အကဲခတ်လေ့လာပြီးနောက်တွင် လူတိုင်း၏မျက်နှာတွင် ပျော်ရွှင်ရိပ်များ သန်းနေကြသည်။
အမြဲတမ်း အေးတိအေးစက်နိုင်လှသော ချူလန်ပင်လျှင် ပြောစရာမရှိ ဖြစ်နေခြင်း ဖြစ်သည်။
ခရိုင်ဝန်မင်းချန်သည်ပင်လျှင် စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးလိုက်သည်။
"ဗိုလ်မှူးဝေက တကယ်ကို တော်တဲ့သမီးလေးကို မွေးထားတာပဲ.. ဒီလိုမြေရိုင်းထဲမှာ တကယ်ပဲ ကောက်ပဲသီးနှံတွေကို စိုက်ပျိုးနိုင်ခဲ့တယ်.. ဒီလိုဆိုရင် ရှင်းဆန်ခရိုင်ရဲ့ စိုက်ပျိုးမြေဧရိယာက အများကြီး တိုးတက်လာတော့မှာပဲ.. ဒါဟာ ရှင်းဆန်ခရိုင်သူ ခရိုင်သားတွေရဲ့ အရေးပေါ်လိုအပ်ချက်ကို တကယ့်ကို ဖြေရှင်းပေးလိုက်တာပါပဲ"
ချူလန်နှင့်အတူ ပါလာသော လုယွီဟုန်းသည်လည်း အမှန်အတိုင်းပင် ချီးကျူးလိုက်သည်။
"ဒါက အံ့ဩဖို့ မကောင်းဘူးလား.. ဘေးနားမှာ ပေါင်းပင်တောင် မရှိတဲ့နေရာမှာ အခုလို အပင်တွေ ဖြစ်ထွန်းအောင် စိုက်နိုင်တယ်ဆိုတာလေ.. ပြီးတော့ ကျွန်တော်ကြည့်ရသလောက် ဒီပျိုးပင်တွေက ရှင်းဆန်ခရိုင်ရဲ့ တခြားနေရာတွေထက်တောင် ပိုပြီး ဖြစ်ထွန်းနေသေးတယ်"
ဝေမင်ထင်သည် လူတိုင်း၏ ချီးကျူးမှုကို နားထောင်ရင်းဖြင့် မိမိရှေ့တွင် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော သမီးဖြစ်သူကို ကြည့်ကာ ကြည်နူးဂုဏ်ယူမိနေသည်။
"ပြောရမှာတောင် အားနာပါတယ် ကျွန်တော့်သမီးလေးက ဒီအရည်အချင်းတွေအားလုံးကို သူမဘာသာ ကြိုးစားပြီး ရလာတာပါ.. အဖေတစ်ယောက်အနေနဲ့ ကျွန်တော် ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး ဘာတာဝန်မှလည်း မကျေပွန်ခဲ့သလို ဘာကိုမှလည်း မသင်ပေးနိုင်ခဲ့ပါဘူး"
မိမိသမီးကို ချီးကျူးစကားပြောခြင်းမှာ အမှန်တရားပင်ဖြစ်သောကြောင့် ဝေမင်ထင်သည် နှိမ့်ချနေခြင်းမျိုးတော့ မဟုတ်ပေ။
သို့သော် သူသည် ဆရာကောင်းတစ်ယောက် မဟုတ်ခဲ့ကြောင်း ပြောရသည်မှာ တကယ်ကို အားနာမိနေခြင်းဖြစ်သည်။
ခရိုင်ဝန်မင်း ချန်လည်း ဝေမင်ထင်၏ သမီးဖြစ်သူအပေါ် အားနာနေမှုကို ပြန်လည်ကာ ဖြေသိမ့်ပေးလိုက်သည်။
