Chapter 4
Viewers 12

Chapter ( 4 )

--------


ယိုယွင်းပျက်စီးနေသော သရဲခြောက်သည့် အိမ်ကြီးထဲတွင် ကောက်ကျစ်သည့်ဝိဉာဉ်များက နေရာအနှံ့ လွင့်မျောနေကြသည်။ ကုအန်းပေါ်လာသည့်အချိန်က မှိုင်းညို့နေသည့် ပတ်ဝန်းကျင်တွင် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်နှင့် တူနေခဲ့သည်။


သို့ရာတွင် ဒီအလင်းတန်းက လူတွေရဲ့စိတ်ပူပန်မှုကို လျော့ပါးမသွားစေပဲ ထိုအစား ပိုလို့တောင်သတိကပ်သွားစေခဲ့သည်။


ကလေးမျက်နှာနှင့်လူငယ်က ကစားသမားယန်တု ဖြစ်သည်။ သူအော်ခေါ်လိုက်သည့် 'အစ်ကိုဝမ်' နှင့် 'အစ်ကိုယန်' တို့ကလည်း ကစားသမားများ ဖြစ်ကြသည်။ သူ့ရဲ့အားနည်းမှုကြောင့် သန်မာသည့်ကစားသမားများကို အစကတည်းက ကပ်ထားရခြင်းပင်။


အစ်ကိုဝမ်ရဲ့ နာမည်အပြည့်အစုံက ဝမ်နျဲ့ဖြစ်ပြီး ကမ္ဘာနှစ်ခုကို အောင်မြင်ထားသည့် ကစားသမားတစ်ယောက်ဖြစ်သည်။ ရက်စက်သည့်ယန်ဖု, အားနည်းသည့်ယန်တုတို့နှင့် ယှဉ်လိုက်လျှင် သူက စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ အသေအချာကို ပိုမိုကျွမ်းကျင်လှသည်။


ယန်တုအော်သံကိုကြားလျှင် ယန်ဖုက အသံလာရာသို့ ချက်ချင်းပြေးသွားခဲ့ကာ ဝမ်နျဲ့က ယန်ဖုရဲ့နောက်ကျောကိုကြည့်ရင်း နှာမှုတ်လိုက်သည်။


တိုက်ရည်ခိုက်ရည် မြင့်မားတာကလွဲရင် တခြားဘာအားသာချက်မှမရှိတဲ့ ငတုံးကောင်ကြီးပဲ။


လူတစ်ယောက်ဟာ ဂိမ်းကိုရှင်းလင်းရန်အတွက် ခွန်အားတစ်ခုတင်မဟုတ် ဦးနှောက်လည်း လိုအပ်သေးသည်။ မဟုတ်ပါက တခြားသူများ၏ ခြေနင်းတုံးဖြစ်သွားပေလိမ့်မည်။


ဝမ်နျဲ့က အေးအေးလူလူရောက်သွားချိန်တွင် ယန်ဖုနှင့်ယန်တုတို့မှာ အနီရောင်အင်္ကျီဝတ်ထားသည့်လူအား တိုက်ခိုက်နေကြပြီဖြစ်သည်။


အနီရောင်အင်္ကျီလူက သိမ်မွေ့သည့်မျက်နှာရှိကာ သွက်လက်ပေါ့ပါးသော ကိုယ်နေဟန်ထားရှိပြီး ထိုနှစ်ယောက်ကိုရင်ဆိုင်ရာတွင် ဟာကွက်မရှိပေ။ ဝမ်နျဲ့က ထိုလူရဲ့ ရင်သပ်ရှုမောဖွယ်သွင်ပြင်ကိုကြည့်ရင်း အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။


" ယန်ဖု ယန်တု ရပ်ကြတော့! "


ဝမ်နျဲ့က သူ့ခန္ဓာကိုယ်အလေးကြီးကို ဒရွတ်တိုက်ဆွဲရင်း ပြေးသွားခဲ့သည်။ သူ့အလေးချိန်ကြောင့် ဒယိမ်းဒယိုင်ဖြင့်ပြေးနေပုံက ဟာသပစ်တိုင်းထောင်ရုပ်နဲ့တောင် ဆင်တူလှသည်။


" ငါတို့အားလုံးက ကစားသမားတွေလေ အချင်းချင်းထိခိုက်အောင် မလုပ်ကြစို့! "


