အခန်း (၃၅) ကန်စွန်းရွက်ရောင်းချခြင်း
Viewers 44

ရက်အနည်းငယ်လောက် ကြာသောအခါတွင် ဝေအိမ်တော်သည် ယခင်ကကဲ့သို့ ပြန်လည်ငြိမ်သက်သွားသော်လည်း ဝေရော့နှင့် မိသားစုဝင်များကြား ဆက်ဆံရေးမှာ စတင်ရောက်ရှိခါစကထက်ပင် ပို၍ အေးစက်သွားတော့သည်။


အထူးသဖြင့် ယွမ်ရှီးသည် ဝေရော့အပေါ်တွင် အရင်ကလို နွေးထွေးမှုမျိုး မပြတော့ပေ။ 


ယွမ်ရှီးဘက်မှ အေးစက်သွားချိန်တွင် ဝေရော့မှာလည်း ယခင်အေးစက်သည်ထက် ပို၍ အေးစက်သော အမူအရာဖြင့် တုံ့ပြန်သည်။ 


ဝေရိချန်သည် ထိုအခြေအနေကို စိုးရိမ်သော်လည်း ဝေရော့မှာမူ ဂရုစိုက်ခြင်း မရှိပေ။


အကြောင်းမှာ သူမသည် အလုပ်များ အရမ်း ရှုတ်နေသောကြောင့် ဖြစ်သည်။


ပထမဆုံးအနေဖြင့် ရှောင်ယန်တောင်ပေါ်တွင် စိုက်ပျိုးထားသော ကန်စွန်းဥပင်များမှာ နွယ်ဖျား အရွက်များ ဝေဆာလာပြီဖြစ်သည်။ 


ကန်စွန်းရွက်သည် အရသာရှိသော ဟင်းသီးဟင်းရွက် ဖြစ်သည့်အပြင် ကန်စွန်းဥများ မရင့်မှည့်မီ အကျိုးအမြတ် ထပ်မံရရှိနိုင်မည့် အရာပင်ဖြစ်သည်။


ကန်စွန်းရွက်၏ အားသာချက်မှာ ရောင်းနိုင်သလောက် ခူးယူနိုင်ပြီး မရောင်းရလျှင်လည်း မြေကြီးထဲတွင် ထားရှိကာ ကန်စွန်းဥများအတွက် အာဟာရဖြစ်စေနိုင်သည်။


ပထမဆုံးအကြိမ် ခူးဆွတ်ခြင်းဖြစ်၍ အထိန်းတော်မှာ မည်သို့မည်ပုံ ခူးယူရမည်ကို အနည်းငယ် မသိနိုင်ဖြစ်နေသဖြင့် ဝေရော့သည် ရှို့မေကို လွှတ်လိုက်သည်။ 


ရှို့မေနှင့် အထိန်းတော်တို့သည် အလုပ်သမားများကို ခိုင်းစေကာ ကန်စွန်းရွက်များကို ခူးဆွတ်ပြီး ကောက်ရိုးဖြင့် အစည်းလေးများ စည်းကာ ခြင်းတောင်းထဲသို့ ထည့်လိုက်ကြသည်။ 


ဝေရော့၏ ညွှန်ကြားချက်အရ လူတွေ စိမ်းနေသေးသဖြင့် ပထမအကြိမ်တွင် နှစ်ခြင်းမျှသာ ခူးပြီး စျေးသို့ နွားလှည်းဖြင့် တင်ပို့လိုက်သည်။


ကန်စွန်းရွက် စျေးနှုန်းကိုတော့ ဝေရော့သည် တစ်စည်းလျှင် နှစ်ပြား သတ်မှတ်လိုက်သည်။ 


ဤသတ်မှတ်ထားသောဈေးနှုန်းမှာ ချိုသာသောကြောင့် အမြတ်နည်းသော်လည်း ဝေရော့အနေဖြင့် အရေအတွက် များများရောင်းရရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ 


ဝေရော့သည် သာမန်စိုက်ပျိုးရေးထွက်ကုန်များကို စျေးလျှော့ရောင်းကာ အရေအတွက်များများရခြင်းကိုသာ ဦးစားပေးပြီး သူဌေးနှင့် မှူးမတ်များသာ ဝယ်နိုင်သည့် ပစ္စည်းများကိုမူ စျေးအမြင့်ဆုံး သတ်မှတ်လေ့ရှိသည်။


ကန်စွန်းရွက် ရောင်းချခြင်းမှာ နောက်ပိုင်းတွင် ထွက်ရှိလာမည့် ကန်စွန်းဥများအတွက် ရှေ့ပြေးအရာတစ်ခု ဖြစ်သည်။ 