"ဗိုလ်မှူးဝေ၊ နှိမ့်ချမနေပါနဲ့ ခင်ဗျားက ရှင်းဆန်ခရိုင်သူ ခရိုင်သားတွေရဲ့ ဘေးကင်းရေးအတွက် အလုပ်ရှုပ်နေတာပဲလေ အခု သမီးလေးကလည်း ရှင်းဆန်ခရိုင်သားတွေ မြေရိုင်းဖော်ထုတ်နိုင်ဖို့ မြို့တောင်ဘက်အထိ အသက်စွန့်ပြီး လာခဲ့တာပါ.. ခင်ဗျားတို့ သားအဖနှစ်ယောက်စလုံး ပြည်သူအပေါ်ထားတဲ့ မေတ္တာက အတူတူပါပဲ"
ထိုအချိန်တွင် ချူလန်သည် စကားစလိုက်ပြီး ဝေရော့ကို မေးမြန်းသည်။
"ကျွန်တော့်မှာ ဝေမိန်းကလေးကို မေးစရာ မေးခွန်းတစ်ခု ရှိပါတယ်"
"ရှင်... မေးနိုင်ပါတယ်"
ဝေရော့သည်လည်း ရှောင်လွှဲနေခြင်းမရှိကာ ဖြေလိုက်သည်။
"ကျွန်တော် မြင်ရသလောက် ဒီလယ်ကွင်းထဲမှာ ပျိုးပင်တွေက အခုမှ ကြီးထွားနေတုန်းပဲ.. ဒါပေမဲ့ သာမန်စပါးဆိုရင် ဒီအချိန်မှာ အနှံထွက်နေရပြီလေ.. မိန်းကလေးရဲ့ စပါးက ပျိုးပင်အဆင့်မှာပဲ ရှိနေသေးတယ်ဆိုတော့ နောက်မကျလွန်းဘူးလား"
ချူလန်သည် ဝေရော့ကို ခက်ခဲသော မေးခွန်းအား မေးလေသည်။
အစောပိုင်းတွင် လူတိုင်းသည် မြေရိုင်းပြုပြင်မှုတွင် ပျိုးပင်များ အောင်မြင်စွာ စိုက်ပျိုးနိုင်သည့် အပျော်တွင် နစ်မျောနေသဖြင့် ဤအဓိကအချက်ကို ခဏတာ မေ့လျော့နေခဲ့ကြခြင်း ဖြစ်သည်။
ချူလန်သည် စကားပြောလိုက်သောအခါ ဝေမင်ထင်နှင့် ခရိုင်ဝန်မင်း ချန်တို့ပါ ဝေရော့ကို ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင်လည်း ဤမေးခွန်းအတွက် စိုးရိမ်မှုနှင့် ဝေခွဲမရမှုများ ပြည့်နှက်နေသည်။
ဝေရော့သည် ချူလန်မေးလိုက်သည်ကို အေးဆေးစွာ ပြန်ဖြေသည်။
"သခင်လေး စိတ်မပူပါနဲ့၊ ကျွန်မ ဒီပျိုးခင်းမှာ စိုက်ထားတဲ့ မျိုးစေ့တွေက ဟူကျိုးပြည်နယ်ကနေ ယူလာတဲ့ စပါးမျိုးသစ်တွေပါ.. သူတို့က သာမန်စပါးမျိုးတွေနဲ့ အနည်းငယ် ကွာခြားပါတယ်.. သူတို့ကို လပြက္ခဒိန် ဇွန်လနဲ့ ဇူလိုင်လတွေမှာ စိုက်ပျိုးရပါတယ်.. ရက်ပေါင်း ၁၆၀ လောက် ကြာမြင့်မှာဖြစ်ပြီး နိုဝင်ဘာလရောက်မှ ရိတ်သိမ်းဖို့ ရင့်မှည့်မှာပါ"
ထိုစကားကို ကြားလိုက်ရသောအခါ ဝေရော့၏ရှေ့တွင်ရှိသော လူသုံးဦးမှာ ထပ်မံကာ အံ့သြသွားကြပြန်သည်။
ပြည်သူ့ဝန်ထမ်းဖြစ်သော ခရိုင်ဝန်မင်း ချန်ဖြစ်စေ၊ တော်ဝင်မိသားစုဝင်ဖြစ်သော ချူလန်ဖြစ်စေ၊ သို့မဟုတ် စစ်ဘက်အရာရှိဖြစ်သော ဝေမင်ထင်ဖြစ်စေ စိုက်ပျိုးမြေ အကန့်အသတ်ရှိနေသည့် အခြေအနေတွင် စပါးကို မတူညီသောအချိန်များ၌ စိုက်ပျိုးနိုင်ခြင်းသည် စိုက်ပျိုးမြေဧရိယာကို လူလုပ်နည်းဖြင့် ချဲ့ထွင်လိုက်နိုင်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူတို့ ကောင်းကောင်းသိကြလေသည်။
