မမျှော်လင့်ပါပဲနှင့် ဝမ်စိုက်ဝေသည် ဝေရော့နှင့် ရှဲ့ရင်းတို့၏ ရွေးချယ်မှုကို ဝေဖန်ခြင်းပြုခြင်းမရှိကာ သူတို့ကို ထိုင်ခိုင်း၍ စာသင်ကြားပေးလေသည်။
ဝေရော့သည် အစပိုင်းတွင် စာသင်ကြားမှုကို မျှော်လင့်ချက် သိပ်မထားခဲ့သော်လည်း ဝမ်စိုက်ဝေ၏ သင်ကြားပုံမှာ သူမထင်ထားသကဲ့သို့ ပျင်းရိစရာ မကောင်းပေ။
ဆရာမသည် စာများကို မြင်သာအောင်ရှိသော ပုံပြင်များနှင့် သမိုင်းကြောင်းများကို ပြောပြသည့်အပြင်၊ စာသားများနှင့် ဆက်စပ်ပြီး လက်တွေ့ဘဝကိုပါ ယှဉ်တွဲကာ ရှင်းပြတတ်သေးသည်။
အစပိုင်းတွင် စိတ်ပါလက်ပါ မရှိသည့် ရှဲ့ရင်းမှာလည်း မျက်လုံးအပြူးသားဖြင့် အလွန်အာရုံစိုက် နားထောင်နေ လေသည်။
အထူးသဖြင့် ဝမ်စိုက်ဝေသည် သမိုင်းထဲတွင် ပါဝင်သော စစ်ပွဲကြီးများအကြောင်း ပြောပြသည့်အခါတွင် ရှဲ့ရင်းမှာ ချက်ချင်းပင် ထခုန်ပြီး သူတစ်ပါးနှင့် သွားတိုက်ခိုက်တော့မည့်ပုံမျိုး ဖြစ်နေသည်အလား ဝေရော့ ခံစားမိနေသည်။
နံနက်ပိုင်းတွင်မူ သူတို့နှစ်ဦးသည် အတူတူ စာသင်ကြပြီး၊ မွန်းလွဲပိုင်းတွင်မူ ဝမ်စိုက်ဝေသည် တစ်ယောက်လျှင် အတတ်ပညာ တစ်ခုစီကို သင်ယူရန် စီစဉ်ပေးသည်။
နံ့သာပေါင်း ထွန်းညှိခြင်း၊ လက်ဖက်ရည် ဖျော်ခြင်း၊ ပန်းအလှပြင်ခြင်းနှင့် ပန်းချီကား ချိတ်ဆွဲခြင်းတို့မှာ ယနေ့ခတ်တွင် ခေတ်အစားဆုံးသော အနုပညာလေးရပ်ဖြစ်ပြီး မြင့်မြတ်သောအမျိုးသမီးတိုင်း အနည်းဆုံး တစ်ခုပင် တတ်မြောက် ထားသင့်ခြင်း ဖြစ်သည်။
ဝမ်စိုက်ဝေသည် ဝေရော့ကို နံ့သာပေါင်း ပြုလုပ်ခြင်းနှင့် ထွန်းညှိခြင်းကို သင်ခိုင်းပြီး၊ ရှဲ့ရင်းကိုမူ ပန်းချီကား ချိတ်ဆွဲခြင်း အတတ်ကို သင်ခိုင်းသည်။
ဝမ်စိုက်ဝေ၏ စီစဉ်မှုအပေါ် ရှဲ့ရင်းသည် မကျေနပ်သော်လည်း ဝေရော့မှာမူ သူမအတွက် ရွေးချယ်ပေးသော ဘာသာရပ်ကို အလွန်သဘောကျနေသည်။
တစ်နေ့တာ ကုန်ဆုံးသွားချိန်တွင် ဝေရော့မှာ သူမထင်ထားသည်ထက်ပင် ပို၍ စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရခြင်း ဖြစ်သည်။
ထိုကာလအတွင်းတွင် မစ္စဝမ်သည် အချို့သော စည်းကမ်းများအကြောင်းကိုလည်း ပြောပြသည်။
