Chapter 7
Viewers 27

Chapter ( 7 )

သူတို့သုံးယောက် သဘောတူပြီးနောက် အပြင်ထွက်ရန် ပြင်ဆင်လိုက်ကြသည်။


သို့ရာတွင် သူတို့ အပြင်ထွက်လိုက်ချိန်မှာပဲ လူတစ်ယောက်က သူ့ရှေ့တွင် ခေါင်းငုံ့လျက်မတ််တပ်ရပ်နေကြောင်းကို ယန်တုမြင်လိုက်ရသည်။


သူ မေးလိုက်၏။ " ဘယ်သူလဲ? လမ်းမှာပိတ်ရပ်မနေနဲ့ "


ထိုလူက ဖြည်းဖြည်းချင်း ခေါင်းမော့လာရာ ယန်တုမှာ ထိုလူရဲ့လှုပ်ရှားမှုများက နည်းနည်းထူးဆန်းနေကြောင်း သတိပြုမိသွားခဲ့သည်။


ထိုလူရဲ့လှုပ်ရှားမှုများက အချိန်အတော်ကြာအောင် အသုံးမပြုထားသည့် စက်ရုပ်တစ်ခုလိုမျိုး အင်မတန်တောင့်တင်းနေကာ လှုပ်ရှားမှုတိုင်းက ချောက်ချားဖွယ်ရာဖြစ်‌နေလေသည်။


ထို့နောက်တွင် ထိုလူက ခေါင်းမော့လာခဲ့သည်။ ယန်တုမှာ အနီရောင်အလင်းတစ်ခုကို ဖြတ်ခနဲမြင်လိုက်ရပြီးနောက် ထိုလူက သူ့ထံသို့ ရုတ်ချည်းပြေးဝင်လာလေသည်။ ထိုလူရဲ့ လက်သည်းချွန်များက သူ့လက်မောင်းကို ချက်ချင်းလှီးဖြတ်သွားကာ လေထဲတွင် သွေးနံ့များ ချက်ချင်းပျံ့လွင့်လာခဲ့သည်။


'ယွီမြောင်' က ယန်တုရဲ့လက်မောင်းကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေပြီး ယန်တုက သူ့လက်မောင်းကိုအုပ်လျက် နောက်ဆုတ်လိုက်သည်။ ယန်တုက ရှေ့ဆက်မသွားတဲ့အပြင် နောက်ပြန်ဆုတ်လာတာကိုမြင်တော့ ဝမ်နျဲ့က အနည်းငယ်ဒေါသထွက်လာပြီး ခပ်ကြမ်းကြမ်းပြောလိုက်သည်။


" ယန်တု မင်းမသွားချင်ရင် နောက်မှာကျန်နေခဲ့ နှောင့်နှေးအောင်လုပ်မနေနဲ့! "


ယန်တုရဲ့မျက်နှာက ဖြူဖျော့နေပြီး ဝမ်နျဲ့ကို လှည့်ကြည့်လိုက်သည်။ သူစကားမပြောနိုင်ခင်မှာပဲ 'ယွီမြောင်' က အလွန်အံ့အားသင့်စရာအရှိန်အဟုန်ဖြင့် လှုပ်ရှားလာလေသည်။


ယန်တုမှာ လက်နက်မရှိတာကြောင့် နောက်ပြန်ဆုတ်ရန်သာ တတ်နိုင်တော့သည်။ သေရေးရှင်ရေးအခိုက်အတန့်တွင် ငုပ်လျှိုးနေသည့်စွမ်းရည်က ထွက်ပေါ်လာတာဖြစ်နိုင်သည်။ 'ယွီမြောင်' က လက်ဆန့်ထုတ်လာချိန်တွင် ယန်တုက အနောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ဝမ်နျဲ့ကို အရှေ့သို့ တွန်းထုတ်လိုက်သည်။


ထိုအခါ ဝမ်နျဲ့က သူ့လက်ပတ်ထဲမှ လက်နက်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ သံချေးတက်နေသည့် သံဓားတစ်လက်ဖြစ်သည်။