သို့သော် ယခုအချိန်တွင် ရင့်မှည့်သောစပါးကို မမြင်ရသေးသဖြင့် သူတို့သည် ဝေရော့၏စကားကို အလွယ်တကူ မယုံကြည်ရဲသေးပေ။
ချူလန်သည် အခြေအနေကို ဆက်လက်စောင့်ကြည့်မည့် အခြေအနေဖြင့် စကားဆိုလိုက်သည်။
"ဝေမိန်းကလေး ဒီမှာ စမ်းသပ်စိုက်ထားတဲ့ စပါးတွေ ရင့်မှည့်လာပြီး၊ ဝေမိန်းကလေးက ရှင်းဆန်ခရိုင်ရဲ့ စိုက်ပျိုးမြေဧရိယာနဲ့ စပါးအထွက်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်ဆိုတာ သေချာသွားတဲ့အခါ၊ ကျွန်တော် ဒီကိစ္စကို နန်းတော်ထံ သတင်းပို့တင်ပြပေးပါ့မယ်"
ဤစကားကို ကြားရသောအခါ ခရိုင်ဝန်မင်း ချန်မှာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
အကြောင်းမှာ အကယ်၍ တင်ပြလိုက်ပါက အမှတ်ရမှု အများစုမှာ ဝေမိသားစုအတွက် ဖြစ်သွားမည်ဖြစ်သော်လည်း ခရိုင်ဝန်ဖြစ်သော သူသည်လည်း ဝေစုတစ်ခု ရရှိမည်ဖြစ်သောကြောင့်ဖြစ်သည်။
ဝေမင်ထင်၏ တုံ့ပြန်မှုမှာ အနည်းငယ် ငြိမ်သက်နေပြီး အပျော်ကြီး မပျော်သော်လည်း သူသည် ဤကိစ္စကို မျှော်လင့်နေကြောင်း တွေ့မြင်နိုင်သည်။
ဝေရော့မှာမူ ထိုစကားကို ကြားလိုက်ရသဖြင့် သိပ်မပျော်ပေ။
အကယ်၍ တခြားတစ်ယောက်သည်သာ သူမကို ဤကဲ့သို့ပြောခဲ့လျှင် စိတ်ထဲတွင် ပိုကောင်းနေမည်ဖြစ်သော်လည်း ချူလန်နှင့်မူ သူမ မည်သည့်ပတ်သက်မှုမှ မရှိချင်သောကြောင့် ဖြစ်သည်။
ထို့နောက် ခရိုင်ဝန်မင်း ချန်သည် ချူလန်ထံမှ လမ်းညွှန်ချက် တောင်းခံသည်။
"သခင်လေး... မြို့တောင်ဘက်က ဒီမြေရိုင်းတွေကို အစိုးရရုံးနဲ့ ဗိုလ်မှူးအိမ်တော်ကနေ အများကြီး ဖော်ထုတ်ဖို့အတွက် လွှဲပြောင်းပေးနိုင်မယ်လို့ ထင်ပါသလား"
ချူလန်တွင် အမိန့်တစ်ခုရှိသည်။
သူသည် ဤခရီးစဉ်ကို သူတို့သည်သာလျှင် သိစေချင်ပြီး သူ၏မိသားစုဝင်များကိုပင် မသိစေချင်သောကြောင့် ခရိုင်ဝန်မင်း ချန်သည် ချက်ချင်းပင် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်ခြင်းဖြစ်သည်။
