Chapter 9
Viewers 9

Chapter (  9 )

တခြားတစ်ဖက်မှာတော့ ကုအန်းက သစ်သားအိမ်နောက်ဖက်ကို လျှောက်လာစဉ် ဝမ်နျဲ့နှင့်တွေ့နေခဲ့သည်။


ဝမ်နျဲ့ကိုယ်ပေါ်တွင် ခြစ်ရာများရှိနေကာ အလွန်ဆိုးဝါးသည့်အနံ့တစ်ခုကို ထုတ်လွှတ်နေခဲ့၏။


ကုအန်း မျက်မှောင်ကြုတ်သွားပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ ဝမ်နျဲ့သွားပြီးမှ သူလိုက်သွားရန် ကြံလိုက်သည်။


သို့ရာတွင် ဝမ်နျဲ့ကရပ်သွားပြီး သူ့အားပြောလာသည်။


" တို့တွေ ထပ်တွေ့ကြပြန််ပြီနော်။ ဒီတော့ အသင်းဖွဲ့ကြရင် ဘယ်လိုလဲ? "


ကုအန်း ဝမ်နျဲ့ကို ကြည့်လိုက်သည်။ သူ တကယ်တော့ ဝမ်နျဲ့ကိုရိုက်နှက်ပြီး ခင်ဗျားအကူအညီကို မလိုဘူးဟု ပြောလိုက်ချင်သည်။


သို့သော်လည်း ဒီအတွေးကို စိတ်ထဲတွင်သာ ထားလိုက်၏။ ဝမ်နျဲ့က ဇွဲမလျှော့ပဲ ထပ်ပြောလာပြန်သည်။


" ငါက အရမ်းအားကောင်းတာကို ဘာဖြစ်လို့ ငါ့နောက်ကမလိုက်တာလဲ? ဘာလို့လဲ?! "


ကုအန်းရဲ့အကြည့်က စူးရှသွားပြီး လက်သီးဆုပ်လိုက်မိသည်။ ဝမ်နျဲ့သာ နောက်တစ်လှမ်းရှေ့တိုးလာလျှင် သူ လက်သီးတစ်ချက် ကျွေးလိုက်တော့မည်ဖြစ်သည်။


သို့ရာတွင် သူဘာမှမလုပ်နိုင်ခင်မှာပဲ ဝမ်နျဲ့က တစ်စုံတစ်ခုကိုမြင်သွားသလိုမျိုး အထိတ်တလန့်ဖြစ်ကာ ခြံဝင်းထဲသို့ အမြန်ပြေးဝင်သွားလေသည်။


ကုအန်းလည်း ဖြတ်ခနဲကြည့်လိုက်သော်လည်း သူဘာကိုမှမမြင်မိပေ။ သူအကြည့်ပြန်ရုတ်ပြီးနောက် ခြံဝင်းထဲသို့ ဝင်သွားလိုက်သည်။


သိပ်မဝေးသည့်နေရာတွင် လူတစ်ယောက် လဲလျောင်းနေခဲ့သည်။


ထိုလူက ယွီမြောင်ဖြစ်သည်။ ထိုမိန်းမက သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီးနောက် ယွီမြောင်က သူ့ရဲ့နဂိုအခြေအနေအတိုင်းဖြစ်ကာ သတိမေ့မျောနေခဲ့သည်။


သူက နံရံဘေးတွင် လဲနေခြင်းဖြစ်တာကြောင့် ကုအန်းက မမြင်နိုင်တာဖြစ်သည်။


ဒီအခိုက်အတန့်တွင် ယွီ‌မြောင်ခန္ဓာကိုယ်မှ ယင်စွမ်းအင်များကို ရေတွင်းက စုပ်ယူနေပြီး စွမ်းအင်းများက ရေတွင်းထဲ စီးဝင်သွားကြသည်။


ထို့နောက်တွင် ရေတွင်းထဲမှ တစ်စုံတစ်ခုက အပြင်သို့ထွက်လာရန် ကြိုးစားနေသလိုမျိုး အသံတစ်ခု ထွက်ပေါ်လာပေသည်။


