အခန်း (၃၄) နွေဦးမျှစ်ဆီပြန်ဟင်း
Viewers 45

"ဟုတ်ကဲ့၊ ဒါကို သခင်လေးက သခင်မလေးကို ပေးခိုင်းတာပါ" 


ရှောင်ပေ့လည်း ချက်ချင်းပင် ပြန်ဖြေလိုက်သည်။


"နင့်သခင်လေးက ဒါကို ဘယ်ကရတာလဲ" 


ဝေရော့သည် ထပ်မံမေးလိုက်လေသည်။


"ဒါကတော့... ကျွန်တော်လည်း မသိပါဘူး..." 


ရှောင်ပေ့လည်း ဝေဝါးဝါးပင် ဖြေလိုက်သည်။


"နင့်သခင်လေး အခန်းထဲမှာ ရှိလား"


"ရှိပါတယ်ခင်ဗျ"


"ငါသွားတွေ့လိုက်မယ်"


ရှောင်ပေ့ဆီမှ ထူးထူးခြားခြား သိရခြင်း မရှိသည့်အတွက် ဝေရော့လည်း ဝေကျင်းယီကို တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။


အိပ်ခန်းထဲတွင် ဝေကျင်းယီသည် ခေါင်းအုံးကိုမှီလျက် စာအုပ်ကို ကိုင်ကာ စာဖတ်နေလေသည်။ 


သူသည် အဖြူရောင် ဝတ်ရုံပွကို ဝတ်ဆင်ထားပြီး မျက်နှာမှာ နွမ်းနယ်နေဆဲ ဖြစ်သော်လည်း သူ၏ ထင်ရှားပြီး တောက်ပနေသော အလှမှာ မိုးစက်ထိထားသည့် ရေခဲတောင်ပန်းလေးကဲ့သို့ပင် ထင်ရစေသည်။


ဝေရော့သည် အခန်းထဲသို့ ဝင်လာသောအခါ ဝေကျင်းယီက ခေါင်းကို မော့ကာ ကြည့်လိုက်လေသည်။


"ရှင်က ဒီလောက် တန်ဖိုးကြီးတဲ့ တောဂျင်ဆင်းကို ကျွန်မကို တကယ်ပေးချင်တာလား" 


ဝေရော့သည် သူမကို လက်ဆောင်ပေးသော သစ်သားသေတ္တာကို ညွှန်ပြကာ မေးလေသည်။


"ဟုတ်တယ်"


"ဒါကို ဘယ်ကရတာလဲ"


"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အဖိုးအိုတစ်ယောက်ကို ကယ်ခဲ့ဖူးလို့ သူက လက်ဆောင်ပေးခဲ့တာပါ" 


ဝေကျင်းယီသည် ဝေရော့မေးသည်ကို ဖြေလိုက်သည်။


ဘေးတွင်ရှိနေသော ရှောင်ပေ့မှာ အကြောင်းအရင်းကို သိနေသောကြောင့် ကျိတ်ကာ ရယ်လိုက်သည်။


“သခင်လေးကတော့ လိမ်လိုက်ရင် မျက်နှာလေးတောင် မနီဘူး ဘယ်က အဖိုးအိုကို ကယ်တာလဲ ဒါက တကယ်တော့...”


"ဒါက တကယ်တန်ဖိုးကြီးတာနော် ပြန်ရောင်းရင် ငွေပြား တစ်ရာ၊ နှစ်ရာလောက် ရနိုင်တာ.. ရှင် တကယ်ပေးမှာလား" 


ဝေရော့သည် ထပ်မံကာ မေးလိုက်လေသည်။


"မင်းက ငါ့အသက်ကို ကယ်ထားတာလေ..အသက်တစ်ချောင်းက ဒီဂျင်ဆင်းထက် အများကြီး ပိုတန်ဖိုးရှိပါတယ်" 


ဝေကျင်းယီလည်း ပြန်ဖြေသည်။


ဝေရော့သည် ဝေကျင်းယီ၏ နွမ်းပါးသော အခြေအနေကို ကြည့်ကာ ဤဂျင်ဆင်းသည် သူ၏ စုဆောင်းထားသမျှ အားလုံး ဖြစ်နိုင်သည်ဟု ခန့်မှန်းလိုက်သည်။


ဝေကျင်းယီသည် သူကိုယ်တိုင် ဆင်းရဲသော်လည်း သူမကို ဤမျှ တန်ဖိုးကြီးသည့်အရာကို ပေးသဖြင့် သူသည် စိတ်ရင်းကောင်းသူဖြစ်ကြောင်း ဝေရော့ ယုံကြည်သွားသည်။ 


"ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်မ လက်ခံလိုက်မယ်...နောက်ခါ အားဆေးလုံးတွေ ဖော်ရင် ရှင့်ကို ပြန်ပေးပါ့မယ်"


နှစ်ရက်လောက်အကြာတွင် ဝေကျင်းယီ၏ ရောဂါမှာ အရှင်းပျောက်ကင်း သွားပြီဖြစ်သည်။ 


သူသည် အစားစားနိုင်၊ လမ်းလျှောက်နိုင်လာသဖြင့် အိမ်တော်ရှိသူများမှာ ဝေမင်ထင်၏ အပြစ်ပေးမှုကို မခံရတော့သဖြင့် စိတ်အေးသွားကြသည်။


ဝေရော့သည် ဝေကျင်းယီ၏ ခြံထဲသို့ ရောက်လာပြီး ခြံထဲက မျှစ်များကို တူးလေသည်။ 


ထိုမျှစ်များမှာ မစားလျှင် ရင့်သွားတော့မည်ဖြစ်သဖြင့် သူမ၏ ဗိုက်နက်စင် ကို ပူဇော်လိုက်သည်မှာ ပို၍ကောင်းမည်ဖြစ်သည်။


