အခန်း (၃၀) ဝေမင်ထင်၏ ဒေါသ
Viewers 57

"ဟင်" 

ရှောင်ပေ့သည် ကြောင်အမ်းအမ်းဖြစ်သွားကာ သူ့သခင်လေး ဘာကိုဆိုလိုမှန်းကိုပင် နားမလည်နိုင်ဖြစ်နေသည်။

"ဘယ်သူပဲလာလာ ငါနိုးလာပြီလို့ မပြောနဲ့၊ ငါ သတိမေ့နေတုန်းပဲလို့ပဲ ဟန်ဆောင်ထား" 

ဝေကျင်းယီသည် ရှောင်ပေ့ကို ထပ်မံမှာကြားလိုက်ပြန်သည်။

ရှောင်ပေ့သည် ဝေကျင်းယီ၏ အကြံအစည်ကို အပြည့်အဝ နားမလည်သော်လည်း ဆယ်စုနှစ်တစ်ခုကြာ အတူရှိခဲ့သော အစေခံဖြစ်သည့်အားလျော်စွာ သခင်လေး၏ ဆုံးဖြတ်ချက်ကို အကြွင်းမဲ့ယုံကြည်သည်။ 

ထို့ကြောင့် သူသည် ချက်ချင်းပင် အစောင့် ကျင့်ဟူး ကို သွားရှာကာ သခင်လေးမှာကြားသည့်အတိုင်း ပြောလိုက်သည်။ 

ကျင့်ဟူးသည်လည်း နှေးကွေးနေခြင်းမရှိပဲ မြင်းကိုအမြန်စီး၍ အပြင်သို့ ထွက်ခွာသွားတော့သည်။

နဂါးလှေပွဲတော် နီးကပ်လာပြီဖြစ်၍ အရုဏ်ဦးသည် စောစီးစွာပင် ပေါ်ထွက်လာသည်။ လမင်းကြီး လုံးဝမကွယ်ပျောက်သေးမီမှာပင် အရှေ့ဘက်ကောင်းကင်ယံ၌ အလင်းရောင် သန်းလာချေပြီ။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် မြင်းကို အရှိန်ပြင်းစွာ စီးနှင်လာသည်။ 

ဝေအိမ်တော်တံခါးဝသို့ ရောက်သည်နှင့် ဝေမင်ထင်သည် မြင်းပေါ်မှ ခုန်ဆင်းကာ အထဲသို့ အပြေးအလွှား ဝင်သွားတော့သည်။ 

အိမ်တော်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲ အချိန်တွင် ဝေမင်ထင်၏ ခြေသံပြင်းပြင်းများက အထဲသို့ ရောက်ရှိလာသဖြင့် အားလုံး အံ့အားသင့်သွားကြသည်။

"ရှင်... ရှင်ပြန်လာပြီလား" 

ယွမ်ရှီးသည် ခင်ပွန်းဖြစ်သူ ဤမျှစောစော ပြန်ရောက်လာသဖြင့် အံ့သြသွားသည်။

ဝေမင်ထင်၏ မျက်နှာမှာ ဒေါသကြောင့် နှုတ်မဆက်နိုင်ဖြစ်ကာ အရေးကြီးသည့် အကြောင်းအရာကိုသာ မေးလိုက်လေသည်။

"ကျင်းယီ အခု ဘယ်လိုနေလဲ" 

"ကျင်းယီ" 

ယွမ်ရှီးလည်း ရုတ်တရက် ဆွံ့အသွားလေသည်။

"ငါမေးနေတာ ကျင်းယီ အခု ဘယ်လိုနေလဲလို့" 

ဝေမင်ထင်၏ အသံမှာ ဟိန်းထွက်နေလေသည်။ယွမ်ရှီး ဘာပြန်ဖြေရမှန်း မသိဘဲ ဖြစ်နေစဉ်မှာပင် မနေ့ညက ဝေချင်းဝမ်ကို လာကြည့်ပေးသော ဆရာဝန် ရောက်လာသည်။

ဝေမင်ထင်သည် ဆရာဝန်ကို တွေ့သောအခါ တိုက်ရိုက်မေးလိုက်သည်။

"ငါ့သား အခြေအနေ ဘယ်လိုလဲ"

