အခန်း (၃၁) အပြစ်ရှိတယ်လို့ဝန်ခံသလား
Viewers 45

အနှစ်နှစ်ဆယ်ကြာ လက်တွဲလာခဲ့သည့် သက်တမ်းတစ်လျှောက် ဝေမင်ထင်သည် ယွမ်ရှီးကို ဤမျှပြင်းထန်သော စကားမျိုး တစ်ခါမျှ မပြောဖူးချေ။ 


ယွမ်ရှီးလည်း တုန်လှုပ်သွားကာ မျက်ရည်များပင် ဝဲလာလေသည်။


"ရှင်... ကျွန်မ ဘယ်လိုလူစားလဲဆိုတာ ရှင်မသိဘူးလား..မယားငယ်ရဲ့သားကို သတ်ဖို့အထိ ကျွန်မမှာ ဘယ်လိုလုပ် ရက်စက်မှာလဲ..သူ့ကို ကိုယ့်သားအရင်းလို မဆက်ဆံနိုင်တာတော့ ဝန်ခံပါတယ်..တခြားကိစ္စတွေမှာ သဘောထားကြီးနိုင်ပေမဲ့ ရှင့်ရဲ့အပြင်ကိစ္စမှာတော့ ကျွန်မ သဘောထား မကြီးနိုင်ဘူးလေ"


ထို့နောက် ယွမ်ရှီးက ဆက်ပြောသည်။


"ဒါပေမဲ့ အဲဒီကိစ္စက ပြီးခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ..ကျွန်မမှာ ဘာရန်ငြိုးပဲရှိရှိ အခုတော့ ပျောက်သလောက် ရှိနေပါပြီ..သူ့ကို သတ်ချင်တဲ့စိတ် ဘယ်လိုလုပ် ရှိမှာလဲ..ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး..ကျွန်မကို ယုံပါ... ကျွန်မဟာ ယုတ်ညံ့တဲ့ အစေခံတွေရဲ့ လှည့်ဖြားမှုကို ခံလိုက်ရတာပါ"


"မင်း... မင်း တကယ်ကို ဝေခွဲမရဖြစ်လွန်းတယ်"


"သိပါတယ်... ကျွန်မ မှားသွားမှန်း သိပါတယ်..." 


ယွမ်ရှီးသည် တုန်ရီစွာဖြင့် ပြန်လည်ကာ ဖြေလိုက်သည်။


ယွမ်ရှီး၏ တုန်ရီနေသော ငိုသံကြောင့် ဝေမင်ထင်လည်း ဒေါသများ တဖြည်းဖြည်း ငြိမ်ကျသွားသည်။ 


ထို့နောက် သူသည် ဇနီးဖြစ်သူကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။


"ငါက စစ်ရေးကိစ္စတွေနဲ့ အမြဲအလုပ်ရှုပ်နေတာ၊ အိမ်တွင်းရေးရာ အားလုံးကို မင်းပဲ ကြည့်ရတာပါ.. ကျင်းယီရဲ့ ကိစ္စတွေကိုလည်း ပိုပြီး ဂရုစိုက်ပေးပါဦး"


မိသားစု၏ တာဝန်များကို ထမ်းပိုးထားရသော ဇနီးဖြစ်သူကို ဝေမင်ထင် မဆူရက်တော့ပေ။


ယွမ်ရှီးလည်း ဝေမင်းထင် ပြောသည်ကို ခေါင်းငြိမ့်ပြလိုက်လေသည်။


"ဒါဆိုရင် ကျင်းယီကို ကူညီစောင့်ရှောက်ပေးပါ..ငါ စခန်းကို ပြန်သွားရဦးမယ်"


ဝေမင်ထင်သည် ချက်ချင်းပင် ထွက်ခွာသွားသည်။ 


သူသည် အစောင့်ကျင့်ဟူထံမှ သတင်းရရချင်းပင် ညသန်းခေါင်ယံအချိန်တွင် မြင်းစီးပြန်လာခဲ့ရပြီး ယခုအခါတွင်လည်း အလုပ်ရှိသဖြင့် ချက်ချင်း ပြန်သွားရခြင်းဖြစ်သည်။


