အခန်း ၃
Viewers 28



"အဆင်ပြေပါတယ်" ရှဲ့တုန်းချန်က ခေါင်းကို သဘာဝကျကျပဲ ခါယမ်းလိုက်သည်။


ယူဇီကတော့ သူ့ရှေ့ကလူကို စိတ်ထဲကနေ အမြန်ပဲ အကဲခတ်လိုက်မိ၏။ သူက ယောကျ်ားတစ်ယောက်နဲ့ ကုတင်တစ်ခုတည်း အတူတူအိပ်ရမှာကို မရည်ရွယ်ပေမဲ့ အိပ်စက်တဲ့နေရာမှာ အိပ်ရေးဆတ်တတ်သူ ဖြစ်သည်။


 တစ်ချိန်ခါမှာ ဒီလူက ထူးဆန်းတဲ့ အိပ်စက်ခြင်းအလေ့အထတွေ ရှိနေခဲ့ရင် သူတစ်ညလုံး အိပ်မပျော်ဘဲ မျက်လုံးကြောင်နေရမှာကို မလိုလားပေ။


"ဆိုဖာရှိတယ် မဟုတ်လား" ယူဇီ ဘာမှမပြောဘဲ တိတ်ဆိတ်နေတာကို မြင်တော့ ရှဲ့တုန်းချန်က ဧည့်ခန်းထဲက ဆိုဖာအသေးလေးဆီသို့ လက်ညှိုးထိုးပြလိုက်သည်။


ယူဇီ ခေါင်းလှည့်ပြီး ဆိုဖာရဲ့ အကျယ်အဝန်းကို ခန့်မှန်းကြည့်လိုက်၏။ ၁.၆ မီတာထက် ကျော်လွန်မည့်ပုံမပေါ်ချေ။ ခြေထောက်လေး ကွေးအိပ်ရင်တော့ အဆင်ပြေလောက်ပါရဲ့။


ရောက်တဲ့အရပ်မှာ ရေသောက်မြစ် လိုက်ရတာပေါ့။


ယူဇီသည် စည်းစိမ်ချမ်းသာ အပြည့်နဲ့ ဇိမ်ခံလူနေမှုဘဝမှာ ကျင်လည်ခဲ့ဖူးသော်လည်း လောလောဆယ်တွင် သူ့၌ ရွေးချယ်ပိုင်ခွင့် မရှိတော့တာကို ကောင်းကောင်းကြီး နားလည်ထားသည်။


မကြာခင်မှာပဲ သူက အိတ်ကို ဆိုဖာပေါ်တင်၊ ပြီးနောက် ထိုင်ချလိုက်ပြီး ဆိုဖာဖုံးအောက်ခံကို ပုတ်ကြည့်လိုက်သည်။ အိစက်တာက တော်တော်လေး အဆင်ပြေလှပြီး သိပ်လည်း မအိလွန်း၊ သိပ်လည်း မမာလွန်းဘဲ အိပ်ဖို့ရာ လုံလောက်လှသည်။ အနည်းဆုံးတော့ ဟို မိုတယ် က အမှိုက်လိုမွေ့ရာထက်စာရင် အများကြီး သာလွန်ပါသေးသည်။


"ကောင်းပြီ" ယူဇီက ရှဲ့တုန်းချန်ဘက် လှည့်ပြီး ခေါင်းငြိမ့်ပြလိုက်၏။


သို့သော်လည်း သူ့ရှေ့ကလူက အံ့အားသင့်သွားပုံဖြင့်—


 "မဟုတ်ဘူးလေ... ကျွန်တော် ဆိုလိုတာက ကျွန်တော်က ဆိုဖာပေါ်မှာ အိပ်မယ်လို့ ပြောတာပါ"


"မင်းက?!" ယူဇီက သူ့ရဲ့ ကိုယ်လုံးကိုယ်ထည်ကို အကဲခတ်ကြည့်ရင်း— "မင်း ဒီဆိုဖာပေါ် ဆန့်မှာမဟုတ်ဘူး"


"အိပ်လို့ရပါတယ်၊ ကျွန်တော် နေသားကျနေပါပြီ" ရှဲ့တုန်းချန်က သူ့ဘောင်းဘီနားစပ်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ရင်း ပြောလိုက်သည်။


ယူဇီ စက္ကန့်အနည်းငယ်မျှ ဆွံ့အသွားပြီး "နေသားကျနေပြီ" ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို တွေးတောနေမိသည်။ သူက အရင်ကလည်း တခြားသူတစ်ယောက်ယောက်နဲ့ အတူတူ ညအိပ်ညနေ နေဖူးလို့များလား။