ဝမ်နျဲ့က ရေတွင်းအနားတွင် ရပ်နေခြင်းဖြစ်ကာ အထဲမှအသံကို ကြားလိုက်ရပြီး အနည်းငယ်လန့်သွားခဲ့သည်။ သို့သော်လည်း သဲလွန်စအကြောင်းကို တွေးမိချိန်၌ အကြောက်တရားများက ချက်ချင်းပျောက်ကွယ်သွားကာ အထဲတွင်ရှိနေသည့်အရာကိုတောင် အနားတိုးကြည့်ချင်သွားမိသည်။


သို့သော်လည်း သူ ထိုသို့မလုပ်ခဲ့ပေ။ အထဲတွင်ရှိနေသည့်အရာက သူ့အားဆွဲချသွားမှာကို ကြောက်နေခဲ့သောကြောင့်ပင်။သူက ဟိုလှည့်ဒီလှည့်လုပ်နေပြီး ကုအန်းကို မြင်သွားခဲ့သည်။


ကုအန်းက အနက်ရောင်ဓားရှည်တစ်ချောင်းကို ကိုင်ထားကာ ဓားသွားမှ ငွေရောင်အလင်းက လူတစ်ယောက်ကို ကျောချမ်းသွားစေ၏။


ဝမ်နျဲ့မှာ မတတ်နိုင်ပဲ အသက်ရှူအောင့်ထားမိသည်။ သူ့လက်ဖဝါးတွင် ချွေးများပြန်လာပြီး သူ့ရဲ့ခုနကအတွေးက ခိုင်မာသွားပြီဖြစ်သည်။


သဲလွန်စများက သူတစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည်။


တစ်ယောက်ယောက်က သူ့ကို လာပြိုင်ချင်ရင်လား?


ဝမ်နျဲ့က သူ့မျက်လုံးအသေးလေးများကို မှေးကျဉ်းလိုက်ပြီး လူသတ်လိုသည့်ဆန္ဒ တစ်စွန်းတစ်စကို ထုတ်ဖော်လာခဲ့သည်။


ဒါဆိုရင်တော့ သတ်ပစ်လိုက်ရုံပေါ့ !


သူက ကုအန်းရဲ့ပြောင်မြောက်တဲ့ သွင်ပြင်လက္ခဏာများကိုကြည့်ကာ အနည်းငယ်နောင်တရမိသော်လည်း အကျိုးအမြတ်နှင့်ယှဉ်လျှင် အလှအပက ဘာမှမဟုတ်ပေ။


သူတွေးတောနေစဉ် သူ့ခြေကျင်းဝတ်က အေးခနဲဖြစ်သွားခဲ့သည်။ သူငုံ့ကြည့်လိုက်ရာ ချောက်ချားဖွယ်ကောင်းသည့် မျက်လုံးတစ်စုံနှင့် တွေ့သွားလေ၏။


- သူ့ခြေကျင်းဝတ်ကို အပြာရင့်ရောင်လက်တစ်စုံက ဆုပ်ကိုင်ထားခြင်းပင်။


သူ အလန့်တကြား ထအော်လိုက်သည်။ " အား အား အား အား အား! ဒီမှာ သရဲတစ်ကောင်ရှိတယ်!! "


ထို့နောက်တွင် သူ အနောက်ဖက်သို့ ရုတ်တရက်ဆောင့်ဆွဲခံရပြီး ရေတွင်းအစွန်းသို့ ခြေကားယားလက်ကားယားဖြင့် ပါသွားလေသည်။


ဝမ်နျဲ့၏ခြေကျင်းဝတ်ကို ကိုင်ထားသည့်လက်က လွှတ်မသွားခဲ့ပေ။


...…...


ကုအန်းက ခြံဝင်းထဲကိုဝင်လိုက်ချိန်မှာပဲ မိန်းမတစ်ယောက်က ရေတွင်းထဲမှ တွားသွားထွက်လာတာကို မြင်လိုက်ရသည်။


သူ ထိုမိန်းမ၏ အပြာရင့်ရောင်လက်များနှင့် ပုတ်နံ့ထွက်နေသည့် ပုံစံကိုကြည့်ကာ စိတ်ထဲတွင်ပြောလိုက်သည် --


-- ထိုမိန်းမက လူမဟုတ်ပဲ တစ္ဆေတစ်ကောင်သာ ဖြစ်လေသည်။


ထိုမိန်းမက ရေတွင်းထဲမှ တွားသွားထွက်လာသော်လည်း သူမရဲ့လက်က ဝမ်နျဲ့ရဲ့ခြေကျင်းဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။