ထို့နောက်တွင် သူ့ရဲ့ခန္ဓာကိုယ်ဝဝကြီးကို တွန့်လိမ်ပြီး 'ယွီမြောင်'နှင့် စတင်တိုက်ခိုက်တော့သည်။ သို့ရာတွင် တောင့်တင်းစွာလှုပ်ရှားနေသည့် 'ယွီမြောင်' က သူ့ခန္ဓာကိုယ်ကို အနှီမိန်းမဝင်စီးလာသည်နှင့်အမျှ တဖြည်းဖြည်းပိုသွက်လက်လာပြီး သူ့ရဲ့တိုက်ခိုက်နှုန်းက ခန့်မှန်းမရတော့ပေ။


ဝမ်နျဲ့မှာ 'ယွီမြောင်'နှင့် ဘယ်လောက်မှ မတိုက်ခိုက်ရသေးပဲ အင်အားကုန်ခမ်းလာလေသည်။


သူ့လက်ထဲရှိသံဓားက စတိုးဆိုင်မှဝယ်ထားခြင်းဖြစ်သည်။ ထိုဓားက ရှင်သန်ရေးအမှတ်များစွာ ကျသင့်ပြီး တစ္ဆေသရဲများကို သတ်နိုင်သည်ဟု ဆိုသည်။


သို့ရာတွင် သံဓားက 'ယွီမြောင်' နှင့် တွေ့ချိန်၌ ၎င်းက သူ့ရဲ့တာဝန်ကို မဆောင်ရွက်တော့ပေ။ ၎င်းက ထူးဆန်းသည့်ပုံစံကြောင့် မီးဖိုချောင်သုံးဓားထက်တောင် အသုံးပြုရခက်ခဲနေလေသည်။


ဝမ်နျဲ့က အမောတကော အသက်ရှူနေစဉ် ယန်တုက ထွက်ပြေးသွားပြီဖြစ်ပြီး ယန်ဖူက နောက်မှလိုက်သွားခဲ့သည်။


ဝမ်နျဲ့က သူ့ရှေ့မှသရဲကို ဖြတ်ခနဲကြည့်ပြီးနောက် အံကြိတ်ကာ အားကုန်သုံး၍ ဓားဖြင့်ခုတ်ပိုင်းလိုက်လေသည်။


သံဓားက 'ယွီမြောင်' ကို မသတ်နိုင်သော်လည်း ဒဏ်ရာရစေနိုင်ပေသည်။ ဝမ်နျဲ့ရဲ့ထိုးချက်က အားပြင်းလွန်းတာကြောင့် ယွီမြောင်ရဲ့လက်မောင်းကို တိုက်ရိုက်ထိသွားခဲ့သည်။


ဓားထိပ်က အရေပြားနှင့်အသားကို ဟက်တက်ခွဲသွားပြီး အရိုးဖြူဖြူကို အတိုင်းသားမြင်နေရသည်။


'ယွီမြောင်' က နာကျင်မှုကို မခံစားရသော်လည်း ဒဏ်ရာကြောင့် သူ့ရဲ့လှုပ်ရှားမှုက အားနည်းသွားခဲ့ကာ 'ယွီမြောင်' ခဏတန့်သွားချိန်၌ ဝမ်နျဲ့က ဓားကိုကိုင်ရင်း အားကုန်သုံး၍ ထွက်ပြေးတော့၏။


ထိုမိန်းမက သူ့နောက်မှ လိုက်မသွားခဲ့ပေ။ သူမက သူမရဲ့ခန္ဓာကိုယ်ကို ပြန်လည်ပြင်ဆင်ရန် ယင်စွမ်းအင်လိုအပ်နေတာဖြစ်ပြီး အကယ်၍ ဒီခန္ဓာကိုယ်သေသွားပါက သူမတွင် သုံးစရာမရှိတော့ပေ။


ဝမ်နျဲ့က ယန်တုနှင့်ယန်ဖူပြေးသည့်ဖက်သို့ လိုက်ပြေးသွားခြင်းဖြစ်သော်လည်း အချိန်ကန့်သတ်ချက်တချို့ကြောင့် ထိုနှစ်ယောက်အား လိုက်မမှီနိုင်ဖြစ်နေခဲ့သည်။


နေ့အချိန်ကဲ့သို့ တောက်ပနေသည့် ကြက်သွေးနီရောင်လရောင်အောက်တွင် သုံးယောက်သား ကြမ်းကြုတ်သည့် ဝံပုလွေလိုက်တာခံနေရသလိုမျိုး လမ်းမကြီးပေါ်၌ ဒုန်းစိုင်းပြေးနေကြသည်။  

