Chapter ( 20 )
လူကြီးတစ်ယောက်က လင်းဝမ်ကို လက်ညှိုးထိုးပြီး အော်ပြောလာသည်။
" လင်းဝမ် မင်း လင်းမိသားစုကို ဖျက်ဆီးလိုက်ရုံနဲ့ မလုံလောက်သေးဘူးလား?! ဟွေ့ယန်မြို့က လူတိုင်းကို သတ်ပြီးသွားမှ မင်းကျေနပ်မှာလား?! "
" ရှင်တို့ ဘာတွေပြောနေတာလဲ? "
လင်းဝမ်က ခေါင်းကိုစောင်းပြီး ရယ်လိုက်သည်။
" ကျွန်မက လင်းမိသားစုကို ဘာလို့ဖျက််ဆီးရမှာလဲ? ကျွန်မက ကောင်းကောင်းမွန်မွန် အသက်ရှင်နေတုန်းပဲလေ။ လင်းမိသားစု မရှိတော့ဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း? "
လူအိုကြီးမှာ အလွန်ဒေါသထွက်ပြီး လက်များ တုန်ယင်လာခဲ့သည်။
အနားတွင်ရှိသည့် ဆန်ကုန်သည်ကြီးက လင်းဝမ်အား လက်ညှိုးထိုးလျက် ကြိမ်းမောင်းလာသည်။
" ဂြိုလ်ဆိုးမ! နင်က ငါ့ကိုတောင် သတ်တော့မလို့ ဒါကိုတောင် အပြစ်ကင်းသလို ဟန်ဆောင်နေသေးတယ်! "
လင်းဝမ်က ဆန်ကုန်သည်ကြီးကို မြင်သွားပြီး မပျော်မရွှင်ဖြစ်သွားသည်။
" ကျွန်မရဲ့ လက်ဝတ်လက်စားနဲ့ ရတနာတွေကို ရှင်ယူသွားတာ မြင်လိုက်တယ်။ ရှင်က မကောင်းတဲ့လူပဲ! "
ထို့နောက် သူမ ရယ်မောလိုက်သည်။
" ရှင်က မိန်းမတစ်ယောက်ကို လူတွေအများကြီးနဲ့အတူတူ ဖက်ပြီးနမ်းနေတာလည်း မြင်ထားသေးတယ်နော် ဟီးဟီး... "
လင်းဝမ်က ဒီစကားများကို လူရှေ့တွင်ထုတ်ပြောလာတာကြောင့် ဆန်ကုန်သည်ကြီးက အလွန်အရှက်ရသွားခဲ့သည်။ သူက အတင်းဖျစ်ညှစ်ပြုံးရင်း အလျင်စလို ပြောလိုက်၏။
" သူက စိတ်မှန်တာမဟုတ်ဘူး ပေါက်ကရတွေပြောနေတာ! "
အနှီဆင်ခြေစကားက သုံးနှစ်သားကိုသာ အရူးလုပ်နိုင်ပေမည်။ သို့ရာတွင် လူအုပ်ကြီးက ဆန်ကုန်သည်၏ ချစ်ရေးချစ်ရာကိစ္စများကို ထုတ်မပြောနိုင်ကြပေ။
ဘုန်းတော်ကြီးက လင်းမိသားစုအိမ်သို့ရောက်သည်နှင့် ရေတွင်းသို့ တန်းသွားလေသည်။
တခြားသူများက နောက်မှလိုက်မသွားရဲပဲ လင်းဝမ်ကိုသာ သွားရှာကြသည်။
ခဏကြာပြီးနောက် ဘုန်းတော်ကြီးက သဘာဝလွန် သတ္တုပြားတစ်ခုကိုကိုင်လျက် ပြန်လာခဲ့ကာ သတ္တုပြားက လင်းဝမ်အနားသို့ရောက်လျှင် အပြင်းအထန် မွှေ့ယမ်းလာပြီး ရွှေရောင်အလင်းတန်းတစ်ခု စိမ့်ထွက်လာကာ သူမထံသို့ တိုက်ရိုက်ညွှန်ပြလေသည်။
