ဝေကျင်းယီသည် စာမေးပွဲအဆင့်ဆင့်ကို တစ်ခါမျှ ဝင်ရောက်ဖြေဆိုခဲ့ဖူးခြင်း မရှိပေ။
သူသည် မိသားစု၏ ပစ်ပယ်ခြင်းခံထားရသော မယားငယ်သား ဖြစ်သော်လည်း သူသာ စာမေးပွဲဖြေဆိုလိုလျှင် ဝေမင်ထင်နှင့် ယွမ်ရှီးတို့သည်လည်း သဘောတူကြမည်မှာ အသေအချာပင် ဖြစ်သည်။
အကြောင်းမှာ အိမ်တော်အတွက် ဂုဏ်ယူစရာလည်း ဖြစ်သည့်အတွက်ကြောင့် ဖြစ်သည်။
"အရင်ကတော့ ရည်မှန်းချက် မရှိခဲ့ဘူး"
ဝေကျင်းယီသည် ဝေရော့မေးလိုက်သည်ကို ဖြေလေသည်။
"အရင်က ဟုတ်လား.. အခုရော ပြောင်းသွားပြီလား"
ဝေရော့က စူးစမ်းလိုစိတ်ဖြင့် မေးသည်။
"အပြောင်းအလဲ အချို့တော့ ရှိလာတယ်"
ဝေကျင်းယီမှာလည်း ဝေရော့မေးသမျှကို ညှင်သာစွာပင် ပြန်ဖြေလေသည်။
"ဒါဆို ရှင် စာမေးပွဲဝင်ဖြေတော့မှာလား"
ဝေရော့သည် သည်လိုစိတ်ဖြင့် ဆက်မေးလေသည်။
ဝေကျင်းယီသည် ယခုမှ အသက် ၁၆ နှစ်သာ ရှိသေးသဖြင့် စာမေးပွဲဝင်ဖြေရန်ပင် နောက်မကျသေးပေ။
သို့သော် ဝေကျင်းယီသည် ထိုမေးခွန်းကို ဖြေဆိုခြင်းမရှိကာ ဝေရော့အကြောင်းကိုသာ ပြန်မေးခဲ့သည်။
"မင်းရဲ့အမေက မင်းကို ခရိုင်ဝန်မင်းအိမ်က စာသင်ဝိုင်းမှာ သွားတက်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်"
"ဟုတ်တယ်၊ အဲဒီအစီအစဉ်က နှေးနှေးလေးပဲ ဖြစ်လာပါစေလို့ ဆုတောင်းနေတာ"
"မင်း မသွားချင်ဘူးလား?"
"အင်း... မသွားချင်ဘူး"
ဝေရော့သည် သက်ပြင်းချကာဖြင့် ပြောသည်။
အထူးသဖြင့် ဝေချင်းဝမ်နှင့်အတူ စာမသင်ချင်သောကြောင့် ဖြစ်သည်။
ဝေရော့သည် ဝေကျင်းယီနှင့်အတူ သေဘေးမှ အတူလွတ်မြောက်ခဲ့ဖူးသူများ ဖြစ်ကြသဖြင့် အခြားသူများကို မပြောဝံ့သော စကားများကိုမူ သူ့အား ပွင့်ပွင့်လင်းလင်း ပြောပြမိနေခြင်းဖြစ်သည်။
ဝေရော့သည် သူမကိုယ်တိုင် ဆရာမတစ်ယောက် ငှားချင်သော်လည်း ငြင်းပယ်ခံထားရကြောင်း၊ မြို့တောင်ဘက်မှ မြေရိုင်းကိစ္စကို အကြောင်းပြပြီး မည်မျှလောက် အချိန်ဆွဲထားနိုင်မည်ကို မသိကြောင်း ညည်းတွားမိသည်။
ထိုစဉ် ဝေကျင်းယီသည် သူမပြောနေသည်ကို အတန်ကြာ စိုက်ကြည့်ပြီးနောက် စကားတစ်ခွန်း ပြောလိုက်သည်။
"ငါ မင်းအတွက် နာမည်ကြီးတဲ့ ဆရာမတစ်ယောက် ငှားပေးနိုင်ပါတယ်"
ဝေရော့လည်း ထိုစကားကို ကြားလိုက်သည်နှင့် အံ့သြသွားသည်။
အကြောင်းမှာ နာမည်ကျော် ဆရာမဟူသည် ငွေရှိရုံဖြင့် ငှား၍ရနိုင်သောအရာ မဟုတ်ပေ။
"ငါ့ရဲ့ မွေးမိခင်က စာပေမျိုးနွယ်က လာတာမို့ ဒီဘက်မှာ အဆက်အသွယ် အချို့ ရှိပါတယ်.. မင်းအတွက် ဆရာမတစ်ယောက် ရှာပေးဖို့ မခက်ခဲပါဘူး"
ဝေကျင်းယီသည် ဝေရော့နားလည်စေရန် အလေးအနက်ထားကာ ရှင်းပြလေသည်။
