Chapter ( 5 )
ကုအန်းက သွားနေရင်း 521 ကို မေးလိုက်သည်။
" မင်းက ငါ့စိတ်ထဲမှာ ဘာလို့ပေါ်လာတာလဲ? "
521 က ပြန်ဖြေသည်။ " အန်းအန်း ငါက အချစ် system 521 ပါ။ 521 လို့ ခေါ်လို့ရပါတယ်~ "
ကုအန်း ခဏတန့်သွားသည်။
အချစ် system ?
သူအခုတွေးနေတဲ့ဟာလား?
521 က သူ့ကိုယ်သူ စတင်မိတ်ဆက်လာသည်။
" အချစ် system ရဲ့တာဝန်က နှစ်သက်မှုတန်ဖိုး 90 ကျော်တဲ့ ပါတနာတွေရဲ့ဘဝကို အတူတူပျော်ရွှင်နိုင်အောင် လုပ်ပေးရတာပါ~"
ကုအန်းက သူ့ကို ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သည်။
" ဒါပေမယ့် ငါ့မှာ ပါတနာမရှိဘူးလေ။ ငါက လူလွတ်ဖြစ်နေတုန်းပဲ "
ဒီစကားကိုကြားတော့ 521 မှာ အနည်းငယ် မှားယွင်းသွားသလို ခံစားလိုက်ရသည်။
" အန်းအန်းမှာ အစက တစ်ယောက်ရှိတယ်ရယ်။ ဒါပေမယ့် ငါ့အပြစ်တွေပါ။ အန်းအန်းရဲ့ပါတနာကို ပျောက်သွားခဲ့တယ်လေ ဝူးဝူးဝူး... "
ကုအန်းမှာ သူ့ငိုသံကြောင့် ခေါင်းကိုက်လာပြီး ပြောလိုက်သည်။
" ငိုနေတာရပ်ပြီး စကားကို အသေချာပြော "
" အို့ "
521 က ချက်ချင််းပဲ ငိုတာရပ်သွားပြီး သူ့ရဲ့လုပ်ဆောင်ပုံများကို မိတ်ဆက်လာသည်။
" မင်းနဲ့ မင်းပါတနာရဲ့ နှစ်သက်မှုတန်ဖိုးမြင့်လေလေ စတိုးဆိုင်မှာ မင်းသုံးနိုင်တဲ့ပစ္စည်းတွေ ပိုရလေပဲ "
ကုအန်း မေးလိုက်သည်။
" နှစ်သက်မှုတန်ဖိုးဆိုတာ ဘာလဲ? "
521 က ရှင်းပြသည်။
" နမ်းတယ် လက်တွဲတယ် ဖက်တယ် A1လုပ်တယ် စသဖြင့်ပေါ့။ စုံတွဲကြားက ချည်နှောင်မှုကို ရင်းနှီးကျွမ်းဝင်စေသရွေ့ မတူညီတဲ့ နှစ်သက်မှုတန်ဖိုးတွေကို ရနိုင်တယ် "
" အချစ် system အနေနဲ့ နှစ်သက်မှုတန်ဖိုးတွေကို ကိုယ့်ဘာသာစုဆောင်းနိုင်တယ် "
521 က ကုအန်းကို ဖြတ်ခနဲကြည့်ပြီး နူးညံ့စွာပြောလိုက်သည်။
" စိတ်မပူနဲ့နော် အန်းအန်း။ ကန့်သတ်ထားတဲ့ မြင်ကွင်းတွေဆိုရင် ငါက မြင်လည်းမမြင်ရသလို ကြားလည်းကြားရမှာ မဟုတ်ဘူး! "
ဒီလိုဆို မင်းရဲ့ပါတနာနဲ့အတူတူ နှစ်သက်မှုတန်ဖိုးတွေကို အားကြိုးမာန်တက် ထုတ်လုပ်နိုင်ပြီပေါ့ ~
သို့ရာတွင် ကုအန်းက အေးစက်စက် ပြန်ဖြေလာခဲ့သည်။
" အချက်တစ်ချက်ကိုတော့ မင်းသိမယ်ထင်တာပဲ။ ငါ့မှာ ပါတနာမရှိဘူး။ အခုလက်ရှိမှာ စင်ဂယ်လ်ဖြစ်နေတယ် "
521 မှာ ဒီကိစ္စအတွက် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။ ကုအန်းအတွက် ပါတနာဆုံးရှုံးလိုက်ရခြင်းမှာ သူ့အပြစ်ဖြစ်နေခဲ့သည်လေ။ သူက သူတို့ကို အမြန်ချည်နှောင်ခဲ့လိုက်ပြီး သူ့ရဲ့အမှားကြောင့် ကုအန်းရဲ့မှတ်ဉာဏ်က တစ်နည်းနည်းဖြင့် ရှုပ်ထွေးသွားကာ တချို့အရာများကို ရေရေရာရာ မမှတ်မိတော့ပေ။
သို့ရာတွင် အဆိုးဆုံးကတော့ ကုအန်းက သူ့ပါတနာကို မေ့သွားခဲ့ခြင်းဖြစ်လေသည်...
