Chapter ( 3 )
ကုအန်း မျက်တောင်ခတ်လိုက်ပြီး မထိန်းနိုင်စွာ ရယ်မိသွားသည်။ ဒီအရာလေးက စကားပုံများကိုတောင် သိနေလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် သူပြောလိုက်သည်။
" သဘောတူတယ် "
ဓာတ်ပြားချပ်က ပြန်ပြောသည်။
" မင်းရဲ့ လက်ချောင်းကို ကိုက်ပြီး စာချုပ်ပေါ်မှာ လက်ဗွေနှိပ်လိုက် "
ကုအန်း အံ့သြသွားပြီး ဓာတ်ပြားချပ်ကို မော့ကြည့်လိုက်သည််။
ဒါက လက်မှတ်တစ်ခုပဲလေ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ်ရောင်းစားတာနဲ့ ပိုတူနေပါလိမ့်?
ကုအန်း လက်ချောင်းကို နှုတ်ခမ်းသို့ ကပ်လိုက်သည်။
သူ့လက်ချောင်းအရေပြား ပေါက်သွားစေရန် ချွန်ထက်သည့်သွားစွယ်ဖြင့် အနည်းငယ်အားစိုက်လိုက်ရပြီး အနီရောင်သွေးတစ်စက် စိမ့်ထွက်လာခဲ့သည်။
ထိုနောက် သူ့လက်ညှိုးကို စာချုပ်ပေါ်တွင် တင်လိုက်၏။ သူ ဒီလိုလုပ်လိုက်ချိန်တွင် စာချုပ်က အမည်းရောင်အလင်းများ တဖြတ်ဖြတ်တောက်လာပေသည်။ လက်ညှိုးပြန်ရုတ်လိုက်ချိန်တွင် တောက်ပသည့်အနီရောင်လက်ဗွေရာက အဖြူရောင်စာချုပ်ပေါ်တွင် ကျန်ခဲ့သည်။
ဓာတ်ပြားချပ်က စာချုပ်ကိုပြန်ယူသွားကာ ထိပ်တွင်အပေါက်ပါသည့် အမည်းရောင်သေတ္တာတစ်ခုကို ဆင့်ခေါ်လိုက်ပြီး ကုအန်းကို ပြောလာခဲ့သည်။
" ကျေးဇူးပြုပြီး မင်းရဲ့အရည်အချင်းကို မဲနှိုက်ပါ "
ကုအန်း သေတ္တာပုံးထံသို့ လက်ဆန့်ထုတ်လိုက်သည်။
သေတ္တာထဲတွင် တစ်စုံတစ်ခုရွေ့လျားနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေပြီး 521 က စိတ်အားထက်သန်စွာ ပြောလာသည်။
" လုပ်လိုက် အန်းအန်း လုပ်လိုက်... "
ကုအန်း : " ... "
ဆူလိုက်တာ !
မိနစ်အနည်းငယ်ကြာပြီးနောက် ကုအန်း စာရွက်ပိုင်းတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ သေတ္တာထဲမှ ရုတ်ချည်းဆွဲထုတ်ပြီး လက်ဖဝါးဖြန့်ကြည့်လိုက်သည်။
- အရိုးအဆစ်ပျော့ပြောင်းမှုနှင့် ခုန်ပျံကျော်လွှားမှု
ကုအန်း ထိုစာရွက်ကို လှန်ကြည့်လိုက်ရာ စာရွက်ကျောနောက်တွင် ဒီအရည်အချင်းရဲ့ လုပ်ဆောင်ချက်ကို ရှင်းပြထားလေသည်။
အရိုးအဆစ်ပျော့ပြောင်းမှုနှင့် ခုန်ပျံကျော်လွှားမှု : ပိုင်ရှင်ရဲ့ခန္ဓာကိုယ်ကို လိုက်လျောညီထွေ ပြောင်းလဲစေနိုင်ပြီး သားပိုက်ကောင်လို ခုန်နိုင်စေပါသည်။
သူ စာရွက်ကိုကိုင်ထားရင်း သားပိုက်ကောင်၏ ခုန်နိုင်စွမ်းကို တွေးကြည့်လိုက်ကာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်လိုက်သည်။
ဒီအရည်အချင်းက သိပ်ကောင်းပုံမပေါ်ပေမယ့် အသေချာ အသုံးချရင်...