ဘုန်းတော်ကြီးက ရွှေရောင်ကြိုးတစ်ခုကို ထုတ်ယူကာ သူမအနားသို့ ကပ်သွားပြီး မှင်အနီရောင်ဖြင့်ရေးထားသည့် လက်ဖွဲ့စာရွက်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက အဆောင်လက်ဖွဲ့ကို လင်းဝမ်အား ကပ်လိုက်ရာ သူမက ချက်ချင်းတောင့်တင်းသွားပြီး ဘုန်းတော်ကြီးအား သူမကို နာနာခံခံဖြင့် ချည်နှောင်ခွင့်ပေးထားခဲ့သည်။
ဒါကိုမြင်လျှင် လူအုပ်ကြီးက ဘုန်းတော်ကြီးအပေါ်၌ ပိုမိုအထင်ကြီး လေးစားလာကြသည်။
ဘုန်းတော်ကြီးက လင်းဝမ်ကို ဆန်ကုန်သည်ကြီးအိမ်၌ ထားခဲ့ပြီး လူတိုင်းက လပြည့်ညကို စောင့်နေခဲ့ကြသည်။
သူတို့ထွက်သွားပြီးနောက် ကုအန်းနှင့် မင်ရဲ့က နံရံနောက်မှ ထွက်လာကြသည်။ ကုအန်းက ပြန်ထွက်သွားသည့် ပုံရိပ်များကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။
" ဒီလူတွေက သူ(မ)ကို ဘာလုပ်ချင်တာလဲ? "
" မသိဘူးလေ "
မင်ရဲ့က ကုအန်းလက်ကိုကိုင်ပြီး ပြောလိုက်သည်။
" ဒါပေမယ့် ကိုယ်တို့ မကြာခင် သိရမှာပါ "
ကုအန်း မျက်လွှာချလိုက်သည်။ ဒီနေရာတွင် အချိန်ကုန်တာ မြန်ဆန်လှပြီး မျက်တောင်တစ်ခတ်စာအတွင်း ရက်ပေါင်းတချို့ကြာအောင် ကုန်ဆုံးသွားခဲ့သည်။
မင်ရဲ့က ကုအန်းလက်ကိုကိုင်ကာ ရေတွင်းရှိနေသည့် ခြံဝင်းသို့ ဦးတည်သွားလိုက်သည်။
" လမ်းလျှောက်ရတာ အရမ်းပင်ပန်းတယ်နော်။ အန်းအန်း ကိုယ် ချီသွားပေးရမလား? "
" ... "
ကုအန်း လက်ယမ်းပြလိုက်သည်။
" မလိုဘူး ကိုယ့်ဘာသာ လမ်းလျှောက်နိုင်တယ်"
မင်ရဲ့က အကြိမ်ရေအနည်းငယ်မျှ ခေါင်းမာလိုက်သော်လည်း ကုအန်းက အဖြေတစ်ခုတည်း ပြန်ပေးနေရာ မင်ရဲ့မှာ အနည်းငယ်မှားယွင်းနေသလို ခံစားလိုက်ရသည်။
ပြောရရင် မနေ့ကမှ ချီပေးထားတာလေ။ ဒီနေ့ကျတော့ ဘာလို့ ငြင်းနေတာတုန်း။
ကုအန်းက မျက်လုံးထောင့်မှနေ မင်ရဲ့ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူဟာ သူ့(မင်ရဲ့) ကို အလိုလိုက်၍မဖြစ်ကြောင်း တွေးလိုက်သည်။
မနေ့က သူ့ကို ချီခွင့်ပေးခဲ့တယ်။ သူက အကြံအစည်တွေ အရမ်းများနေတယ်လို့ ဘယ်သူက သိမှာလဲ။ မတော်တဆမှုတစ်ခုတောင် ဖြစ်သွားတော့မလို့...
