"တော်သေးတာပေါ့၊ အနည်းဆုံးတော့ နွားလှည်း မဟုတ်သေးဘူးပဲ"
ဝေရော့သည် မိခင်ဖြစ်သူ စီစဉ်ပေးမည်ကို ရယ်မောရင်း ပြောလိုက်သည်။
သူမကို နွားလှည်း မစီစဉ်ပေးရခြင်းမှာ ယွမ်ရှီးသည် သူမကို ချစ်လွန်း၍ မဟုတ်ဘဲ အိမ်တော်၏ မျက်နှာပျက်မည်ကို စိုးရိမ်နေခြင်းပင် ဖြစ်နိုင်ကြောင်း ဝေရော့ ကောင်းကောင်းသိသည်။
"ရော့အာ... အမေလည်း တတ်နိုင်သလောက် စီစဉ်ပေးတာပါ ရှဲ့မိသားစုဆိုတာက သာမန်မဟုတ်ဘူးလေ ပြီးတော့ ဝမ်ဝမ် သင်ယူမယ့်သူက နာမည်ကျော် မစ္စဝမ်စိုက်ဝေ ဆိုတော့..."
ယွမ်ရှီးသည် ဝေရော့ပြောလိုက်သည်ကို မကြိုက်သည့်အနေအထားဖြင့် မျက်မှောင်ကြုတ်လျက် ရှင်းပြသည်။
"ဟုတ်ကဲ့၊ အမေပြောတာ သဘာဝကျပါတယ်..ကျွန်မလည်း လုံးဝ သဘောတူတယ်"
ဝေရော့သည် အေးဆေးတည်ညိမ်စွာပင် ပြန်ဖြေလိုက်သည်။
ယွမ်ရှီးမှာလည်း ဝေရော့၏ ထူးခြားသော တည်ငြိမ်မှုကြောင့် အနည်းငယ် အံ့သြသွားရသည်။
ထို့နောက် ဝေရော့မှ ဆက်ပြောသည်။
"ပိုဝေးတဲ့နေရာကိုသွားပြီး ပိုကျော်ကြားတဲ့ ဆရာမဆီမှာ ပညာသင်မယ့်သူက အိမ်က ရထားလုံးအကောင်းကို စီးမယ်၊ သာမန်နေရာကို သွားမယ့်သူကတော့ အသစ်ဝယ်မယ့် ရထားလုံးအစုတ်လေးကို စီးမယ်... ဒါဟာ တရားမျှတတဲ့ ဆုံးဖြတ်ချက်ပဲ မဟုတ်လား"
ယွမ်ရှီးမှာ ဝေရော့၏ စကားကြောင့် ခဏတာမျှ ဆွံ့အသွားလေသည်။
ဝေရော့၏ စကားများမှာ ယုတ္တိရှိသော်လည်း နားထောင်ရသည်မှာ တစ်မျိုးကြီး ဖြစ်နေသည်။
"အစ်မ... ကျွန်တော် အစ်မအတွက် လက်ဆောင် ပြင်ဆင်ထားတယ်"
ဝေယီလင်းသည် ဝမ်းသာအားရဖြင့် ဝမ်မေယွမ်ထဲသို့ ပြေးဝင်လာသည်။
သူသည် ဝေချင်းဝမ်အတွက် နာမည်ကျော် 'စစ်ပေါင်ကျဲ' ဆိုင်မှ စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်များကို လက်ဆောင်ပေးခြင်းဖြစ်သည်။
"ဒါတွေက အခု အရမ်းခေတ်စားပြီး ဝယ်ရခက်တာနော်.. အစ်မ ရှဲ့အိမ်တော်မှာ စာသင်ရင် သုံးဖို့ ကျွန်တော် ကိုယ်ပိုင်ငွေနဲ့ ဝယ်ပေးတာ"
ဝေချင်းဝမ်လည်း မောင်ဖြစ်သူမှ သူမအပေါ် ဂရုတစိုက်ရှိသည့်အတွက် အလွန်ပင်ဝမ်းသာသွားလေသည်။
"ယီလင်း... မင်း ငါ့အပေါ် တကယ်ကောင်းတာပဲ.. ဒါပေမဲ့... အစ်မရော့အာရော.. သူလည်း စာသင်ရတော့မှာဆိုတော့ သူ့မှာ စာရေးကိရိယာတွေ ရှိရဲ့လား မသိဘူး"
"သူ့ကို ဂရုမစိုက်ပါနဲ့ အစ်မရာ.. သူ့ကိစ္စတွေက ကျွန်တော်နဲ့ မဆိုင်ဘူး"
"ဒါပေမဲ့ သူက အစ်မလေ အစ်မမှာ ရှိတာလေးတွေ သွားပေးလိုက်ပါဦးမယ်"
ဝေချင်းဝမ်သည် ချက်ချင်းဆိုသလိုပင် စာရေးကိရိယာ အချို့ကို ယူကာ ဝေရော့ရှိရာ ထင်စုန်းယွမ် သို့ ထွက်လာခဲ့သည်။
ဝေယီလင်းမှာမူ ဝေရော့သည် ဝေချင်းဝမ်ကို အနိုင်ကျင့်မည်စိုးသဖြင့် နောက်မှ လိုက်လာခဲ့သည်။
ထင်စုန်းယွမ် သို့ ရောက်သောအခါ ဝေရော့မှာ ခြံထဲတွင် စိုက်ထားသော ကန်စွန်းဥ၊ ဗူးသီး၊ ဖရုံသီး ပျိုးပင်လေးများကို မြေသြဇာ ကျွေးနေသည်။
"အစ်မ..."