အထိန်းတော်လီ၏ တင်းကျပ်လွန်းသော ရှင်းပြချက်များနှင့် နှိုင်းယှဉ်လျှင် မစ္စဝမ်၏ ရှင်းပြပုံမှာ အရာရာကို စိုပြေစေသည့် နွေဦးမိုးရေစက်များကဲ့သို့ပင် လက်ခံရရှိရန် ပိုမိုလွယ်ကူလှသည်။
ဤသို့ဖြင့် ရက်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် မြို့တောင်ဘက်ရှိ မြေကွက်တွင် တိုးတက်မှုအသစ်များ ရှိလာခဲ့သည်။
ဝေရော့သည် မြို့တောင်ဘက်ကိစ္စများကို ကိုင်တွယ်ရန် မစ္စဝမ်ထံသို့ ခွင့်တောင်းခဲ့သည်။
စိုက်ပျိုးပင်များ ပျိုးထောင်ပြီး ၁၅ ရက်အကြာတွင် မြို့တောင်ဘက်ရှိ စမ်းသပ်ကွင်းထဲမှ ပျိုးပင်လေးများမှာ စိမ်းလန်းစိုပြည်လာခဲ့ပြီ ဖြစ်သည်။
ထိုကာလအတွင်းတွင် အထိန်းတော်ကျန်းမှ ဝေရော့ထံသို့ တစ်ရက်ခြားတစ်ခါ ပျိုးပင်များ၏ အခြေအနေကို လာရောက် သတင်းပို့သည်။
ပျိုးပင်လေးများ သန်မာ ကြီးထွားလာသည်ကို မြင်ရသောအခါ အထိန်းတော်ကျန်းမှာ အစပိုင်းတွင် မလိုလားသည့် စိတ်များ ပျောက်ကွယ်သွားပြီး ပို၍ပင် တက်ကြွလာလေသည်။
အစပိုင်းတွင် ဝေရော့အား ကလေးကစားသကဲ့သို့ လျှောက်လုပ်နေသည်ဟု ထင်ခဲ့သော်လည်း၊ ပျိုးပင်များ ဝေဝေဆာဆာ ပေါက်လာသည်ကို မြင်မှပင် ကျေးလက်မှ ပြန်လာသည့် ဤသခင်မလေးမှာ တကယ့်ကို အစွမ်းအစ ရှိသူဖြစ်ကြောင်း အထိန်းတော်ကျန်းမှ သဘောပေါက်သွားလေသည်။
"သခင်မလေး... နောက်နှစ်ရက်အတွင်း ပျိုးပင်တွေကို စိုက်ခင်းထဲ ပြောင်းစိုက်လို့ ရပြီလို့ ကျွန်မ ထင်ပါတယ်.. ဒါပေမဲ့ သခင်မလေး ကိုယ်တိုင်လာကြည့်ပြီးမှပဲ ဆုံးဖြတ်ချက် ချပေးပါ"
ယခုအခါ အထိန်းတော်ကျန်းမှာ မိမိဘာသာ ဆုံးဖြတ်ချက် မချရဲတော့သဖြင့် ဝေရော့၏ ညွှန်ကြားချက်ကိုသာ လက်ခံလေသည်။
"ဒီအခြေအနေကို အမေ့ကို သွားသတင်းပို့လိုက်ပါ" ဟု ဝေရော့က ဆိုသည်။
ပျိုးပင်များမှာ အောင်မြင်ရုံသာ ရှိသေးပြီး စပါးမရိတ်သိမ်းရသေးသော်လည်း၊ သူမ ပြုပြင်ထားသော ဆားငန်မြေတွင် စပါးကို ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
ဝေရော့သည် ဤရလဒ်ကို ဝေမင်ထင်အား အသိပေးရန် လိုသော်လည်း၊ သူမကိုယ်တိုင် တိုက်ရိုက်မသွားနိုင်သဖြင့် ယွမ်ရှီးထံသို့ အရင်သတင်းပို့လိုက်ရခြင်း ဖြစ်သည်။
အထိန်းတော်ကျန်းသည် ကန်ယွမ်ဥယျာဉ်သို့ ပြေးသွားကာ သတင်းကောင်း ပါးလိုက်သည်။