ဒီစကားကိုကြားတော့ ယန်ဖုနှင့်ယန်တုက အနီရောင်အင်္ကျီလူအား ကြည့်လိုက်ကြသည်။ သူတို့က သူ့ရုပ်ရည်ကြောင့် မိန်းမောသွားရတယ်ဆိုသော်ငြား ပိုတိကျအောင်ပြောရလျှင် သူ့ရဲ့ထင်ရှားတဲ့သွင်ပြင်ကြောင့် ယန်တုက သူ့အား တစ္ဆေအဖြစ် အထင်မှားသွားခြင်းဖြစ်သည်။


ရန်ပွဲက ဝမ်နျဲ့ကြောင့် ရပ်တန့်သွားခဲ့သည်။


ကုအန်းက အချိန်ဆွဲမနေခဲ့ပေ။ သူ အသာမျက်မှောင်ကြုတ်ပြီး ထိုသုံးယောက်ကို ကြည့်လိုက်သည်။ ဝမ်နျဲ့၏ နားလည်ရခက်သည့် အကြည့်ကို မြင်သွားချိန်တွင် သူ့မျက်လုံးများက ထက်ရှသွားပြီး ယဉ်ကျေးပြမနေပဲ ပြန်စိုက်ကြည့်လိုက်ရာ ဝမ်နျဲ့မှာ ကျောချမ်းသွားသလို ခံစားလိုက်ရသည်။


ဝမ်နျဲ့က စွဲလန်းမှုအပြည့်ဖြင့် ကုအန်းကို အသေချာကြည့်နေခဲ့သော်လည်း ကုအန်းပြန်ကြည့်လာပုံက သူ့အား ချောင်ပိတ်မိသွားစေခဲ့သည်။


သူ့တွင် သာမန်မျက်နှာပေါက်ရှိပြီး ကုအန်းကို ပြုံးလျက်နှုတ်ဆက်လိုက်သည်။


" ငါက ဝမ်နျဲ့ပါ အတွေ့အကြုံရှိတဲ့ ကစားသမားတစ်ယောက်ပေါ့။ ဒီကောင်ကြီးက ယန်ဖု, အရပ်ပုတဲ့တစ်ယောက်က ယန်တု။ သူတို့က အမှားလုပ်မိဖို့ မရည်ရွယ်ပါဘူးကွာ။ ခုနတုန်းက စိတ်မချမ်းမြေ့စရာကိစ္စတချို့ ကြုံခဲ့ရတော့ နည်းနည်းလေး သတိထားနေကြတာလေ "


ဝမ်နျဲ့က သူ့လက်ကိုဆန့်ထုတ်ပေးရင်း ကုအန်းနှင့် လက်ဆွဲနှုတ်ဆက်ချင်နေခဲ့သည်။


" ငါတို့က အဖွဲ့ငယ်လေးတစ်ခုပဲ။ မင်းသာ ငါတို့နဲ့ပူးပေါင်းရင် မင်းအနေနဲ့ အလွယ်လေးအောင်မြင်စေရမယ်လို့ ငါအာမခံတယ် "


သို့ရာတွင် သူက ကုအန်းကို စူးစမ်းလေ့လာသလို ကြည့်နေဆဲဖြစ်ကာ ကုအန်းမှာ ထိုအကြည့်ကြောင့် စက်ဆုပ်လာခဲ့သည်။


" အဲ့ဒီရွံစရာမျက်လုံးတွေနဲ့ လာကြည့်မနေနဲ့။ နောက်တစ်ခါထပ်ကြည့်ရင် အဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်မယ် "


သူ့အသံက သိပ်မကျယ်သော်လည်း သုံးယောက်လုံး ကြားနိုင်ခဲ့သည်။


ယန်ဖုနှင့်ယန်တုမှာ ဒီစကားကိုကြားချိန်၌ ကုအန်းအား မော့ကြည့်မိသွားခဲ့သည်။ ကုအန်းအမူအရာက အေးစက်နေကာ သူ့မျက်ခုံးမျက်လုံးတို့က ရန်လိုမှုကိုပြသနေပြီး သူက အပေါ်ယံချိုသာပြနေမှာမဟုတ်ကြောင်း ဖော်ပြနေလေသည်။