ဝေချင်းဝမ်မှ လှမ်းခေါ်လိုက်သည်။
"အစ်မ ခရိုင်ဝန်မင်းအိမ်မှာ စာသင်ရင် သုံးဖို့ ကျွန်မ စာရေးကိရိယာလေးတွေ လာပေးတာပါ"
ဝေရော့မှ ဝေချင်းဝမ် ခေါ်သံကို ကြားလိုက်သဖြင့် လှည့်ကြည့်လိုက်ပြီး ဝေချင်းဝမ်ပေးသည့် စာရေးကိရိယာများကို ငြင်းဆိုလိုက်သည်။
"ကျွန်မ မလိုချင်ဘူး ပြန်ယူသွားပြီး မင်းဘာသာမင်းပဲ သုံးလိုက်ပါ"
ထိုအခါ ဝေချင်းဝမ်လည်း မျက်နှာငယ်လေးဖြင့် ထပ်မံကာ ပေးပြန်သည်။
"ဒါတွေက အသစ်စက်စက်တွေပါ အစ်မရဲ့..."
ဝေရော့မှလည်း "မလိုဘူး" ဟုသာ ထပ်ပြောသည်။
ထိုအခါ ဝေယီလင်းလည်း ဒေါသထွက်လာကာ အော်ဟစ်လေသည်။
"အစ်မက စေတနာနဲ့ ပေးတာကို ဘာလို့ ဒီလို အမူအရာမျိုး လုပ်ရတာလဲ.. အစ်မက ဝမ်ဝမ်ကို တမင် သက်သက် အရှက်ခွဲနေတာပဲ"
"ကျွန်မ မလိုချင်တာကို မလိုချင်ဘူးပြောတာက အမူအရာ ပျက်တာလား.. ကျွန်မမှာ ဘာလိုအပ်တယ်၊ ဘာမလိုဘူးဆိုတာ ကျွန်မထက် မင်းက ပိုသိနေတာလား"
ဝေရော့မှ အေးဆေးစွာဖြင့် ပြန်မေးလိုက်သည်။
ဝေယီလင်းနှင့် ဝေရော့တို့ အခြေအတင် ဖြစ်နေစဉ် ယွမ်ရှီး ရောက်လာပြီး အခြေအနေကို ဟန့်တားလိုက်လေသည်။
"ဘာတွေ ဆူညံနေကြတာလဲ"
ထိုအခါ ဝေချင်းဝမ်သည် သူမကြောင့် ပြဿနာဖြစ်ရပါသည်ဟု ဆိုကာ ငိုမဲ့မဲ့ဖြင့် ရှင်းပြလိုက်ရာ ယွမ်ရှီးသည်လည်း ဝေရော့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ရော့အာ... သမီး စာသွားသင်ရင် စာရေးကိရိယာ လိုမှာပဲလေ..ဝမ်ဝမ်က စေတနာနဲ့ ပေးတာကို ဘာလို့ မကောင်းဘူးလို့ ပြောရတာလဲ"
"သူပေးတာ မကောင်းဘူးလို့ ကျွန်မ မပြောပါဘူး ကျွန်မမှာ ရှိပြီးသားမို့ မလိုချင်ဘူးလို့ပဲ ပြောတာပါ"
ဝေရော့သည် ယွမ်ရှီးကို တည်ငြိမ်စွာဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။
ဝေရော့၏ စိတ်ထဲတွင်မူ သူမကိုယ်တိုင် ပိုင်ဆိုင်သော စစ်ပေါင်ကျဲဆိုင်မှ အကောင်းဆုံး စာရေးကိရိယာများ ရှိနေပြီးသားဖြစ်သောကြောင့် ဝေချင်းဝမ် ပေးသော ပစ္စည်းများသည် သူမအတွက် အသုံးမလိုခြင်းမှာ အမှန်ပင်ဖြစ်သည်။
------------------------------------------------------
---------------------------------------------------------------------------------