ထိုသို့ကြားလိုက်ရသောအခါ ဝေရော့၏ မျက်လုံးများ တောက်ပသွားသည်။
အကယ်၍ ဆရာမကောင်းတစ်ယောက်သာ ရှိလာလျှင် ဝေချင်းဝမ်နှင့်အတူ စာသင်ရန်အတွက် ငြင်းဆန်ခြင်းမှာ အကြောင်းပြချက်ကောင်း ရရှိသွားပြီဖြစ်သောကြောင့် ဖြစ်သည်။
နေ့လယ်စာစားသောအချိန်တွင် သူတို့လေးဦးတို့သည် ဇရပ်လေးထဲတွင် ဟင်းလေးပွဲ၊ စွပ်ပြုတ်တစ်ပွဲနှင့်အတူ ပျော်ရွှင်စွာ စားသောက်နေကြသည်။
ဝေရော့သည် စပ်သောဟင်းများကို ဝေကျင်းယီအား မစားရန် သတိပေးသော်လည်း သူသည် စမ်း၍စားကြည့်ပြန်သည်။
"အရသာကတော့ သိပ်မကောင်းဘူး၊ ဒါပေမဲ့ မျိုချရတာတော့ မခက်ပါဘူး"
ဝေကျင်းယီသည် အစပ်ဟင်းများကို စားသောက်ကာ မှတ်ချက်ပေးလိုက်သည်။
ဝေရော့သည် တစ်နေကုန်ပင် ရင်ကျူးယွမ်တွင် နေထိုင်ကာ စာရင်းဇယားများကို စစ်ဆေးနေသည်။
ဝေကျင်းယီသည်လည်း စာဖတ်နေခြင်းဖြစ်ပြီး သူတို့နှစ်ဦးကြားတွင် တိတ်ဆိတ်သော်လည်း နွေးထွေးသော လေထုတစ်ခု ဖြစ်ပေါ်နေလေသည်။
ဝေကျင်းယီသည် ဝေရော့၏ လက်ရေးကို တစ်ချက်လှမ်းမြင်လိုက်ရာ ခုနစ်နှစ်အရွယ် ဝေယီလင်း၏ လက်ရေးနှင့် ဆင်တူနေသဖြင့် အသာအယာပင် ပြုံးမိသွားသည်။
ဝေရော့ ပြန်သွားပြီးနောက်တွင် ဝေကျင်းယီသည် စာတစ်စောင်ရေးကာ ရှောင်ပေ့အား အိမ်ပြင်သို့ လျှို့ဝှက် ပေးပို့ခိုင်းလိုက်သည်။
ရက်အနည်းငယ်အကြာတွင် ဝေရော့သည်လည်း ဒဏ်ရာများ သက်သာသွားပြီး မြို့တောင်ဘက်ရှိ မြေရိုင်းများဆီသို့ ထပ်မံသွားရောက်ခဲ့သည်။
သူမသည် ဆားငန်မြေများကို ပြုပြင်ရန်အတွက် အချဉ်ဓာတ်ရှိသော အပင်ဆွေးများနှင့် မြေဆီလွှာများကို အသုံးပြု၍ စမ်းသပ်စိုက်ပျိုးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အထိန်းတော်ကျန်း နှင့် အလုပ်သမားနှစ်ဦးမှာ ဝေရော့၏ အစီအစဉ်ကို နားမလည်ကြသော်လည်း သူမ ခိုင်းသည့်အတိုင်း သေချာကြိုးစား လုပ်ကိုင်ပေးနေကြသည်။
ဝေရော့သည် သူတို့အတွက် အသားတုံးကြီးများပါသော ဝက်သားထမင်းဘူးများကို ပြင်ဆင်လာခဲ့သည်။
"ငေးမနေကြနဲ့၊ မြန်မြန်စားကြရအောင် စားမှ အလုပ်လုပ်နိုင်မှာပေါ့"
ဝေရော့လည်း ယူလာသည်ထမင်းဘူးများကို သတိထားမိစေရန် အော်ပြောလိုက်လေသည်။
အထိန်းတော်ကျန်းနှင့် အလုပ်သမားများမှာ အသားဟင်းထမင်းထုပ်များကို ကြည့်ကာ အလွန်ဝမ်းသာအားရ ဖြစ်ကြပြီး ဝေရော့၏ ဂရုစိုက်မှုများအပေါ်တွင် ပို၍ သစ္စာရှိလာကြမည်မှာ အမှန်ပင် ဖြစ်သည်။
-------------------------------------------------
--------------------------------------------------------------------------------------