"ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေက ဆင်ခြေတွေချည်းပဲ..နင်က နင့်စိတ်အလိုအတိုင်းပဲ လုပ်နေတာ..တကယ့် တရားသေ ဆင်ခြေတွေကို လျှောက်မပြောနဲ့၊ နားထောင်လို့တောင် ရယ်စရာကောင်းတယ်"
ဝေရော့သည် ဝေယီလင်းကို မှတ်ချက်ပေးလိုက်လေသည်။
ဝေယီလင်းသည် ဝေရော့ပြောသောစကားကို ကြားလိုက်သောအခါ မျက်နှာကြီး နီရဲသွားလေသည်။
ဝေရိချန်သည် ဝေယီလင်းကို ဆွဲကာ ဝေရော့ကို တောင်းပန်ခိုင်းလိုက်သည်။
"ရော့အာကို တောင်းပန်လိုက်စမ်း"
ဝေယီလင်းသည် အစ်ကိုဖြစ်သူတောင်းပန်ခိုင်းသည်ကို မတောင်းပန်သည့်အပြင် ဝေရော့ကို ကာကွယ်ပေးနေသည့် အစ်ကိုဖြစ်သူကို ပြောဆိုအော်ဟစ်ကာ မျက်ရည်များဝိုင်းလျက် ထွက်ပြေးသွားတော့သည်။
"မတောင်းပန်နိုင်ဘူး..အစ်ကိုက အခု သူ့ဘက်က ကူညီနေပြီး အစ်မဝမ်ဝမ်ကို မကာကွယ်တော့ဘူး..ကျွန်တော်သာ အစ်မဝမ်ဝမ်ကို မကာကွယ်ရင် သူ အနိုင်ကျင့်ခံရတော့မှာပေါ့..သူက ကျွန်တော့်အစ်မပဲ၊ ကျွန်တော့်ကို အချစ်ဆုံးသူပဲ..ဘယ်သူ့ကိုမှ သူ့ကို အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး"
ဝေရိချန်လည်း ဝေယီလင်းအပြုအမူကြောင့် ဝေရော့ကို အားနာသွားကာ ရှင်းပြလေသည်။
"ယီလင်း မွေးပြီးမကြာခင်မှာပဲ အဖေက ရှင်းဆန်ခရိုင်မှာ အလုပ်သွားလုပ်ရတယ်..အမေကလည်း အိမ်ပြောင်းရွှေ့ရနဲ့ အလုပ်အရမ်းရှုပ်သွားတော့ သူ့ကို ပညာသင်ပေးဖို့နဲ့ ဂရုစိုက်ဖို့ ပျက်ကွက်ခဲ့မိတယ်..ဒါကြောင့် သူ့စိတ်နေစိတ်ထားက ဒီလို ဖြစ်သွားတာပါ..သူ့ကို စိတ်မရှိပါနဲ့၊ နောက်ကျရင် အစ်ကို သေချာသင်ပေးပါ့မယ်"
"ဒါဆိုရင် ကျွန်မကရော သူ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ..ကျွန်မ တကယ်ပဲ တစ်ခုခုလုပ်လိုက်ရင် နောက်ဆုံးမှာ ဘယ်သူ အပြစ်ပေးခံရမလဲဆိုတာ ခန့်မှန်းကြည့်ပါဦး၊ သူလား၊ ကျွန်မလား"
ဝေရော့သည်လည်း ထိုဖြေရှင်းစကားကို ကြားလိုက်သည်နှင့် ပျက်ရယ်ပြုသော အကြည့်များဖြင့် ကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။
ဝေရော့၏ မေးမြန်းမှုကို အစ်ကိုဖြစ်သူ ဝေရိချန်မှ တည်ကြည်လေးနက်စွာဖြင့် နှစ်သိမ့်ပေးလိုက်လေသည်။
"ရော့အာ... မနေ့က အမေက ညီမလေးကို ထင်းရှူးဂိုဒေါင်ထဲ ပိတ်လှောင်ပြီး နာကျင်စေခဲ့တာကို အစ်ကိုသိပါတယ်.. ဒါဟာ အစ်ကို့အမှားလည်း ပါတာပေါ့.. အစ်ကို စောစောစီးစီး မသိလိုက်လို့ ညီမလေး ဒုက္ခရောက်ခဲ့ရတယ်..အစ်ကို တကယ် စိတ်မကောင်းပါဘူး"
"အခုတော့ အစ်ကိုက ဒီလိုပြောမှာပေါ့..တကယ်လို့ ပိုပြီး ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်လာရင် အစ်ကို အခုလိုမျိုး ကျွန်မဘက်က ရပ်တည်ပေးချင်မှ ပေးမှာပါ"
"ရော့အာ..."