ဝေမိန်းကလေး၏ စမ်းသပ်စိုက်ပျိုးမှု အောင်မြင်သွားပြီဖြစ်ရာ ခရိုင်ဝန်မင်းအနေဖြင့် မိမိ၏ နိုင်ငံရေးအောင်မြင်မှုအတွက်ဖြစ်စေ သို့မဟုတ် ပြည်သူများ ရှင်သန်ရပ်တည်ရေးအတွက်ဖြစ်စေ ဤလုပ်ငန်းကို ချဲ့ထွင်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။
ချူလန်သည်လည်း ခရိုင်ဝန်မင်း မေးလိုက်သည်ကို ရှင်းလင်းစွာ ပြန်ဖြေသည်။
"ရှင်းဆန်ခရိုင်က ခရိုင်ဝန်မင်း ချန်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိတာပဲ.. မြေရိုင်းတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ခရိုင်ဝန်မင်း ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါတယ်.. ကျွန်တော့်ဆီက လမ်းညွှန်ချက် တောင်းနေဖို့ မလိုပါဘူး"
ခရိုင်ဝန်မင်း ချန်လည်း နားလည်သဘောပေါက်သွားလေသည်။
"အားနာပါတယ်... ကျွန်တော် သိပါပြီ"
ထို့နောက် ခရိုင်ဝန်မင်း ချန်သည် ဝေမင်ထင်နှင့် သမီးဖြစ်သူ ဝေရော့ကို မေးသည်။
"ဗိုလ်မှူးဝေ၊ ဝေမိန်းကလေး... မြို့တောင်ဘက်က ဒီမြေရိုင်းအားလုံးကို ယူပြီး ဖော်ထုတ်ဖို့ ဆန္ဒရှိပါသလား"
ဝေမင်ထင်သည် ချက်ချင်း အကြောင်းပြန်ခြင်းမရှိကာ ဝေရော့ကို ကြည့်လိုက်သည်။
မြို့တောင်ဘက်ရှိ မြေရိုင်းဖော်ထုတ်ရေးကိစ္စကို သမီးဖြစ်သူမှ အဆိုပြုခဲ့ခြင်းဖြစ်ပြီး၊ အချိန်နှင့် ခွန်အား စိုက်ထုတ်ခဲ့သည်မှာလည်း သမီးဖြစ်သူပင်ဖြစ်သည်။
အနာဂတ်တွင် မြေရိုင်းဖော်ထုတ်မှု ဧရိယာကို ချဲ့ထွင်မည်ဆိုပါကလည်း သမီးဖြစ်သူသာ ကြိုးစားရမည်ဖြစ်သောကြောင့် ဆုံးဖြတ်ပိုင်ခွင့်ကို သမီးထံသို့သာ ပေးသင့်ခြင်းမှာ အမှန်ပင်ဖြစ်သည်။
ထိုအခါ ဝေရော့မှ ပြန်ဖြေသည်။
"အဖေ... မြို့တောင်ဘက်က မြေရိုင်းတွေက အရမ်းကျယ်ပြန့်ပါတယ် အကယ်၍ အားလုံးကို ကျွန်မတို့ ဗိုလ်မှူးအိမ်တော်ကပဲ ဖော်ထုတ်မယ်ဆိုရင် အင်အားမလုံလောက်တာမျိုး မလွဲမသွေ ဖြစ်လာပါလိမ့်မယ်.. အဲဒီအစား ဒီမြေရိုင်းတွေကို ပြည်သူတွေ ဖော်ထုတ်နိုင်ဖို့ ပေးလိုက်ရင် မကောင်းဘူးလား.. မြို့ထဲက လူအများအပြားဟာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ဖို့ စဉ်းစားနေကြပါတယ်... အထူးသဖြင့် ဂျပန်ဓားပြတွေရဲ့ သောင်းကျန်းမှုကြောင့် ငါးဖမ်းထွက်လို့မရတဲ့ တံငါသည်တွေပေါ့ သူတို့ကို မြေရိုင်းအချို့ပေးပြီး စိုက်ပျိုးနည်းတွေ သင်ပေးမယ်ဆိုရင် သူတို့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ကြမှာ သေချာပါတယ်"