စကားက ဒီအဆင့်အထိ ရောက်လာပြီဖြစ်လို့ သူ ထပ်ပြီး ငြင်းဆန်ဖို့ မကောင်းတော့ချေ။


"မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်။


 တကယ်လို့ နေစရာနေရာအသစ် ရှာတွေ့တာနဲ့ ကျွန်တော် ချက်ချင်း ပြောင်းသွားပါ့မယ်။ဒီ အတောအတွင်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်နော်" ဟု ယူဇီက ဆိုသည်။


"မဟုတ်တာ... စိတ်မလောပါနဲ့" ရှဲ့တုန်းချန်က ခေါင်းခါပြရင်း— "ကျွန်တော်က ဘေးနားမှာ လူမရှိတာနဲ့ပဲ နေသားကျနေတာပါ။ ကျွန်တော်... စိတ်အနှောင့်အယှက် မဖြစ်ပါဘူး"


ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်းလွန်းတယ်။


ယူဇီ အလုပ်လုပ်ခဲ့တာ ရက်ပိုင်းလောက်ပဲ ရှိသေးပေမဲ့ လူတစ်ယောက်က သူ့ရဲ့ အလုပ်ရှင်ဟောင်းအပေါ်မှာ ဘာကြောင့် ဒီလောက်အထိ ကြင်နာသနားတတ်ရသလဲဆိုတာ သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်ရသည်။


"ထမင်းစားပြီးပြီလား၊ ဘော့စ်ယူ"


"မစားရသေးဘူး" ယူဇီက ဆိုဖာပေါ်ကနေ မတ်တတ်ထရပ်လိုက်ရင်း မနေနိုင်ဘဲ ပြောမိသည်— 


"ပြီးတော့... ငါ့ကို သူဌေးလို့ ထပ်မခေါ်ပါနဲ့တော့"


သူက ရှဲ့တုန်းချန်ရဲ့ အလုပ်ရှင် မဟုတ်တော့သလို သူဌေး ဆိုတာထက်လည်း အဝေးကြီး ဝေးသွားခဲ့ပြီ ဖြစ်သည်။


"ဒါဆို... ကျွန်တော် ဘယ်လိုခေါ်ရမလဲ" ရှဲ့တုန်းချန်၏ မျက်ဝန်းများက ရိုးသားဖြူစင်လွန်းလှပြီး သင့်တော်မည့် အဖြေတစ်ခုကို တကယ်ပဲ သိချင်နေပုံရသည်။


"ငါ့နာမည်အတိုင်းပဲ ခေါ်ပါ"


"ဟုတ်ကဲ့၊ ဘော့စ်ယူ" ရှဲ့တုန်းချန်က ခေါင်းငြိမ့်ပြသည်။


ယူဇီ သက်ပြင်းတစ်ချက် ချလိုက်မိ၏။


"အာ... ယူ... ယူဇီ..." ရှဲ့တုန်းချန်က လျှာချင်း ကိုက်မိနေသလိုမျိုး တော်တော်လေး ရုန်းကန်လိုက်ရပြီးမှ နောက်ဆုံးမှာတော့ ဒီရိုးရှင်းတဲ့ နာမည်နှစ်လုံးကို မနည်း အသံထွက်နိုင်ခဲ့သည်။


သူတို့နှစ်ယောက် အိမ်ထဲမှာပဲ ဒီအတိုင်း တောင့်တောင့်ကြီး ရှိနေကြရင် အဆင်ပြေမှာ မဟုတ်ချေ။ ရှဲ့တုန်းချန်က နေ့လယ်စာအတွက် တစ်ခုခု ချက်ပြုတ်ဖို့ စိတ်ကူးနဲ့ မီးဖိုချောင်ထဲသို့ လျှောက်သွားခဲ့သည်။ သို့သော်လည်း ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ ခရမ်းချဉ်သီး နှစ်လုံးနဲ့ ဘီယာအနည်းငယ်ကလွဲရင် ဟင်းချက်စရာလို့ ခေါ်နိုင်တဲ့ အရာတစ်ခုမှ မရှိချေ။


ရှဲ့တုန်းချန်က သူ့ခေါင်းကို အခက်တွေ့စွာ ကုတ်လိုက်ရင်း— 

"ကျွန်တော်တို့ အပြင်ထွက်စားရင်ရော ဘယ်လိုလဲ"


