ဝေချင်းဝမ်သည် မျက်နှာကာဦးထုပ်အောက်မှနေ၍ ချူလန်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။
ချူလန်မှာ အရပ်အမောင်း မြင့်မားပြီး ဝတ်စားဆင်ယင်မှုမှာ အလွန်တန်ဖိုးကြီးလှသည့်အပြင် သူ၏ အရှိန်အဝါမှာလည်း သာမန်လူမဟုတ်ကြောင်း သက်သေပြနေသည်။
"ဖိတ်ခေါ်ပါတယ်ခင်ဗျာ"
ဆိုင်ရှင်သည် ပြုံးရွှင်စွာဖြင့် အစေခံကို စက္ကူအသစ် လဲခိုင်းလိုက်သည်။
ချူလန်သည် ရှေ့သို့တိုးလာပြီး ရှေ့တွင်ရှိနေသောစက္ကူကို မြင်သောအခါ သူ၏ တည်ငြိမ်သောမျက်နှာတွင် အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
သူသည် စက္ကူကို လက်ဖြင့် အသာအယာ ပွတ်သပ်ကြည့်လိုက်ရာ အံ့သြမှုများ ပို၍ပင် တိုးလာတော့သည်။
ဤစက္ကူမှာ မြို့တော်တွင်ပင် ရှာ၍မရနိုင်သော အရည်အသွေးမျိုး ဖြစ်နေသည်။
"ဒီစက္ကူက ဘယ်ကရတာလဲ" ဟု ချူလန်မှ မေးလိုက်သည်။
ဆိုင်ရှင်သည် ထိုစက္ကူအကြောင်းကို ရှင်းပြလိုက်သည်။
"ဒါက ကျွန်တော်တို့ စစ်ပေါင်ကျဲ ရဲ့ သီးသန့်ထုတ်ကုန်ပါခင်ဗျာ.. ပြိုင်ပွဲပြီးရင် ဆိုင်ကို တရားဝင်ဖွင့်မှာမို့ အဲဒီကျရင် ဝယ်ယူနိုင်ပါတယ်"
ချူလန်သည် စိတ်လှုပ်ရှားစွာဖြင့် စုတ်တံကို ကိုင်လိုက်သည်။
"စိတ်ဝင်စားစရာပဲ"
ဆိုင်ရှင်ပေးထားသော ခေါင်းစဉ်မှာ "လူသားများအတွက် အစားအစာသည် နတ်ဘုံနတ်နန်း" ဖြစ်သည်။
ချူလန်သည် စာလုံးရေ တစ်ရာခန့်ကို လှပသော လက်ရေးဖြင့် ရေးသားလိုက်ရာ ပရိသတ်ထံမှ ချီးကျူးသံများ ထွက်ပေါ်လာသည်။
အစေခံသည် ချူလန်၏ လက်ရာကို ဝေရိချန်၏ လက်ရာဘေးတွင် ကပ်လျက် ချိတ်ဆွဲလိုက်သည်။
လက်ရာနှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်သောအခါ ဝေရိချန်၏ လက်ရေးမှာ ပို၍ပင် နူးညံ့သိမ်မွေ့နေသည်။
ဆိုင်ရှင်သည် ပြိုင်ပွဲဝင်မည့်သူ မရှိတော့သည်ကို အတည်ပြုပြီးနောက်တွင် ပရိသတ်များကို သစ်သားပြားလေးများ ဝေပေးလိုက်သည်။
"ဒီနေ့ရဲ့ ဒိုင်လူကြီးတွေကတော့ အားလုံးပါပဲ.. ဘယ်သူ့လက်ရေးကို အကြိုက်ဆုံးလဲဆိုတာ အဲဒီလူရဲ့ စာမူအောက်က ချိတ်မှာ ဒီသစ်သားပြားလေး ချိတ်ပေးရုံပါပဲ.. မဲအများဆုံးရတဲ့သူက အနိုင်ရမှာပါ"
ထို့နောက် မဲပေးခြင်းကို စတင်လိုက်သည်။
ဝေရိချန်နှင့် ချူလန်တို့၏ လက်ရာများမှာ အခြားသူများထက် အပြတ်အသတ် သာလွန်နေသည်။
ဝေချင်းဝမ်လည်း သူမ၏မဲကို အစ်ကိုဖြစ်သူထံ ပေးမည်ဖြစ်သော်လည်း ချူလန်ကို တစ်ချက်လှမ်းကြည့်လိုက်မိသေးသည်။
ဝေရော့မှာမူ သူမ၏ မဲပြားကို ဝေရိချန်ထံတွင် အမြန်ချိတ်ကာ လူအုပ်ထဲမှ အမြန်ပင် ထွက်ပြေးသွားတော့သည်။
ထို့နောက် မဲများကိုရေတွက်လိုက်သောအခါ -