အထိန်းတော်ကျန်း သတင်းပို့ချိန်တွင် ဝေချင်းဝမ်သည်လည်း ယွမ်ရှီးနှင့် စကားပြောနေသည့်အချိန် ဖြစ်သည်။
အထိန်းတော်ကျန်း၏ စကားကို ကြားရသောအခါ ယွမ်ရှီး၏ မျက်နှာတွင် အံ့သြဝမ်းသာမှုများ ပေါ်လာသည်။
"တကယ်လား.. တကယ်ပဲလား"
"တကယ်ပါ သခင်မကြီး၊ ကျွန်မ တစ်လလုံး စောင့်ကြည့်နေခဲ့တာပါ ပျိုးပင်တွေက တကယ်ကို ကောင်းကောင်းပေါက်နေတာ ဝေဝေဆာဆာနဲ့ပါပဲ၊ ကျွန်မ နည်းနည်းလေးမှ ပိုမပြောပါဘူး၊ မြို့မြောက်ဘက်က မန်ထိုတောင်မှာ စိုက်တာထက်တောင် ပိုပြီး သန်မာသေးတယ်"
"ဒါဆို အရမ်းကောင်းတာပဲ အခုချက်ချင်း သခင်ကြီးကို အကြောင်းကြားလိုက်မယ်"
ယွမ်ရှီးသည် အစောင့် ကျင်းဟူကို ခေါ်ကာ အကျိုးအကြောင်း ရှင်းပြပြီး ဝေမင်ထင်ထံသို့ လွှတ်လိုက်သည်။
ယွမ်ရှီး၏ စိတ်လှုပ်ရှားမှုကို မြင်သော ဝေချင်းဝမ်၏ မျက်နှာမှာ အလိုလို ပြောင်းလဲသွားသည်။
"အစ်မက တကယ်ပဲ အောင်မြင်လိမ့်မယ်လို့ မထင်ထားဘူး တကယ့်ကို ဝမ်းသာစရာပဲ" ဟု ဝေချင်းဝမ်က ဆိုသည်။
"အေးပေါ့... ဒါသာ တကယ် အောင်မြင်သွားရင် မင်းအဖေနဲ့ ဗိုလ်မှူးအိမ်တော်တစ်ခုလုံးအတွက် အများကြီး အထောက်အကူ ဖြစ်သွားမှာ"
ယွမ်ရှီးသည် သူမသမီး၏ စိတ်ပျက်နေသော အမူအရာကို မသတိထားမိခြင်းမရှိကာ စိတ်လှုပ်ရှားမှုထဲတွင် နစ်ဝင်နေသည်။
ထို့နောက် သူမသည် အထိန်းတော်ကျန်းကို ဆက်ပြောသည်။
"နို့ထိန်းကြီးကျန်း... ရော့အာကို ဒီကို လာခဲ့ဖို့ ခေါ်လိုက်ပါဦး"
အထိန်းတော်ကျန်းလည်း အလျင်အမြန်ပင် ပြောလိုက်သည်။
"သခင်မကြီး... ကျွန်မကို သတင်းလာပို့ခိုင်းတာအပြင် သခင်မလေးက သခင်မကြီးဆီက ခွင့်တောင်းခိုင်းလိုက် ပါသေးတယ်... သူ မြို့တောင်ဘက်ကို သွားမလို့ပါတဲ့.. ပျိုးပင်တွေက အခြေအနေမှန်ရင် စိုက်ခင်းထဲ ပြောင်းစိုက်တော့မှာမို့လို့ပါ"
"ဟုတ်တယ်၊ စိုက်ပျိုးမယ့် အချိန်က အရမ်းအရေးကြီးတယ်၊ နောက်ကျလို့ မဖြစ်ဘူး.. ဒါကြောင့် သူ့ကို မနှောင့်ယှက်တော့ပါဘူး"
"မှန်ပါတယ်"
"ဒါပေမဲ့ ပျိုးပင်တွေရဲ့ အခြေအနေကို အခု သခင်ကြီးကို အရင်လာကြည့်ခိုင်းရမယ် မဟုတ်ရင် ဒီမြေလွတ်ကနေ ပေါက်တာလား၊ တခြားနေရာက သယ်လာတာလားဆိုတာ မသိနိုင်ဘူး"
"ဒါဆို... သခင်မကြီး၊ ဒီကိစ္စကို ဘယ်လိုလုပ်သင့်တယ်လို့ ထင်ပါသလဲ"