521 မှာ အလွန်အမင်း လိပ်ပြာမလုံဖြစ်သွားရသည်။ သူမှတ်မိတာမှန်လျှင် ကုအန်းရဲ့ပါတနာလည်း ဂိမ်းထဲကိုဝင်လာခဲ့ပြီး အနှီလူက ဘယ်မှာရှိနေကြောင်းကိုတော့ သူမသိပေ...
" အို့ ဟုတ်သားပဲ အန်းအန်း "
521 က ပြောလိုက်သည်။
" ကစားသမားအသစ်တွေက လက်ဆောင်တွေနဲ့ စတိုးဆိုင်ရဲ့ကူပွန်တစ်ခုကို ကျပန်းရကြတယ်။ မင်း ဘာလိုချင်လဲ? "
" တစ္ဆေတွေကိုသတ်နိုင်တဲ့ လက်နက် "
ကုအန်း ပြောလိုက်သည်။
521 က 'အိုး' ဟု ပြန်ပြောပြီး မောလ်ထဲတွင် စတင်ရှာဖွေလိုက်သော်လည်း မောလ်ထဲမှပစ္စည်းများက နှစ်သက်မှုတန်ဖိုးများစွာလိုအပ်ကာ သူ့ခမျာ ဘာကိုမှမတတ်နိုင်ပေ !
ခဏကြာအောင် ရှာဖွေပြီးနောက် အနက်ရောင်ဓားတစ်လက်ကို ရှာတွေ့သွားသည်။
ဓားနက်၏ ဖော်ပြချက် : ဆိုးယုတ်သည့်ဝိဉာဉ်များထက် အားကြီးပြီး နတ်ဆိုးများထက် အားနည်းလျှင် ရှင်းလင်းပစ်နိုင်
ဤဓားနက်က မောလ်ထဲတွင် လျစ်လျူရှုခံထားရလေသည်။ သူ စျေးနှုန်းကို စစ်ဆေးကြည့်ပြီး ၎င်းက သူတတ်နိုင်သည့်ပမာဏထဲတွင်ဖြစ်ကြောင်း ရှာတွေ့သွား၏။ ထို့နောက်တွင် အကန့်အသတ်ရှိသည့် သူ၏နှစ်သက်မှုတန်ဖိုးဖြင့် ဓားနက်ကို ဝယ်လိုက်ပေသည်။
" အန်းအန်း ဖမ်းလိုက်! "
521 က ဓားနက်ကို မောလ်ထဲမှထုတ်ယူပြီး ကုအန်းကို ပေးလိုက်သည်။
ကုအန်းက ဓားနက်ကိုယူပြီး လက်ချောင်းထိပ်နှင့် ထိကြည့်လိုက်၏။ ဓားက အတော်ကောင်းမွန်သော်လည်း ၎င်းရဲ့အထူးသက်ရောက်မှုများကို သူ မသေချာပေ။
လူတစ်ယောက်နှင့် system တစ်ခုမှာ စကားပြောရင်း လမ်းလျှောက်လာကြသည်။
ကောင်းကင်ကြီး လုံးဝမှောင်ကျမသွားမီ သူတို့တွေ သစ်သားအိမ်ထဲ၌ အနားယူရန် နေရာတစ်ခုကို ရှာတွေ့သွားခဲ့သည်။
- ထိုနေရာက အိပ်ခန်းတစ်ခုဖြစ်သည်။
ဒီနေရာတွင် လူနေထိုင်သည့် လက္ခဏာများရှိသော်လည်း ဧည့်ခန်းမှလွဲလျှင် တခြားဘာမှမရှိပဲ အလွတ်ကြီးသာ ဖြစ်နေခဲ့သည်။
ကုအန်းက သစ်သားထိုင်ခုံတစ်ခုပေါ်တွင်ထိုင်ကာ လက်ပေါ်တွင် မေးတင်ထားလေသည်။ အပြင်ဖက်မှ တောက်ပသည့်လရောင်က သူ့မျက်နှာပေါ်သို့ ဖြာကျနေပုံမှာ ကောင်းကင်မှကျလာသည့် မသေမျိုးတစ်ပါးနှင့် ဆင်တူလှသည်။
