"အမေက နင့်ကို အပြစ်ဒဏ်လျှော့ပေါ့ပေးထားတာတောင် ဘာတွေ ထပ်ညည်းတွားနေသေးတာလဲ"
ဝေရိချန်သည် အထိန်းတော်လီ၏ ငိုယိုတောင်းပန်နေမှုကို အေးစက်သောလေသံဖြင့် ဖြတ်ပြောလိုက်ပြီး အပြင်တွင် အသင့်ရှိနေသော အစောင့်များကို ခေါ်ကာ သူမကို အတင်းအကျပ် ဆွဲထုတ်သွားစေသည်။
"သခင်မကြီး... သခင်မကြီး... သခင်လေးအစ်ကိုတော်..."
အထိန်းတော်လီ၏ အော်ဟစ်သံများမှာ တဖြည်းဖြည်း ဝေးကွားသွားတော့သည်။
အထိန်းတော်လီ ထွက်သွားပြီးနောက်တွင် အိမ်တော်အတွင်း အေးစက်နေဆဲပင် ဖြစ်သည်။
ဝေရော့သည်လည်း မည်သည့်စကားမျှမပြောပဲ မိခင်ဖြစ်သူ ယွမ်ရှီးကို အေးစက်စွာ ကြည့်နေလေသည်။
ဝေရိချန်သည် အခြေအနေကို သိနေ၍ မိခင်ဖြစ်သူကို နှစ်သိမ့်စကားဆိုလိုက်ပြီး ဝေရော့၏ လက်ကိုဆွဲကာ ထွက်လာလေသည်။
"အမေလည်း တစ်ညလုံး ပင်ပန်းနေပြီဆိုတော့ အနားယူလိုက်ပါဦး၊ ကျွန်တော် ညီမလေးကို ထင်စုန်းယွမ်အထိ လိုက်ပို့ပေးပါ့မယ်"
ထင်စုန်းယွမ်သို့ ရောက်သောအခါ တစ်ညလုံး မအိပ်ဘဲ စောင့်နေသည့် ရှို့မေသည် ဝေရော့ကို မြင်သည်နှင့် ဝမ်းသာအားရ ပြေးဖက်လေသည်။
ဝေရော့သည် ရှို့မေ၏ မျက်လုံးများ မို့အစ်နေသည်ကို မြင်သောအခါ သူမ မနေ့ညကတည်းက မနားတမ်းငိုနေမည်ကို ချက်ချင်းပင် ရိပ်မိလေသည်။
ဝေရိချန်လည်း ဝေရော့ကိုကြည့်ကာ နှစ်သိမ့်လိုက်သည်။
"အစ်ကို သိပါတယ်၊ ညီမလေးက တမင်လုပ်တာ မဟုတ်ဘူးဆိုတာ..အရေးပေါ်အခြေအနေမှာ ဝမ်ဝမ်ကို မရည်ရွယ်ဘဲ တွန်းမိသွားတာပဲလေ"
"အစ်ကိုလည်း ကျွန်မက ဝေချင်းဝမ်ကို တွန်းတယ်လို့ပဲ ထင်နေတာလား”
ဝေရော့၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်။
"ညီမလေး တမင်လုပ်တာ မဟုတ်မှန်း အစ်ကိုသိပါတယ်၊ ညီမလေးက အဲဒီလောက်အထိ အသိတရားမဲ့တဲ့သူ မဟုတ်ပါဘူး"
ဝေရော့၏ မျှော်လင့်ချက်မျက်လုံးလေးမှာ ချက်ချင်းပျောက်ကွယ်သွားပြီး မည်သည့်ဖြေရှင်းချက်မှ မပေးချင်တော့ပေ။
"နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် အစ်ကို"
ဝေရိချန် ထွက်သွားပြီးနောက် ဝေရော့သည် အနားယူခြင်းမရှိကာ ဘေးကပ်ရပ်တွင်ရှိသော ရင်ကျူးယွမ်သို့ သွားလေသည်။
အကြောင်းမှာ ဝေကျင်းယီ၏ အခြေအနေကို သူမ သိချင်နေသောကြောင့် ဖြစ်သည်။