ယန်တုနှင့်ယန်ဖူက ခြံဝင်းထဲကိုရောက်သည်အထိ တွန့်လိမ်ကောက်ကွေးကာ ပြေးလာခဲ့ကြသည်။


သူတို့က သတိအပြည့်နှင့် ခြံထဲဝင်လာချိန်တွင် ခြံထောင့်မှ အနီရောင်အစတစ်စကို ချက်ချင်းမြင်လိုက်ရပေသည်။


ပထမတွင် နှစ်ယောက်သား ထိတ်လန့်သွားသော်လည်း ၎င်းက တစ္ဆေမဟုတ်ပဲ အရောင်ဆိုးထားသည့် အဝတ်စဖြစ်ကြောင်း နားလည်သွားကာ စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။


သူတို့တွေ ခြေလှမ်းအနည်းငယ်မျှ လမ်းလျှောက်ပြီးချိန်၌ အေးစက်စက်အသံတစ်ခုကို ကြားလိုက်ရပေသည်။


" ဘယ်သူလဲ? ထွက်လာခဲ့ "


ယန်တုနှင့်ယန်ဖူမှာ အေးခဲသွားပြီး ကြောက်သွားရုံမကပဲ အထိတ်တလန့် ဖြစ်သွားခဲ့ကြသည်။


ထို့နောက်တွင် အနီရောင်အင်္ကျီဝတ်ထားသည့် လူတစ်ယောက်က ထောင့်မှထွက်လာတာကို မြင်လိုက်ရပေသည်။


သူ့လက်ထဲတွင် ဓားတစ်လက်ကိုင်ထား၏။


ကုအန်းရဲ့အမူအရာက အေးစက်နေကာ သူ့မျက်လုံးထဲတွင် လူသတ်ငွေ့များရှိနေပြီး နူးညံ့သိမ်မွေ့သည့် သူ့ဟန်ပန်နှင့် လိုက်ဖက်မှုမရှိလှပေ။


ဓားနက်ရဲ့ ငွေရောင်အလင်းပြန်မှုကြောင့် နှစ်ယောက်သားကြောက်လန့်သွားကာ စတင်နောင်တရလာကြသည်။


သူတို့တွေ ဘာလို့များ ဝင်ခဲ့မိပါလိမ့်နော်?! အသက်ရှင်နေရတာက မကောင်းဘူးလား?!


သို့ရာတွင် ကုအန်းက သူတို့အတွေးများကို မကြားနိုင်ပဲ အေးစက်စွာပြောလိုက်သည်။


" ဘာလဲ မင်းတို့က တိုက်ချင်တာလား? "


သူ့အသံထဲတွင် မနှစ်မြို့မှုများနှင့် ပြည့်နေခဲ့သည်။


အချိန်က ခုနက နာရီဝက်အကြာတွင် ပြန်လည်စတင်လာခဲ့သည်။


ကုအန်းက နှင်းဆီပန်းကိုကြည့်ပြီး အတွေးနစ်သွားခဲ့၏။ သူ သတိပြန်ဝင်လာချိန်မှာတော့ နှင်းဆီပန်းအဖြစ် ပြန်ပြောင်းသွားပြီဖြစ်ကြောင်း သိလိုက်ရပေသည်။


သူ ချက်ချင်းပဲ ဟိုဟိုဒီဒီကြည့်လိုက်ကာ လူတွေတစ္ဆေတွေကို မတွေ့ချိန်မှ စိတ်သက်သာစွာ သက်ပြင်းချလိုက်မိသည်။


521 က အံ့သြစွာ ‌ပြောလာသည်။ " အန်းအန်းက ဘယ်လိုလုပ်ပြီး နှင်းဆီပန်းပြန်ဖြစ်သွားတာလဲ! အန်းအန်းက နှင်းဆီပန်းဝိဉာဉ်လား? "


ကုအန်း ပြန်ဖြေလိုက်သည်။


" မဟုတ်ဘူး "


သူ လူပုံစံပြန်ပြောင်းရန် ကြိုးစားခဲ့သော်လည်း မလုပ်နိုင်ခဲ့ပေ။


521 ကို ရလဒ်ပြောပြပြီးနောက် သူ့ခေါင်းထဲတွင် အဆက်မပြတ်စကားပြောနေသံများကို ကြားလိုက်ရတော့သည်။


