အခန်း (၃၇) မူရင်းဇာတ်လိုက်မင်းသား
Viewers 36

"အမေ ခဏစောင့်ဦး၊ ကျွန်တော် သွားစုံစမ်းလိုက်ပါ့မယ်" 


ဝေရိချန်သည် မိခင်ဖြစ်သူမေးလိုက်သည်ကို ပြန်ဖြေလိုက်ကာ မြင်းပေါ်မှဆင်းပြီး လူအုပ်ထဲသို့ တိုးဝင်သွားသည်။


ခဏလောက်ကြာသောအခါတွင် ဝေရိချန် ပြန်ရောက်လာပြီး သူ့၏မျက်နှာမှာလည်း သွားစုံစမ်းတုန်းကထက် ပို၍ စိတ်လှုပ်ရှားနေသည်။


"အမေ.. ဆိုင်သစ်တစ်ဆိုင်ဖွင့်ပွဲမှာ ပြိုင်ပွဲလုပ်နေတာဗျ"


"ဘာဆိုင်လဲ၊ ဘာပြိုင်ပွဲမို့လို့လဲ" 


သားဖြစ်သူ ဤမျှ စိတ်အားထက်သန်နေသည်ကို မြင်ရခဲသဖြင့် ယွမ်ရှီးလည်း စိတ်ဝင်စားသွားသည်။


"စစ်ပေါင်ကျဲက ရှင်းဆန်ခရိုင်မှာ ဆိုင်ခွဲဖွင့်တာပါ၊ စာရေးစုတ်တံလက်ရေး ပြိုင်ပွဲလုပ်နေတာ...အနိုင်ရတဲ့သူက 'ဟူကျိုး' ဒေသရဲ့ နာမည်ကျော် ပညာရှိကြီး ရှန်းလင်ယောင်ရင်ရဲ့ လက်ရေးမူစစ်စစ်ကို ဆုအဖြစ် ရမှာပါ"


"စစ်ပေါင်ကျဲလား.. ပြီးခဲ့တဲ့တစ်ခေါက် အဖေယူလာတဲ့ စက္ကူတွေက အဲဒီဆိုင်ကပဲ မဟုတ်လား"


"ဟုတ်တယ် အမေ..အဲဒီ ပညာရှိကြီးက နန်းတွင်းပညာရှိဟောင်း တစ်ယောက်လေ၊ အငြိမ်းစားယူပြီးနောက် ဝါးတောထဲမှာ တစ်ကိုယ်တည်းနေထိုင်ပြီး စာပေကျမ်းဂန်တွေ ရေးသားနေတာ..သူ့ရဲ့ လက်ရာကို ရဖို့ဆိုတာ တကယ်မလွယ်ဘူး" 


ဝေရိချန်သည် မိခင်ဖြစ်သူအား စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလေသည်။


သားဖြစ်သူစကားကို ကြားရသဖြင့် ယွမ်ရှီးတစ်ယောက် ပြုံးလိုက်သည်။


"ဒါဆိုရင်လည်း ဘာစောင့်နေတာလဲ.. စာပေနဲ့ လက်ရေးဆိုရင် ငါ့သားက ရှင်းဆန်ခရိုင်မှာ အတော်ဆုံးပဲ မဟုတ်လား"


ဝေမင်ထင်သည်လည်း ဘေးမှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလေသည်။


"သွားလေ၊ အဖေလည်း ငါ့သားရဲ့ စာပေလက်ရာကို ကြည့်ချင်သေးတယ်"


ဝေမင်ထင်ထံမှ ခွင့်ပြုချက်ကို ရလိုက်သဖြင့် အမျိုးသမီးများလည်း ရထားလုံးပေါ်မှ ဆင်းကာ လမ်းလျှောက်လည်ပတ်ကြသည်။ 


ဝေရော့နှင့် ဝေချင်းဝမ်တို့မှာ မျက်နှာကာဦးထုပ်များ ဆောင်းထားရပြီး အစေခံများမှ အနီးကပ် လိုက်ပါလာကြသည်။ 