ထိုမိန်းမခန္ဓာကိုယ်က ရေတွင်းထဲမှ ရေဆိုးရေညစ်များနှင့် စိုရွှဲနေပြီး ပုပ်နံ့ထွက်နေလေသည်။ ထိုတင်မကပဲ နှစ်ပေါင်းများစွာကြာအောင် ရေထဲမှာစိမ်နေရတာကြောင့် သူမရဲ့အရိုးတွေကြားကတောင်် ရွံစရာကောင်းသည့်အနံ့တစ်ခု ထွက်နေခဲ့သည်။ ထိုအနံ့နှစ်ခုက ပေါင်းစည်းသွားပြီး ဂတ်စ်ဗုံးတစ်ခုလိုမျိုး အကျိုးသက်ရောက်မှု အားပြင်းလေ၏။


ကုအန်းမှာ အနံ့ကြောင့် မူးဝေလာပြီး နှာခေါင်းကိုအမြန်အုပ်လျက် နောက်သို့ဆုတ်လိုက်သည်။


ထိုမိန်းမထံတွင် ခြေကျင်းဝတ်ဖမ်းကိုင်ခံထားရသည့် ဝမ်နျဲ့က ကြောက်လန့်တကြားဖြစ်နေကာ အရှေ့သို့တွားသွားရန် ကြိုးစားနေပြီး သူ့လက်များနှင့် မြေကြီးကိုကုတ်ခြစ်နေခဲ့သည်။ သူက အနံ့ကြောင့် ပျို့အန်ချင်သော်လည်း သူ့အသက်နှင့်ယှဉ်လျှင် ဒါက ဘာမှမဟုတ်ပေ။


ဝမ်နျဲ့က အားကုန်သုံး၍ အရှေ့သို့တွားသွားနေသော်လည်း ထိုမိန်းမက သူ့ခြေကျင်းဝတ်ကို လွှတ်မပေးခဲ့ချေ။ သူက မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး သူ့ရဲ့ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြောင့် တီကောင်နှင့်တူနေလေသည်။


အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်ပေမယ့် နောက်ဆုံးတွင် သူ့ခြေကျင်းဝတ်က လွတ်မြောက်သွားခဲ့သည်။ ထိုမိန်းမက လွှတ်ပေးလိုက်ခြင်းပင်။


ဝမ်နျဲ့က အင်မတန်ပျော်ရွှင်သွားကာ သူ့ရဲ့ခြေတွေလက်တွေကိုသုံးပြီး အရှေ့သို့ အမြန်တွားသွားလိုက်သည်။ သို့သော်လည်း ဘယ်လောက်မကြာခင်တွင် သူ့မျက်နှာပေါ်မှအပြုံးက အေးခဲသွားလေသည်။ ထိုမိန်းမက သူ မသိလိုက်ခင်မှာပဲ သူ့ရှေ့သို့ရောက်နေပြီဖြစ်ကာ အခုတော့ သူ့အား ငုံ့ကြည့်နေခဲ့သည်။


အချိန်အတော်ကြာ ရေစိမ်ထားခဲ့တာကြောင့် ဖောင်းပွပြီး ခရမ်းရင့်ရောင်ပြောင်းနေသည့် သူမ၏မျက်နှာကိုကြည့်ပြီး ဝမ်နျဲ့ ကြက်သီးထသွားရသည်။ သူ စကားတစ်လုံးမှမပြောနိုင်ခင်မှာပဲ ထိုမိန်းမက သူ့ပုခုံးကို ကိုက်ချလိုက်လေသည်။


သူမရဲ့သွားများက ဓားဦးထိပ်လိုမျိုး ချွန်ထက်နေကာ သူ့အသားထဲတွင် နစ်ဝင်သွားခဲ့သည်။ ဝမ်နျဲ့က အပြင်းအထန်ရုန်းကန်သော်လည်း မလွတ်မြောက်ခဲ့ပေ။ နာကျင်မှုက သူ့မျက်နှာပေါ်တွင် အတိုင်းသားပေါ်နေပြီး သံဓားကိုကိုင်ထားသည့် သူ့လက်က အနည်းငယ်တုန်ယင်လာခဲ့သည်။


