါ် ဟယ်ချောင်ကျယ်ရဲ့ ကျယ်လောင်စူးရှတဲ့ အသံကြီး ထွက်ပေါ်လာတော့သည်။


"အို... ယောင်းမရေ!" ဟယ်ချောင်ကျယ်က အော်ဟစ်ဝင်လာသည်။ "ပေါ်ရင် တစ်ယောက် ကံထူးပြီး ပေါင်ငါးဆယ်ကျော်တန်တဲ့ ကကတစ်ရွှေငါးကြီး မိတယ်လို့ ကြားရတယ်။ ဒါဆိုရင်တော့ ချမ်းသာပြီပေါ့! ကျွန်မတို့လည်း ငါးဖမ်းကွင်း ကန်ထရိုက်ယူဖို့ ငွေလိုနေတာ၊ ဒီတစ်ခါတော့ ယောင်းမတို့ ကျွန်မတို့ကို ဝိုင်းကူမှ ဖြစ်မယ်နော်!"


'လာပြန်ပြီ...' ပေါ်ရင်က ထိုအရှက်မရှိတဲ့ အဒေါ်ဖြစ်သူကို ကြည့်ပြီး မျက်လုံးလှန်လိုက်မိသည်။ သူမ ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ မိခင်ဖြစ်သူ ရွှီအာမေကလည်း အလျှော့ပေးမယ့်သူ မဟုတ်တာကြောင့် ချက်ချင်း ထရပ်လိုက်တော့သည်။


"အို...ယောက်မ ရယ်၊ အချိန်ကိုက် ရောက်လာတာပဲ! တို့လည်း အခက်အခဲ တွေ့နေတာ။ ငါးဖမ်းကွင်း ကန်ထရိုက်အတွက် ယွမ် ၂၀,၀၀၀ လိုနေတာလေ။ ယောင်းမ ရောက်လာတာနဲ့ အတော်ပဲ! လွန်ခဲ့တဲ့ နှစ်တွေက ယောင်းမယောက်ျား တို့ဆီကနေ ငွေတွေ ခဏခဏ လာချေးထားတာလေ။ ငါ အကုန် စာရင်းမှတ်ထားတယ်... အားလုံးပေါင်းရင် ယွမ် ၂၅၀ ရှိတယ်။ အခု တို့လည်း ငွေလိုနေတာဆိုတော့ အဲဒီငွေတွေ ပြန်ဆပ်ရင် အတော်ပဲပေါ့!"


ပေါ်ရင်သည် 'ယွမ် ၂၅၀' ဆိုတဲ့ စကားကို ကြားရတဲ့အခါ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။ ဒုတိယဦးလေး ချန်ရှောင်းချန်သည် သူမဖခင်အပေါ် အမြဲတမ်း အမြတ်ထုတ်ခဲ့သူ ဖြစ်သည်။ ငယ်စဉ်က မုန့်ဖိုးကစလို့ ကြီးလာတဲ့အထိ ငွေကြေးတွေအမြဲတမ်း တောင်းခံခဲ့သည်။ သူမရဲ့ ဖခင်ကလည်း သားကြီး အကြီးဆုံးပီပီ ညီဖြစ်သူကို စောင့်ရှောက်ရမယ်ဆိုတဲ့ အသိနဲ့ မတန်တဆ မဟုတ်ရင် အမြဲတမ်း လွှတ်ထားပေးခဲ့သည်။


သို့သော်လည်း ရွှီအာမေကတော့ အလျှော့ပေးမယ့် အထဲမှာမပါဝင်။ သူမသည် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ပြားမကျန် စာရင်းတွေကို စာအုပ်အစုတ်လေးထဲမှာ အသေအချာ မှတ်သားထားခဲ့ခြင်း ဖြစ်သည်။


ဟယ်ချောင်ကျယ် ရောက်လာတာနဲ့ တစ်ပြိုင်နက် ရွှီအာမေက ထိုစာအုပ်လေးကို ထုတ်ပြီး... လာရောက်ကြည့်ရှုနေတဲ့ အိမ်နီးနားချင်းတွေရှေ့မှာတင် အသေးစိတ်စာရင်းတွေကို တစ်ခုချင်းစီ အသံကျယ်ကျယ်နဲ့ ဖတ်ပြတော့သည်။