စျေးသို့သွားရာလမ်းတွင် အထိန်းတော်သည် ကန်စွန်းရွက်များကို အားရပါးရ ကြော်လာပြီး မြည်းစမ်းရန် ပြင်ဆင်လာလေသည်။ 


စျေးသို့ရောက်သောအခါ ဖက်ရွက်ကလေးများကို ကန်တော့ချွန်ပုံစံလုပ်ကာ ကန်စွန်းရွက်ကြော် တစ်လုပ်စာစီ ထည့်ပြီး အော်ဟစ်ရောင်းချတော့သည်။


"တစ်စည်း နှစ်ပြားထဲပါ၊ အလကား မြည်းစမ်းကြည့်နိုင်ပါတယ်" 


ရှင်းဆန်ခရိုင်သည် စိုက်ပျိုးမြေ ရှားပါးပြီး ရာသီဥတု ဆိုးရွားသည့်အပြင် ပင်လယ်ဓားပြများ နှောင့်ယှက်ခြင်းတို့ကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမျာ အခြားသောဒေသများထက် ဈေးကြီးနေသောကြောင့်ဖြစ်သည်။


ထို့ကြောင့် နှစ်ပြားတည်းနှင့် လတ်ဆတ်သော ဟင်းရွက်စိမ်းများကို မြင်သောအခါ လူအများမှ စိတ်ဝင်စားလာကြသည်။ 


ထို့နောက် လူများက မြည်းစမ်းကြည့်ကြပြီး အရသာရှိသည့်အပြင် စျေးသက်သာကြောင်း သိသွားသောအခါ နှစ်ခြင်းစာ ကန်စွန်းရွက်များမှာ ခဏအတွင်း ကုန်သွားတော့သည်။


စျေးမှပြန်သောအခါတွင် ရှို့မေသည် အထိန်းတော်၏ အိမ်သို့ လိုက်သွားသည်။ 


ထိုအိမ်၏ ရှေ့တွင် ဆိုင်ခန်းပါပြီး နောက်တွင် အိမ်ငယ်လေး ရှိသည်။ 


နေအိမ်မှာ သိပ်ပင် မကျယ်လှသော်လည်း အထိန်းတော်တို့ မိသားစုလေးမှာ ပျော်ရွှင်စွာ နေထိုင်နေကြခြင်းဖြစ်သည်။ 


အထူးသဖြင့် တည်နေရာမှာ ဝေအိမ်တော်နှင့် နီးပြီး လူစည်ကားသော လမ်းမပေါ်တွင် ရှိသဖြင့် ဆိုင်ဖွင့်လျှင် အဆင်ပြေမည်မှာ သေချာသည်။


ရှို့မေ ပြန်လာသောအခါ ဝေရော့အတွက် ကန်စွန်းရွက်နှင့် မှိုအချို့ ယူလာပေးသည်။ 


အိမ်တော်ရှိ အစားအစာများမှာ ဝေရော့စားသုံးရန် အဆင်မပြေဖြစ်မည်ကို အိမ်တော်ထိန်းမှ စိုးရိမ်သောကြောင့် ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။


ထို့နောက် ဝေရော့သည် သူမ၏ အခန်းအတွင်းသို့ ဘယ်သူမှ ပေးဝင်ခြင်း မရှိကာ သူမ၏ လျှို့ဝှက်နယ်မြေထဲသို့ ဝင်သွားသည်။


လျှို့ဝှက်နယ်မြေထဲရှိ ကန်စွန်းဥများမှာ အပြင်မှာထက် ပိုမြန်မြန် ကြီးထွားလာသဖြင့် ယခုအခါတွင် ရိတ်သိမ်းရန်အတွက် အသင့်ဖြစ်နေပြီ ဖြစ်သည်။ 


ဝေရော့သည် ကန်စွန်းဥ နှစ်ခြင်း ရိတ်သိမ်းပြီးနောက် သူမ၏ အဆင့်မြင့်တက်ရန် အတွေ့အကြုံမှာ ၁၀၀ လောက်ပင် မလိုတော့ပေ။ 


သူမသည် အဆင့်မြင့်တက်ပြီးနောက် ထွက်လာမည့် မျိုးစေ့အသစ်ကို အလွန်မျှော်လင့်နေမိခြင်းလည်း ဖြစ်သည်။ 