ယူဇီလည်း ရက်အတော်ကြာအောင် ကောင်းကောင်းမွန်မွန် မစားရသေးတာကြောင့် ခဏမျှ တွေးတောပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်— 

"ငါ ကျွေးပါ့မယ်"


ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ယံက မှောင်ရီပျိုးစ ပြုနေပြီဖြစ်လို့ ရှဲ့တုန်းချန်က တံခါးနားက ဖိနပ်ဗီရိုထဲကနေ ထီးအကြီးကြီးတစ်ချောင်းကို ထုတ်ယူလိုက်သည်။


ယူဇီ တံခါးဖွင့်လိုက်တဲ့အခါ တိုက်တိုက်ဆိုင်ဆိုင်ပဲ မျက်နှာချင်းဆိုင် အိမ်က အဘွားအို အပြင်ထွက်လာတာနဲ့ တိုးတော့သည်။


အဘွားအိုက မျက်စိမှုန်ပုံရပြီး ယူဇီကို ခဏမျှ စူးစိုက်ကြည့်နေပြီးမှ သူ့နောက်က ရှဲ့တုန်းချန်ကို သတိပြုမိသွားကာ နှုတ်ဆက်လိုက်သည်—


 "တုန်းချန်... မင်း ကောင်မလေးကို အိမ်ခေါ်လာတာလား"


ရှဲ့တုန်းချန်၏ ခြေလှမ်းများ တစ်ဝက်တင် တောင့်ခဲသွားပြီး အိုးတိုးအောက်တန်းနှင့် ရယ်မောလိုက်ရသည်—


 "အဖွား... မဟုတ်ပါဘူး၊ သူက ယောကျ်ားလေးပါ"


သိသာထင်ရှားလှသည်မှာ အဘွားအို၏ နားကလည်း သိပ်အလုပ်မလုပ်တော့ချေ— 


"အင်? ဟူနန်ကလား? ယူနန်က ကောင်းတာပေါ့၊ စပ်စပ်လေးနဲ့!"


ယူဇီရဲ့ အသက် နှစ်ဆယ့်ငါးနှစ်တာ သက်တမ်းတစ်လျှောက်မှာ အခုလို အနေရခက်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်ရတဲ့ အခိုက်အတန့်မျိုးဖြစ်ခြင်းမှာ  ခဲယဉ်းလှသည်။


"ကျွန်တော်တို့ အပြင်မှာ ထမင်းသွားစားမလို့ အဖွား၊ အဖွားပဲ အိမ်မှာ နေခဲ့နော်" ရှဲ့တုန်းချန်က ယူဇီကို အောက်ထပ်သို့ အမြန်ခေါ်ဆောင်သွားရင်း အမြန် ရှင်းပြလိုက်ရသည်။


ဒါပေမဲ့ အဘွားအိုကတော့ စေတနာကောင်းလှစွာဖြင့် လှေကားလက်ရန်းနားမှာ ရပ်ကျန်ခဲ့ပြီး အောက်ထပ်ဆီသို့ လှမ်းအော်ပြောနေသေးသည်— 


"တုန်းချန်... မင်းရဲ့ ကောင်မလေးကို ကောင်းကောင်းကျွေးလိုက်ဦးနော်! ကပ်စေးမနည်းနဲ့ဦး"


သူ့နောက်ကနေ လျှောက်လာတဲ့ ယူဇီက ရှဲ့တုန်းချန်ရဲ့ နားရွက်တွေ ရဲတက်လာတာကို မြင်လိုက်ရသည်။ ထိုအနီရောင်က နားရွက်တွေဆီကနေ ဦးခေါင်းနောက်စိအထိ ပြန့်နှံ့သွားတာက ကင်ထားတဲ့ သံဥတစ်လုံးလိုပင်။


ယူဇီ စိတ်ထဲမှာ ဒီနှိုင်းယှဉ်ချက်ကို ရယ်ချင်သွားပြီး မနေနိုင်ဘဲ တိုးတိုးလေး ရယ်မောမိသွားသည်။


ရှဲ့တုန်းချန်က ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ— "ဘာဖြစ်လို့လဲ"


"ဘာမှမဟုတ်ပါဘူး။ မင်းက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ!" ယူဇီက ပိုမြင့်တဲ့ လှေကားထစ်ပေါ်မှာ ရပ်နေရင်း လက်ကိုဆန့်ထုတ်ကာ သူ့ပုခုံးကို တွန်းလိုက်သည်။