"ရော့အာကို အဖေဆီက အကြောင်းပြန်တာ စောင့်ခိုင်းလိုက်ပါ အဖေ အချိန်ရရင် သွားကြည့်ခိုင်းမယ် ခရိုင်ဝန်မင်း ချန် ကိုပါ ခေါ်သွားရင် ပိုကောင်းတာပေါ့ အကယ်၍ အချိန်မရဘူးဆိုရင်တော့ ရော့အာရဲ့ မူလစီမံကိန်းအတိုင်း ပျိုးပင်တွေကို ပြောင်းစိုက်ခိုင်းလိုက်ပါ"
"ကောင်းပါပြီ၊ ဒါဆို ကျွန်မ သခင်မလေး အစ်မကြီး ဆီကို အရင်ပြန်သတင်းပို့လိုက်ပါ့မယ်"
"အင်း... သွားတော့လေ"
ဤကိစ္စတွင် ယွမ်ရှီးသည် ဝေရော့၏ ဆုံးဖြတ်ချက်ကို အလွန်လေးစားခြင်း ဖြစ်သည်။
ခဏအကြာတွင် အထိန်းတော်ကျန်း ပြန်ရောက်လာပြီး ဝေရော့၏ ဆိုလိုရင်းကို ပြန်ပြောပြသည်။
"သခင်မလေးက သူ မြို့တောင်ဘက်ကို အရင်သွားပြီး ပျိုးပင်တွေရဲ့ အခြေအနေကို ကြည့်မယ်လို့ ပြောပါတယ် သခင်ကြီးဆီက သတင်းရရင် သခင်ကြီးကို မြို့တောင်ဘက်ကို တိုက်ရိုက်လာခဲ့ဖို့ ပြောလိုက်ပါတဲ့"
"ရော့အာ လိုချင်သလိုပဲ လုပ်လိုက်ပါ" ဟု ယွမ်ရှီးက ဆိုသည်။
ယွမ်ရှီး၏ ခွင့်ပြုချက်ဖြင့် အထိန်းတော်ကျန်းသည် ဝေရော့၏ အမိန့်ကို လိုက်နာကာ ပြန်သွားခဲ့သည်။
အထိန်းတော်ကျန်းနှင့်အတူ ဝေရော့သည် ရထားလုံးဖြင့် မြို့ပြင်သို့ ထွက်လာခဲ့သည်။
သူမသည် အလွန်ကောင်းမွန်သော ပျိုးခင်းကို ကြည့်ကာ အလွန်ကျေနပ်သွားသည်။
ပျိုးထောင်ပေးရသော အာကွေ့ နှင့် ရှောင်ပါး တို့မှာလည်း အလွန်ဝမ်းသာနေကြသည်။
ပျိုးပင်များ ကောင်းကောင်းပေါက်သည်ဆိုပါလျှင် ရိတ်သိမ်းချိန်တွင် အထွက်နှုန်းကောင်းနိုင်သည်ဟု ဆိုလိုသည်။
ထိုအချက်သည် အထွက်နှုန်း ဆက်တိုက် ကျဆင်းနေသည့် ရှင်းဆန်ခရိုင်အတွက် အမှန်တကယ်ပင် သတင်းကောင်း ဖြစ်သည်။
"သခင်မလေး... အခု ဘာဆက်လုပ်ကြမလဲ ပျိုးပင်တွေ စတင်နှုတ်ကြတော့မလား" ဟု အာကွေ့က မေးသည်။
"ခဏစောင့်ဦး၊ ငါ့အဖေ လာကြည့်မလားဆိုတာ ကြည့်ရမယ် အခုတော့ ဘေးနားက မြေရိုင်းတွေကို ထပ်ပြီး ဖော်ထုတ်ထားကြဦး ဒါသာ အောင်မြင်သွားရင် တခြားမြေရိုင်းတွေ ဖော်ထုတ်ဖို့ကလည်း မကြာခင် လာတော့မှာ"
ဝေရော့သည် အာကွေ့မေးသည်ကို ပြန်လည်ဖြေကြားလိုက်ပြီး မှာကြားလိုက်သည်။
"ကောင်းပါပြီ"
အာကွေ့နှင့် ရှောင်ပါးတို့မှာ အင်အားအပြည့်ဖြင့် ချက်ချင်း အလုပ်လုပ်ကြလေသည်။