ဆရာဝန်လည်း ကြောင်တောင်တောင် ဖြစ်ကာဖြင့် ပြန်လည်ကာ မေးလိုက်သည်။

"ဝေစစ်သူကြီး... သင့်သားလည်း ဖျားနေတာလား" 

ထိုစကားကို ကြားလိုက်ရသောအခါ ဝေမင်ထင်၏ မျက်နှာမှာ ပို၍ အေးစက်သွားကာ ရင်ကျူးယွမ် ဘက်သို့ အရှိန်အဟုန်ဖြင့် လျှောက်သွားတော့သည်။ 

ယွမ်ရှီးလည်း ထိတ်လန့်သွားကာ ဆရာဝန်ကို ဆွဲ၍ နောက်မှ အမှီလိုက်ရသည်။

ရင်းကျူယွမ်ထဲသို့ ရောက်သောအခါ ဝန်းကျင်တစ်ခုလုံး ခြောက်ကပ်နေပြီး အိပ်ခန်းထဲတွင် ရှောင်ပေ့တစ်ဦးတည်း စောင့်နေသည်ကို တွေ့ရသည်။ 

ဝေမင်ထင်သည် ကုတင်ပေါ်တွင် သွေးမရှိသလို ဖြူလျော့နေသော ဝေကျင်းယီကို မြင်လိုက်ရသောအခါ ဒေါသတကြီး မေးမြန်းတော့သည်။

ရှောင်ပေ့သည် ဒူးထောက်ကာဖြင့် ပြောလေသည်။

"သခင်လေး နေမကောင်းဖြစ်နေတာ ရက်အနည်းငယ် ရှိပါပြီ..အစကတော့ အသေးအဖွဲထင်လို့ ဘယ်သူ့ကိုမှ မနှောင့်ယှက်ချင်တာနဲ့ ဂျင်းလက်ဖက်ရည်ပဲ သောက်ခဲ့တာပါ..ဒါပေမဲ့ မနေ့ညကမှ ရုတ်တရက် အခြေအနေဆိုးလာပြီး သတိလစ်သွားတာပါ..ကျွန်တော်မျိုး အထိန်းတော်ကြီးဆီသွားပြီး ဆရာဝန်ခေါ်ပေးဖို့ တောင်းပန်ပေမယ့် ဝမ်မေယွမ်က အစေခံတွေက အဝင်မခံပါဘူး..အဲဒါနဲ့ သခင်မလေးရော့ဆီ သွားအကူအညီတောင်းတော့မှ သူက လိုက်လာပေးတာပါ ဒါပေမဲ့ အထိန်းတော်လီက သခင်လေးရဲ့ ရောဂါက မပြင်းထန်ဘူးဆိုပြီး ဆရာဝန် ခေါ်မပေးခဲ့ပါဘူး..."

ရှောင်ပေ့သည် ဝေကျင်းယီ သတိမလစ်သေးသည့် အချက်တစ်ချက်ကလွဲ၍ ကျန်သည်များကို အမှန်အတိုင်း ပြောပြလိုက်သည်။ ဝေမင်ထင်သည် ယွမ်ရှီးကို စိုက်ကြည့်လိုက်ရာ ယွမ်ရှီးလည်း မျက်နှာချက်ချင်း ပျက်သွားလေသည်။

"လူတစ်ယောက် ဒီလောက်ဖျားနေတာကို ဘာလို့ ဆရာဝန်မခေါ်ပေးတာလဲ" 

ဝေမင်ထင်သည် ဒေါသတကြီးဖြင့် မေးခွန်းထုတ်သည်။

"မနေ့က ဝမ်ဝမ်ရဲ့ ခြေထောက် ဒဏ်ရာရသွားလို့ အဲဒါကို စိုးရိမ်နေတာနဲ့... ကျင်းယီ အခြေအနေကို သေချာ မသိလိုက်လို့ပါ..." 