ဝေမင်ထင် ထွက်သွားပြီးနောက် ယွမ်ရှီးသည် စိတ်ကို တည်ငြိမ်အောင်ထားကာ အထိန်းတော်လီကို ခေါ်လိုက်သည်။ 


တစ်ချိန်တည်းမှာပင် ဝေရော့ကိုလည်း ထင်းရှူးဂိုဒေါင်ထဲမှ ခေါ်ထုတ်လာရန် စေခိုင်းလိုက်သည်။ 


အထိန်းတော်လီမှာ မည်သည့်အရာများ ဖြစ်သွားသည်ကို မသိကာ ယွမ်ရှီး၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ရှိနေသည်ကို မြင်လိုက်ရသဖြင့် လန့်သွားတော့သည်။


ယွမ်ရှီးသည် အေးစက်မာကျောသော လေသံဖြင့် အထိန်းတော်လီကို ပြောလိုက်သည်။


"အထိန်းတော်လီ... နင်က အားလ်အိမ်တော်က လာတဲ့ ဝါရင့်အထိန်းတော်တစ်ယောက်ပဲ..ဒီအိမ်တော်မှာ နင်က အမြင့်ဆုံးပဲ"


"သခင်မကြီး... ကျွန်မ မခံယူဝံ့ပါဘူး" 


ယွမ်ရှီး၏ စကားကို ကြားလိုက်သောအခါ အထိန်းတော်လီလည်း အမြန်ပင် ပြန်ဖြေလိုက်သည်။


"မခံယူဝံ့ဘူး ဟုတ်လား.. ဒုတိယသခင်လေးရဲ့ ရောဂါက မပြင်းထန်ဘူး..ဝေရော့ကပဲ လျှောက်လုပ်နေတာလို့ နင် ငါ့ကို ပြောခဲ့တယ် မဟုတ်လား..အခုတော့ ဘာဖြစ်လဲ..ဒုတိယသခင်လေးရဲ့ အသက်က တစ်ဝက်ပဲ ကျန်တော့တယ်"


အထိန်းတော်လီလည်း ထိုစကားကြောင့် မှင်သက်ကာ ငြိမ်ကျသွားလေသည်။


ဒုတိယသခင်လေးက တကယ်ပဲ အဲဒီလောက်ထိ ဖျားနေတာလား ဟု တွေးကာ သူမသည် ဒူးထောက်ချလိုက်ပြီး အမှားကို ဝန်ခံရန် ပြင်လိုက်သည်။


"သခင်မကြီး ခွင့်လွှတ်ပါ…ကျွန်မ တကယ် မသိလို့ပါ..ကျွန်မရဲ့ အကဲဖြတ်မှု မှားသွားတာပါ..ကျွန်မ သေသင့်ပါတယ်"


"မသိဘူး ဟုတ်လား..မသိဘဲနဲ့ ဆရာဝန်မခေါ်ပေးခဲ့တာလား..မသိဘဲနဲ့ သူ မဖျားဘူးလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ.. ဘယ်သူက နင့်ကို အဲဒီလို ဆုံးဖြတ်ပိုင်ခွင့် ပေးလိုက်တာလဲ"


အထိန်းတော်လီမှာ ဆင်ခြေပေးနိုင်စွမ်းမရှိတော့ကာ စကားလုံးရှာမရ ဖြစ်နေလေသည်။ 


ဝေရော့သည်လည်း ယခု အခြေအနေကို ကြည့်ကာ အံ့ဩနေလေသည်။


“ဝေကျင်းယီက အသက်တစ်ဝက်ပဲ ကျန်တော့တယ် ဟုတ်လား” ဟု ဝေရော့ အံ့ဩမိနေသည်။


အကြောင်းမှာ မနေ့ည၌ သူမ ကုသပေးထားသည်မှာ အမှန်ပင်ဖြစ်သဖြင့် ယနေ့မနက်တွင် နိုးလာရမည် ဖြစ်သည်။