521 က ကုအန်းရဲ့စိတ်ထဲတွင် ငိုနေခဲ့သည်။ အသံက အင်မတန်စိတ်မချမ်းမြေ့ဖွယ်ဖြစ်သဖြင့် ကုအန်း မျက်မှောင်ကြုတ်လိုက်မိသည်။


" ငိုမနေနဲ့တော့ "


ကုအန်းက 521 ရဲ့ တအီအီအော်နေသံကို ကြားဖြတ်ပြောလိုက်သည်။


" ငါ့ခေါင်းထဲမှာ ဆူဆူညံညံတွေ မလုပ်လို့ရမလား? "


521 က အင့်ခနဲရှိုက်လျက် " ဝူးဝူးဝူး အခုတော့ မရဘူး "


ကုအန်းမှာ 521 ကြောင့် ပြောစရာမဲ့သွားခဲ့သည်။ ကုအန်းဘဝတွင် ဒီလောက်အငိုထူပြီး အရှက်အကြောက်ကြီးသည့်လူမျိုးနှင့် တစ်ခါမှမဆုံခဲ့ဖူးပေ။


သို့သော်လည်း 521 က လူဟုတ်မနေပြန်ချေ။


521 က အသံတိုးတိုးဖြင့် ပြောလာသည်။


" အန်းအန်းက ငါ့အသံကို မကြားချင်ဘူးဆိုရင် block ထားလို့ရပါတယ်။ ဒါပေမယ့် block ဖို့အတွက် ခံစားချက်တန်ဖိုးလိုတယ်။ အန်းအန်းမှာ တစ်ခုမှမရှိတော့ block လို့ မရဘူးရယ် "


ကုအန်း : " ... "


တကယ့်ကို သတင်းဆိုးပဲ !


ကုအန်းက အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သော်လည်း ပုံစံပြန်မပြောင်းနိုင်ခဲ့ပေ။


သူ အရင်တစ်ခေါက်က လူပုံစံပြောင်းခဲ့သည့် ခံစားချက်ကို ပြန်စဉ်းစားလိုက်သည်။ လူအဖြစ်ပြောင်းမသွားမီတွင် တစ်ကိုယ်လုံး နွေးထွေးသလို ခံစားခဲ့ရသည်။


ဒါကိုကြားတော့ 521 က သူ့အမှတ်များကို တစ်ချက်စစ်ကြည့်လိုက်ပြီး အပူပေးစက်ဝယ်ရန် မောလ်သို့သွားခဲ့သည်။


ဒီအချိန်တွင် တစ်စုံတစ်ယောက်သာ အနားမှဖြတ်သွားပါက သူတို့ရှေ့မှ ထူးဆန်းသည့်မြင်ကွင်းကြောင့် သေချာပေါက် ထိတ်လန့်ကုန်လိမ့်မည်။


လှပသည့် နှင်းဆီပွင့်အနားတွင် အပူပေးစက် အသေးလေးတစ်လုံး ရှိနေပြီး ဒီအပူပေးစက်က အတော်ထူးခြားလှပေသည်။ ၎င်းကို အလုပ်လုပ်စေရန်အတွက် ပလပ်ထိုးစရာမလိုပေ။


ကုအန်း ခဏတန့်သွားကာ ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။


521 က စိတ်လှုပ်ရှားစွာဖြင့် ခလုတ်ဖွင့်လိုက်ရာ အပူပေးစက်က စတင်အလုပ်လုပ်လာလေသည်။


အပူလှိုင်းများက သူ့ထံသို့ တိုးဝှေ့လာနေတာကို ကုအန်း ခံစားနေရပြီး သူမျက်လုံးမှိတ်ကာ လူပုံပြန်ပြောင်းရန် ကြိုးစားလိုက်သည်။ သို့ရာတွင် မောလ်မှပစ္စည်းက အလွန်အကျိုးသက်ရောက်လွန်းတာကြောင့် အပူပေးစက်ရဲ့အပူရှိန်က ဒီဂရီရာနဲ့ချီပြီး မြင့်တက်လာကာ ကုအန်းမှာ အရှင်လတ်လတ် မီးကင်ခံနေရသလို ဖြစ်သွားတော့သည်။


" 521 အပူပေးစက်ကို မြန်မြန်ပိတ်လိုက်! "


ကုအန်းမှာ ချွေးတွေနဲ့ရွှဲနစ်လာသော်လည်း လူပုံပြန်ပြောင်းမည့် အရိပ်အယောင်မရှိသေးပေ။ အပူပေးစက်၏ အပူရှိန်က ပိုမြင့်လာပုံရပြီး သူ့အား မသက်မသာဖြစ်လာစေပေသည်။