မနေ့ညတွင် သူမ သေချာအပ်စိုက်ပေးခဲ့ပြီး ဆေးပင်သေချာတိုက်ခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း မနက်ရောက်သောအခါတွင် အခြေအနေပိုဆိုးသွားခြင်းမှာ ဖြစ်နိုင်သော အကြောင်းပြချက်တစ်ခု မဟုတ်ချေ။
ရင်းကျူယွမ်ထဲတွင် ဆေးနံ့များ လှိုင်နေပြီး အစေခံများမှာလည်း ဆေးကျိုနေကြသည်။
ထို့နောက် ဝေရော့သည် ဝေကျင်းယီ၏ အခန်းထဲသို့ဝင်သွားကာ သူ၏သွေးကြောများကို စမ်းသပ်လေသည်။
သူမသည် သဘောမကျသဖြင့် မျက်မှောင်ကြုတ်ကာဖြင့် မေးခွန်းထုတ်နေမိသည်။
“ဘာလို့ သွေးခုန်နှုန်းက ဒီလောက်တောင် အန္တရာယ်ရှိနေရတာလဲ”
ထိုစဉ် ဝေကျင်းယီသည် မျက်လုံးပွင့်လာပြီး သူ၏လက်ကို ပြန်ရုပ်လိုက်သည်။
"ငါ အဆင်ပြေပါတယ်"
သူ၏အသံမှာ အားနည်းသည့်အသံပေါက်နေပြီး မျက်နှာမှ ဖြူဖျော့နေပါသော်လည်း မျက်လုံးများမှာမူ ကြည်လင်နေသည်။
ဝေရော့သည် ထိုအခြေအနေကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သဘောပေါက်သွားသည်။
"ရှင် ဟန်ဆောင်နေတာလား"
ဝေကျင်းယီသည် ပြန်ဖြေခြင်းမရှိသော်လည်း ဝေရော့သည် သဘောပေါက်နားလည်လိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
"မလိုပါဘူး"
"ဒါနဲ့... ရှင့်ရဲ့ သွေးခုန်နှုန်းကို တခြားသူတွေ အထင်မှားအောင် ဘယ်လိုလုပ်လိုက်တာလဲ"
ဝေရော့သည် မတည်ငြိမ်သည့် သွေးခုန်နှုန်းကို ဝေကျင်းယီ မည်သို့လုပ်လိုက်သည်ကို သိချင်၍ မေးလေသည်။
"ဆေးစာအုပ်တွေထဲမှာ ဖတ်ဖူးတာပါ..လက်မောင်းက အချက်အချာနေရာအချို့ကို ဖိထားရင် သွေးခုန်နှုန်းကို ပြောင်းလဲစေနိုင်တယ်လေ"
ထို့နောက် ဝေကျင်းယီသည် ဝေရော့ကို လေးနက်စွာကြည့်လိုက်ပြီး မေးလိုက်လေသည်။
"မင်းကရော... ဘယ်တုန်းက ဆေးပညာ သင်ခဲ့တာလဲ"
"တောမှာတုန်းက အဖိုးအိုတစ်ယောက်ဆီက သင်ခဲ့တာပါ"
ဝေရော့သည်လည်း အေးဆေးစွာပင် ပြန်ဖြေလိုက်ပြီး ဝေကျင်းယီကို အနားယူရန် မှာကြားလိုက်ကာ အခန်းတွင်းမှ ထွက်လာလေသည်။
"ဒါဆိုရင်လည်း ကောင်းကောင်းအနားယူပါဦး၊ အားရှိအောင် နေပါ"
တံခါးဝသို့ ရောက်သောအခါ ဝေကျင်းယီ၏ တည်ငြိမ်ပြီး အားကိုးထိုက်သော အသံကို ကြားလိုက်ရသည်။
"မင်းအတွက် ငါ လျှို့ဝှက်ချက် ထိန်းပေးပါ့မယ်"