ယွမ်ရှီး၏ အကြည့်များသည် ဝေရော့ထံသို့ ရောက်လာလေသည်။


"ရော့အာ... မနေ့ညက သမီးလုပ်တာမှာလည်း အမှားရှိတယ်..လူကယ်ဖို့ အရေးကြီးတယ် ဆိုပေမဲ့ ဝမ်ဝမ်ကိုတော့ မတွန်းသင့်ဘူးလေ"


"အော်... ဒါဆို ကျွန်မမှာ အပြစ်တစ်ခုတော့ လျော့သွားပြီး ကျန်တဲ့အပြစ်ကတော့ ကျွန်မ ပြဿနာပဲပေါ့" 


ဝေရော့သည် ဒေါသပင်ထွက်မနေပဲ လှောင်ပြုံးပြုံး၍သာ ယွမ်ရှီးကို ကြည့်လိုက်သည်။


ယွမ်ရှီးသည် ဝေရော့ကြည့်လိုက်သည်ကို မျက်မှောင်ကျုံ့ကာဖြင့် ပြန်မေးလေသည်။


"သမီး ဘာပြောချင်တာလဲ"


ဝေရော့သည် အေးစက်စွာ ပြန်ဖြေလိုက်သည်။


"ကျွန်မ ပြောပြီးသားပါ..ကျွန်မမှာ အမှားမရှိဘူး..အမေက ဒုတိယမောင်လေး ရောဂါက အမှန်ဆိုတာ သိသွားပြီဆိုရင် အစေခံရဲ့ လိမ်ညာမှုကို ခံလိုက်ရတာပေါ့.. ဒါဆိုရင် ကျွန်မက ဝေချင်းဝမ်ကို တွန်းတယ်ဆိုတဲ့ ကိစ္စကရော... တခြားသူရဲ့ လိမ်ညာမှုကို ခံလိုက်ရတာ မဖြစ်နိုင်ဘူးလား"


"ဒါက အမေ့ကို ပြောရမယ့် စကားမျိုးလား.. သမီးမှာ အမှားမရှိရင် အထိန်းတော်လီကို ရှာမတွေ့တဲ့အခါ အမေ့ဆီ လာပြောရမှာပေါ့..ဝမ်မေယွမ်မှာ ဘာလို့ ပြဿနာသွားရှာရတာလဲ..သမီးသာ အဲဒီလို မဆိုးသွမ်းခဲ့ရင် ဘယ်သူမှ ဒဏ်ရာရမှာ မဟုတ်ဘူး..ဖေဖေလည်း အလုပ်ရှုပ်နေတဲ့ကြားက အပြေးအလွှား ပြန်လာရမှာ မဟုတ်ဘူး"


ဝေရော့သည် မိခင်ဖြစ်သူပြောသောစကားကို အလျှော့ပေးခြင်းမရှိတော့ကာ ပြန်လည်ချေပပြောဆိုလိုက်သည်။


"ကျွန်မမှာ အမှားမရှိဘူး..အထိန်းတော်လီက သူ့အလုပ်သူ မလုပ်လို့ ကျွန်မက သွားပြောရတာပါ..အဖေ့ကို အနှောင့်အယှက် ဖြစ်စေတာကလည်း ကျွန်မ မဟုတ်ဘူး ဒုတိယမောင်လေးရဲ့ ရောဂါကို ကြန့်ကြာအောင် လုပ်ခဲ့တဲ့ အထိန်းတော်လီပဲ..အမေကသာ ကျွန်မကို မယုံကြည်ချင်တာပါ"


"နင်" 