ဝေမင်ထင်မှာ အလွန် စိတ်လှုပ်ရှားသွားပြီး ခရိုင်ဝန်မင်း ချန်ကို လှည့်မေးသည်။
"ခရိုင်ဝန်မင်းကြီး၊ ကျွန်တော့်သမီးပြောတာ မှန်ပါတယ် ဒီလောက် ကျယ်ပြန့်တဲ့ မြေရိုင်းတွေကို ခရိုင်အစိုးရနဲ့ ဗိုလ်မှူးအိမ်တော်ရဲ့ အင်အားတစ်ခုတည်းနဲ့ ဖော်ထုတ်ဖို့ မဖြစ်နိုင်ပါဘူး ဒါကို သာမန်ပြည်သူတွေလက်ထဲ ထည့်ပေးလိုက်တာ ပိုကောင်းပါတယ် သူတို့မှာ စိုက်ပျိုးစရာမြေနဲ့ ရိတ်သိမ်းစရာ စပါးတွေ ရှိလာတာပေါ့"
ခရိုင်ဝန်မင်း ချန်သည်လည်း အန္တရာယ်ရှိကြောင်းကို ပြန်လည်ကာ ရှင်းပြလေသည်။
“ကျွန်တော်က ပြည်သူတွေကို မဝေပေးချင်တာ မဟုတ်ပါဘူး ဒါပေမဲ့ အခု ဂျပန်ဓားပြတွေ သောင်းကျန်းနေတဲ့အချိန်မှာ ဒီမြို့တောင်ဘက်က ဘေးကင်းတဲ့နေရာ မဟုတ်ဘူးလေ ဝမ်ယွဲ့တောင်က ရှင်းဆန်ခရိုင်ရဲ့ တောင်ဘက်နဲ့ အရှေ့ဘက်ကို ပိုင်းခြားထားတယ် ဆိုပေမဲ့ ဂျပန်တွေ အဲဒီတောင်ကို ကျော်မလာဘူးလို့ အာမမခံနိုင်ဘူး... အကယ်၍ ပြည်သူအများအပြားကို မြို့တောင်ဘက်ထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် ပေးလိုက်ရင် ဒါဟာ မမြင်နိုင်တဲ့ အန္တရာယ်တွေ အများကြီး သယ်ဆောင်လာနိုင်ပါတယ်..."
ဤသည်မှာ တကယ့်ပြဿနာပင်ဖြစ်သည်။
ထို့ကြောင့်ပင် ဝေရော့၏ အထိန်းတော်ကြီးသည် မြို့တောင်ဘက်ရှိ မြေရိုင်းဖော်ထုတ်ရန် အစိုးရထံသို့ လျှောက်ထားခဲ့စဉ်တွင် ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။
"ဒါက ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး"
ချူလန်မှ ရုတ်တရက် ပြောလိုက်သည်။
လူတိုင်းသည် ချူလန်ကို ကြည့်လိုက်ကြပြီး ဝေရော့မှာလည်း ရုတ်တရက် အံ့ဩသွားသဖြင့် ကြည့်လိုက်သည်။
ထိုသို့ပြောလိုက်သော ချူလန်၏ မျက်လုံးများမှာ နက်ရှိုင်းနေသည်။
"မကြာခင်မှာ နန်းတော်ကနေ ရှင်းဆန်ခရိုင်ကို တပ်ကူတွေ ပိုလွှတ်ပေးပါလိမ့်မယ် အဲဒီအချိန်ကျရင် ကျွန်တော်တို့ ဝမ်ယွဲ့တောင်နဲ့ မြို့တောင်ဘက်ရဲ့ အရေးကြီးတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ခံစစ်တွေ တည်ဆောက်ပါ့မယ် ဒါဆိုရင် မြို့တောင်ဘက်ဟာ ဘေးကင်းသွားမှာဖြစ်ပြီး ပြည်သူတွေလည်း ယုံကြည်မှုအပြည့်နဲ့ ဒီမှာ စိုက်ပျိုးနိုင်ကြပါလိမ့်မယ်"