ယွမ်ရှီးလည်း အဖြေမရှိသဖြင့် ဖြေမိဖြေရာကို ဖြေလိုက်လေသည်။

ထို့ကြောင့် ဝေမင်ထင်သည် ဆရာဝန်ကို ထပ်မံမေးလိုက်သည်။

"ငါ့သမီးရဲ့ ဒဏ်ရာက ဘယ်လောက်ပြင်းထန်လို့လဲ"

ဆရာဝန်လည်း အမှန်အတိုင်း ဖြေလေသည်။

"ဒုတိယသခင်မလေးရဲ့ ဒဏ်ရာက အရေပြား ပွန်းပဲ့ရုံပါပဲ ကြွက်သားနဲ့ အရိုးတွေ ဘာမှမဖြစ်ပါဘူး.. စိုးရိမ်စရာ မရှိပါဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ ဝေမင်ထင်၏ ဒေါသပေါက်ကွဲ သွားတော့သည်။ 

"ဝမ်ဝမ်က ပွန်းပဲ့ရုံပဲ ရှိတာကို ကျင်းယီကတော့ သေလုမျောပါး ဖြစ်နေပြီ…ဆရာဝန်ခေါ်လာပြီးတော့ ဝမ်ဝမ်ရဲ့ ခြေထောက်ကိုပဲ ကြည့်နေကြတာလား..မင်းတို့ ကျင်းယီကို သေအောင် သတ်ဖို့ ကြံနေကြတာလား"

ယွမ်ရှီးမှာလည်း အလွန်ပင် ထိတ်လန့်သွားသည်။ သူမသည် ဝေကျင်းယီ ဤမျှအထိ ပြင်းထန်နေမည်ဟု မထင်ထားခဲ့ပေ။ 

အထိန်းတော်လီ၏ စကားကို နားယောင်ပြီး ဝေရော့မှာ ဆင်ခြေပေးနေသည်ဟုသာ သူမ ထင်ခဲ့ခြင်းဖြစ်သည်။

ဆရာဝန်သည် ဝေကျင်းယီ၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ချွေးများထွက်လျက် ပြောလိုက်လေသည်။

"ဒုတိယသခင်လေးရဲ့ သွေးခုန်နှုန်းက အရမ်းအားနည်းနေပြီ... ဒါက အလွန်စိုးရိမ်ရတဲ့ အခြေအနေပါ..စောစောစီးစီးသာ ကုသခွင့်ရခဲ့ရင် ဒီလောက်ဆိုးမှာ မဟုတ်ပါဘူး..."

ဝေမင်ထင်က အစောင့်ကျင့်ဟူးကို ဆေးသွားယူရန် ချက်ချင်းစေခိုင်းလိုက်သည်။ ထို့နောက် ယွမ်ရှီးနှင့်အတူ ချမ်းယွမ်သို့ ပြန်လာခဲ့သည်။ 

ယွမ်ရှီးသည် ဒေါသထွက်နေသော ခင်ပွန်းဖြစ်သူ၏ ရှေ့တွင် ဒူးထောက်လိုက်ရသည်။

"မင်း ကျင်းယီအပေါ် အငြိုးရှိနေမှန်း ငါသိတယ်..အဲဒီကိစ္စအတွက် ရန်ငြိုးရှိရင် ငါ့ကိုပဲ ဦးတည်ပါ..ကျင်းယီကို ဒီလို မဆက်ဆံသင့်ဘူး..ငါက သူ့ကို ကောင်းကောင်း စောင့်ရှောက်ဖို့ မှာထားခဲ့တာကို မင်းက ဒီလိုပဲ လုပ်တာလား..ငါသာ တစ်လှမ်းနောက်ကျခဲ့ရင် သူ သေသွားမှာပေါ့"

"ကျွန်မ တကယ် မသိလို့ပါ... သူ ဒီလောက်အထိ ဖြစ်နေမယ်လို့ သိရင် အသက်နဲ့ရင်းပြီး မလုပ်ရဲပါဘူး" 

ယွမ်ရှီးသည်လည်း ပြောရင်းဖြင့်ပင် ငိုကြွေးတော့သည်။

"ဘာလို့ မသိရမှာလဲ..ဝမ်ဝမ်ရဲ့ ခြေထောက် ပွန်းတာကိုတော့ မင်းသိတယ်၊ ညသန်းခေါင်ကြီး ဆရာဝန်ခေါ်ပေးနိုင်တယ်၊ ကျင်းယီ ဒီလောက်ဖျားနေတာကို မသိဘူးလား.. ကျင်းယီရဲ့ အစေခံတွေက ဆရာဝန်ခေါ်မရဘူး..ဝေရော့က ကူညီပေးတာတောင် မရဘူးဆိုတော့... ဒါတွေက ဘယ်လိုဖြစ်ရတာလဲဆိုတာ မင်း ငါ့ကို ရှင်းပြစမ်း"