ယွမ်ရှီးသည် ဝေရော့ ချေပပြောသောစကားများကို ကြားသောအခါ ထပ်မံကာ ဒေါသထွက်သွားလေသည်။ 


ထိုစဉ် ဝေရိချန် ရောက်လာသည်။


"အမေ..ညီမလေးရော့အာက မောင်လေးအတွက် ဆရာဝန်ခေါ်ပေးဖို့ အထိန်းတော်လီကို သွားရှာတာ မမှားပါဘူး.. အထိန်းတော်လီကသာ ကောင်းကောင်းကိုင်တွယ်ရင် အမေ့ကိုတောင် အသိပေးစရာ မလိုပါဘူး..ဒါက အိမ်တော်ရဲ့ စည်းကမ်းပဲလေ.. အမေ အပြစ်တင်ချင်ရင် အလုပ်ကို ပေါ့လျော့ပြီး အမှန်တရားကို လိမ်ညာပြောခဲ့တဲ့ အထိန်းတော်လီကိုပဲ အပြစ်တင်သင့်ပါတယ်"


ထို့နောက် ဝေရိချန်မှ‌ ဆက်ပြောလေသည်။


"ညီမလေးက အိမ်ပြန်ရောက်တာ တစ်လပဲ ရှိသေးတာတောင် အခုလို အခြေအနေမှာ ဘယ်လိုလုပ်ရမလဲဆိုတာကို သိတာ ချီးကျူးစရာပါ..ဝမ်ဝမ် ဒဏ်ရာရသွားတာကလည်း အရေးပေါ်အခြေအနေမှာ မရည်ရွယ်ဘဲ ဖြစ်သွားတာပဲလေ..အမေ တကယ် အပြစ်ပေးရမှာက အထိန်းတော်လီပါ အစေခံတစ်ယောက်ဖြစ်ပြီး သခင်ရဲ့ ရောဂါကို ဖုံးကွယ်တာက ပထမအပြစ်၊ သခင်ကို လိမ်ညာစွပ်စွဲတာက ဒုတိယအပြစ်၊ သခင်မလေးကို ကောင်းကောင်းမကာကွယ်နိုင်လို့ လဲကျစေတာက တတိယအပြစ်ပဲ"


ဝေရိချန်၏ စကားကြောင့် အထိန်းတော်လီလည်း မျက်နှာပြာနှမ်းသွားကာ ဘာလုပ်ရမည်ကိုပင် မသိလောက်အောင်ဖြစ်နေသည်။ 


ယွမ်ရှီးလည်း ဝေရိချန်ပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုကြောင့် စိတ်အေးသွားရသည်။ 


ယွမ်ရှီးသည် ဝေရော့ကို ကြည့်ရင်း သူမ ကိုယ်ဝန်ဆောင်စဉ် ခင်ပွန်းဖြစ်သူနှင့် ပျော်ရွှင်ခဲ့သည့် နေ့ရက်များကို သတိရသွားသည်။ 


အကြောင်းမှာ ခင်ပွန်းဖြစ်သူသည် သမီးလေးတစ်ယောက် လိုချင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။


ယွမ်ရှီးသည် အထိန်းတော်လီဘက်သို့ လှည့်ကာ မေးလိုက်သည်။


"နင် ဘာပြောဦးမလဲ" 


အထိန်းတော်လီမှာ မည်သည့်စကားမှ ပြောနိုင်ချင်း မရှိတော့ပေ။


"နင် ဘာမှမပြောရင် ဝန်ခံတယ်လို့ မှတ်ယူမယ်..အိမ်တော်စည်းကမ်းအရဆိုရင် နင့်ကို ရိုက်ပြီး အပြစ်ပေးရမှာ…ဒါပေမဲ့ နင်က အားလ်အိမ်တော်က လာတဲ့သူဖြစ်လို့ သုံးလစာ လစာဖြတ်မယ်..ပြီးတော့ ကျွမ်းကျီ လယ်တောကို သွားပြီး သုံးလကြာ အလုပ်ကြမ်း လုပ်ရမယ်"


အထိန်းတော်လီမှာ အသက်အရွယ်ကြီးနေပြီဖြစ်သဖြင့် လယ်တောတွင် အလုပ်ကြမ်းမလုပ်နိုင်ကြောင်း ယွမ်ရှီးကို ငိုယိုတောင်းပန်ကာ ပြောသော်လည်း ယွမ်ရှီးမှာမူ ဂရုစိုက်မနေတော့ပေ။

--

------------------------------------------------------------------------------------------------------------------