ဝမ်နျဲ့တစ်ယောက် ဒီတစ်ကြိမ်တော့ ဧရာမကျောက်တုံးကြီးကို ကန်မိပြီဟု နှစ်ယောက်လုံးတွေးလိုက်ကြသည်။ သို့ရာတွင် သူတို့က ဝမ်နျဲ့နှင့် အပြင်ပန်းပူးပေါင်းနေရတာကြောင့် ဒီအတွေးကို ထုတ်မပြောနိုင်ပေ။ သို့သော်လည်း ဝမ်နျဲ့၏လုပ်ရပ်တချို့ပေါ်တွင် အထင်သေးမိတာကြောင့် သူတို့နှင့် ပတ်သတ်မလာစေရန်အတွက် မမြင်ဟန်မကြားဟန်သာ ဆောင်ထားရသည်။


သူ့အတွေးများကို ထုတ်ဖော်ခံလိုက်ရသည့် ဝမ်နျဲ့က စိတ်ဆိုးမသွားပဲ စစ်မှန်သည့်အပြုံးတစ်ခုနှင့် ပြောလာသည်။


" ငါက ကြင်ကြင်နာနာနဲ့ ဖိတ်ခေါ်တာပါ။ ဒါပေမယ့် မင်းက ကျေးဇူးမသိတတ်ဘူးပဲ။ ရိုင်းပျတဲ့အတွက် ငါ့ကိုအပြစ်မတင်ပါနဲ့ "


ကုအန်းကတော့ သူ့ကို တစ်ချက်လေးတောင်မကြည့်ပဲ သုံးယောက်လုံးကို ဖြတ်လျှောက်သွားလိုက်သည်။ ဝမ်နျဲ့က သူ့ကိုမတားသော်လည်း စိတ်ဝင်စားမှုအပြည့်နှင့် သူ့နောက်ကျောအား ကြည့်နေခဲ့လေသည်။


အခုအချိန်မှာ အရေးကြီးတာက တာဝန်ကို အပြီးသတ်ဖို့ပဲ လူတွေကတော့...


ဝမ်နျဲ့က ရန်လိုမှုဖြင့် ပြုံးလိုက်သည်။ ဂိမ်းကမ္ဘာကြီးက အမြဲပြောင်းလဲနေပြီး အန္တရာယ်က အချိန်မရွေး ထွက်ပေါ်လာနိုင်လေသည်။ သူ့ရဲ့အာသီသဆန္ဒများကို ဖြည့်ဆည်းရန်အတွက် သူ့တွင် နည်းလမ်းပေါင်းစုံရှိသေးပေ၏။


ကုအန်းက ဝမ်နျဲ့အတွေးများကို သတိမထားမိပေ။ သူသာသိလျှင်လည်း ဝမ်နျဲ့တစ်ယောက် ကောက်ကျစ်သည့်အတွေးများ ထပ်မတွေးရဲအောင် လုပ်ပေးလိုက်မည်ဖြစ်သည်။ သူ ခြံဝင်းထဲမှ ထွက်သွားခါနီးမှာပဲ တစ္ဆေအုပ်လိုက်ကြီးက သူ့ထံသို့ လျင်မြန်စွာလွင့်မျောလာနေတာကို ကုအန်း မြင်လိုက်ရလေသည်။


သူတို့က အရှိန်ပြင်းစွာလာနေကာ သူတို့ရဲ့နားအူမတတ်အသံများနဲ့ ဆိုးဝါးတဲ့အနံ့များကိုတောင် ကုအန်းရနိုင်ခဲ့သည်။


သူ ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး နှာခေါင်းကို လက်ဖြင့်အုပ်လိုက်သည်။


ကုအန်းပြန်လာတာကိုမြင်တော့ ဝမ်နျဲ့မျက်နှာပေါ်တွင် ရွှင်မြူးဟန်ပေါ်လာ၏။ သို့ရာတွင် အနှီအပြုံးက စက္ကန့်ပိုင်းမျှမကြာခင်မှာပဲ ဝိဉာဉ်လှိုင်းလုံးကြီးကြောင့် သူထိတ်လန့်သွားရသည်။


သူ ကုအန်းကို ဂရုမစိုက်တော့ပဲ ယန်ဖုနှင့်ယန်တုအား ခြံထဲရှိ နေရာအဟကြားမှ ထွက်ပြေးရန် အော်ပြောလိုက်သည်။ သို့သော်လည်း တစ္ဆေအုပ်လိုက်ကြီးက သူတို့နောက်မှ နီးကပ်စွာလိုက်လာနေဆဲဖြစ်သည်။


ကုအန်းက ခြေလှမ်းအနည်းငယ်မျှပြေးကာ ခြံတံတိုင်းရဲ့အမြင့်ကို ဖြတ်ခနဲကြည့်ပြီး ခြေချောင်းများကို အသာပြင်ဆင်၍ ခုန်တက်ရန်ပြင်လိုက်သည်။


