အခန်း (၃၉) နောက်ကွယ်က သူဌေးမင်း
Viewers 43

ရှင်းဆန်ခရိုင်သည် သေးငယ်လှသဖြင့် ဤမျှ အရှိန်အဝါကြီးမားသော ပုဂ္ဂိုလ်များ ရောက်ရှိလာပါက လူမသိရန် ခဲယဉ်းလှသည်။


"ရှင်းဆန်သားတော့ မဟုတ်လောက်ဘူး.. ဒါပေမဲ့ ဘယ်သူလဲဆိုတာ ငါလည်း စဉ်းစားလို့မရဘူး" 


ဝေမင်ထင်သည် ထိုလူငယ်၏ မျက်နှာကို ပြန်လည်အမှတ်ရရန် ကြိုးစားရင်း သားဖြစ်သူ၏မေးခွန်းကို ပြန်လည်ဖြေလိုက်လေသည်။


ယွမ်ရှီးလည်း ခန့်မှန်းကြည့်လိုက်သည်။


"ဟွာဖဘုန်းကြီးကျောင်းရဲ့ တရားအားထုတ်ဆောင်မှာ တည်းခိုနေတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်မလားရှင်"


"ဖြစ်နိုင်တယ်" 


ဝေမင်ထင်လည်း ဟုတ်နေသည့်ဟန်တူနေသဖြင့် သဘောတူလိုက်သည်။ 


ထို့နောက် ယွမ်ရှီးသည် ဆက်၍ စိုးရိမ်တကြီး မေးသည်။


"ရှင်... ဒါဆိုရင် အဲဒီနေ့က ကိစ္စရယ်၊ ဒီနေ့ ရိချန်က ပြိုင်ပွဲမှာ နိုင်သွားတာရယ်ကြောင့် အဲဒီပုဂ္ဂိုလ်က ကျွန်မတို့ မိသားစုအပေါ် အငြိုးထားသွားမလား"


"သိပ်မတွေးပါနဲ့..ဒီလိုကိစ္စလေးတွေနဲ့ စိတ်ဆိုးမယ်ဆိုရင်လည်း ငါ့မှာ ပြောစရာမရှိတော့ဘူး..ခုနက လူငယ်ရဲ့ အမူအရာကြည့်ရတာ စိတ်သဘောထား သေးသိမ်မယ့်ပုံတော့ မပေါ်ပါဘူး" 


ဝေမင်ထင်သည် ဇနီးဖြစ်သူပြောသည်ကို နှစ်သိမ့်လိုက်သည်။


ဝေရိချန်သည် သူရရှိလာသော ဆုဖြစ်သည့် ပညာရှိကြီး၏ လက်ရေးမူကို ဖခင်ဖြစ်သူအား ပေးအပ်သော်လည်း ဝေမင်ထင်မှ ငြင်းပယ်လိုက်ကာ သားဖြစ်သူကိုပင် သိမ်းထားခိုင်းလိုက်သည်။ 


ထိုစကားကို ကြားသောအခါ ရထားလုံးပေါ် တက်ခါနီး ဝေရော့သည် တစ်ချက် လှည့်ကြည့်လိုက်သော်လည်း မည်သည့်စကားမှ ပြောခြင်းမရှိကာ အထဲဝင်လိုက်ပြီး သစ်သီးခြောက်များကိုသာ ဆက်စားနေတော့သည်။


ပြိုင်ပွဲအပြီးတွင် ချူလန်သည် ချက်ချင်း ထွက်သွားခြင်းမရှိကာ သူ၏ နောက်လိုက်များကို စက္ကူများ ဝယ်ခိုင်းလိုက်သည်။ 


သူသည် စက္ကူကို ကိုင်ကြည့်ကာ ဤအရည်အသွေးမျိုးမှာ မြို့တော်တွင်ပင် မရှိကြောင်း ပို၍ပင် သေချာသွားတော့သည်။


လုယွီဟုန်းသည် ရယ်မောကာ ပြောလိုက်သည်။


"ဒီဆိုင်က တကယ်ကို နာမည်ကြီးတာ မဆန်းဘူး.. နည်းလမ်းမျိုးစုံနဲ့ လူဆွယ်ရုံတင်မကဘဲ ရောင်းတဲ့ပစ္စည်းကလည်း တခြားနေရာထက် အများကြီး သာနေတာပဲ ဒီလိုနေရာမှာ ဆိုင်ဖွင့်တာထက် မြို့တော်မှာ သွားဖွင့်ရင် စီးပွားရေးက အဆပေါင်း ရာနဲ့ချီ ကောင်းမှာ သေချာတယ်"


"ယွီအာ... မြို့တော်မှာ ဆိုင်ဖွင့်ဖို့ဆိုတာ မင်းထင်သလောက် မလွယ်ဘူးလေ" ဟု ချူလန်က ဆိုသည်။ 


လုယွီဟုန်းသည်လည်း ချူလန်ပြောသောစကားကို ပြန်လည်ချေပလိုက်သည်။


"ဒါဆိုရင်လည်း ကျွန်တော် အဲဒီဆိုင်ရှင်နဲ့ သွားစကားပြောကြည့်ရင် ကောင်းမလား.. သူတို့ဆီက ပစ္စည်းယူပြီး မြို့တော်မှာ ဆိုင်ခွဲဖွင့်မယ်ဆိုရင် ကျွန်တော်လည်း ငွေအများကြီး ရမှာပဲ"