ဒါကိုတွေးပြီး ကုအန်းမျက်နှာက အနည်းငယ် နီမြန်းသွား၏။
သူတို့တွေ ရေတွင်းသို့ရောက်ချိန်တွင် အချိန်များက လျင်မြန်စွာ ကုန်ဆုံးပြီး ရက်ပေါင်းတချို့ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
အခုက ညဉ့်နက်နေပြီဖြစ်ကာ သစ်ပင်ထိပ်ဖျားတွင် လမင်းကြီးက ထိန်ထိန်သာလျက်ရှိသည်။
ရေတွင်းအနားဝန်းကျင်တွင် လူများ အုံဖွဲ့နေကြသည်။
ဘုန်းတော်ကြီးက ရေတွင်းအနားတွင် မတ်တပ်ရပ်ကာ လင်းဝမ်ကိုကြိုးဖြင့်ချည်လျက် ရေတွင်းထဲသို့ ဖြည်းဖြည်းချင်း ချနေခဲ့သည်။ လရောင်က နေ့အချိန်ကဲ့သို့ပင် တောက်တောက်ပပ ထိန်လင်းနေခဲ့၏။
လင်းဝမ်က ပါးစပ်ဟကာ ညင်သာစွာ သီချင်းဆိုလိုက်သည်။
" လမင်းကြီးက ထိန်ထိန်သာ~ ဝိဉာဉ်တွေက ထွက်လို့လာ~ အသားနဲ့အရေခွံက ပေါင်းစည်းလို့သွား~ အရိုးတွေက ထိုင်ခုံတစ်ခုဖြစ်သွား~ ဝိဉာဉ်က ဒီထိုင်ခုံပေါ်ထိုင်ပြီး အသားစားဖို့အတွက် ခြေထောက်တွေလှုပ် ခေါင်းယမ်းနေတာ~ "
" လမင်းကြီးက ထိန်ထိန်သာ... ဝိဉာဉ်တွေက ထွက်လို့လာ... အရိုးတွေက ထိုင်ခုံတစ်ခုဖြစ်သွား... အသားစားဖို့အတွက် ခြေထောက်တွေလှုပ်ပြီး ခေါင်းခါယမ်းနေတာ... "
နူးညံ့စွာ ဆွဲဆွဲငင်ငင် သီဆိုသံက ကြားရသူတိုင်းကို ကြက်သီးများ ထသွားစေခဲ့သည်။
ဘုန်းတော်ကြီးက ဝိုင်းစက်လုနီးပါး လမင်းကြီးကို တစ်ချက်ကြည့်လိုက်ကာ ဂါထာမန္တန်တချို့ ရွတ်ဖတ်ပြီးနောက် ဆုပ်ကိုင်ထားသည့်ကြိုးကို လွှတ်ချလိုက်လေသည်။
လင်းဝမ်က ဗွမ်းခနဲမြည်သံနှင့်အတူ ရေတွင်းထဲ ကျသွားခဲ့၏။
သူက ရေတွင်းအဖုံးကိုပိတ်ပြီး အထူးမန္တန်တစ်ခုဖြင့် ရေတွင်းကို ချိတ်ပိတ်လိုက်သည်။ ဒါတွေအားလုံးပြီးသွားချိန်တွင် ဘုန်းတော်ကြီးက ချွေးများဖြင့် ရွှဲရွှဲစိုနေပြီဖြစ်သည်။
" ကောင်းပြီ မင်းတို့တွေ စိတ်ပူစရာမလို... "
ဘုန်းတော်ကြီးရဲ့ စကားမဆုံးခင်မှာပဲ စူးရှသည့် သီချင်းဆိုသံတစ်ပိုဒ်က ရေတွင်းထဲမှ ပဲ့တင်သံထွက်လာခဲ့သည်။
" လမင်းကြီးက ထိန်ထိန်သာ... အရိုးတွေက ထိုင်ခုံတစ်ခုဖြစ်သွား... အသားစားဖို့အတွက် ခြေထောက်တွေလှုပ်ရင်း ခေါင်းယမ်းနေတာ... "
သီချင်းဆိုသံထွက်လာချိန်တွင် ခြံဝင်းထဲ၌ တစ္ဆေအများအပြား ရုတ်ချည်းထွက်ပေါ်လာပြီး သွားချွန်ချွန်များကို ဖော်ပြလျက် ဘုန်းတော်ကြီးနှင့် တခြားသူများထံသို့ ပြေးဝင်လာကြလေသည်။
