ထိုအချိန်တွင် ဝမ်မေယွမ်၌...
ဝေချင်းဝမ်သည် ရက်အနည်းငယ်ကြာမျှ နားနေပြီးနောက် နောက်ဆုံးတွင် ခုတင်ပေါ်မှ ဆင်းနိုင်ခဲ့ပြီဖြစ်သည်။
သို့သော် သူမ၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့နေဆဲဖြစ်ရာ တစ်ချိန်တည်းမှာပင် နေပြန်ကောင်းလာသည့် ဝေကျင်းယီထက် ပို၍ပင် ဂရုစိုက်စရာအခြေအနေ ဖြစ်နေလေသည်။
သူမသည် အခန်းထဲတွင် နေရသည်မှာ ငြီးငွေ့လာသဖြင့် အစေခံများ၏ တားမြစ်မှုကို ဂရုမစိုက်နိုင်ခြင်းမရှိပဲ မီးဖိုချောင်သို့ သွားကာ "ကံ့ကော်ပန်းကိတ်" အချို့ကို ပြုလုပ်ခဲ့သည်။
ထို့နောက် ယင်းကိတ်မုန့်များကို ဝေရိချန်ထံသို့ ကိုယ်တိုင်ပင် သွားရောက်ကာ ပေးလေသည်။
ဝေရိချန်မှာလည်း စာကြည့်နေရင်းဖြင့်ပင် ညီမဖြစ်သူကို မြင်သောအခါ နူးညံ့စွာ ပြုံးပြလိုက်သည်။
"ဝမ်ဝမ်... ဘာလို့ ကိုယ်တိုင် လာရတာလဲ"
"အစ်ကိုကြီး စာကြည့်တာ အရမ်းပင်ပန်းပြီး ထမင်းမေ့ ဟင်းမေ့ ဖြစ်နေမှာ စိုးလို့ပါ.. အစ်ကိုကြီး ဘွဲ့ထူးတွေ ရတာထက် ကျန်းကျန်းမာမာ ရှိနေဖို့က ပိုအရေးကြီးပါတယ်"
ဝေချင်းဝမ်မှ အစ်ကိုဖြစ်သူအား ချိုသာစွာ ပြောလေသည်။
ဝေရိချန်သည်လည်း သူမကိုယ်တိုင် လုပ်လာသော ကိတ်မုန့်ကို မြည်းစမ်းကြည့်ကာ စားကောင်းသည့်အတွက် ကျေနပ်နေလေသည်။
ထိုစဉ် ဝေချင်းဝမ်သည် ဝေရော့အကြောင်းကို အကဲခတ်ချင်သဖြင့် မသိမသာပင် အစ်ကိုဖြစ်သူအား မေးလေသည်။
"အစ်ကိုကြီး... ကြားတာတော့ အစ်မက ဒီရက်ပိုင်း မြို့တောင်ဘက်က မြေရိုင်းတွေဆီ ခဏခဏ သွားနေတယ်ဆို၊ ဟုတ်လားဟင်"
"ဟုတ်တယ်၊ အဲဒီမြေက စိုက်ပျိုးဖို့ ခက်ခဲပေမဲ့ ရော့အာက သူ့မှာ နည်းလမ်းရှိတယ်လို့ ပြောလို့ စမ်းခိုင်းထားတာပါ.. အောင်မြင်ရင်လည်း ကောင်းတာပေါ့၊ မအောင်မြင်ရင်လည်း ဘာမှ အရှုံးမရှိပါဘူး"
ဝေရိချန်သည်လည်း ဖခင်ဖြစ်သူ ဝေမင်ထင်၏ မှတ်ချက်ပေးသည့်အတိုင်းပင် တူညီစွာ ပြောလိုက်လေသည်။
ထိုစကားကို ကြားလိုက်သည်နှင့် ဝေချင်းဝမ်လည်း သက်ပြင်းချလျက် ပြောဆိုလိုက်သည်။
"အစ်မကတော့ ကံကောင်းလိုက်တာ၊ စိတ်ကြိုက် အပြင်ထွက်ခွင့် ရနေတာပဲ... ကျွန်မတော့ မနာလိုတောင် ဖြစ်မိတယ်"
ထိုသို့ပြောနေရင်းဖြင့်ပင် အထိန်းတော်လီအတွက် စိတ်မကောင်းဖြစ်ဟန် အနေအထားဖြင့် မျက်ရည်များဝဲလာပြန်သည်။
ဝေရိချန်သည် ညီမဖြစ်သူ၏ အခြေအနေကိုမြင်သောအခါ စိတ်မကောင်းဖြစ်သွားပြီး အထိန်းတော်လီကို လယ်တောတွင် အလုပ်ပေါ့ပေါ့ပါးပါးသာ ခိုင်းရန် စီစဉ်ပေးမည်ဟု ကတိပေးလိုက်တော့သည်။