ကျောင်းယွမ်နှင့် ဝမ်ဖေးဖေးတို့ ဝင်လာချိန်တွင် ဒီမြင်ကွင်းကိုမြင်လိုက်ရပြီး သူတို့တွေ မိန်းမောသွားခဲ့ကြသည်။ ထို့နောက်တွင် သတိထားမှုများနှင့် ပြည့်သွားခဲ့ပေသည်။
သူတို့တွေ ခုနတုန်းက ချောက်ချားစရာမြင်ကွင်းကို မေ့သွားမှာမဟုတ်ပေ။ အမြဲလိုလို ကိုင်တွယ်ရလွယ်ကူဟန်ရှိသည့် ယွီမြောင်မှာ တကယ်တော့ လူ့အသွေးအသားကို စားသုံးသည့် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေခဲ့သည် !
ကုအန်းက တစ်ယောက်ယောက်ဝင်လာတာကို သတိထားမိပြီး မျက်လွှာအသာပင့်လျက် ဖြတ်ခနဲကြည့်လိုက်သည်။ သူ့ရဲ့ ထူးခြားပြောင်မြောက်သည့် သွင်ပြင်တွင် လူသတ်လိုသည့် ဆန္ဒတစ်လွှာက ဝတ်ရုံတစ်ထည်လို လွှမ်းခြုံနေပြီး အသစ်ရောက်လာသူကို ကရုဏာကင်းမဲ့စွာ စိုက်ကြည့်နေခဲ့သည်။
ကျောင်းဟယ်က ကုအန်းရဲ့မျက်နှာကြောင့် မိန်းမောသွားရသည်။ သူက အလှလေးများစွာကို မြင်ဖူးခဲ့သော်လည်း သူ့မှာ ခဏကြာသည်အထိ မိန်းမောသွားပြီး အထဲမှလူအား စပ်စုချင်သည့်အတွေးများကိုပါ မေ့သွားခဲ့သည်။
ကုအန်းက ပန်းနတ်ဆိုးဖြစ်တာကြောင့် သဘာဝကျစွာပဲ သူ့မျက်လုံးမျက်ခုံးများတွင် ဆွဲဆောင်မှုတစ်စွန်းတစ်စ ရှိနေခဲ့သည်။ သို့ရာတွင် သူ့အမူအရာက အလွန်အမင်းအေးစက်နေပြီး သူ့ရဲ့ကြက်သွေးရောင် နှုတ်ခမ်းပြည့်ပြည့်တို့အား တင်းတင်းစေ့ပိတ်ထားခဲ့သည်။
သူ့မျက်လုံးသူငယ်အိမ်များက ညကောင်းကင်ယံလိုမျိုး မည်းနက်တောက်ပနေကာ သူ့ရဲ့မျက်ခွံနှစ်ထပ်က အနည်းငယ်အောက်စိုက်ကျနေပြီး ရှည်လျားသည့်မျက်တောင်မွှေးတို့က ကော့ညွတ်နေလျက် နှာတံစင်းစင်းနှင့် မေးစေ့အနေတော်လေးရှိသည်။
အလွန်ဖြူဖျော့တဲ့ အသားအရေကြောင့် သူ့မျက်ခုံးကြားမှ နှင်းဆီနီအမှတ်အသားက မီးတောက်တစ်ခုနှင့် အသွင်တူနေကာ တစ်ဖက်သား၏အာရုံကို ဆွဲဆောင်နေခဲ့သည်။
သူက ခေတ်ဟောင်းစတိုင် ကြက်သွေးနီရောင် အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထား၏။ ကျောင်းယွမ်က နှင်းလိုဖြူဖွေးသည့် လည်တိုင်ကိုကြည့်ပြီး သူ့အကြည့်တို့က နက်ရှိုင်းသွားခဲ့သည်။