ရှဲ့တုန်းချန်က ဒီလိုမျိုး သဘာဝကျကျ ရင်းနှီးတဲ့ ထိတွေ့မှုကြောင့် လန့်ဖျာသွားပုံရပြီး နောက်ထပ် ဘယ်ခြေလှမ်းကို လှမ်းရမှန်း မသိဖြစ်သွားသည်။ စက္ကန့်အနည်းငယ် ကြာသွားပြီးမှ သူ မနည်း ပြန်လည် ထိန်းချုပ်ကာ ဆက်လျှောက်နိုင်ခဲ့တော့သည်။


သူတို့ လူနေရပ်ကွက်ထဲကနေ ထွက်လာပြီးတဲ့နောက် ရှဲ့တုန်းချန်က အဘွားအိုရဲ့ စကားတွေကို စိတ်ထဲ အလေးအနက် ထားမိသွားပုံရပြီး ပတ်ဝန်းကျင်ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို အထူးတလည် ရှာဖွေခဲ့သည်။


"ကျွန်တော် ကျွေးပါ့မယ်" သူက ယူဇီဘက် လှည့်ကာ ပြောလိုက်သည်။


"မဟုတ်တာ၊ ငါက မင်းအိမ်မှာ တည်းမှာပဲဟာ၊ ငါပဲ ရှင်းရမယ်" ယူဇီက သူ့စကားကို ပယ်ချလိုက်ပြီး ကုလားထိုင်ကို ဆွဲကာ ထိုင်ချလိုက်ရင်း မီနူးစာအုပ်ကို ကောက်ကိုင်လိုက်သည်။


"တကယ် မလိုပါဘူး။ မင်း ကျွန်တော့်ဆီ ရောက်လာတဲ့အခါ ကျွန်တော်က ဧည့်ခံကျွေးမွေးရတာ သဘာဝကျပါတယ်" ရှဲ့တုန်းချန်က ဇွတ်အတင်း ပြောနေပြန်သည်။


ယူဇီလည်း နောက်ထပ် အကြောင်းပြချက် မရှာနိုင်တော့သလို၊ အမှန်တကယ်တော့ သူလည်း အခုအချိန်မှာ အစွန်းထွက်လေးတောင် မရှိတော့တဲ့အထိ အကြပ်ရိုက်နေတာ ဖြစ်သည်။


ဟင်းပွဲတွေ ရောက်လာပြီးနောက် ယူဇီက သူ့အိတ်ထဲကနေ ပိုးသတ်တစ်ရှူးအထုပ်ကို ထုတ်ပြီး စားပွဲတင် အသုံးအဆောင်ပစ္စည်းတွေကို ဂရုတစိုက် သုတ်လိုက်သည်။ သူက သန့်ရှင်းမှုကို အလွန်အမင်း အလေးထားတတ်သူ ဖြစ်ပြီး ဆိုင်ရဲ့ အများသုံး ဇွန်း၊ ခက်ရင်းတွေကို သုံးရတာ စိတ်ထဲ ခံရခက်လှသည်။ 


အတိတ်တုန်းကဆိုရင် အိမ်က အိမ်အကူတွေနဲ့ အိမ်ဖော်မလေးတွေက သူ စိတ်အနှောင့်အယှက် မဖြစ်စေဖို့ အစားအစာ မစားခင် ပန်းကန်ခွက်ယောက် အားလုံးကို အမြဲတမ်း ပိုးသတ်ပေးကြရတာ ဖြစ်သည်။


သူ့ရဲ့ အသုံးအဆောင်တွေကို သုတ်ပြီးနောက် ရှဲ့တုန်းချန်ကို မျက်ခုံးပင့်ကြည့်လိုက်၏။


"ဟင်?" ရှဲ့တုန်းချန်က ဝေခွဲမရသလို ကြည့်လာသည်။


"မင်းဟာပါ ငါ သုတ်ပေးမယ်" ယူဇီက လက်ကိုဆန့်ပြီး ရှဲ့တုန်းချန် ရှေ့က ဖန်ခွက်ကို လှမ်းယူလိုက်သော်လည်း ရှဲ့တုန်းချန်ကတော့ လက်လွှတ်ဖို့ အချိန်မမီလိုက်ချေ။ သူတို့ရဲ့ လက်ဖျားချင်း ထိမိသွားကြသည်။