ရိတ်သိမ်းပြီးသော ကန်စွန်းဥများကိုမူ အပြင်သို့ ယူသွားခြင်းမရှိကာ ယင်းနယ်မြေထဲတွင် အရန်ရိက္ခာအဖြစ် သိမ်းဆည်းထားလိုက်လေသည်။ 


အကြောင်းတစ်ခုခုကြောင့် စားနက်ရိက္ခာခက်ခဲလာသောအခါတွင် အသုံးပြုရန်အတွက် ပြင်ဆင်ထားခြင်းလည်း ဖြစ်သည်။


နောက်ရက်များတွင် ဝေရော့သည် မြို့တောင်ဘက်သို့ ကိုယ်တိုင်သွားကာ ဝေမင်ထင်ပေးထားသော စာရွက်စာတမ်းများဖြင့် မြို့ပြင်သို့ ထွက်ခဲ့သည်။ 


သူမသည် ရေလွယ်ကူစွာရရှိပြီး သွားလာရေး အဆင်ပြေသော မြေပြန့်လွင်ပြင်တစ်ခုကို ရွေးချယ်ကာ သူမ၏ စမ်းသပ်စိုက်ကွင်းအဖြစ် သတ်မှတ်လိုက်လေသည်။ 


အလုပ်သမားများကိုမူ ထိုလွင်ပြင်ထဲတွင် ရှိနေသာ မြက်ပင်များကို ရှင်းစေ၍ နေ့စဉ်ရေလောင်းခိုင်းလေသည်။


ဝေရော့သည် မည်သည့်သီးနှံမှ စိုက်ပျိုးခြင်းမရှိကာ နေ့တိုင်း မြေကြီးအား ရေလောင်းခိုင်းခြင်းကို အလုပ်သမားများသာမက အထိန်းတော်ကျန်းပါ နားမလည်နိုင် ဖြစ်နေကြသည်။


ထို့ပြင် ဝေရော့သည် ထိုမြေကို စပါးစိုက်ရန် ပျိုးခင်းများအဖြစ် ပြင်ဆင်ခိုင်းပြန်သည်။ 


ယခုအခါ နဂါးလှေပွဲတော်ရောက်တော့မည်ဖြစ်သောကြောင့် အခြားစိုက်ပျိုးသူများ၏ စပါးပင်များမှာ ဒူးအထက်ရောက်သည်အထိပင် ဖြစ်နေပြီ ဖြစ်သည်။


ထို့ကြောင့် အထိန်းတော်ကျန်းသည် စိုးရိမ်ကြီးစွာဖြင့် သတိပေးလိုက်သည်။


"သခင်မလေး... တခြားသီးနှံ ပြောင်းစိုက်ရင် မကောင်းဘူးလား.. စိုက်ပျိုးရေးမှာ အချိန်အခါ ရှိတယ်လေ၊ အခုအချိန်က စပါးစိုက်ဖို့ အရမ်းနောက်ကျနေပြီ"


"မစိုးရိမ်ပါနဲ့၊ ကျွန်မ ဘာလုပ်နေလဲဆိုတာ ကျွန်မသိပါတယ် ဒီမြေကို ရှင်းပြီးတာနဲ့ စပါးစိုက်ဖို့ အချိန်မီပါသေးတယ်" 


ဝေရော့သည် အထိန်းတော်ပြောသည့်စကားကို လက်ခံခြင်းမရှိကာ ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေလေသည်။


ဇွန်လသည် ပုံမှန်အားဖြင့်ဆိုလျှင် စပါးစိုက်ပျိုးရန် နောက်ကျနေပြီ ဖြစ်သော်လည်း ဝေရော့၏ နယ်မြေမှ မျိုးစေ့မှာမူ စောစောစိုက်၍ရသည့်အပြင် နောက်ကျမှစိုက်လျှင်လည်း အဆင်ပြေသောကြောင့် သူမသည် စိုးရိမ်ခြင်းအလျဉ်းမရှိပေ။


ယခု သူမပြုလုပ်နေသောအရာများသည် ဆားငန်မြေကို ပြုပြင်ပြီး တစ်နှစ်လျှင် နှစ်သီးစား စိုက်ပျိုးနိုင်ရန် စမ်းသပ်နေခြင်း ဖြစ်သည်။


အထိန်းတော်ကျန်းလည်း ဝေရော့၏ ယုံကြည်မှုရှိသော မျက်နှာကို မြင်လိုက်ရသောကြောင့် မည့်သည့်စကားမှ ပြောနေခြင်းမရှိတော့ကာ သူမ ခိုင်းသည့်အတိုင်းပင် ဆက်လက် လုပ်ကိုင်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

----------------------------

-------------------------------------------------------------------------------------------