ဝေရော့သည် နှစ်သိမ့်မှုကို လက်မခံသည့်အနေအထားဖြင့် စကားစကို ဖြတ်လိုက်သည်။
"ဒါတွေ ထားလိုက်ပါတော့..အစ်ကို့ကို ပေးစရာ ရှိတယ်.. ထင်စုန်းယွမ် ရှေ့ရောက်ရင် ခဏစောင့်ပါဦး"
ထင်စုန်းယွမ် တံခါးဝသို့ ရောက်သောအခါ ဝေရော့သည် အထဲသို့ အပြေးအလွှားဝင်သွားပြီး စက္ကူလိပ်တစ်ခုကို သယ်ဆောင်လာသည်။
"ဒါ အစ်ကို့အတွက်"
ဝေရော့သည် ဝေရိချန်၏ လက်ထဲသို့ စက္ကူလိပ်ကို ထည့်ပေးလိုက်သည်။
"စက္ကူတွေလား..စစ်ပေါင်ကျဲ ကလား"
ဝေရိချန်သည် စက္ကူများကို ကြည့်ကာ ချက်ချင်း ဆိုသလို မျက်နှာတွင် ဝမ်းသာပျော်ရွှင်မှုများ လွှမ်းချုံသွားတော့သည်။
၎င်းစက္ကူအမျိုးအစားမှာ အလွန်ဈေးကြီးပြီး အရည်အသွေး ကောင်းမွန်လှသည်။
"ဟုတ်တယ်၊ ဟူကျိုးကနေ လာတုန်းက လမ်းကြုံလို့ ဝယ်လာတာ"
"ဒါတွေက မနည်းဘူးပဲ၊ ဘယ်လောက်ကျလဲ အစ်ကို ပိုက်ဆံပြန်ပေးမယ်လေ"
"မလိုပါဘူး၊ မနေ့က ကျွန်မအတွက် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတုံ့ပြန်တာလို့ပဲ သဘောထားလိုက်ပါ"
"မနေ့က ပြောခဲ့တာတွေက အစ်ကို့တာဝန်ပါ၊ အထူးတလည် ကျေးဇူးတင်စရာ မလိုပါဘူး"
"ကျွန်မအတွက်တော့ ဒါက ကျေးဇူးတင်ထိုက်တဲ့ ကိစ္စပါ.. ဘာပဲဖြစ်ဖြစ် အစ်ကို ယူထားလိုက်ပါ"
ဝေရော့သည် အစ်ကိုဖြစ်သူ ဝေရိချန်အပေါ်တွင် အကြွေးမတင်ချင်သောကြောင့် ပြတ်သားစွာ ပြောလိုက်ခြင်းဖြစ်သည်။
ဝေရိချန်မှာလည်း ထိုစက္ကူများကို အလွန်နှစ်သက်သဖြင့် နောက်တစ်ကြိမ်တွင် တစ်ခုခု ပြန်လက်ဆောင်ပေးမည်ဟု တွေးကာ လက်ခံလိုက်တော့သည်။
နောက်နေ့တွင် ဝေရော့သည် ဝေကျင်းယီ၏ အခြေအနေကို သွားကြည့်ပြန်သည်။
အိမ်တော်ထဲတွင် ဝေကျင်းယီမှာ နေမကောင်းဟန်ဆောင်နေဆဲ ဖြစ်သည်။
ဝေရော့ အခန်းထဲသို့ ဝင်လာသောအခါ ဝေကျင်းယီ၏ မျက်နှာထားမှာ အရင်ကဲ့သို့ အေးစက်စက် မဟုတ်တော့ပေ။
"ဒါ ရှင့်အတွက်"
ဝေရော့က ကြွေပုလင်းဖြူလေးကို ဝေကျင်းယီ၏ ခုတင်ဘေးတွင်ရှိသော စားပွဲပေါ်တွင် တင်လိုက်သည်။
"မင်းဖော်စပ်ထားတဲ့ ဆေးလား"
"ဟုတ်တယ် ရှင့်မှာ ခန္ဓာကိုယ် အားနည်းတဲ့ လက္ခဏာတွေ ရှိနေတာက မိခင်ဝမ်းကတည်းက ပါလာတာ ဖြစ်နိုင်တယ် ဒီဆေးကို ရေရှည်သောက်ရင် ကျန်းမာရေး ကောင်းလာလိမ့်မယ် အခြေခံကောင်းသွားရင် အအေးမိရုံနဲ့ ဒီလောက်အထိ အခြေအနေ ဆိုးမှာ မဟုတ်တော့ဘူး"