ယူဇီ့ရဲ့ လက်ချောင်းလေးတွေက အေးစက်စက်နိုင်ပြီး အလွန် နူးညံ့လှသည်။ ရှဲ့တုန်းချန်ရဲ့ လက်တွေကတော့ သူ့ထက် အများကြီး ကြမ်းတမ်းပြီး လုံးဝ ကွဲပြားခြားနားတဲ့ အရေပြား အထိအတွေ့နှစ်ခု ပွတ်တိုက်မိသွားခြင်းက ထင်ရှားလွန်းလှသည်။


ဝုန်း—


ချက်ချင်းဆိုသလိုပဲ ယူဇီရှေ့က သံဥကြီးက တစ်ဖန် ပြန်လည် ရဲတက်လာပြီး နားရွက်တွေက သွေးထွက်မတတ် ပူလောင်နီမြန်းသွားတာကို မြင်လိုက်ရသည်။


ဘာကြောင့်ရယ်မသိ၊ ယူဇီစိတ်ထဲမှာ တကယ်ပဲ စနောက်ချင်စိတ် ပေါ်လာမိသည်။ သူက စားပွဲကို ကျော်ပြီး ကိုယ်ကို တစ်ဝက်လောက် လှမ်းကိုင်းလိုက်ကာ ရှဲ့တုန်းချန်၏ မျက်ဝန်းတွေနား တိုးကပ်သွားပြီး မေးလိုက်သည်— "မင်း တစ်ခါမှ ယောကျ်ားတစ်ယောက်ရဲ့ လက်ကို မကိုင်ဖူးဘူးလား"


ရှဲ့တုန်းချန်၏ မျက်ဝန်းများက ဗလာဖြစ်သွားပြီး သူ့ရဲ့ အကြည့်တွေက ယူဇီ ရဲ့ နှုတ်ခမ်းအစုံပေါ်မှာပဲ ရပ်တန့်နေကာ မရွေ့လျားနိုင်တော့သလိုပင်။ သုံးစက္ကန့်ခန့် ကြာပြီးမှ သူ ထစ်ထစ်အအဖြင့်— "မဟုတ်... မဟုတ်ပါဘူး၊ ကျွန်တော် ဆိုလိုတာက... အာ..."


ရှဲ့တုန်းချန်ရဲ့ ဦးနှောက်က ရပ်တန့်လုနီးပါး ဖြစ်နေတာကို မြင်တော့ ယူဇီက ကိုယ်ကို ပြန်ဆုတ်ပြီး ကုလားထိုင်မှာ ပြန်ထိုင်လိုက်ကာ သူ့ကို ထပ်မစတော့ဘဲ ပြုံး၍သာ ကြည့်နေလိုက်သည်။


ခဏအကြာတွင် သူ မေးလိုက်သည်— "မင်း ငါ့ရဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ဘယ်လိုရခဲ့တာလဲ"


"အာ... အဲဒါက..." ရှဲ့တုန်းချန်၏ စိတ်က လမ်းကြောင်း ပြန်မတည့်သေးတာကြောင့် ယူဇီက စကားလမ်းကြောင်း ပြောင်းပေးလိုက်ရသည်။ သူ အဖြေပေးဖို့ သတိရလာတဲ့အထိ အချိန်အတော်လေး ယူလိုက်ရသည်—

 "ကျွန်တော့်ဆီမှာ မင်းရဲ့ ဖုန်းနံပါတ် ရှိနှင့်ပြီးသားပါ"


ဆင်ခြင်တုံတရားနဲ့ မကိုက်ညီသေးချေ။ ယူဇီသည် ထိုလူက ဘာကြောင့် သူ့ကို အတင်းအဓမ္မ လိုက်ရှာပြီး သူ့ရဲ့ ကိုယ်ပိုင်ကုတင်ကိုတောင် ပေးအိပ်ဖို့အထိ ကမ်းလှမ်းရသလဲဆိုတာကို နားမလည်နိုင်သေးပေ။


"အကြောင်းပြချက်ကို ငါ မေးလို့ရမလား" ယူဇီက မျက်ခုံးပင့်လိုက်ပြီး သူ့ရဲ့ သဘောထားက ပုံမှန်ထက် ပိုပြီး ရိုးသားတည်ကြည်နေသည်။


"ကျွန်တော် ဘာလို့ မင်းကို အိမ်ခေါ်လာရတာလဲ ဆိုတာလား" ရှဲ့တုန်းချန်က စကားလုံးကို နားလည်အောင် ပြန်တွေးကြည့်နေသည်။


"ဟုတ်တယ်"


ရှဲ့တုန်းချန် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားပြီးမှ စကားစလိုက်သည်— "မင်း ကျွန်တော့်ကို ယွမ်ငါးထောင် ချေးပေးခဲ့ဖူးတယ်"