ဘုန်းတော်ကြီးက သူ့ရဲ့ အဖိုးတန်ပစ္စည်းများကို ထုတ်သုံးလိုက်သော်လည်း အနှီဝိဉာဉ်ဆိုးများက လူသားတို့၏သေဆုံးခြင်းမှ ပေါ်ထွက်လာခြင်း မဟုတ်တာကြောင့် ထိုပစ္စည်းများက သူတို့အပေါ်တွင် သက်ရောက်မှုမရှိပေ။ ဒီလိုနဲ့ပဲ မယုံကြည်နိုင်ဖြစ်နေသည့် ဘုန်းတော်ကြီးက ဝိဉာဉ်ဆိုးများထံတွင် ကိုက်ဖြတ်ခံလိုက်ရတော့သည်။
သူက နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်နေစဉ် ဝိဉာဉ်ဆိုးများက သူ့အပေါ်သို့ခုန်အုပ်ပြီး သူ့ခန္ဓာကိုယ်မှ သိပ်သည်းလှသည့် အမှောင်စွမ်းအင်များကို စုပ်ယူနေကြသည်။
ဘုန်းတော်ကြီးကို သန်မာအောင် ထောက်ပံ့ပေးထားသည့် အမှောင်စွမ်းအင်များက စုပ်ယူခံလိုက်ရချိန်တွင် သူ့ခန္ဓာကိုယ်က အရိုးပေါ်အရေတင်သာ ကျန်ရစ်ခဲ့တော့သည်။ ဘုန်းတော်ကြီးက သူ့ရဲ့အရေတွန့်နေတဲ့လက်ကို ကြည့်ပြီး အိုမင်းလာသည့် အမှတ်အသားများကို မမြင်လိုတာကြောင့် အမြန်အကြည့်လွှဲလိုက်၏။
သူက မြေပြင်ပေါ်တွင် ပြုတ်ကျနေသည့် သူ၏အသုံးအဆောင်ပစ္စည်းကို ကောက်ယူရန် ကြိုးစားလိုက်သော်လည်း သူ မကောက်နိုင်ခင်မှာပဲ ဝိဉာဉ်ဆိုးများက သူ့အားဖိချလိုက်ကာ နည်းနည်းမှလှုပ်မရအောင် ချုပ်ထားလိုက်ကြသည်။
နတ်ဆိုးဝိဉာဉ်များက အိုမင်းသူများကို သိပ်မစားလိုသော်လည်း ဘုန်းတော်ကြီးရဲ့ခန္ဓာကိုယ်က အမှောင်စွမ်းအင်များနှင့် ပြည့်နှက်နေကာ သူတို့အား ဆွဲဆောင်နေလေသည်။
ဝိဉာဉ်ဆိုးများက ဘုန်းတော်ကြီးကို အမြန်စားသောက်လိုက်ကြပြီး အရိုးတစ်ခုတောင်မှ ချန်မထားခဲ့ကြပေ။
ဘုန်းတော်ကြီးက အစားခံလိုက်ရတာမြင်လျှင် တခြားသူများက လှည့်ပြေးတော့သည်။ သို့ရာတွင် ဒီဝိဉာဉ်ဆိုးများလက်မှ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း? တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ဝိဉာဉ်ဆိုးများထံတွင် ဖမ်းဆီးခံလိုက်ရတော့သည်။
အော်ဟစ်သံများ အသနားခံသံများက ကျယ်သထက် ပိုကျယ်လာခဲ့သည်။
ထိုအချိန်တွင် ကုအန်းနှင့် မင်ရဲ့၏ ခြေထောက်အောက်၌ အမည်းရောင်တွင်းတစ်ခု ပေါ်လာပြီး သူတို့နှစ်ယောက်ကို ဖြည်းဖြည်းချင်းဝါးမြိုသွားကာ မြင်ကွင်းတို့က ရွေ့လျားသွားခဲ့ပြီး နှစ်ယောက်သား စံအိမ်ကြီး၏မှတ်ဉာဏ်ထဲမှ ထွက်လာခဲ့ကြသည်။
...........