ထိုစဉ် ရှောင်ပေ့သည် ဝေကျင်းယီအတွက် အစားအစာများ သယ်လာသည်ကို ဝေရော့ တွေ့လိုက်ရသည်။ 


ရှောင်ပေ့သယ်လာသော အစားအစာများတွင် ဆန်ပြုတ်မှာ ပြဿနာမရှိသော်လည်း ဟင်းနှစ်ခွက်မှာ ဝါဖျော့ဖျော့ ဟင်းရွက်ကြော်တစ်ခွက် နှင့် တူးနေသည့် မုန်လာဥကြော် တစ်ခွက်ဖြစ်နေသည်။


"ဒါတွေက မီးဖိုချောင်က ပို့ပေးတာလား" 


ဝေရော့မှ ထိုဟင်းခွက်များကို ကြည့်ကာ ရှောင်ပေ့ကို မေးလိုက်သည်။


"မဟုတ်ပါဘူး၊ ဟင်းရွက်တွေကတော့ လတ်ဆတ်ပါတယ်..ကျွန်တော် ကိုယ်တိုင် ကြော်တာပါ... ကျွန်တော်က ဟင်းချက် သိပ်မကျွမ်းကျင်လို့ပါ" ဟု ရှောင်ပေ့က ရှက်ကိုးရှက်ကန်းဖြင့် ပြောရှာသည်။


ထိုအခါ ဝေရော့သည် ရှို့မေကို တစ်ချက် လှည့်ကြည့်လိုက်သည်။ 


သခင်နှင့် အစေခံချင်းမို့ ရှို့မေသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။


"သခင်မလေး... ကျွန်မ ဒီမျှစ်လေးတွေနဲ့ ဆီပြန်ဟင်း တစ်ခွက်လောက် ချက်ပေးလိုက်ရမလား"


"ချက်လိုက်လေ၊ ငါသွားပြီး ကော်မှုန့် သွားယူပေးမယ်"


ခဏအကြာတွင် ရှို့မေသည် အငွေ့တထောင်းထောင်းထနေသော မျှစ်ဆီပြန်ဟင်း တစ်ပွဲကို သယ်လာသည်။ 


"ဒုတိယသခင်လေး... မြည်းကြည့်ပါဦး၊ ဒီတစ်ခါတော့ မစပ်အောင် ချက်ထားလို့ ချောင်းမဆိုးစေရပါဘူး"


ဝါဝင်းနေသော မျှစ်နုလေးများမှာ ဆီဦးထောပတ်လေးများ ဆောစ့်လေးများဖြင့် ပြောင်လက်နေပြီး အပေါ်မှ ကြက်သွန်မြိတ်လေး များလည်း ဖြူးထားသေးသည်။ 


ရှောင်ပေ့ ချက်ထားသည့် တူးနေသော ဟင်းများထက် အဆပေါင်းများစွာ ပို၍ စားချင်စဖွယ် ကောင်းလှသည်။


ဝေကျင်းယီသည် ဟင်းဖက်တစ်ခုကို မြည်းကြည့်လိုက်သည်။ 


သူသည် စားလိုက်သောအခါတွင် ချောင်းမဆိုးသည့်အပြင် စပ်လည်း မစပ်ပေ။ 


"အရသာက အရမ်းထူးခြားတယ်၊ ချိုလည်းချိုတယ်၊ အနံ့ကလည်း မွှေးနေတာပဲ ဘာဆော့စ် သုံးထားတာလဲ"


"ပဲငါးပိရည်လေ၊ ကျွန်မ ရှင့်ကို တစ်အိုး ပေးထားတယ် မဟုတ်လား"


ဝေကျင်းယီသည် ထိုစကားကို ကြားလိုက်သည်နှင့် ရှောင်ပေ့ကို လှည့်ကြည့်လိုက်သည်။


ရှောင်ပေ့မှာ ဝေရော့ပေးထားသည့် လက်ဆောင်ကို ဂရုစိုက်ခြင်း မရှိသကဲ့သို့ ထားခဲ့မိသဖြင့် မျက်နှာပူသွားသည်။ 


ဝေကျင်းယီသည် မျှစ်ဟင်းနှင့် ဆန်ပြုတ်တစ်ပွဲလုံးကို ကုန်အောင် စားလိုက်သည်။


ဝေရော့တို့ ထွက်သွားပြီးသည်နောက်တွင် ဝေကျင်းယီသည် အရင်က ဝေရော့ လက်ဆောင်ပေးသော ပဲငါးပိအိုးကို ရှာခိုင်းလိုက်သည်။ 


ထို့ကြောင့် ရှောင်ပေ့သည် မီးဖိုချောင် ထောင့်တစ်နေရာတွင် ဖုန်အလိမ်းလိမ်းတက်နေသည့် အိုးကို ပြန်ရှာတွေ့ခဲ့သည်။ 


"သခင်လေး... ဒီမှာပါ၊ သေချာ သိမ်းထားပါ့မယ်"


ယခုအခါတွင် သူတို့ သခင်လေးနှင့် သခင်မလေးရော့တို့၏ ဆက်ဆံရေးမှာ နှစ်ရှည်လများပေါင်းမည့် သူငယ်ချင်းများ ဖြစ်သွားကြပြီဟု ရှောင်ပေ့မှ တွေးလိုက်ခြင်းဖြစ်သည်။

------------

--------------------------------------------------------------------------------------------------------------