ချူလန်၏ စကားကို နားထောင်ပြီးနောက် ခရိုင်ဝန်မင်း ချန်နှင့် ဝေမင်ထင်တို့တွင် မတူညီသော အမူအရာများ ရှိနေကြသည်။
နန်းတော်သည် ဤနေရာကို တပ်များ ပိုလွှတ်ပေးချင်နေသည်မှာ ကောင်းသောသတင်းဖြစ်သော်လည်း၊ ဂျပန်ဓားပြများကို တိုက်ခိုက်ရာတွင် အားနည်းနေသော ဝေမိသားစုနှင့် ပြည်သူများကို အစာရေစာ မထောက်ပံ့နိုင်သော ခရိုင်ဝန်မင်း ချန်တို့ အပြစ်ပေးခံရမလားဆိုသည်ကိုမူ သူတို့ မသိကြပေ။
ထို့နောက် ချူလန်သည် ဝေရော့ကို ကြည့်လိုက်သည်။
"ဝေမိန်းကလေးက ပြည်သူတွေကို ဒီမှာ မြေရိုင်းဖော်ထုတ်စေချင်တယ်ဆိုတော့၊ သူတို့ကို မြေရိုင်းပြုပြင်နည်းတွေကိုရော သင်ပေးဖို့ ဆန္ဒရှိရဲ့လား"
"ဒါပေါ့... ရှိတာပေါ့"
ဝေရော့သည်လည်း တွန့်ဆုတ်မနေကာ အတည်ပြုချက် ပေးလိုက်သည်။
ထိုအရာမှာ မေးနေစရာပင် မလိုသည့်ကိစ္စ ဖြစ်သည်။
အကယ်၍ ပြည်သူတွေကို မြေရိုင်းတွေဝေပေးပြီး မြို့တောင်ဘက်ကို လာခိုင်းသော်လည်း သူတို့ကို မြေပြုပြင်နည်း မသင်ပေးလျှင် သူတို့ကို မြို့တောင်ဘက်သို့ လာပြီး ရှုခင်းကြည့်ရင်း ငေးငိုင်နေခိုင်းရန်သာ ရှိတော့သည်။
ချူလန်သည် ဝေရော့အတည်ပြုသည်ကို ကျေနပ်သော အမူအရာ ပြလိုက်သည်။
"လုပ်ငန်းအတိုင်းအတာ ချဲ့ထွင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ လူအင်အားနဲ့ ပစ္စည်းအင်အားတွေက မလွဲမသွေ တိုးလာပါလိမ့်မယ် ဝေမိန်းကလေး မြေရိုင်းတွေကို ပိုကောင်းကောင်း ဖော်ထုတ်နိုင်ဖို့အတွက် ကျွန်တော် ဝေမိန်းကလေး စေခိုင်းနိုင်ဖို့ လူအချို့ လွှတ်ပေးပါ့မယ် ဝေမိန်းကလေး စိတ်ကြိုက် စေခိုင်းနိုင်ပါတယ်"
"သခင်လေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်မက ရှင့်နဲ့ မတူဘူးလေ၊ အဲဒါကြောင့် သံသယဖြစ်စရာတွေကို ရှောင်ကြဉ်သင့်ပါတယ်"
ဝေရော့သည် ချူလန်ပြောလိုက်သည်ကို ခနဲ့တဲ့တဲ့
ဖြင့် အလျင်အမြန် ပြောလိုက်သည်။
-------------------------------------------------------------------------------------------------------------