ကုအန်း အတွေးနစ်နေစဉ် 521 က စာရွက်ပေါ်မှ စကားလုံးများကိုကြည့်ပြီး စတင်ညည်းညူလာသည်။
" သနားစရာအန်းအန်းလေး ဘယ်လိုအသုံးမကျတဲ့ အရည်အချင်းမျိုးကို သွားနှိုက်မိပါလိမ့်! ဒါကြီးက လုံးဝအမှိုက်ပဲကို ဝူးဝူးဝူး... "
ကုအန်းရဲ့ နားထင်က ထူပူသွားခဲ့ကာ အသက်ပြင်းပြင်းရှူသွင်းပြီ သူ့ခေါင်းထဲမှငိုသံကို လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်သည်။
ကံကောင်းစွာနဲ့ 521 က အသိတရားတချို့ ရှိပုံရပြီး ခဏအကြာတွင် တန့်သွားခဲ့သည်။
ဓာတ်ပြားချပ်က ပြောလာသည်။
" ကစားသမားကုအန်း လွတ်မြောက်ရေးနံပါတ် 7963 "
" ကျေးဇူးပြုပြီး ဂိမ်းကမ္ဘာတစ်ခုကို ရွေးချယ်ပါ "
ကုအန်း မျက်လုံးပင့်ပြီး သူ့ရှေ့တွင် လွင့်မျောနေသည့် အမည်းရောင်ပုံစံကတ်ကို ကြည့်လိုက်သည်။
စုစုပေါင်းခြောက်ကတ်ရှိပြီး တစ်ကတ်စီတိုင်းက ကွဲပြားလေသည်။
ကုအန်းက သူ့ရဲ့ဖြူဖျော့ဖျော့လက်ချောင်းများကို ဆန့်ထုတ်ကာ ကျောဖက်တွင် နှင်းဆီပွင့်ပုံစံများပါသည့်ကတ်ကို ရွေးချယ်လိုက်သည်။
သူ ထိုကတ်ကို ကိုင်လိုက်ပြီးနောက် တခြားကတ်များက ပျောက်ကွယ်သွားကြသည်။ ကုအန်း မျက်လွှာချကာ ကတ်ပေါ်မှ ဒီဇိုင်းကိုကြည့်ပြီးနောက် ကတ်ကိုလှန်လိုက်ရာ ကြီးမားသည့်စံအိမ်တစ်ခု ပေါ်လာပေသည်။
ကစားသမားရဲ့ ရောက်ရှိလာမှုကို ကြိုဆိုနေသလိုမျိုး စံအိမ်တံခါးက အကျယ်ကြီးပွင့်နေခဲ့သည်။
ကုအန်း နှာခေါင်းရှုံ့လိုက်ရာ သွေးနံ့တစ်ခုရလိုက်ပြီး သူ့အကြည့်တို့က နက်ရှိုင်းသွားခဲ့သည်။ ကုအန်း ထိုကတ်ကိုကြည့်ပြီးနောက် ကတ်က ပျောက်ကွယ်သွားပေသည်။
ဓာတ်ပြားချပ်က ကုအန်းကို လက်ပတ်တစ်ခုပေးပြီး ပြောလာခဲ့သည်။
" လက်ပတ်မှာ ရှင်သန်ရေးအမှတ် 10 မှတ်ပါတယ်။ အဲ့ဒါက စတင်သူတစ်ယောက်အတွက် လက်ဆောင်ပဲ "
" ကစားသမား 7963 ကံကောင်းပါစေ "
ဓာတ်ပြားချပ်က စကားပြောပြီးချိန်တွင် ကုအန်းခြေထောက်အောက်၌ လှည့်ပတ်နေသည့် အမည်းရောင်တွင်းတစ်ခု ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ဝါးမြိုနေခဲ့သည်။
အမည်းရောင်အလင်းတစ်ခု ဖြတ်ခနဲဖြစ်သွားပြီးနောက် ကုအန်းက နေရာတွင် ပျောက်ကွယ်သွားခဲ့သည်။
အမည်းရောင်ဓာတ်ပြားချပ်လည်း ထွက်သွားခဲ့ကာ နေ့အချိန်လို တောက်ပနေခဲ့သည့် နေရာလွတ်က ရုတ်ချည်း အမှောင်ကျသွားတော့သည်။
.......
တခြားတစ်ဖက်တွင်.......
