အခန်း (၄၀) ဖခင်ဖြစ်သူသင်ကြားပေးသော မြင်းစီးနှင့် မြှားပစ်အတတ်
Viewers 32

ဝေမိသားစုသည် လမ်းလျှောက်လည်ပတ်ပြီးနောက် ဝေမင်ထင်သည် သူတို့ကို စစ်ရေးလေ့ကျင့်ကွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ 


ပုံမှန်အားဖြင့်ဆိုလျှင် ဤနေရာသည် စစ်သည်များသာ လေ့ကျင့်ရာနေရာဖြစ်ပြီး အပြင်လူ ပေးမဝင်သော်လည်း ယခုအခါ စစ်သည်များမှာ ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိနေကြသဖြင့် လေ့ကျင့်ကွင်းမှာ တိတ်ဆိတ်နေပြီး အစောင့်အနည်းငယ်သာ ရှိလေသည်။


ဤနေရာသို့ ဝေမင်ထင်သည် သားသမီးများကို ခေါ်လာရခြင်းမှာ အားလပ်ရက်တွင် သားသမီးများကို မြင်းစီးသင်ပေးလိုသောကြောင့် ဖြစ်သည်။


သားကြီး ဝေရိချန်မှာ မြင်းစီးတတ်ပြီးဖြစ်သော်လည်း ကျန်သော သားသမီးများမှာမူ သင်ယူဖူးခြင်းမရှိပေ။


သူသည် ဝေရော့ကို ကိုယ်တိုင်သင်ကြားပေးရန် ဆုံးဖြတ်ပြီး ဝေချင်းဝမ်ကိုမူ ဝေရိချန်အား သင်ခိုင်းလိုက်သည်။ 


သားငယ် ဝေယီလင်းကိုမူ ယွမ်ရှီးမှ မြင်းပေါက်လေးသာစီးရန် စောင့်ကြည့်ပေးနေသည်။


ဝေမင်ထင်သည် သူ၏မြင်းကြီး "စစ်ကယ်လ်" ကို ဝေရော့ထံသို့ ယူလာကာ မေးလိုက်သည်။


"ရော့အာ... သမီး စမ်းကြည့်ရဲလား" 


ဝေရော့လည်း ဖခင်ဖြစ်သူမေးသည်ကို လက်ခံသဘောတူသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


သူမသည် ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက မြင်းမစီးရသေးသဖြင့် စိတ်လှုပ်ရှားနေမိသည်။


ဝေမင်ထင်သည် နင်းကွင်း၊ ကုန်းနှီးနှင့် ဇက်ကြိုးတို့အကြောင်းကို သေချာရှင်းပြနေသည်။ 


ဝေရော့သည်လည်း အာရုံစိုက်နားထောင်ပြီးနောက် ဖခင်ဖြစ်သူမှ စမ်းခိုင်းသည်နှင့် တွေဝေနေခြင်းမရှိကာ နင်းကွင်းကိုနင်းလိုက်ပြိး မြင်းပေါ်သို့ တစ်ချက်တည်း လွှားခနဲ တက်ထိုင်လိုက်သည်။ 


သူမ၏ လှုပ်ရှားမှုမှာ သွက်လက်ချက်ချာလွန်းသဖြင့် ဝေမင်ထင်ပင် အံ့သြသွားရသည်။


"ရော့အာ... သမီးက အစ်ကိုဖြစ်သူထက်တောင် ပိုပြီး ပြတ်သားပါလား.. ရိချန် ပထမဆုံး သင်တုန်းကဆို တော်တော်နဲ့ မြင်းပေါ်မတက်ရဲဘူး" ဟု ဝေမင်ထင်က ရယ်မောကာ ပြောသည်။


ဝေရိချန်မှလည်း ပြုံးရယ်ကာဖြင့် ကန့်ကွက်လိုက်သည်။


"အဖေကလည်း... ညီမလေးရှေ့မှာ ကျွန်တော့်အကြောင်းတွေ လျှောက်မပြောပါနဲ့ဗျာ ကျွန်တော့်မျက်နှာ ဘယ်နားသွားထားရမလဲ"


ဝေရိချန်သည် ဝေရော့ကို "အမျိုးသမီး သူရဲကောင်း" ဟု ချီးကျူးနေစဉ်၊ ဘေးနားတွင်ရှိနေသော ဝေချင်းဝမ်မှာမူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့နေမိသည်။ 


သူမသည် ဝေရော့ကဲ့သို့ မြန်မြန်ဆန်ဆန် မတတ်မြောက်နိုင်သဖြင့် သူမကိုယ်သူမ အားမလိုအားမရ ဖြစ်နေခြင်းပင် ဖြစ်သည်။


