“တင်ပါးတွေ၊ ပေါင်အတွင်းသားတွေ... မြင်းနဲ့ပွတ်တိုက်မိတဲ့ အဲဒီနေရာတွေက နာလိုက်တာမှ...” ဟု ဝေရော့မှ ရေရွှတ်နေသည်။
မြှားပစ်စဉ် နာခဲ့သည့် လက်မောင်း၊ ပုခုံးနှင့် လက်ချောင်းများမှာ ဝေရော့အတွက် မည်သို့မျှ ခံစားရခြင်းမရှိပေ။
အကြောင်းမှာ သူမသည် ဆေးမြစ်တူး၊ လယ်လုပ်နေကျဖြစ်သဖြင့် သန်မာပြီးသားပင် ဖြစ်သည်။
သို့ပေမဲ့လည်း ပေါင်အတွင်းသား ကြွက်သားများကိုမူ တခြားအလုပ်များနှင့် လေ့ကျင့်၍ မရနိုင်ပေ။
ဝေရော့သည် ယခုအချိန်မှပင် နောင်တရနေမိသည်။
မနေ့ညတွင် သူမသည် ပေါ့ဆစွာ နေခဲ့မိသောကြောင့်ဖြစ်သည်။
အကယ်၍ သူမသည် ကိုယ်တိုင်ဖော်စပ်ထားသည့် ဆေးရည်ဖြင့်သာ ချိုးခဲ့လျှင် ယခုလောက်ထိ နာကျင်မှုမျိုးမှာ အနည်းငယ်မျှလောက် သက်သာမည်မှာ အသေအချာပင်ဖြစ်သည်။
“အခုတော့ လမ်းလျှောက်ရတာတောင် ရှက်စရာကြီး” ဟု ဝေရော့ စိတ်ထဲတွင် ညီးတွားနေသည်။
"သခင်မလေး... ဘာလို့ ခုတင်ပေါ်က မဆင်းတာလဲ"
ရှို့မေသည် နံရံကိုမှီလျက် တုန်တုန်ချည့်ချည့် လမ်းလျှောက်နေသည့် ဝေရော့ကို ကြည့်ကာ သနားလည်းသနား၊ ရယ်လည်းရယ်ချင်နေမိသည်။
"ရှို့ရှို့... နင် ငါ့ကို လှောင်နေတာလား.. ငါတို့ကြားမှာ ချစ်ခြင်းမေတ္တာတွေ မရှိတော့ဘူးလား"
"မဟုတ်ပါဘူး သခင်မလေးရဲ့.. ကျွန်မ တကယ်မရယ်ပါဘူး.. ကျွန်မ သခင်မလေးကို လှောင်တာထက် ပိုချစ်ပါတယ်"
"နင် စကားတွေလွဲနေတယ်နော် ငါ့ကို ရယ်နေတာပဲ"
"သခင်မလေးရယ်... ကျွန်မလည်း မရယ်ချင်ပါဘူး.. ဒါပေမဲ့ သခင်မလေး ဒီလိုပုံစံနဲ့ လမ်းလျှောက်တာ ပထမဆုံး မြင်ဖူးလို့ပါ.. ယုံပါ... ကျွန်မ မလှောင်ပါဘူး၊ သခင်မလေး လမ်းလျှောက်တာ ချစ်ဖို့ကောင်းလို့ပါ"
"ဟွန့်... လူဆိုးမလေး"
ဝေရော့သည် မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
"နင်ကတော့ ရယ်ချင်သလိုရယ်ပေါ့.. ဒါပေမဲ့ ဒီအိမ်က တခြားလူတွေ၊ အထူးသဖြင့် ဟိုကလေးစုတ် ဝေယီလင်းရှေ့မှာတော့ ငါ့ကို ဒီပုံစံနဲ့ အတွေ့မခံနိုင်ဘူး"
ဝေရော့သည် ခဏလောက်မျှစဉ်းစားပြီးနောက်တွင် ရှို့မေကို မှာလိုက်သည်။
"ဒီနေ့ နေ့လယ်စာနဲ့ ညစာကို ထမင်းစားဆောင်မှာ မစားတော့ဘူး.. အမေ့ကို သွားပြောပေး၊ မနေ့က မြင်းစီးတာ ဒဏ်ရာရလို့ လမ်းလျှောက်ရတာ အဆင်မပြေဘူးလို့ပဲ ပြောလိုက်"
ယွမ်ရှီးသည် မနေ့က ဝေမင်ထင် ပြောထားသောကြောင့် ဝေရော့ နာကျင်နေမည်ကို သိရှိပြီးသားဖြစ်ရာ ထမင်းစားဆောင် မလာခြင်းကို ခွင့်ပြုသည့်အပြင် ဝေရော့အတွက် သီးသန့် ဟင်းပွဲများကိုပင် ထင်စုန်းယွမ်သို့ ပို့ပေးရန် စီစဉ်ပေးလိုက်သည်။
သို့သော် ဝေရော့မှာမူ အိမ်ကြီးတွင်ရှိသော မီးဖိုချောင်မှ ချက်သည့် ဟင်းများကို သိပ်မကြိုက်လှပေ။
သူမသည် ဘေးခြံတွင်ရှိနေသော ဝေကျင်းယီ၏ မီးဖိုချောင်လေးတွင် သွားရောက်ချက်စားရန် ဆုံးဖြတ်လိုက်သည်။
ဝေရော့သည် ရှို့မေကို အားကိုးပြီး တုန်တုန်ချည့်ချည့်ဖြင့် ရင်ကျူးယွမ်ထဲသို့ ဝင်လာသည်။
ဝေကျင်းယီမှာလည်း နေပြန်ကောင်းစဖြစ်သည့်အတွက် ဇရပ်လေးထဲတွင် ထုံးစံအတိုင်း စာဖတ်နေဆဲ ဖြစ်သည်။
ဝေရော့၏ ထူးဆန်းသော လမ်းလျှောက်ပုံကို မြင်သောအခါ သူသည် လှမ်း၍ မေးလိုက်သည်။
"ဘာဖြစ်တာလဲ.. ဒဏ်ရာရလို့လား"
သူသည် မျက်မှောင်ကြုတ်ထားသော ပုံစံဖြင့် တည်ကြည်သော မျက်လုံးများထဲတွင် စိုးရိမ်သည့် အရိပ်အယောင်များ အနည်းငယ် ပါဝင်နေသည်။
"ဒဏ်ရာ မဟုတ်ပါဘူး... မနေ့က မြင်းစီးလို့ပါ"
ဝေရော့သည် သက်ပြင်းချလိုက်ကာ လေသံတိုးတိုးဖြင့် ထပ်ပြောသည်။
"ပထမဆုံးအကြိမ်မို့လို့ပါ..."