အမည်းရောင်အလင်းက ဖြတ်ခနဲဖြစ်သွားပြီးနောက် ကုအန်းမှာ တစ်စုံတစ်ခုနဲ့ ဝင်ဆောင့်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ခဏကြာပြီးနောက် သတိပြန်ဝင်လာချိန်တွင် သူ့အနီးပတ်ဝန်းကျင်အား မော့ကြည့်လိုက်ပေသည်။
သူမြင်ရတာဆိုလို့ လေနဲ့အတူ ယိမ်းနွဲ့နေသည့် ပေါင်းပင်များနှင့် အမှောင်ထုကိုသာ ဖြစ်သည်။
521 က ငိုကြွေးလာသည်။
" အန်းအန်း ဒီနေရာကြီးက အရမ်းကြောက်ဖို့ကောင်းတာပဲ ဝူးဝူးဝူး... "
ထို့နောက်တွင် ၎င်းက တစ်စုံတစ်ခုကို မြင်သွားပုံရကာ အလန့်တကြား ထအော်လေသည်။
" အား အား အား! အန်းအန်းက ဘာဖြစ်လို့ ပန်းအဖြစ်ပြောင်းသွားတာလဲ?! "
ကုအန််း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
" ငါက ပန်းအဖြစ်ပြောင်းသွားတယ်ဆိုတာ ဘာကိုပြောချင်တာလဲ? "
ထို့နောက် သူ မေးလိုက်၏။
" မင်းက ဘယ်သူလဲ? ဘာဖြစ်လို့ ငါ့စိတ်ထဲမှာ ရှိနေတာလဲ? "
521 က ရှင်းပြတော့မလို ဟန်ပြင်လိုက်ပေမယ့် သူစကားမပြောနိုင်ခင်မှာပဲ အော်သံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
" အား အား အား အား အား- ''
" ကယ်ကြပါဦး! ဒီမှာ သရဲတစ်ကောင်ရှိနေတယ်!!! "
ကုအန်း မျက်မှောင်ကြုတ်သွားကာ သူလှုပ်ရှားချင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က လုံးဝလှုပ်မရဖြစ်နေသည်။ သူ 521 ကို ပြောလိုက်သည်။
" ငါလှုပ်လို့ရအောင် မင်း ကူညီနိုင်တာရှိလား? "
ကုအန်းကို ဒီလိုမြင်လိုက်ရတော့ 521 က အချိန်ခဏကြာအောင်တိတ်သွားပြီး ဓာတ်ပုံအနည်းငယ်ရိုက်ယူကာ ကုအန်းအား ပြလာခဲ့သည်။
ကုအန်းမှာ ပေါင်းပင်များကြားတွင် ထိုးထွက်နေသည့် နှင်းဆီပွင့်ကိုကြည့်ရင်း အချိန်အကြာကြီး တိတ်ဆိတ်သွားလေသည်။
သူ့ရဲ့ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာလိုက်ကာ သူက ခြံဝန်းတစ်ခုထဲတွင် ရှိနေကြောင်း သိလိုက်ရသည်။
ခြံဝန်းက ရှေးဟောင်းပုံစံရှိသော်လည်း တံခါးနှင့်ပြတင်းပေါက်များက မိုးဒဏ်လေဒဏ်ကြောင့် ပျက်စီးနေပြီဖြစ်ကာ ၎င်းရဲ့ ယခင်က ကြီးကျယ်ခမ်းနားမှုကို သက်သေပြနေသည့် လက္ခဏာတစ်စွန်းတစ်စသာ ကျန်ရှိနေခဲ့သည်။
ဟိုဟိုဒီဒီကြည့်ပြီးနောက် ကုအန်း မျက်မှောင်ကြုတ်သွားသည်။
ခြံဝန်းထဲတင်မကပဲ စံအိမ်ကြီးတစ်ခုလုံးက နိမိတ်မကောင်းသည့် အမည်းရောင်စွမ်းအင်များ ထုတ်လွှတ်နေတာကို သူမြင်နေရပြီး သူ့မျက်လုံးထဲတွင် နတ်ဆိုးဝိဉာဉ်တို့၏ အော်မြည်သံများနှင့် ပြည့်သွားခဲ့သည်။
" ဒီလူက ကြည့်ကောင်းတယ် အရသာရှိမယ့်ပုံပဲ... "
" ဒီမိန်းမရဲ့အသားက နူးညံ့နေတာ အရသာကောင်းမှာပဲ... "
" ဝေါင်း! နောက်ဆုံးတော့ ငါလွတ်လာပြီ ဗိုက်ဆာတယ်! အခုချက်ချင်း အစာစားချင်တယ်!! "
ယောက်ျားမိန်းမတို့၏ ကြောက်လန့်တကြား အော်ဟစ်သံများနှင့်အတူ နတ်ဆိုးဝိဉာဉ်တို့၏ အသားဝါးစားသံများက ထွက်ပေါ်လာသည်...