ဝမ်ဖေးဖေးက ကျောင်းယွမ်ရဲ့ အရှက်မဲ့တဲ့အကြည့်ကိုမြင်ကာ မနာလိုဖြစ်သွားခဲ့သည်။ သူမ ကျောင်းယွမ်ကို အားဖြင့်ဆွဲဆိတ်ပြီး ပြောလိုက်၏။ သူမအသံက ထိန်းချုပ်ထားမှုမရှိပေ။
" မြန်မြန်သွားရအောင် ကျောင်းကော။ ဒီနေရာက အရမ်းတိတ်ဆိတ်လွန်းနေတာ ထူးဆန်းတယ် "
သူမက သိမ်မွေ့စွာလမ်းညွှန်ရင်း ကျောင်းယွမ်အနေဖြင့် အင်္ကျီအနီနှင့်လူကို မကောင်းသည့်ဝိဉာဉ်ဟု ထင်သွားစေရန် မျှော်လင့်နေမိသည်။
ကျောင်းယွမ်က ဝမ်ဖေးဖေးရဲ့အသံကြောင့် အရူးအမူးဖြစ်နေရာမှ ကြားဝင်ဖြတ်တောက်ခံလိုက်ရသည်။ သူ ကုအန်းကို ချက်ချင်းပဲ သတိနှင့်ကြည့်လိုက်၏။
" မင်းက ဘယ်သူလဲ? ငါ့ကိုဘာလုပ်ချင်တာလဲ?"
သူ ခုနတုန်းက အာရုံလွင့်သွားသည့် အကြောင်းရင်းကို ကုအန်းကြောင့်ဟု မှတ်ယူလိုက်သည်။
သူ့ချစ်သူရှေ့တွင် ယောက်ျားတစ်ယောက်ကို ငေးကြည့်နေခဲ့ခြင်းအတွက် ရှက်ရွံ့သလိုခံစားနေရပြီး ကျောင်းယွမ်မှာ ကျင်းတစ်ကျင်းထဲသာ ဝင်ပုန်းလိုက်ချင်တော့သည်။
ဝမ်ဖေးဖေးရဲ့အသံက နူးညံ့သိမ်မွေ့သော်လည်း သူမရဲ့စကားတို့က အတော်လေးမနှစ်မြို့စရာကောင်းလှသည်။
" သူက လူလားသရဲလားဆိုတာ ဘယ်သူသိမှာလဲ အရှက်မရှိလိုက်တာများ။ မြင်သမျှလူတိုင်းကို မြှူစွယ်စရာ လိုလို့လား? မဟုတ်ဘူးလား ကျောင်းကော? "
သို့ရာတွင် သူမက ကျောင်းယွမ်ရဲ့အဖြေကို မစောင့်ခဲ့ပေ။ သူမ ခေါင်းလှည့်လိုက်ချိန်၌ အနက်ရောင်ဓားတစ်လက်က ကျောင်းယွမ်ရဲ့လည်ပင်းပေါ်တွင် ပေါ်လာသည်ကို ရုတ်တရက်မြင်လိုက်ရလေသည်။
ပြီးတော့ အနက်ရောင်ဓားရဲ့ လက်ကိုင်ရိုးကို ကိုင်ထားသူက အနီရောင်အင်္ကျီနှင့်လူအပြင် တခြားမရှိတော့ပေ။
ကုအန်းက ထိုနှစ်ယောက်ကြားမှ စကားဝိုင်းကိုနားထောင်ရင်း အတော်စိတ်မရှည်ဖြစ်နေခဲ့သည်။ တကယ့်ကမ္ဘာတွင် သူ့ရုပ်ရည်နှင့်ပတ်သတ်ပြီး ဝေဖန်မှုများစွာကို ကြုံဖူးတာကြောင့် သူ့မျက်နှာနှင့်ပတ်သတ်ပြီး ဆွေးနွေးခံရခြင်းကို သူအမုန်းဆုံးဖြစ်သည်။သို့သော် ဂိမ်းကမ္ဘာထဲရောက်တဲ့အထိ ဆွေးနွေးခံနေရဦးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။