အမည်းရောင်တွင်းပေါက်က ပျောက်ကွယ်သွားပြီးနောက်တွင် မင်ရဲ့က သူ့မျက်လုံးများထံမှ လက်ဖယ်လိုက်သည်။ ကုအန်းက မျက်တောင်ခတ်လိုက်ပြီး သူ့ရဲ့အနားပတ်ဝန်းကျင်ကို ကျင့်သားမရနိုင်သေးပေ။
မင်ရဲ့က ခေါင်းငုံ့ပြီး နူးညံ့စွာ မေးလိုက်သည်။
" ဘာဖြစ်တာလဲ? နေလို့မကောင်းဘူးလား? "
" ဟင့်အင်း "
ကုအန်းက အနီးအနားကို ကြည့်လိုက်သည်။ သူ့ရှေ့မှမြင်ကွင်းက စံအိမ်၏မှတ်ဉာဏ်ထဲမှ မြင်ကွင်းနှင့် အလွန်ကွဲပြားနေကာ သူ ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီး မရေရာမှုဖြင့် မေးလိုက်သည်။
" အခုက ညနေရောက်ပြီလား? "
ကောင်းကင်က တစ်နည်းနည်းကြောင့် မှိန်ဖျော့နေသော်လည်း လုံးဝမှောင်မိုက်နေတာမျိုး မဟုတ်ချေ။
မင်ရဲ့ ပြောလိုက်သည်။
" ဒီစံအိမ်ထဲက အရှိန်အဝါက အရမ်းသိပ်သည်းလွန်းနေတာ။ အပြင်ကအချိန်နဲ့ အတူတူပဲ "
" ဒီစံအိမ်ထဲက ကောင်းကင်က အရှိန်အဝါရဲ့သိပ်သည်းမှုအပေါ် အခြေခံပြီး နေ့နဲ့ညကွဲသွားတာ "
ကုအန်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
" ခင်ဗျားက ဒါတွေအားလုံးကို ဘယ်လိုလုပ်သိတာလဲ? "
မင်ရဲ့က ကုအန်းလက်ကိုယူပြီး သူ့ရင်ဘတ်ပေါ်တွင် တင်လိုက်ကာ တီးတိုးပြောလိုက်သည်။
" ဒါကို ခံစားမိလား အန်းအန်း "
ကုအန်း အနည်းငယ် စိတ်ရှုပ်သွားသည်။
" ဘာကိုလဲ? "
သူ့လက်ဖဝါးမှ ခံစားချက်ကြောင့် ကုအန်း လက်ချောင်းများ ကွေးလိုက်မိသည်။မင်ရဲ့က ကုအန်းရဲ့ လက်ဖဝါးပြင်ကို သူ့ရင်ဘတ်နှင့်ထိအောင် ဖိချလိုက်သည်။
ထို့ကြောင့် ကုအန်း လှုပ်ရှားချိန်တွင် သူ့လက်ဖဝါးက မင်ရဲ့ရင်ဘတ်နှင့် ပွတ်တိုက်နေပြီး မီးပွားလေးတစ်ခုက မလွှဲရှောင်သာ ပေါ်ထွက်လာခဲ့သည်။
အချိန်တစ်ခုကြာသည်အထိ လေထုက ဒွိဟဖြစ်စရာဖြစ်နေခဲ့၏။