ဝေရော့နှင့် ရှို့မေတို့လည်း လူအုပ်ထဲသို့ တိုးဝင်ကာ ပြိုင်ပွဲကို စိတ်ဝင်တစား ကြည့်ရှုကြသည်။ 


အထူးသဖြင့် ဝေရော့မှာ အခြားသူများထက် ပို၍ စူးစမ်းလိုစိတ် ပြင်းပြနေပုံရသည်။


ပြိုင်ပွဲစည်းကမ်းမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်သည်။


သတ်မှတ်ထားသော ခေါင်းစဉ်အတိုင်း ဆောင်းပါးတိုတစ်ပုဒ်ကို ချက်ချင်းရေးသားရမည်ဖြစ်ပြီး၊ ဆောင်းပါးပါ အကြောင်းအရာနှင့် လက်ရေးအရည်အသွေးပေါ် မူတည်၍ အနိုင်အရှုံး ဆုံးဖြတ်မည်ဖြစ်သည်။ 


စစ်ပေါင်ကျဲ ဆိုင်ရှင်မှာ ရိုးသားဖော်ရွေသော ဗိုက်ရွှဲရွှဲနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။


ဝေရိချန်သည် လူအုပ်ထဲရောက်သွားသောအခါ ဆိုင်ရှင်က ပြုံးရွှင်စွာဖြင့် ကြိုဆိုသည်။


"သခင်လေး... စိတ်ထဲရှိတာကို ချရေးလိုက်ရုံပါပဲ၊ ကျွန်တော်တို့က စာသားထက် လက်ရေးကို ပိုဦးစားပေး ကြည့်မှာပါ"


ဝေရိချန်သည် စုတ်တံကိုကိုင်ကာ လူအများရှေ့တွင် စာလုံးရေ တစ်ရာခန့်ကို သွက်သွက်လက်လက်ပင် ရေးသားလိုက်သည်။ 


သူ၏ လက်ရေးမှာ လှပလွန်းသဖြင့် ပရိသတ်များထံမှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ 


ဆိုင်ရှင်သည် ထိုစာမူကို စနစ်တကျပင် ချိတ်ဆွဲလိုက်သည်။ 


စင်ပေါ်တွင် အခြားသူများ၏ လက်ရာများစွာ ရှိနေသော်လည်း ဝေရိချန်၏ လက်ရာမှာ သိသိသာသာ ထင်ရှားနေသည်။


အဝေးတစ်နေရာတွင် ဆန်းပြားလှပသော ရထားလုံးတစ်စီး ရပ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည်။


"ယွီအာ မင်းလည်း စိတ်ဝင်စားလို့လား" 


ချူလန်မှ ဘေးနားတွင်ရှိနေသော လုယွီဟုန်း ကို မေးလိုက်သည်။


ထိုအခါ လုယွီဟုန်းမှ အမြန်ပင် ခေါင်းခါပြလိုက်သည်။


"မင်းသားကြီးရယ်... ကျွန်တော့်ကို မနောက်ပါနဲ့..ကျွန်တော်က သိုင်းပြိုင်တာ၊ မြင်းစီးတာ၊ မြားပစ်တာပဲ တတ်တာပါ.. စာပေလက်ရေးဆိုရင်တော့ လက်လျှော့လိုက်ပြီ.. ဒါပေမဲ့ ဒီဆိုင်က စိတ်ဝင်စားစရာပဲ၊ ဖွင့်ပွဲမှာ ဒီလို နည်းလမ်းအသစ်တွေ သုံးပြီး လူဆွယ်နေတာ"


"အင်း... တခြားဆိုင်တွေထက်တော့ နည်းလမ်းစုံတယ်" 


ချူလန်မှ အေးစက်သော စကားလုံးများဖြင့် မှတ်ချက်ပေးလိုက်သည်။


"ဒါနဲ့... ဟိုမှာ မြင်းစီးနေတဲ့သူက မြို့တော်မှာရှိတဲ့ ဝေအိမ်တော်က လူ မဟုတ်လား..မြင်ဖူးသလိုပဲ" 