 ဝေရိချန်သည် သူမ၏ အခြေအနေကို သိလိုက်ရသဖြင့် နှစ်သိမ့်ပေးလိုက်သည်။


"ဝမ်ဝမ်မှာလည်း ဝမ်ဝမ်တော်တဲ့ အရာတွေ ရှိတာပဲလေ.. မုန့်လုပ်တာ၊ ပန်းထိုးတာ၊ ကဗျာရေးတာတွေမှာ ရော့အာက ဝမ်ဝမ်ကို မမီပါဘူး" 


မြင်းပေါ်တွင် ဝေရော့သည် ဝင့်ကြွားစွာ ပြုံးလျက် ကွင်းထဲတွင် ပတ်စီးနေသည်။ 


သူမ၏ လွတ်လပ်ပေါ့ပါးသော ပုံစံကိုကြည့်ကာ ဝေမင်ထင်သည် ကျေနပ်စွာဖြင့် ကြည့်ကာ ပါးစပ်မှလည်း ကျေနပ်မှုများကို ရေရွတ်နေသည်။ 


"ရော့အာက ငါနဲ့ အတူဆုံးပဲ.. သူသာ ယောင်္ကျားလေးဆိုရင် ငါနဲ့အတူ စစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်မှာပဲ" 


ယွမ်ရှီးသည်လည်းခင်ပွန်းဖြစ်သူ၏ မျက်နှာတွင် ဂုဏ်ယူနေသည့် အရိပ်အယောင်များကို မြင်တွေ့ရသဖြင့် ဝေရော့အပေါ် ထားရှိသော အေးစက်သည့် စိတ်အခံမှာ အနည်းငယ် ပျော့ပြောင်းလာသည်။


ထို့နောက် ဝေမင်ထင်သည် မြားပစ်ကို သင်ပေးပြန်သည်။ 


"မြားပစ်တာက မြင်းစီးတာထက် ပိုခက်တယ်.. စမ်းရုံပဲစမ်းကြည့်၊ အဆင်မပြေရင် ဇွတ်မလုပ်နဲ့" 


ဝေမင်ထင်သည် မြားကိုတင်လိုက်ကာ အားကုန်ဆွဲပြီး ပစ်ပြလိုက်ရာ မြားမှာ ပစ်မှတ်၏ အလယ်ဗဟိုကို တည့်တည့်မှန်သွားသည်။ 


သူသည် လေးနှင့်မြားကို ကိုင်လိုက်သည်နှင့် အရှိန်အဝါ ပြောင်းလဲသွားပြီး တကယ့်စစ်သူရဲကောင်းတစ်ဦးကဲ့သို့ ခန့်ညားလှသည်။


ဝေရော့သည် ဖခင်ဖြစ်သူ၏ အမူအရာကို အတုယူကာ မြားကို ပစ်ကြည့်သည်။ 


သူမသည် နည်းစနစ်ကို မြန်မြန်နားလည်သော်လည်း ခွန်အားနှင့် တိကျမှုတွင်မူ အားနည်းနေဆဲ ဖြစ်သည်။ 


ဝေမင်ထင်သည် လေးကြိုးကို လမင်းကြီးအလား ဝိုင်းစက်အောင် ဆွဲနိုင်သော်လည်း ဝေရော့မှာမူ လခြမ်းပုံစံသာ ဆွဲနိုင်သေးသည်။ 


မြား ၁၀ စင်း ပစ်ရာတွင် ၂ စင်းသာ ပစ်မှတ်ကို ထိသည်။


ဝေရော့သည် သူမ၏ လက်ထဲတွင်ရှိနေသော မြားကို အားမလိုအားမရ ကြည့်နေသည်ကို မြင်သောအခါ ဝေမင်ထင်မှ အားပေးလိုက်လေသည်။ 


"မလောပါနဲ့ သမီး၊ ဒါ ပထမဆုံးရက်ပဲ ရှိသေးတာလေ.. ဒီလောက်ဆိုရင် အရမ်းတော်နေပါပြီ" 


အဝေးမှကြည့်နေသော ဝေချင်းဝမ်သည် ဖခင်ဖြစ်သူမှ ဝေရော့ကို ကြင်နာစွာ ဆက်ဆံနေသည်ကို မြင်သောအခါ သူမလည်း မြားပစ်ချင်ကြောင်း ဝေရိချန်ကို ပူဆာတော့သည်။ 


ထို့ကြေ

ာင့် ဝေရိချန်သည်လည်း သူမကို ဝေမင်ထင်ရှိရာသို့ ခေါ်ဆောင်သွားခဲ့လေသည်။