အပ်ချည်ကြိုးကစလို့ ယွမ်တစ်ဆယ်၊ နှစ်ဆယ်အထိ အသေးစိတ်စာရင်းတွေကို ကြားရတဲ့အခါ အိမ်နီးနားချင်းတွေက ခေါင်းတငြိမ့်ငြိမ့်နဲ့ သဘောကျနေကြသည်။


ဟယ်ချောင်ကျယ်တစ်ယောက် ထိုသို့ စာရင်းအင်းတွေနဲ့ အတိုက်ခံရတော့ လုံးဝ ဆွံ့အသွားပြီး... ဒေါသတကြီးနဲ့ အပေါ်အောက် ခုန်ပေါက်ကာ အော်ဟစ်လေတော့သည်။


"ကျွန်မယောက်ျားက အစ်မကြီးယောက်ျားကို 'အစ်ကိုကြီး' လို့ ခေါ်တာလေ! ညီဖြစ်သူကို အစ်ကိုကြီးက ကြည့်ရှုစောင့်ရှောက်ရမှာ မဟုတ်ဘူးလား? ဟို ကကတစ်ရွှေငါးကြီးဆိုရင်လည်း ယွမ်ရာချီရမှာကို၊ တစ်ဦးတည်းသော ညီအရင်းခေါက်ခေါက်ကိုတောင် ငွေမချေးနိုင်ဘူးလား.. အခုကျမှ အဟောင်းတွေ လာမွှေနေတယ်! ကျွန်မတော့ ဒါကို လက်မခံနိုင်ဘူး! မကျေနပ်ရင် ချန်ရှောင်းချန် ဆီမှာပဲ သွားတောင်းချေ!"


ပြောပြောဆိုဆိုနဲ့ပဲ သူမသည် ဘောင်းဘီ မီးလောင်နေသကဲ့သို့ အိမ်ထဲကနေ အမြန်ဆုံး ထွက်ပြေးသွားတော့သည်။


ရှောင်းချိုးရဲ့ မိခင်က လျှာတသပ်သပ်နဲ့... "အာမေရေ... ညည်းတို့မိသားစုက သဘောကောင်းလွန်းလို့။ ကြည့်စမ်း... ချန်ရှောင်းချန်နဲ့ သူ့မိန်းမကတော့ အလိုလိုက်ထားလို့ ပျက်စီးနေပြီ!"


ရွှီအာမေက သက်ပြင်းချလိုက်သည်။ "ကျွန်မယောက်ျားရဲ့ အကျင့်ကိုလည်း အစ်မ သိသားပဲ။ သူက မိသားစုကို အမြဲတမ်း ပထမနေရာမှာ ထားတာလေ၊ နည်းနည်းပါးပါး အရှုံးခံရတာကို ဂရုမစိုက်ဘူး။ ဒါနဲ့... ရှောင်းချိုးရဲ့ အိမ်ထောင်ရေးကိစ္စကော ဘယ်လိုရှိလဲ?"


ပေါ်ရင်က မိခင်ဖြစ်သူရဲ့ ပါးနပ်စွာနဲ့ စကားလမ်းကြောင်းလွှဲလိုက်မှုကို စိတ်ထဲကနေ လက်ခုပ်တီး ချီးကျူးလိုက်မိသည်။ ဖခင်ဖြစ်သူရဲ့ မောင်နှမအပေါ် သံယောဇဉ်ကြီးတဲ့ကိစ္စက အိမ်တွင်းရေးဖြစ်တာကြောင့် အပြင်လူတွေရှေ့မှာ မပြောတာ အကောင်းဆုံး ဖြစ်သည်။


ထို့အပြင် ပေါ်ရင်အနေနဲ့ အိမ်နီးနားချင်းတွေက သူမကို ငါးဖမ်းတဲ့ လျှို့ဝှက်ချက်တွေ လာမေးမှာကိုလည်း ကြောက်ရွံ့နေမိသည်။

သို့သော် ပေါ်ရင့်ရဲ့ အေးချမ်းမှုက ကြာကြာမခံလိုက်ပေ။


 သူမရဲ့ အစ်ကိုဖြစ်သူက မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် နီမြန်းပြီး ခြေလှမ်းတွေ ကြွရွကာ အိမ်ထဲသို့ ပြေးဝင်လာသည်။


သူ့ရဲ့ ပုံစံကို ကြည့်ရုံနဲ့တင်... ထိုကကတစ်ရွှေငါးကြီးဟာ မျှော်လင့်ထားတာထက် ပိုမိုများပြားတဲ့ ငွေကြေးပမာဏကို ရရှိခဲ့မှန်း သိသာလှပေသည်...။