နှင်းဆီပန်းက မီးမလောင်နိုင်သော်လည်း အပူရှိန်မြင့်လွန်းနေလျှင် နှင်းဆီမီးကင်ဖြစ်သွားလိမ့်မည်။


ကုအန်းအသံကိုကြား၍ 521 က အမြန်သွားကြည့်ရာ အပူပေးစက်ရဲ့အပူရှိန်က တကယ်ကို အမြင့်ကြီးဖြစ်နေခဲ့သည်။ သူ အမြန်ပိတ်လိုက်သော်လည်း စက်ပျက်သွားပုံပေါ်သည်။ 521 မှာ အလန့်တကြားဖြစ်သွားလေသည်။


" အပူပေးစက်က ပျက်သွားပြီ အန်းအန်း ပိတ်လို့မရတော့ဘူး ဘယ်လိုလုပ်ကြမလဲဟင် QAQ "


ကုအန်းမှာ စက္ကန့်ပိုင်းမျှတိတ်ဆိတ်သွားပြီး သူ့နားထင်ကြောက တဒိတ်ဒိတ်ခုန်လာခဲ့သည်။ အပူပေးစက်နှင့် ဝေးကွာစေရန် သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်သော်လည်း သူ့ခြေထောက်များက မြေကြီးထဲတွင် အမြစ်တွယ်နေကာ လှုပ်မရဖြစ်နေခဲ့သည်။


မြင့်မားတဲ့အပူရှိန်ကြောင့် နှင်းဆီအရွက်များ လောင်ကျွမ်းတော့မလိုဖြစ်နေတာကိုကြည့်ပြီး ယခုလို သေရေးရှင်ရေးအခိုက်အတန့် 521၏ ငိုကြွေးမှုများအလယ်တွင် ကုအန်း လူပုံပြောင်းသွားခဲ့သည်။


လူပုံပြောင်းသွားသည်နှင့်တစ်ပြိုင်နက် ဓားနက်ကိုချက်ချင်းထုတ်ယူကာ အပူပေးစက်အား နှစ်ပိုင်းပိုင်းပစ်လိုက်တော့သည်။


ဆားကစ်က ဖျက်ဆီးခံလိုက်ရပြီး အပူပေးစက်က လုံးဝဖျက်ဆီးခံလိုက်‌ရပေ၏။


ကုအန်း မြေကြီးပေါ်မှ အပူပေးစက်ကိုကြည့်ပြီး 521 ကို မေးလိုက်သည်။


" မင်းရဲ့မောလ်ထဲက ပစ္စည်းတွေအားလုံးက ဒီလို အရည်အသွေးချည်းပဲလား? "


တစ်ခါလေးသုံးလိုက်ရုံနှင့် သူ့အား အရှင်လတ်လတ် မီးကင်ခံရတော့မလို ဖြစ်သွားစေခဲ့သည်။ ပစ္စည်းအားလုံးက ဒီလို အရည်အသွေးသာဆိုလျှင် သူ တကယ်ကြီး မသုံးရဲတော့ပေ။


521 က ပြန်လည်ချေပလာသည်။


" သေချာပေါက် မဟုတ်ဘူးပေါ့ "


ထို့နောက်တွင် အသံတိုးတိုးလေးနှင့် ဆက်ပြောလာခဲ့သည်။


" ဒါက စျေးအပေါဆုံးဖြစ်နေလို့လေ။ ငါက အရမ်းဆင်းရဲတော့ စျေးကြီးတာတွေကို မတတ်နိုင်ဘူးရယ်! "


ကုအန်းမှာ 521 အား ပိုလို့တောင် ပြောစရာမဲ့သွားရသည်။ သူ ဓားနက်ကို တစ်ချက်ကြည့်ပြီး ထပ်မေးလိုက်၏။


" ဒီဓားနက်က စျေးပေါလား? "


" မပေါဘူး! "


521 က ပြောသည်။


" အန်းအန်းအတွက် ဒီဓားကိုဝယ်ပေးဖို့ ငါ့ရဲ့စုထားတာတွေအားလုံး သုံးပစ်လိုက်ရတာ! ဒါက စျေးပေါတဲ့ ဟိုအပူပေးစက်နဲ့ မတူဘူး!!"