၎င်းက ကြောက်ရွံ့မှုမဟုတ်ပေ နာကျင်မှုဖြစ်သည်။


ဝမ်နျဲ့က သံဓားကို တင်းတင်းဆုပ်ကိုင်ရင်း နာကျင်မှုကို တောင့်ခံနေခဲ့သည်။ ထိုမိန်းမ ကိုက်ထားသည့်လက်မောင်းက ဓားကိုင်ထားသည့်လက်နှင့် အတူတူဖြစ်တာကြောင့် သူ့လက်မောင်းကိုသာ အားကုန်သုံးကာမြှောက်၍ ထိုမိန်းမအား ဓားဖြင့်ထိုးရလေသည်။


ရှုထောင့်နေရာကြောင့် ဓားထိပ်က ထိုမိန်းမရဲ့နောက်‌ကျောကို ထိုးစိုက်သွားပြီး ဒီသံဓားက တစ္ဆေသရဲများအတွက် အထူးပုံဖော်ထားခြင်းဖြစ်သည်။ ဒီမိန်းမက တစ္ဆေမဟုတ်သော်လည်း သံဓားက သူမအပေါ်တွင် သက်ရောက်မှုရှိဆဲဖြစ်သည်။


ဓားထိပ်က ထိုမိန်းမရဲ့နောက်ကျောကို ထိုးဖောက်သွားပြီး ချွန်ထက်သည့်ဓားသွားက အသားကို ဖြတ်တောက်သွားခဲ့သည်။ သွေးမထွက်သော်လည်း ထိုမိန်းမက နာကျင်စွာအော်လာပေသည်။


ထိုမိန်းမ၏ နာကျင်နေသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဝမ်နျဲ့က အားကုန်သုံး၍ အရှေ့သို့တွားသွားလိုက်ပြီး နံရံအနားသို့ရောက်ချိန်မှသာ ရပ်လိုက်သည်။


သူမက နှုတ်ခမ်းမှသွေးများကို သုတ်လိုက်သည်။ အရသာက သိပ်မဆိုးသော်လည်း စားရန်မထိုက်တန်ပေ။


ဒါကြောင့် သူမရဲ့အကြည့်ကို ခြံဝင်းထဲရှိ နောက်လူတစ်ယောက်ထံသို့ ပြောင်းလိုက်သည်။ သူမက ခေါင်းကိုလှည့်လိုက်ကာ ကျောက်တုံးလိုခန္ဓာကိုယ်ကို လှည့်ပြီးနောက် ကုအန်းထံသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။  


ထို့နောက်တွင်် ကုအန်း၏လက်မောင်းကို ချိန်ရွယ်ပြီး သူမ၏လက်သည်းရှည်ကြီးများကို ဆန့်ထုတ်လိုက််လေသည်။


သူမရဲ့လက်သည်းက အနည်းငယ်ခြစ်မိလိုက်ရုံဖြင့် အသားများဆုတ်ပြဲကာ အသားတုံးကြီးများ ထွက်ကျသွားနိုင်သည်အထိ ချွန်ထက်လှသည်။


ထိုမိန်းမက သူ့ထံသို့လာနေကြောင်းကို ကုအန်းမြင်လျှင် သူ့ရဲ့ပထမဆုံးတုံ့ပြန်ချက်က သူ့ကိုယ်သူကာကွယ်ရန် ဓားကိုမြှောက်ကိုင်လိုက်ခြင်းမဟုတ်ပဲ နောက်သို့ဆုတ်သွားလိုက်ခြင်းဖြစ်သည်။


ထိုမိန်းမရဲ့အနံ့က အင်မတန်ပြင်းထန်လွန်းတာကြောင့် ကုအန်းအတွက် အော့အန်ချင်စိတ်ဖြစ်စေခဲ့သည်။ သို့ရာတွင် ထိုမိန်းမက ရက်စက်လွန်းလှသည်။ သူမရဲ့လက်သည်းများဖြင့် သူ့မျက်နှာကို ထိုးစိုက်ရန်ပြင်လာလေသည်။သူက ပြင်းထန်လွန်းသည့် ပုပ်နံ့ကိုသည်းခံကာ ဓားနက်ကိုတင်းတင်းကိုင်ပြီး ထိုမိန်းမကို ကျွမ်းကျင်စွာ ဓားဖြင့်ထိုးလိုက်သည်။