ညနေစာ စားချိန်တွင် အခြေအနေမှာ သိသိသာသာပင် ပြောင်းလဲနေလေသည်။
ဝေချင်းဝမ်မှာ ခြေထောက်နာ၍ မလာနိုင်ပေ။
ယွမ်ရှီးသည်လည်း ဝေရော့ကို အရင်လို မနှုတ်ဆက်တော့သည့်အပြင် ဝေယီလင်းမှာမူ စိမ်းကားစွာ ကြည့်နေလေသည်။
ထမင်းစားပြီးနောက်တွင် ဝေယီလင်းသည် ဝေရော့နောက်သို့ ပြေးလိုက်ကာ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“နင်က ငါ့အစ်မကို ဘာလို့ အနိုင်ကျင့်တာလဲ..ငါ့အစ်မက နင့်အပေါ် အရမ်းကောင်းတာကို နင်က သူ့ကို တွန်းလှဲပြီး ဒဏ်ရာရအောင် လုပ်တယ်..နင်က လူဆိုးမပဲ"
ဝေရော့သည် ဝေယီလင်း ပြောနေသည်ကို ဂရုစိုက်ခြင်းမရှိကာ ရှောင်ထွက်သွားလေသည်။
"ဒီနေ့တော့ ရှင်းရှင်းလင်းလင်း ပြောရမယ်"
"ဘာကို ရှင်းရမှာလဲ..ငါက ဝေချင်းဝမ်ကို ဘယ်လို တွန်းလှဲပြီး ရက်စက်ခဲ့တယ်ဆိုတာလား"
"နင် လူဆိုးမဆိုတာ ဝန်ခံတာလား"
"ငါဝန်ခံတာ မဟုတ်ဘူး၊ နင်က ငါ့ကို လူဆိုးလို့ သတ်မှတ်ထားပြီးသားပဲလေ..ငါ ဘာပြောပြော နင်ယုံမှာမှ မဟုတ်တာ"
ဝေရော့သည် လှောင်ပြုံးပြုံးလိုက်ကာဖြင့် ပြောလိုက်သည်။
ထိုစဉ် နောက်ကလိုက်လာသော အစ်ကိုကြီးဖြစ်သူ ဝေရိချန်မှာ ညီငယ်လေး ဝေယီလင်းကို ဆွဲကာ ခေါ်သွားလေသည်။
"ယီလင်း အစ်ကို ပြောပြီးပြီလေ..ဒါက မတော်တဆ ဖြစ်သွားတာပါလို့"
"အစ်မမှာ သွေးတွေတောင် ထွက်ကုန်ပြီလေ..အမာရွတ်ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ"
"မင်းရဲ့ ဒုတိယအစ်ကို ဖြစ်သူက အသက်အန္တရာယ် စိုးရိမ်နေရလို့ ရော့အာက အဲဒီလောက် အလောတကြီး ဖြစ်သွားတာလေ လူ့အသက်နဲ့ ဆိုင်နေတဲ့အချိန်မှာ သူ ဘယ်လိုလုပ် တည်ငြိမ်နေနိုင်မှာလဲ" ဟု ဝေရိချန်က ဆုံးမသည်။
"သူက ကျွန်တော့်အစ်ကိုမှ မဟုတ်တာ.. အမေ မွေးထားတာမှ မဟုတ်ဘဲ"
ဝေယီလင်းသည် ဒုတိယအစ်ကို ဝေကျင်းယီကို ထူးဆန်းသူတစ်ယောက် အဖြစ်သာ မြင်သည်။
"ဒါဆိုရင်လည်း နင့်အမေက မွေးထားတဲ့ ငါ့ကိုကျတော့ နင်က ဘယ်လောက်အထိ အသိအမှတ်ပြုနေလို့လဲ"
ဝေရော့၏ ပြင်းထန်သော စကားကြောင့် ဝေယီလင်းလည်း ဘာမှမပြောနိုင်တော့ကာ ဆွံ့အသွားတော့သ
ည်။
--------------------------------------------------------------------------------------------------------------------