ပင်ကိုအရည်အချင်းများက ကစားသမားနှင့် အမြဲရှိနေသော်လည်း ၎င်းက ဂိမ်းကမ္ဘာထဲဝင်မှသာ အသုံးပြုနိုင်ပေသည်။


တစ္ဆေများက ခြံဝင်းထဲသို့ ဝင်တော့မည့်အချိန်တွင် ကုအန်းက နံရံကို အလွယ်လေးခုန်ကျော်ကာ ခြံပြင်သို့ တိတိပပ ဆင်းသက်သွားခဲ့သည်။


ကုအန်း အချိန်မဆွဲရဲတာကြောင့် ထွက်ပြေးရန် လမ်းကြောင်းတစ်ခုရွေးချယ်လိုက်ရာ လမ်းဆုံးမှာတော့ သစ်သားအိမ်တစ်လုံးကို တွေ့လိုက်ရပေသည်။


သစ်သားအိမ်က ပျက်စီးနေသော်လည်း ခြံဝင်းထက်စာရင်တော့ အများကြီးပိုကောင်းလှသည်။ ကုအန်း တံခါးကို အသာတွန်းဖွင့်လိုက်ရာ မိုးဒဏ်လေဒဏ်ကြောင့် တိုက်စားခံထားရသည့်တံခါးက အလွယ်လေးလဲကျသွားခဲ့၏။


ကုအန်းမှာ ပြိုကျသွားသည့်တံခါးကို ငေးကြည့်ရင်း ခဏမျှကြက်သေသေနေပြီးနောက် အထဲသို့ ဝင်သွားလိုက်သည်။ အတွင်းနံရံများက ပင့်ကူအိမ်များဖြင့် ဖုံးအုပ်နေသော်လည်း အခန်းက သန့်ရှင်းနေကာ သစ်သားထိုင်ခုံများတွင် ဖုန်တစ်စက်မရှိပေ။


သူ ဟိုဟိုဒီဒီကြည့်ပြီးနောက် နံရံပေါ်တွင် ပင့်ကူအိမ်များအပြင် ဖုန်အနည်းငယ်ရှိနေကြောင်း ရှာတွေ့လိုက်ရသည်။


ကုအန်းက အိမ်ထဲတွင် အနည်းငယ်လျှောက်ကြည့်ပြီးနောက် သစ်သားအိမ်ထဲမှ တခြားနေရာများကို စစ်ဆေးရန် သွားလိုက်သည်။


သစ်သားအိမ်က တကယ်တော့ အတော်ကြီးမားကြောင်း သူသိလိုက်ရသည်။ အပြင်မှကြည့်လျှင် သေးငယ်သယောင်ထင်ရသော်လည်း အထဲဝင်ကြည့်ပါက အိမ်နောက်ဖက်နှင့် ဆက်နေသည့် ခြံဝင်းတစ်ခုရှိနေကြောင်း သိခဲ့ရသည်။


ခြံဝင်းထဲတွင် ရေတွင်းတစ်ခုရှိသော်လည်း ရေတွင်းပတ်လည်မှ ကျောက်တုံးများက အနည်းငယ် အညိုရောင်စွန်းထင်းနေကာ ရေတွင်းအဖုံးက နေရာတွင်ရှိနေသော်လည်း အဖုံးအလယ်၌ အပေါက်ကြီးတစ်ခု ရှိနေလေသည်။


ကုအန်းက ခဏတန့်သွားပြီး ရေတွင်းထဲမှအသံကို နားထောင်လိုက်သည်။ သူက အနားကပ်သွားပြီး ကြည့်မလို့လုပ်ချိန်မှာပဲ 521 ရဲ့အသံတိုးတိုးလေးက သူ့ခေါင်းထဲတွင် ပေါ်လာသည်။


" အန်းအန်းရယ် ဒါကိုမကြည့်ပါနဲ့နော်။ ငါနည်းနည်းကြောက်လို့ပါ "


ကုအန်းက အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။


" ကောင်လေး မင်းက အတော်ကြောက်တတ်တာပဲကွ "


521 က အားနည်းစွာ ပြန်လည်ချေပလာသည်။


" ငါက မကြောက်ပါဘူး အန်းအန်းအတွက် စိတ်ပူရုံပါ "