ဒီနှစ်ယောက်က ဆွေးနွေးရုံမကပဲ သူရှေ့တွင်ပါ ပြောနေလိုက်ကြသေး၏။ ထို့အပြင် အနှီမိန်းမရဲ့စကားများက အတော်လေးစိတ်ရှုပ်စရာကောင်းနေလေသည်။
ကုအန်းက ဒေါသကို မြိုသိပ်ထားတတ်သူ မဟုတ်ပေ။ သူက နေရာမှာတင် ဖြေရှင်းလေ့ရှိသည်။ ဖြေရှင်းရန် အခွင့်မသာလျှင် နောက်ပိုင်းရှင်းရန်အတွက် စာရင်းမှတ်ထားတတ်၏။
ထို့ကြောင့် ကျောင်းယွမ်က ထိုသို့ပြောပြီးချိန်တွင် သူက ဓားနက်ကိုကိုင်လျက် တံခါးမကြီးသို့ခုန်သွားပြီး ဓားကိုသာမန်ကာလျှံကာ ဝှေ့ယမ်းကာ ကျောင်းယွမ်၏အသားနှင့် တစ်လက်မအကွာတွင် ရပ်တန့်လိုက်သည်။
ကျောင်းယွမ်က ကုအန်းရဲ့လှုပ်ရှားမှုကြောင့် ကျောက်ရုပ်လိုဖြစ်သွားခဲ့သည်။ ကုအန်းရဲ့လက်သာ အနည်းငယ်တုန်ယင်သွားပါက သူ့လည်ပင်းကို ဓားပြတ်သွားမည်ဖြစ်တာကြောင့် သူအလွန်အမင်းထိတ်လန့်ကာ နဖူးပေါ်တွင် ချွေးများပြန်လာခဲ့သည်။
သူ စကားထစ်နေပြီး " ဟယ်လို ငါ့ကိုအသက်ချမ်းသာပေးပါ! ငါက မျက်လုံးမမြင်ပါဘူး။ မင်းမှာ ကြင်နာတဲ့နှလုံးသားရှိပါတယ်ကွာ။ ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ "
ဝမ်ဖေးဖေးက အနက်ရောင်ဓားကိုမြင်ချိန်တွင် ထအော်လေသည်။ သို့ရာတွင် သူမ စကားပြောမလို့ ပါးစပ်ဟလိုက်ချိန်မှာပဲ ကုအန်းက ဖြတ်ခနဲကြည့်လာတာကြောင့် ငြိမ်သက်သွားခဲ့သည်။ သူမ ကိုးရိုးကားယားဖြင့် ပါးစပ်ပြန်ပိတ်ရင်း ကျောင်းယွမ်နဲ့ ခပ်ဝေးဝေးသို့ တိတ်တဆိတ်ရွှေ့သွားလိုက်သည်။ ကျောင်းယွမ်ရဲ့သွေးများက သူမအပေါ်သို့ ဖိတ်စင်လာမှာကို ကြောက်မိ
သောကြောင့်ပင်။
ကုအန်းရဲ့အသံက ရေခဲတမျှအေးစက်နေပြီး ကျောင်းယွမ်ကို မေးလိုက်သည်။
" ဒီအိမ်ထဲကို ဘာလို့ဝင်လာတာလဲ? "
သူတို့နှစ်ယောက် စကားစပြောသည့်အခိုက်အတန့်တွင် ကုအန်းက သူတို့နှစ်ယောက်ဟာ ကစားသမားများမဟုတ်ကြပဲ ဂိမ်းကမ္ဘာထဲမှ NPC များ ဖြစ်ကြောင်းကို သိလိုက်ရသည်။
ကျောင်းယွမ်က သူတို့တွေ ဒီအိမ်သို့ရောက်လာသည့် အကြောင်းပြချက်ကို ချက်ချင်းရှင်းပြလာကာ သူ့အဖေက သူ့အားတာဝန်ပေးခဲ့သည့် ကိစ္စများကိုတော့ ချန်လှပ်ထားခဲ့သည်။ ရတနာက ကျောင်းမိသားစုနဲ့ သက်ဆိုင်တာဖြစ်ပြီး တခြားဘယ်သူမှ ယူမသွားနိုင်ပေ။