များမကြာမီအချိန်တွင် နဂါးလှေပွဲတော်အချိန်အခါသို့ ရောက်ရှိလာလေသည်။
ရှင်းဆန်ခရိုင်၏ ဓလေ့ထုံထမ်းအစဉ်အလာမှာ ရိုးရှင်းလှပေသည်။
အိမ်တိုင်းတွင် မက်မွန်ရွက်နှင့် ကလမတ်ပင် များ ချိတ်ဆွဲကာ "ဇုန်းစီ" မုန့်များ စားကြသည်။
ဝေမင်ထင်လည်း ခွင့်တစ်ရက်ရသည့်အပြင် ဝေရော့သည်လည်း အိမ်သို့ရောက်လာသည့် ပထမဆုံး ပွဲတော်ဖြစ်သောကြောင့် ကလေးအားလုံးကို ခေါ်၍ အပြင်သို့ လိုက်ပို့ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ဝေရော့သည် ရှို့မေကို စောစော ပြင်ဆင်ခိုင်းထားသည်။
အကြောင်းမှာ အပြင်ထွက်ခဲသော အခြေအနေဖြစ်သဖြင့် ယခုလို အပြင်ထွက်ခြင်းမှာ သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်သည့်အတွက်ကြောင့်ပင် ဖြစ်သည်။
ရင်ကျူးယွမ် ရှေ့မှ ဖြတ်သွားသောအခါ ဝေကျင်းယီသည် ခြံထဲတွင်ရှိနေသော ဇရပ်လေးထဲတွင် တစ်ဦးတည်း စာဖတ်နေသည်ကို တွေ့လိုက်ရသည်။
"ရှင် မလိုက်ဘူးလား" ဟု ဝေရော့က လှမ်းမေးသည်။
ဝေကျင်းယီမှလည်း "မလိုက်ပါဘူး" ဟု အေးစက်စွာ ပြန်ဖြေသည်။
ဝေရော့လည်း စကားကို ဆက်ပြောလိုက်ကာ နှစ်သိမ့်စကား ဆိုလိုက်သည်။
"ရှင်က အခုမှ နေပြန်ကောင်းတာဆိုတော့ အဖေက နားစေချင်လို့ ထားခဲ့တာ ဖြစ်မှာပါ၊ စိတ်မကောင်း မဖြစ်ပါနဲ့"
ဝေကျင်းယီမှလည်း သူသည် မည်သို့မျှ မခံစားရကြောင်းကို ပြန်ပြောလေသည်။
"ငါ စိတ်မကောင်း မဖြစ်ပါဘူး၊ ငါ အပြင်မထွက်ချင်လို့ပါ..မင်းပဲ ပျော်ပျော်ပါးပါး လည်ခဲ့ပါ"
ထို့နောက် သူသည် ဝေရော့၏ သွက်လက်သော ပုံစံလေးကို ငေးကြည့်နေမိသည်။
အိမ်တော်တံခါးဝတွင် ဝေမင်ထင်နှင့် ဝေရိချန်တို့မှာ မြင်းစီးကြပြီး၊ အမျိုးသမီးများနှင့် ဝေယီလင်းတို့မှာမူ ရထားလုံးဖြင့် လိုက်ပါလာကြသည်။
ပွဲတော်ရက်ဖြစ်သဖြင့် ရှင်းဆန်ခရိုင်၏ လမ်းမများပေါ်တွင် လူများ စည်ကားလျက်ရှိသည်။
ခဏလောက်ကြာသောအချိန်တွင် လူအုပ်စုကြီးတစ်စုသည် လမ်းကို ပိတ်ဆို့ထားသဖြင့် ရထားလုံး ရပ်လိုက်ရသည်။
ရှေ့တွင်ရှိသော ဆိုင်တစ်ဆိုင်၏ တံခါးဝတွင် စားပွဲများစွာ ခင်းထားပြီး စာရေးစုတ်တံဖြင့် ရေးသားထားသော စာမူများကို ချိတ်ဆွဲထားကြသည်။
ယွမ်ရှီးသည် ရထားလုံး လိုက်ကာကို လှန်လိုက်ကာ မေးလိုက်သည်။
"ရှေ့မှာ ဘာတွေ လုပ်နေကြတာလဲ"
-------------------------------------------------------------------------------------
---------------------------------------------------------------------------