ဓားနက်က လေးလံပုံရသော်လည်း တကယ်တော့ အတော်ပေါ့ပါးလှသည်။ ၎င်းရဲ့ဓားသွားက ဆံချည်မျှင်တစ်ချောင်းကို အသာလေး ဖြတ်တောက်နိုင်သည်အထိ ထက်ရှပြီး အထူးသဖြင့် နတ်ဆိုးဝိဉာဉ်များနှင့် ရန်လိုသည့်သက်ရှိများအတွက် သီးသန့်ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။


ဝိဉာဉ်များသည်လည်း ရန်လိုသည့်သက်ရှိတစ်မျိုး ဖြစ်သည်။


ထိုမိန်းမက ဓားနက်ရဲ့ခြိမ်းခြောက်မှုကို အာရုံခံမိပေါ်ပြီး သူမရဲ့တိုက်ခိုက်မှုက တဖြည်းဖြည်းအားနည်းလာခဲ့သည်။


ကုအန်းက တစ္ဆေမိန်းမကို လုံးဝရှင်းပစ်ရန် ရည်ရွယ်ချက်မရှိပေ။ သူမအနားတွင် လျှို့ဝှက်ဆန်းကြယ်သည့်အရာများ အများအပြားရှိနေပြီး သူ့တာဝန်ကိုရှင်းလင်းရန် သူမက သော့ချက်ဖြစ်နိုင်ပေသည်။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်မှုအများစုက သူမကို နောက်ဆုတ်သွားစေရန်သာ ဖြစ်သည်။


သို့ရာတွင် ဝမ်နျဲ့က တမျိုးတွေးသည်။ သူက နံရံကိုမှီထားပြီး တစ္ဆေမိန်းမကြောင့်ရခဲ့သည့် လက်မောင်းမှဒဏ်ရာက ထူပူနေဆဲဖြစ်သည်။ သူက တစ္ဆေမကို နာကျည်းချက်အပြည့်ဖြင့်ကြည့်ကာ သံဓားကိုင်ထားသည့်လက်က ဒေါသကြောင့် တုန်ယင်နေခဲ့သည်။


ကုအန်းက ထိုမိန်းမရဲ့လက်သည်းများကိုရှောင်ကာ ဘေးသို့လှည့်လိုက်ပြီး သူ့လက်ကိုမြှောက်လိုက်သည်။ ဓားနက်က လေဟုန်ကိုဖြိုခွင်းလာသည့် ဓားရှည်တစ်လက်လိုမျိုး ထိုမိန်းမရဲ့လည်တိုင်ပေါ်ကို တိတိပပ ဆင်းသက်သွားခဲ့သည်။


သူပြောလိုက်၏။ " မင်းမရပ်ရင် ငါမင်းကိုသတ်မယ် "


ထိုမိန်းမက ဓားနက်ရဲ့အရှိန်အဝါကို ခံစားမိပုံပေါ်ကာ အနည်းငယ်တုန်ယင်သွားခဲ့သည်။ သူက ထပ်လှုပ်ရှားရန် တွေးလိုက်သော်လည်း ကုအန်းက ဓားနက်ရဲ့ပုံစံကို အမြန်ပြောင်းလိုက်ကာ ဓားထိပ်က ထိုမိန်းမရဲ့အဝတ်များကို ထိုးဖောက်သွားခဲ့သည်။


သို့သော်လည်း ကုအန်းက အားထပ်မသုံးတော့ပဲ ထိုအနေအထားအတိုင်းရှိနေရင်း အော်ပြောလိုက်သည်။


" မင်း ထပ်လှုပ်နေရင် မြေအောက်ကမ္ဘာကို ပို့ပေးလိုက်မယ်! "


521 က ကုအန်းကို တိုးတိုးလေး အမြန်ပြောလိုက်သည်။


" အန်းအန်းရေ ဒီဓားနက်မှာ ဝိဉာဉ်တွေကို မြေအောက်ကမ္ဘာပို့ပေးတဲ့ လုပ်ဆောင်ချက်မပါဘူးရယ် "


ကုအန်း : " ... "


မင်းကတော့ မုဒ်ဝင်နေတာကို ဖျက်ဆီးတဲ့နေရာမှာ ဆရာကြီးပဲကွ !