" ငါတို့က သရဲခြောက်တဲ့နေရာတွေကို အတူသွားကြတဲ့ သဘာဝလွန်စိတ်ဝင်စားသူများ အဖွဲ့တစ်ခုပါ "
သူ ပြောလိုက်သည်။ " ဒီအိမ်က ငါငယ်ငယ်လေးကတည်းက သရဲခြောက်ခဲ့တာ။ ငါ အမြဲတမ်းသွားချင််ခဲ့ပေမယ့် အခွင့်အရေးမရခဲ့ဘူး။ ငါတစ်ယောက်တည်း မသွားနိုင်ဘူးလေ။ ငါတို့တွေ အတူသွားဖို့အတွက် အားလပ်ရက်ကို အချိန်သတ်မှတ်ခဲ့ကြတာ "
ကုအန်း ထပ်မေးလိုက်သည်။
" တခြားသူတွေရော? "
ကျောင်းယွမ် စကားထစ်သွားသည်။ ကုအန်းက အချိန်ဆွဲမနေပဲ ဓားနက်ကို သူ့လည်ပင်းနှင့်ပိုနီးအောင် ရွှေ့ပေးလိုက်၏။ အခုအချိန်တွင် ဓားနှင့်အသားက လက်တစ်ချောင်းစာသာ ကွာဝေးတော့သည်။ ကျောင်းယွမ်က မျက်လုံးစုံမှိတ်ရင်း အကျယ်ကြီးအော်လာသည်။
" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး! ငါပြောမယ်! ငါပြောပြမယ်! "
" ငါ့မှာ မင်းနဲ့ စိမ်ပြေနပြေပြောနေမယ့် အချိန်မရှိဘူး "
ကုအန်းရဲ့အသံက အေးစက်နေသည်။
" အားလုံးကို တစ်ခါတည်းပြောလိုက်တာ ကောင်းမယ် မဟုတ်လို့ကတော့... "
ကျောင်းယွမ်က ကုအန်းရဲ့ဆိုလိုရင်းကို နားလည်ပြီး အမြန်ခေါင်းညိတ်လိုက်သည်။
" သေချာတာပေါ့ သေချာတာပေါ့! "
သူ ခက်ခက်ခဲခဲ တံတွေးမြိုချပြီး ပြောလိုက်သည်။
" အစကတော့ ငါတို့မှာ လူငါးယောက်ရှိတာ ဒါပေမယ့် အိမ်အပြင်ဖက်က သစ်တောလေးထဲမှာ လီချွင်က သူ အပေါ့သွားဖို့လိုတယ်ဆိုပြီး နောက်ကျန်နေခဲ့တယ် ပြီးတော့ အခုလေးတင်ပဲ... "
ကျောင်းယွမ်က ကြောက်စရာတစ်ခုခုကို သတိရသွားသလိုမျိုး တုန်ယင်လာပြီး သူ့အသံထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။
" ငါ့မှာ ယွီမြောင်ဆိုတဲ့ ဝမ်းကွဲတစ်ယောက်ရှိတယ်။ သူက ရုတ်တရက်ကြီး တခြားလူတစ်ယောက်လိုဖြစ်သွားပြီး ငါတို့ကို အရူးလိုမျိုးခုန်အုပ်လာတယ်။ ဝမ်လိကိုဆို ကိုက်တောင်ကိုက်လိုက်သေးတယ်။ ငါတို့သုံးယောက်က လူစုကွဲသွားပြီး ငါနဲ့ဝမ်ဖေးဖေးက ဒီနေရာကို မတော်တဆရောက်လာခဲ့တာ... "