" မင်းစိတ်ပူစရာ မလိုပါဘူးကွာ "


ကုအန်းက ထိုသို့ပြောရင်း ရေတွင်းအနားသို့ကပ်သွားကာ သူ့အကြည့်တို့က ရေတွင်းအဖုံးပေါ်မှ အမှတ်ရာများပေါ်တွင် ရှိနေခဲ့သည်။


" ငါက ဒီလိုအရာတွေကို မကြောက်ဘူး "


521 ခမျာ မျက်လုံးမဖွင့်ရဲပေ။


သို့သော်လည်း သူ့မှာ သိချင်ပြန်တာကြောင့် တိတ်တိတ်လေး မျက်လုံးဖွင့်လိုက်ရာ ရေတွင်းအဖုံးပေါ်မှ အမှတ်ရာများကို မြင်လိုက်ရ၏။ သူက အကျယ်ကြီးအော်မိသွားရာ ကုအန်း မျက်မှောင်ကြုတ်သွားခဲ့သည်။


ကုအန်း ပြောလိုက်သည်။


" မင်း ကြောက်တယ်ဆိုလည်း မကြည့်နဲ့လေ "


521 က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။


ကုအန်းက ရေတွင်းအဖုံးကို ခဏကြည့်နေပြီးနောက် ကောင်းကင်ကြီးကိုမော့ကြည့်ကာ အနားပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။


သူ တစ်စုံတစ်ခုကို သတိထားမိသွားခဲ့သည်။ သစ်သားအိမ်ထဲမှာရော အနားပတ်ဝန်းကျင်မှာပါ တစ္ဆေတစ်ကောင်မှ မတွေ့ရချေ။


အကယ်၍ တစ္ဆေများတွင် လာရန်အချိန်မရှိခဲ့ပါက သူ နံရံအမြင့်ကြီးပေါ်မှ ခုန်ချစဉ်အတွင်း တစ်အိမ်လုံးကို အသေချာစူးစမ်းခဲ့မည်ဖြစ်သည်။


သူကြည့်လိုက်သည့်နေရာတိုင်းက နိမိတ်မကောင်းသည့် အမည်းရောင်စွမ်းအင်များဖြင့် ဝန်းရံနေခဲ့သည်။


ဒါကြောင့် သူတို့တွင် အချိန်မရှိဟူသည့်အတွေးက သိပ်မသေချာပေ။


အချိန်ကြောင့်မဟုတ်လျှင် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ --


-- ဒီသစ်သားအိမ်တွင် ပြဿနာရှိနေသည်။


သူ ရေတွင်းအဖုံးကို ကြည့်လိုက်၏။ ရေတွင်းအဖုံးပေါ်မှ အမှတ်ရာများက တိရိစ္ဆာန်များချန်ထားခဲ့သည်နှင့် မတူပေ။ ၎င်းတို့က လူတစ်ယောက်လုပ်ထားသည်နှင့် ပိုတူလှသည်...


သူ လက်ဆန့်ထုတ်လိုက်ရာ ကျောက်စိမ်းလို သူ့လက်ချောင်းများက မီးခိုးရောင်ရေတွင်းအဖုံးကြောင့် ထင်ရှားပြတ်သားနေပြီး ကုအန်းရဲ့အသားအရေကို ပိုလို့တောင်သိမ်မွေ့သွားစေခဲ့သည်။


ရေတွင်းအဖုံးပေါ်မှ အမှတ်အသားတချို့ပေါ်သို့ သူ့လက်ချောင်းများဖြင့် တစ်ထပ်တည်းကျအောင် အုပ်လိုက်သည်။


သို့ရာတွင် သူ့လက်ချောင်းများက အဖုံးပေါ်မှ အမှတ်အသားများထက် အနည်းငယ်ပိုကြီးနေခဲ့သည်။ထိုကြောင့် ရေတွင်းထဲတွင် ချိပ်ပိတ်ခံထားရသည့် အမျိုးသမီးကို ကုအန်းတွေးမိသွားသည်။


ဒီအမှတ်အသားတွေက သူမ ချန်ထားခဲ့တာ ဖြစ်နိုင်လား?


ခဏတွေးကြည့်ပြီးနောက် သူ ထိုနေရာမှထွက်လာခဲ့သည်။ ကောင်းကင်ကြီးက မှောင်မဲလာပြီး လုံးဝအမှောင်ကျမသွားမီ အနားယူရန်နေရာတစ်ခုကို သူရှာရပေမည်။