ကုအန်းစကားကိုကြားချိန်တွင် လက်မြှောက်နေသည့်မိန်းမက စက္ကန့်ပိုင်းမျှတန့်သွားပြီးနောက် လက်ပြန်ချလိုက်သည်။


ထိုမိန်းမက တန့်သွားတာကိုမြင်တော့ ကုအန်းက မေးခွန်းတစ်ခုမေးရန် ပြင်လိုက်၏။ သို့သော်လည်း သူ့နောက်မှဝမ်နျဲ့က သံဓားကိုကိုင်လျက် သူတို့ထံသို့ ပြေးဝင်လာလေသည်။


သူ့မျက်နှာက နီရဲနေပြီး သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတစ်စွန်းတစ်စရှိနေခဲ့သည်။


ကုအန်းက တစ္ဆေမကိုသာ အာရုံစိုက်ထားတာကြောင့် အတော်နောက်ကျချိန်မှ ဝမ်နျဲ့ရဲ့လှုပ်ရှားမှုများကို သတိပြုမိသွားရသည်။


ဝမ်နျဲ့က သံဓားကိုဆုပ်ကိုင်လျက် အော်ဟစ်လာ၏။


" ငါမင်းကိုသတ်မယ်! မင်းကို သတ်ပစ်မယ်! "


ဝမ်နျဲ့က နီးကပ်လာချိန်တွင် သူ့မျက်နှာပေါ်၌ နီမြန်းနေမှုသာမက အကြောက်တရားပါရှိနေကြောင်း ကုအန်းမြင်လိုက်ရသည်။ သူ့မျက်လုံးများက မှင်သေသေဖြစ်နေပြီး သူပြေးလာတဲ့ပုံစံကလည်း အချိန်မရွေးလဲကျတော့မလိုမျိုး မတည်မငြိမ် ဖြစ်နေခဲ့သည်။


ကုအန်းက ပြေးဝင်လာသည့်ဝမ်နျဲ့နှင့် ရင်ဆိုင်ရန်ပြင်လိုက်သည်။ သူ ညာဖက်ခြေချောင်းများကို အသာကြွကာ လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဝမ်နျဲ့က သူ့ညာခြေထောက်မှီနိုင်သည့် အကွာအဝေးကိုရောက်ချိန်၌ ခြေထောက်ဖြင့်လှမ်းကန်လိုက်သည်။


ဝမ်နျဲ့တွင် ဓားကိုင်ထားသော်လည်း သူ့စိတ်က အလွန့်အလွန်ကြောက်ရွံ့သည့် အခြေအနေတွင်ရှိနေကာ ခွန်အားတစ်ဝက်ကိုသာ အသုံးပြုနိုင်ပေသည်။


သာမန်လူတစ်ယောက်သာဆိုလျှင် သူ့ကန်ချက်ဖြင့် မီတာအနည်းငယ် လွင့်ထွက်သွားနိုင်သော်လည်း ဝမ်နျဲ့က ဝလွန်းတာကြောင့် တစ်မီတာနှစ်မီတာလောက်သာ လွင့်ထွက်သွားလောက်သည်။


ဝမ်နျဲ့က အလွန်အမင်းထိတ်လန့်နေလျက် သူ့ခန္ဓာကိုယ်ကိုသယ်ပြီး ပြေးလာပြန်သည်။ ကုအန်းက တုံ့ပြန်လာပြီး သူ့ကိုယ်သူပြင်ဆင်လိုက်ချိန်တွင် ဝမ်နျဲ့က သူနှင့်နှစ်မီတာသုံးမီတာခန့်သာ ကွာဝေးတော့သည်။


ထို့နောက်တွင် သူက ကုအန်း၏ တိုက်ခိုက်မှုနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။


ကုအန်းက ခြေထောက်နဲ့ကန်မလို့ မြှောက်ခါနီးမှာပဲ အမည်းရောင်စွမ်းအင်တချို့က ဝမ်နျဲ့ထံသို့ ရုတ်ချည်းပြေးဝင်သွားကာ သူ့အား မြေပြင်ပေါ်သို့ အလဲသိပ်လိုက်လေသည်။


ထိုနောက် ကုအန်းတစ်ယောက် သူ့အနောက်ကနေ ညှို့ဓာတ်ရှိသည့်အသံတစ်ခုကို ကြားလိုက်ရကာ သူ ပွေ့ဖက်ခံလိုက်ရ၏။


" အဆင်ပြေရဲ့လား အန်းအန်း "