ချူလန် - မဲ ၂၀
ဝေရိချန် - မဲ ၂၁
ဝေရိချန်သည် တစ်မဲအသာဖြင့် အနိုင်ရသွားသည်။
ထို့နောက် ဝေရိချန်သည် ချူလန်ထံသို့ လျှောက်သွားကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး.. ကျွန်တော့်ရဲ့ ညီမလေးနှစ်ယောက်ကလည်း မဲပေးခွင့်ရလို့သာ ကျွန်တော်က တစ်မဲအသာနဲ့ နိုင်သွားတာပါ..မဟုတ်ရင် သခင်လေးကပဲ အနိုင်ရမှာပါ"
"ရှုံးရင် ရှုံးတာပါပဲ..မင်းမှာ ညီမရှိသလို ငါ့မှာလည်း သူငယ်ချင်းရှိတာပဲ..ဘာမှ ပြောစရာမရှိပါဘူး"
ချူလန်သည်လည်း ရှုံးနိမ့်သွားသည်ကို စိတ်ဆိုးခြင်းမရှိသည့်အခြေအနေဖြင့် ပြုံးလျက် ပြန်ပြောသည်။
သူ၏အနေအားဖြင့်ဆိုရလျှင် ထိုပညာရှိကြီး၏ လက်ရေးထက် ပို၍ စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေ့ရှိသွားပုံရသည်။
ဆိုင်ရှင်သည် ဆုကို ဝေရိချန်ထံ ပေးအပ်လိုက်ပြီးနောက်၊ ပြိုင်ပွဲတွင်သုံးသော စက္ကူများကို ဆိုင်အတွင်း၌ ဝယ်ယူနိုင်ကြောင်း၊ တစ်ဦးလျှင် ၅၀ ရွက်သာ ကန့်သတ်ရောင်းချမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
စာပေလေ့လာသူ ကျောင်းသားများမှာ ထိုစက္ကူ၏ ထူးခြားမှုကို သိရှိထားပြီးဖြစ်သဖြင့် ဆိုင်ရှေ့တွင် တန်းစီတိုးဝှေ့ကာ ဝယ်ယူကြတော့သည်။
ရှင်းဆန်ခရိုင်ကဲ့သို့ စီးပွားရေး မဖွံ့ဖြိုးသေးသော နေရာများတွင် ဤမျှ လူစည်ကားသည်မှာ တွေ့ရခဲသော မြင်ကွင်းပင် ဖြစ်သည်။
လူအုပ်ကြီးမှာ ကွဲသွားသော်လည်း ဝေချင်းဝမ်သည် ထိုမင်းသားလေး၏ ပုံရိပ်ကို လိုက်လံရှာဖွေနေမိဆဲပင် ဖြစ်သည်။
ဝေရိချန်မှ သူမကို ခေါ်လိုက်သည့်အခါမှသာ သတိဝင်လာပြီး ဆင်ခြေတစ်ခု ပေးလိုက်သည်။
"ကျွန်မ... အစ်မကို လိုက်ရှာနေတာပါ"
ဝေရော့မှာမူ ပြိုင်ပွဲပြီးသည်နှင့် အနီးနားတွင်ရှိနေသော သစ်သီးခြောက်ဆိုင်သို့ သွားကာ အိတ်ကြီးအိတ်ငယ်ဖြင့် ဝယ်ယူပြီးနေပြီဖြစ်သည်။
ဝေရိချန်သည် သူမကို တွေ့သောအခါ ပြုံးလျက်ပင် စကားဆိုလိုက်သည်။
"ညီမလေးက သစ်သီးခြောက် အရမ်းကြိုက်တာပဲလား.. နောက်ခါ အစ်ကို ဝယ်ပေးပါ့မယ်၊ အခုလို တစ်ခါတည်း အများကြီး ဝယ်စရာမလိုပါဘူး"
ဝေရော့မှာမူ အပြင်ထွက်ခွင့် မရတော့မည်ကို စိုးရိမ်ကာ ဝယ်ယူနေသည်ဟု သူ ထင်နေခြင်း ဖြစ်သည်။
အိမ်သို့ အပြန်လမ်းတွင် ဝေရိချန်သည် ဝေမင်ထင်ကို မေးလိုက်သည်။
"အဖေ... ခုနက သခင်လေးက သာမန်လူ မဟုတ်ပုံပဲ..သူ ဘယ်သူလဲဆိုတာ အဖေ သိလားဟင်"
------------------------------------------------------------------------
-------------------------------------------------------------------------------------