ကုအန်းက မင်ရဲ့အရှိန်အဝါကို ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း အတိအကျမပြောနိုင်တာကြောင့် ၎င်းက မင်ရဲ့၏ပြိုင်ဖက်ကင်း တည်ရှိမှုအဖြစ်သာ တွေးလိုက်တော့သည်။
သူ သတိပြန်ကပ်ချိန်တွင် မင်ရဲ့အကြည့်တွေက နက်ရှိုင်းနေပြီဖြစ်သည်။
ကုအန်းမှာ သူ့တစ်ကိုယ်လုံးက ပူလောင်နေသလို ခံစားလိုက်ရပြီး အမြန်လက်ဆွဲယူလိုက်ကာ အနောက်သို့ ပို့ထားလိုက်သည်။ သူ့နားသန်သီးများက နီရဲနေလေ၏။
မင်ရဲ့ အာဒမ်ပန်းသီးက အနည်းငယ်လှုပ်ရှားသွားပြီး သူ မသက်မသာဖြစ်လာကာ အကြည့်တို့က ပိုမိုစူးရှလာခဲ့သည်။ ခဏကြာပြီးနောက် သူက ကုအန်း၏ နီနီရဲရဲနားသန်သီးထံသို့ ခေါင်းငုံ့ပြီး ကိုက်ချလိုက်လေသည်။ သို့သော်လည်း သူက အားဖြင့်ကိုက်လိုက်ခြင်းမဟုတ်ပဲ ခပ်ဖွဖွ ငုံထွေးလိုက်ခြင်းဖြစ်ကာ အကြိမ်အနည်းငယ်မျှ ဆော့ကစားနေပြီးနောက် သူ့နှလုံးသားထဲမှ မီးပွားလေးက အရှိန်သေသွားခဲ့သည်။
သူ့အသံက အက်ရှနေပြီး ကျေနပ်မှုတစ်စွန်းတစ်စကို ဖော်ပြရင်း ပြောလိုက်သည်။
" ပေါင်ပေ့ ကိုယ့်ကို ထပ်မဆွနဲ့တော့။ မင်းအနားမှာရှိနေရင် ကိုယ့်ရဲ့ဆင်ခြင်နိုင်စွမ်းက သိပ်ကောင်းတာမဟုတ်ဘူး "
ဒီစကားကိုကြားလျှင် ကုအန်း မျက်နှာလွှဲလိုက်ကာ မင်ရဲ့နှုတ်ခမ်းနှင့်ထိနေသည့် သူ့ပါးပြင်တို့က နီရဲတွတ်လာခဲ့သည်။ အချိန်တစ်ခုကြာသည်အထိ သူတို့နှစ်ယောက်က ဘာစကားမှမပြောပဲ အချင်းချင်း ငေးကြည့်နေခဲ့ကြသည်။
မင်ရဲ့က ကုအန်းကို ငုံ့နမ်းချင်ခဲ့သော်လည်း ထိုအချိန်မှာပဲ အလျင်စလိုဖြစ်နေသည့် ခြေသံများကို ကြားလိုက်ရတာကြောင့် သူ့လှုပ်ရှားမှုက တိခနဲရပ်သွားခဲ့သည်။
သူက ကုအန်းကို သူ့အနောက်သို့ ပို့လိုက်ပြီး ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်၏။
ထိတ်လန့်နေပုံရသည့် ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်က သူတို့ထံသို့ ပြေးလာနေခဲ့ခြင်းပင်။