ချူလန်က ပြုံးလျက်ပင် နောက်ပြောင်ကာ ပြောလိုက်သည်။


"စမ်းကြည့်ပေါ့၊ ဒါပေမဲ့ ဓားပြလို့ အထင်မခံရစေနဲ့ဦး" 


ဆိုင်ပိတ်ချိန်တွင် ဆိုင်ရှင်ကျားသည် ဆိုင်နောက်ဖက်ရှိ ခြံဝင်းလေးထဲသို့ ဝင်သွားသည်။ 


ထိုနေရာတွင် ထွားကြိုင်းပြီး ရိုးသားပုံရသော လယ်သမားတစ်ဦး ထင်းခုတ်နေသည်ကို တွေ့ရသည်။ 


ဆိုင်ရှင်ကျားသည် ထိုသူ့ထံသို့ သွားကာ ယနေ့ပြိုင်ပွဲအခြေအနေနှင့် အရောင်းစာရင်းများကို သတင်းပို့လိုက်သည်။


ယနေ့တွင် စက္ကူချပ်ရေ ၇,၂၀၀ အထိ ရောင်းချနိုင်ခဲ့သဖြင့် အလွန်အောင်မြင်လှသည်ဟု ပြောရမည်ဖြစ်သည်။


ထိုလယ်သမားမှာ အခြားသူမဟုတ်၊ ဝေရော့၏ အထိန်းတော်ခင်ပွန်း ရွှီကျူးရှန်းပင် ဖြစ်သည်။


ဆိုင်ရှင်ကျားသည် ရွှီကျူးရှန်းကို ကြည့်ကာ အံ့သြနေမိဆဲပင် ဖြစ်သည်။ 


ရိုးအအပုံစံနှင့် ဤလူတွင် ဤမျှ ဆန်းသစ်သော စီးပွားရေး အကြံဉာဏ်များ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ 


အမှန်အားဖြင့်ဆိုလျှင် ဤအကြံဉာဏ်အားလုံးမှာ ကွယ်ရာမှနေ၍ ကြိုးကိုင်နေသည့် ဝေရော့ ဆီမှ လာခြင်းဖြစ်သည်။


"သခင်... ခုနက လူငယ်တစ်ယောက်က သခင့်ကို တွေ့ချင်လို့ မေးနေပါတယ်..ပူးပေါင်းဆောင်ရွက်ချင်လို့တဲ့" 


ဆိုင်ရှင်သည် အကြောင်းအရာများကို ပြောလိုက်သောအခါ ရွှီကျူးရှန်းက ဝေရော့မှာထားသည့်အတိုင်း ပြန်လည်ပြောခိုင်းလိုက်သည်။ 


"ဘယ်သူ့ကိုမှ မတွေ့ဘူး" 


ထို့နောက် ရွှီကျူးရှန်းသည် အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားသည်။


"ဒါနဲ့ မနက်ဖြန်ကစပြီး စက္ကူချည်းပဲ ရောင်းလို့မရတော့ဘူး.. တွဲဖက်ရောင်းချတဲ့စနစ်ကို သုံးရမယ်"


သူသည် အိမ်ထဲသို့ ပြေးဝင်သွားပြီး စက္ကူတစ်ရွက်ကို ယူလာသည်။ 


ထိုစက္ကူပေါ်တွင် ကလေးတစ်ယောက်ရေးထားသည့် လက်ရေးဖြင့် စည်းကမ်းချက်များကို ရေးထားသည်။ 


"စက္ကူချည်းပဲ ဝယ်ရင် အများဆုံး ၂၀ ချပ်ပဲ ရမယ် ဒါပေမဲ့ ဆိုင်က တခြား စုတ်တံ၊ မှင်တုံး ဒါမှမဟုတ် မှင်ကျောက်တွေနဲ့ တွဲဝယ်ရင်တော့ ၅၀ ကနေ ၈၀ အထိ ဝယ်လို့ရမယ်လို့ သတ်မှတ်လိုက်မယ်"


ဆိုင်ရှင်ကျားမှ စိတ်ပူစွာဖြင့် မေးလိုက်လေသည်။ 


"ဒီလိုဆိုရင် လူတွေက ဝယ်ပါ့မလား"


ထိုစကားကို ကြားလိုက်သောအခါ ရွှီကျူးရှန်းလည်း အေးဆေးစွာပင် ပြန်ဖြေလိုက်သည်။ 


"စိတ်မပူပါနဲ့၊ ကျွန်တော်တို့က အတင်းအကျပ် မလုပ်ပါဘူး.. မဝယ်ချင်ရင်လည်း ၂၀ ချပ်ပဲ ယူပေါ့" 


ဆိုင်ရှင်ကျား ပြန်သွားပြီးနောက် ရွှီကျူးရှန်းသည် စာရင်းစာအုပ်များကို သိမ်းဆည်းကာ ဇနီးဖြစ်သူ အထိန်းတော်ကျန်းကို သွားကြိုရန် ပြင်ဆင်သည်။ 


အထိန်းတော်ကျန်းမှာ တောင်ပေါ်တွင် အလုပ်များနေသောကြောင့် ပိန်သွားသည်ဟု တွေးကာ ညစာအတွက် ကြက်တစ်ကောင် သတ်ကျွေးရန်လည်း သူ ဆုံးဖြတ်လိုက်တော့သည်။

---------------------------------

---------------------------------------------------------------------------------------