ဝေရော့လည်း ဝေကျင်းယီမှာ သူမ၏ ဆေးပညာအကြောင်း သိထားပြီးပြီဖြစ်သည့်အတွက် ဖုံးကွယ်မနေတော့ပေ။
"မိခင်ဝမ်းကတည်းက ပါလာတာ"
ဝေရော့ ပြောလိုက်သောစကားကြောင့် ဝေကျင်းယီ၏ မျက်လုံးများသည် အေးစက်သွားကာ ခေတ္တခဏမျှ တွေဝေသွားလေသည်။
"ဒါကို သေချာသောက်ပါ၊ အလဟဿ မဖြစ်စေနဲ့ ဒီဆေးဖော်ဖို့ ကျွန်မ တော်တော် အားစိုက်ထားရတာ ပါဝင်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေကလည်း ရှာရခက်တယ်"
ဝေရော့သည်လည်း သူမဆေး၏ အဖိုးတန်မှုကို ရှင်းပြကာ ဆေးသေချာသောက်ရန် တိုက်တွန်းလေသည်။
ဝေကျင်းယီသည် ဝေရော့၏ အမူအရာကို ကြည့်ကာ ခဏအကြာတွင် "ကျေးဇူးတင်ပါတယ်" ဟု ဆိုသည်။
ထိုအခြေအနေမှာ သူတို့နှစ်ဦးစတင်တွေ့ဆုံသည့်အချိန်မှစ၍ ယခုအချိန်ထိ ပထမဆုံး ကျေးဇူးတင်စကား ပြောခြင်းဖြစ်သည်။
ဝေရော့ ထွက်သွားပြီးနောက် ဝေကျင်းယီသည် ရှောင်ပေ့ကို ခေါ်ကာ စာအိတ်တစ်အိတ် ပေးလိုက်သည်။
"ဒီစာကို မြို့အရှေ့ဘက်က ရှိကျိ မုန့်တိုက်ကို သွားပို့လိုက်"
ရှောင်ပေ့လည်း သခင်လေး၏ ရုတ်တရက်အပြုအမူကြောင့် လန့်သွားလေသည်။
အကြောင်းမှာ ထိုမုန့်တိုက်သည် သာမန်မုန့်တိုက် မဟုတ်ဘဲ သူတို့၏ လျှို့ဝှက် ဆက်သွယ်ရေးစခန်း တစ်ခုဖြစ်သည်။
သခင်လေးသည် ထိုလူများနှင့် မဆက်သွယ်သည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့မှ ဘာကြောင့် ပြန်လည် ဆက်သွယ်ရန် ဆုံးဖြတ်လိုက်သည်ကို ရှောင်ပေ့ နားမလည်ပေ။
တစ်နာရီကျော်အကြာတွင် ရှောင်ပေ့ ပြန်ရောက်လာပြီး ပစ္စည်းအချို့ သယ်လာသည်။
ဝေကျင်းယီသည် ထိုပစ္စည်းများထဲမှ သစ်သားသေတ္တာတစ်လုံးကို ထုတ်ကာ ဝေရော့ထံသို့ သွားပို့ခိုင်းလိုက်သည်။
ဝေရော့သည် ဝေကျင်းယီထံမှ ရရှိသော လက်ဆောင်ကို ဖွင့်ကြည့်လိုက်ရာ အံ့သြသွားတော့သည်။
ထိုအရာမှာ သက်တမ်း ရာကျော်ရှိသည့် တောဂျင်ဆင်း အမြစ်ကြီး တစ်မြစ် ဖြစ်နေသည်။
ဝေရော့သည် လက်ဆောင်ကိုကြည့်လိုက်ပြီးနောက် ရှောင်ပေ့ကို အမြန်မေးလိုက်သည်။
"ဒါ... ဒါကို ရှင့်သခင်လေးက တကယ်ပဲ ကျွန်မကို ပေးခိုင်းတာလား"
---------------------------------------
-------------------------------------------------------------------------------------------------------------