ထိုစကားကို ကြားလိုက်သောအခါ ဝေကျင်းယီသည် အခြေအနေကို နားလည်သွားပုံရပြီး သူ၏ တည်ကြည်သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
သူသည် လူအများ၏ရှေ့တွင် ရယ်ခဲသူဖြစ်သည့်အတွက် လက်တစ်ဖက်ဖြင့် မျက်နှာကို တစ်ဝက်ကာထားလိုက်သည်။
"ဝေကျင်းယီ.. ရှင် ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်ရဲ့ အသက်သခင် ကျေးဇူးရှင်နော် သေအတူရှင်အတူ ညီမအရင်းလို လူမျိုးကို အခုလိုအချိန်မှာ လှောင်ရက်တယ်လား" ဟု ဝေရော့သည် မကျေမနပ်ဖြင့် အော်ပြောမိသည်။
"မလှောင်ပါဘူး"
ဝေကျင်းယီသည် ပြန်ဖြေသော်လည်း သူ၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်နေဆဲ ဖြစ်သည်။
ဝေရော့သည် စိတ်ဆိုးသွားပြီး ရန်တွေ့နေသည့် ပုံစံလေးမှာ သူ့အတွက်တော့ ထူးထူးခြားခြား စိတ်ဝင်စားစရာ ဖြစ်နေပုံရသည်။
ဝေရော့သည် ဝေကျင်းယီ ပြုံးနေသည်ကို မြင်သောအခါ အတွေးတစ်ခု တွေးမိလိုက်ပြီး ရှက်ကိုးရှက်ကန်း ပြောလိုက်ကာ မီးဖိုချောင်အတွင်းသို့ ဝင်သွားလေသည်။
"ရှင့်ရဲ့ အပြုံးက တကယ်ကို ကြည့်ကောင်းသားပဲ..ဒီလိုပဲ အမြဲပြုံးနေပါလား…ကဲ... ရယ်ချင်သလောက်ရယ်၊ ဒါပေမဲ့ ရှင့်ရဲ့ မီးဖိုချောင်လေး ခဏငှားဦး၊ ရှို့ရှို့က ကျွန်မအတွက် အရသာရှိတာတွေ ချက်ပေးလိမ့်မယ်"
ရှို့မေသည် ကန်စွန်းရွက်ကြော်၊ မှိုကြော်နှင့် ဝေကျင်းယီအတွက် အိမ်ရှေ့မှ ပေးထားသော ကြက်မကြီးကို ဝေရော့၏ ဆေးမြစ်များဖြင့် ပေါင်းကာ အားရှိမည့် ဟင်းလျာများကို ပြင်ဆင်လိုက်သည်။
ရှို့မေတို့ အလုပ်ရှုပ်နေစဉ် ဝေရော့သည် ဇရပ်ထဲတွင် ဝေကျင်းယီ စာရေးနေသည်ကို ငေးကြည့်နေမိသည်။
သူမသည် ဝေကျင်းယီ၏ လက်ရေးကို အနီးကပ် မြင်လိုက်ရသောအခါ အံ့သြသွားရသည်။
“ရှင့်ရဲ့ လက်ရေးက တကယ်လှတာပဲ"
ဝေကျင်းယီ၏ လက်ရေးမှာ အင်အားပါနေသည့်အပြင် နူးညံ့မှုလည်း ရှိကာ အနုပညာလက်ရာလည်း မြောက်လှသည်။
ထို့နောက် ဝေရော့သည် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ရှင် စာတွေလည်း အများကြီးဖတ်တယ်၊ လက်ရေးလည်း ဒီလောက်လှတာ... ဘာလို့ အစ်ကိုကြီးလိုမျိုး စာမေးပွဲတွေဝင်ဖြေပြီး ဘွဲ့ထူးတွေ မယူရတာလဲ"
----------------------------------------
-----------------------------------------------------------------------------------------