ကုအန်းမှာ အတော်လေး နားထောင်ရအဆင်မပြေသလို ခံစားလိုက်ရသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ကုအန်းရဲ့ခန္ဓာကိုယ်က ပူနွေးလာပေသည်။ အဖြူရောင်အလင်းတစ်ခုက ဖြတ်ခနဲဖြစ်သွားပြီး သူမျက်လုံးဖွင့်ကာ သူ့ရဲ့လက်ချောင်းများကို အံ့သြတကြီး ကြည့်လိုက်သည်။
ဒီအခိုက်အတန့်တွင် ကုအန်းရဲ့လက်ပတ်က လင်းလာပြီး သူ့ရှေ့တွင် အလင်း screen တစ်ခု ပြသလာခဲ့သည်။
" နောက်ခံဇာတ်လမ်း : ဟွေ့ယန်မြို့မှာ မစ္စတာလင်းဆိုတဲ့ သူဌေးကြီးတစ်ယောက်ရှိခဲ့တယ်။ သူ့မှာ အဖိုးတန်သမီးတစ်ယောက်ရှိပြီး ကလေးဘဝကတည်းက တခြားထင်ရှားတဲ့မိသားစုက သားဖြစ်သူနဲ့ စေ့စပ်ပေးထားခဲ့တယ် "
" ဒါပေမယ့် အိမ်ကိုလာလည်စဉ်အတွင်းမှာ သားဖြစ်သူရဲ့မိသားစုက တောပုန်းဓားပြတွေရဲ့ တိုက်ခိုက်ခံရပြီး မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတယ်။ မစ္စတာလင်းက သားဖြစ်သူရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ သူ့သမီးကို ထပ်မံစေ့စပ်ပေးလိုက်ပြီး မင်္ဂလာဆောင်နေ့ နီးကပ်လာချိန်မှာပဲ မိန်းမငယ်လေး ရုတ်တရက်ပျောက်သွားခဲ့တယ်။ ပြီးတော့ သူမ ပျောက်သွားတဲ့နေ့ကစပြီး လင်းမိသားစုက အဆုံးသတ်သွားခဲ့တယ် "
" အဲ့အချိန်ကစပြီး လင်းမိသားစုက ခြောက်လှန့်လာခဲ့တယ်။ တစ်နှစ်တော့ ဖြတ်သွားဖြတ်လာ တာအိုပညာရှင်တစ်ယောက်က အခြေအနေကိုမြင်ပြီး အထူးကံကြမ္မာရှိတဲ့ မိန်းမတစ်ယောက်ကို လင်းမိသားစုရဲ့ရေတွင်းထဲမှာ ချိတ်ပိတ်ထားခဲ့တယ်။ အဲ့လိုလုပ်လိုက်တာက ခြောက်လှန့်မှုကို သက်သာလျော့ပါးစေခဲ့တယ် "
" ကောလဟာလတွေပြောတာတော့ စံအိမ်ထဲက ငိုသံတွေကြားရတယ်တဲ့ ပြီးတော့ ညအိပ်နေတဲ့လူတွေဆို ရူးသွားပြီး စံအိမ်ထဲကနေ အရိုးတွေအများကြီးနဲ့ ပေါ်လာတယ်လို့ပြောတယ် "
" ကစားသမားများအနေနဲ့ တာဝန်ကို ကြိုးစားပြီး အဆုံးသတ်ကြပါ~ "
" မှတ်ချက် : ဒီပွဲစဉ်မှာ ကစားသမားငါးယောက် ပါဝင်ပါတယ် "
ထို့နောက်တွင် ကုအန်း၏ ကိုယ်ပိုင်ဘောင်ကွက်သို့ ရောက်လာခဲ့သည်။
" ကုအန်း : 7963 "
" ပြီးမြောက်သည့်ကမ္ဘာ : 0 "
" ရှင်သန်ရေးအမှတ် : 10 "
" ဝယ်ယူထားသည့် လက်နက်များ : 0 "
" ဝယ်ယူထားသည့် အထောက်အပံ့များ : 0 "
" အဓိကတာဝန် : စံအိမ်ပိုင်ရှင်မိသားစုရဲ့ သေဆုံးရတဲ့ နောက်ကွယ်ကအမှန်တရားနဲ့ လင်းမိသားစုရဲ့ မိန်းကလေးပျောက်ဆုံးသွားတဲ့ အမှန်တရားကို ရှာပါ "