ဒီလောက်သေချာနေတဲ့ လေသံရယ်, ဓားနက်ကလည်း အသုံးပြုရ လွယ်ကူနေတာရယ်ကြောင့် ကုအန်း ဘာမှထပ်မပြောတော့ပေ။ ထိုအစား အနည်းငယ်စိတ်ဆိုးလာသူက 521 ဖြစ်သည်။


သူ့မှာတော့ အန်းအန်းအတွက် လက်နက်ဝယ်ပေးဖို့ စုထားတာလေးတွေအားလုံး သုံးပစ်လိုက်ရတယ်။ ဒါကို အန်းအန်းက တကယ်ကြီး သံသယဝင်နေတယ်ပေါ့?!


စိတ်ဆိုးတယ် ဟွန့်!


အကျင့်ပုတ်ကြီးအန်းအန်း ဘာလို့ လာပြီးနှစ်သိမ့်မပေးတာလဲ QAQ...


" ကျေးဇူးနော် 521 "


ကုအန်း 521ကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။


တခြားတစ်ယောက်ကို တစ်ခုခုဝယ်ပေးရန်အတွက် မိမိရဲ့စုထားတာတွေအားလုံးကို သုံးပစ်လိုက်တာက လူတိုင်းမလုပ်နိုင်ပေ။ 521 က လူသားမဟုတ်သော်လည်း လူတစ်ယောက်နှင့် သိပ်မကွာပုံရသည်။


521 က ဒီစကားကိုကြားတော့ သူ့ရဲ့အရေးမပါတဲ့ မကျေနပ်ချက်ကို ချက်ချင်းဘေးဖယ်ပစ်ပြီး အသံချိုချိုလေးနှင့် ပြောလိုက်သည်။


" ဘာတွေကို ကျေးဇူးတင်နေတာလဲ? အန်းအန်းသာ ခံစားချက်တန်ဖိုးတွေကို မြန်မြန်စုဆောင်းနိုင်သရွေ့ အဲ့ဒါက အကောင်းဆုံးကျေးဇူးတင်နည်းပဲကို! "


" ... "


ကုအန်း စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီး ‌ပြောလိုက်သည်။


" 521 ငါအကြိမ်ရေတော်တော်များများ ပြောပြီးပြီလေ။ ငါက ဆင်ဂယ် ချစ်သူမရှိဘူး။ ခံစားချက်တန်ဖိုးတွေကို ဘယ်လိုလုပ်ပြီး စုဆောင်းနိုင်မှာတုန်း? "


521 က နူးညံ့စွာ ရေရွတ်လိုက်သည်။


" စကားကို အဲ့လိုပြောနေတာက ကိုယ့်ကိိုယ်ကိုယ် မျက်နှာဖြတ်ရိုက်မိဖို့ အရမ်းလွယ်တယ်နော် အန်းအန်း... "


သူ့အသံက အင်မတန်တိုးတိုးလေးဖြစ်သော်လည်း ကုအန်းက ရှင်းရှင်းလင်းလင်း ကြားနိုင်တာကြောင့် သူမေးလိုက်သည်။


" ဘာပြောလိုက်တာ? "


" ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူး "


521 က အမြန်စကားလွှဲသွားသည်။


" ဒါနဲ့လေ အန်းအန်း ဟိုရေတွင်းနဲ့ပတ်သတ်ပြီး တစ်ခုခုတွေ့ခဲ့တာလား? "


ရေတွင်းအကြောင်းပြောလာရာ ကုအန်း တွေးတွေးဆဆ ဖြစ်သွားခဲ့သည်။


ရေတွင်းအဖုံးပေါ်မှ အရာများကို လူတစ်ယောက်လုပ်ထားသည်ဟု သူကောက်ချက်ချခဲ့သော်လည်း သက်သေမရှိတာကြောင့် မသေချာပေ။



ပြီးတော့ ဟိုအရိုးတွေ သူတို့က ပင်မအိမ်တော်ကို ဘာလို့စုသွားနေကြတာလဲ? ဟိုသရဲတွေကရော အရိုးတွေရဲ့ ယင်စွမ်းအင်ကို ဘာလို့စုပ်ယူချင်ကြတာလဲ?


ရေတွင်းထဲတွင် တစ်ယောက်ယောက်ရှိနေတာ သေချာပေမယ့် ရေတွင်းထဲက မိန်းမက ဘယ်သူလဲ...