ဝေရော့သည်လည်း အနီးနားသို့ သွားရောက် စစ်ဆေးနေခဲ့သည်။
တစ်နာရီခန့်အကြာတွင် လူအုပ်ကြီးတစ်စု သူမတို့ဆီသို့ ဦးတည်လာသည်ကို ဝေရော့ မြင်လိုက်ရသည်။
အဝေးကတည်းကပင် ရှေ့ဆုံးမှ မြင်းစီးလာသော ဝေမင်ထင်ကို ဝေရော့ မြင်လိုက်ရသည်။
သူသည် သံချပ်ကာအင်္ကျီပင် မချွတ်ရသေးကာ သတင်းရရချင်း ချက်ချင်းပြေးလာခြင်းဖြစ်ပုံရသည်။
သူ၏ နောက်တွင်မူ ဝေမင်ထင်နှင့်အတူ ပါလာသော ခရိုင်ဝန်မင်း ချန် နှင့် ချူလန် တို့ကို တွေ့ရသည်။
မြေရိုင်းများ ပြုပြင်အောင်မြင်ခြင်းသည် ခရိုင်ဝန်မင်း ချန် အတွက်လည်း နိုင်ငံရေး အောင်မြင်မှုတစ်ခု ဖြစ်သောကြောင့် သူ လာမည်ကို ဝေရော့ ကြိုတွေးထားသော်လည်း ချူလန် ပါလာသည်မှာ သူမ ထင်မှတ်မထားသော အရာပင် ဖြစ်သည်။
သူ့ကို မြင်လိုက်ရချိန်တွင် ဝေရော့သည် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ထိုလူနှင့် အဆက်အသွယ် အများကြီး မလုပ်ချင်သဖြင့် စိတ်ထဲမှ အလိုလို ခုခံနေသည်။
မကြာမီတွင် လူအုပ်ကြီးသည် ဝေရော့တို့ရှေ့သို့ ရောက်လာကြသည်။
ဝေရော့သည် အထိန်းတော်ကျန်း၊ အာကွေ့နှင့် ရှောင်ပါးတို့ကို ခေါ်ကာ ရှေ့သို့သွားကာဖြင့် လှမ်းကြိုလိုက်သည်။
ဝေရော့သည် အနည်းငယ် ဦးညွှတ်ကာဖြင့် အရိုအသေပေးလိုက်သည်။
"အဖေနဲ့ ခရိုင်ဝန်မင်းကြီးကို နှုတ်ခွန်ဆက်သပါတယ်"
ချူလန်မှာမူ သူသည် မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြထားသဖြင့် ဝေရော့မှ သူ့ကို အထူးတလည် နှုတ်မဆက်ခြင်းမှာ မဆန်းကျယ်ပေ။
"အားနာနေစရာ မလိုပါဘူး"
ဝေမင်ထင်၏ အသံတွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။
သူ ရောက်လာချိန်တွင် ဝေရော့၏ ဘေးနား၌ စိမ်းလန်းစိုပြည်နေသော ပျိုးခင်းလေးကို အဝေးမှနေ၍ မြင်နေရသည်။
ထိုစိမ်းလန်းမှုမှာ ဘေးပတ်ဝန်းကျင်ရှိ ခြောက်သွေ့နေသော မြေရိုင်းများနှင့် သိသိသာသာ ကွာခြားနေလေသည်။
ဝေမင်ထင်နှင့်အတူ ပါလာသူများအားလုံးသည်လည်း ဝေရော့၏ ပျို
းခင်းကို အနီးကပ် လေ့လာကြည့်ရှုနေကြသည်။
--------------------------------------------------------------------------------------------------------------