" အရံတာဝန် : အရိုးတွေရဲ့ မူလရင်းမြစ်နဲ့ စံအိမ်ထဲက နတ်ဆိုးဝိဉာဉ်တွေရဲ့ မူလဇစ်မြစ်တွေကို စုံစမ်းရှာဖွေပြီး သူတို့အားလုံးကို ရှင်းလင်းပါ "
အရံတာဝန်ရဲ့ဘေးတွင် ရွေးချယ်စရာနှစ်ခုပြထားသည်။
'လက်ခံရန်' သို့မဟုတ် 'ငြင်းရန်'
ကုအန်း ခဏတွေးလိုက်ပြီး 'လက်ခံရန်' ကို နှိပ်လိုက်သည်။
521 က ပဟေဠိဖြစ်သွားရသည်။
" အန်းအန်း ဘာဖြစ်လို့ အရံတာဝန်ကို လက်ခံလိုက်တာလဲ? "
ကုအန်း ဖြေလိုက်သည်။
" ယေဘုယျအားဖြင့်ဆို လူသစ်တွေရဲ့ကမ္ဘာက သိပ်ခက်ခဲမှာမဟုတ်ဘူး။ ဒါက ငါ့လက်ရည်သွေးကြည့်မယ့် အခွင့်အရေးပဲလေ "
521 က ရှုပ်ထွေးသွားသည်။
သူ့ရဲ့ နဂိုပုံစံက နှင်းဆီနီတစ်ပွင့်ဖြစ်တာကြောင့် လူသားအသွင်သို့် ပြောင်းလဲလိုက်ချိန်တွင် သဘာဝကျစွာပဲ အနီရောင်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားခဲ့သည်။
ပန်းမိစ္ဆာများက ပင်ကိုအားဖြင့် လှပကြပြီး ကုအန်းရဲ့ အေးစက်စက်ပုံစံနဲ့ ပေါင်းစည်းလိုက်ချိန်မှာတော့ ပြိုင်စံရှားဆွဲဆောင်မှုတစ်မျိုး ဖြစ်ပေါ်လာခဲ့လေသည်။
ကုအန်းက အနားပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ခြံဝင်းထဲမှထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ အဝေးကြီး မလျှောက်ရသေးခင်မှာပဲ ကလေးမျက်နှာရှိသည့် လူတစ်ယောက်နှင့် တွေ့လိုက်ရ၏။
ကလေးမျက်နှာနှင့်လူက ကုအန်းကိုမြင်တော့ ပထမ မှင်သက်သွားပြီး ထို့နောက်တွင် အကျယ်ကြီး ထအော်လေသည်။
" အား အား အား အား အား သရဲ! ဝမ်ကောရေ ကျွန်တော့်ကို ကယ်ပါဦးဗျ!!! "
" ဒီသရဲက လူနဲ့အရမ်းတူတာ တအားကြမ်းလောက်တယ်!! ဝမ်ကောတို့ ယန်ကောတို့ ကျွန်တော့်ကို လာကယ်ကြပါဦး!!! "
ကုအန်း : " ... "
သူ့မျက်လုံးကို တစ်စုံတစ်ယောက်အား လှူဒါန်းပစ်ရန် တကယ်လိုအပ်နေပေသည်။
..........
တခြားနေရာတစ်ခုတွင်......
အေးစက်ပြီး မှောင်မဲနေ၏။
ရင်းနှီးနေသည့် အနံ့တစ်ခုကို ရလိုက်သလိုမျိုး အရိပ်တစ်ခုက ဖြည်းဖြည်းချင်း ရုပ်
လုံးပေါ်လာခဲ့သည်။
သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ထိုလူက သူရှာနေတဲ့လူဖြစ်ကြောင်းကို အတည်ပြုလိုက်သည်။ ထို့နောက်တွင် သူ့ပုံရိပ်က ဖြတ်ခနဲပေါ်လာပြီး ခြံဝင်းဆီသို့ လွင့်မျောသွားလေ၏။
အန်းအန်း ကိုယ့်ကိုစောင့်နေပါ !