လုယွီဟုန်းက ဝေရိချန်ရှိရာဘက်သို့ ညွှန်ပြသည်။


"သူပဲလေ... ဝေအိမ်တော်က တတိယသခင် ဝေမင်ထင်၊ အခုတော့ ဒေသန္တရ စစ်ဗိုလ်ချုပ်ပေါ့" 


ချူလန်မှ ခေတ္တခဏမျှကြည့်ပြီးနောက်တွင် ရထားလုံးထဲမှ ထွက်လိုက်သည်


"သွားကြစို့"


"ဘယ်ကိုလဲ"


"ပြိုင်ပွဲဝင်ဖို့"


ချူလန်သည် ထိုသို့ပြောလိုက်ပြီး လူအုပ်ထဲသို့ တည့်တည့်လျှောက်သွားသည်။ 


ပြိုင်ပွဲဝင်များစွာ ရှိနေသော်လည်း ဝေရိချန်၏ လက်ရာမှာ အကောင်းဆုံးပင် ဖြစ်သည်။ 


ဝေချင်းဝမ်မှာ အစ်ကိုဖြစ်သူအတွက် ဝမ်းသာနေစဉ်မှာပင် ပိုးထည်ဝတ်စုံနှင့် လူငယ်တစ်ဦး ရှေ့သို့ ထွက်လာသည်။


"ကျွန်တော်လည်း စမ်းကြည့်ချင်တယ်"


လူအုပ်ကြီးမှ ထိုလူငယ်လေး၏အသံကို ကြားလိုက်သဖြင့် အလိုလို လမ်းဖယ်ပေးလိုက်ကြသည်။ 


သူ၏ အသွင်အပြင်နှင့် နောက်လိုက်များကို ကြည့်ရုံနှင့်ပင် သာမန်လူမဟုတ်ကြောင်း သိသာလှသည်။ 


ဝေမင်ထင်လည်း ထိုလူငယ်၏ နောက်လိုက်များ ဝတ်ဆင်ထားသော အဆောင်အယောင်များကို ကြည့်ကာ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။


ဝေရော့မှာမူ ထိုသူကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားသည်။


ထိုသူမှာ သတ္တမမြောက်မင်းသား ချူလန် ပင်ဖြစ်သည်။


မူရင်းဝတ္ထုထဲတွင် ဇာတ်လိုက်မင်းသားဖြစ်သည့်အပြင် မူရင်းဇာတ်လမ်း၌ သူမကို သတ်ခဲ့သူလည်း ဖြစ်သည်။


ထိုအချက်ကို တွေးမိသည်နှင့် ဝေရော့သည် လူအုပ်အပြင်ဘက်သို့ တိတ်တဆိတ် ဆုတ်ခွာကာ မင်းသားနှင့် အလှမ်းဝေးရာသို့ သွားလိုက်သည်။ 


အကြောင်းအရင်းမှာ အန္တရာယ်ရှိသော အရာများနှင့် အလိုလို အကွာအဝေးတစ်ခု ထားရှိချင်သော ဗီဇကြောင့်ပင် ဖြစ်သည်။


ဝေရော့သည် ဝေချင်းဝမ်ဘက်သို့ လှည့်ကြည့်လိုက်ရာ၊ ဝေချင်းဝမ်မှာ ချူလန်ကို ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


မူရင်းဇာတ်လမ်းထဲတွင် ချူလန်နှင့် ဝေချင်းဝမ်တို့သည် ဟွာဖဘုန်းကြီးကျောင်းတွင် ဆုံတွေ့ရမည် ဖြစ်သော်လည်း၊ ဝေရော့ကြောင့် ထိုဆုံစည်းမှုမှာ လွဲချော်ခဲ့ရခြင်း ဖြစ်သည်။


“ဒါဆိုရင်... ဒီနေ့မှာပဲ ထိုနောက်ကျနေတဲ ဆုံစည်းမှုက တကယ်ပဲ ဖြစ်လာတော့မှာလား” ဟု ဝေရော့ တွေးလိုက်မိသည်။

-------------------------------------------------

--------------------------------------------------------------------------------------------------------------