ယူဇီ ဒီလိုအဖြေမျိုးကို လုံးဝ မျှော်လင့်မထားခဲ့မိချေ။


"ငါ မင်းကို ပိုက်ဆံချေးခဲ့တယ်?" သူ့မှာ ဘာအမှတ်သညာမျှ လုံးဝ မရှိချေ။


"ဟုတ်ကဲ့။ အဲဒီတုန်းက ကျွန်တော် အခက်အခဲလေး ရှိနေလို့ အောက်ထပ်မှာ ဖုန်းပြောနေတာကို မင်း ကြားသွားခဲ့တာ။ ပြီးတော့ မင်းက ကျွန်တော့်လက်ထဲကို ငွေသား ငါးထောင် လှမ်းပေးခဲ့တယ်။" 


ရှဲ့တုန်းချန်က အထင်အမြင်လွဲမှာ စိုးရိမ်ပုံရပြီး ဆက်လက် ရှင်းပြသည်—


 "နောက်တော့ ကျွန်တော် ပြန်ဆပ်ချင်ပေမဲ့ မင်းက ရုတ်တရက် ခရီးထွက်သွားခဲ့တယ်။ မင်း ပြန်လာလို့ ကျွန်တော် မေးတဲ့အခါကျတော့ ပြန်ဆပ်ဖို့ မလိုတော့ဘူးလို့ မင်း ပြောခဲ့တယ်"


"ဒါကြောင့် မင်း ဒီမှာ စိတ်အေးလက်အေး နေနိုင်ပါတယ်။ ဒါကို ကျွန်တော့်ဘက်က ပြန်ဆပ်တာလို့ပဲ သဘောထားပေးပါ" ရှဲ့တုန်းချန်က သူ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ရိုးရိုးသားသား ပြောရှာသည်။


ယူဇီအနေနဲ့ ဒီအဖြစ်အပျက်ရဲ့ အသေးစိတ်ကို မမှတ်မိတော့ပေမဲ့ တစ်ဖက်လူ ပြောနေတာတွေက အမှန်တရား ဖြစ်နိုင်တယ်လို့ ခံစားမိသည်။


သူ ပိုက်ဆံရှိခဲ့စဉ်တုန်းကတော့ အသိမိတ်ဆွေတွေရော၊ သူစိမ်းတွေကိုပါ ပိုက်ဆံ အလွယ်တကူ ချေးပေးတတ်လောက်အောင် ရက်ရောခဲ့ဖူးသည်။ သူ ဘယ်သူ့ဆီကမှ ပိုက်ဆံပြန်ရဖို့ မမျှော်လင့်ခဲ့ဘဲ လှူဒါန်းမှုတစ်ခုအနေနဲ့သာ သဘောထားခဲ့တာ ဖြစ်သည်။


သူ့ရဲ့ စေတနာက တကယ်ပဲ ဒီလို ကောင်းမှုကံတစ်ခုအနေနဲ့ ပြန်လည် စုဆောင်းမိလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့မိချေ။


သူ့ရှေ့က ကတုံးကေနဲ့ ယောကျ်ားကို ကြည့်ရင်း၊ သူသည် လေထဲမှာ ပျောက်ကွယ်သွားကြတဲ့ သူ့ရဲ့ ဝေးကွာလှတဲ့ ဆွေမျိုးတွေကို ရုတ်တရက် သတိရမိသွားပြီး အကြောင်းပြချက်မရှိဘဲ ရွံရှာမိသွားသည်။


 ယူဇီသည် ထိုမနှစ်မြို့ဖွယ် အတွေးများကို ခေါင်းထဲကနေ ဖယ်ထုတ်ပစ်ရန် ခေါင်းကို ခါယမ်းလိုက်၏။


သို့သော်လည်း သူ့စိတ်ထဲမှာ နောက်ဆုံးမေးခွန်းတစ်ခု ကျန်ရှိနေသေးသည်။


"ဒါပေမဲ့ ငါ နေစရာမရှိတော့တာကို မင်း ဘယ်လိုသိတာလဲ"


ယူမိသားစု ဒေဝါလီခံရတဲ့ သတင်းက မြောက်ပိုင်းမြို့တော် (North City) မှာ လူတိုင်းသိသည်။ သို့သော်လည်း ယူချင်း ပြည်ပသို့ ထွက်ခွာသွားခြင်းကို အလွန် လျှို့ဝှက်စွာ စီစဉ်ခဲ့တာကြောင့် ဆွေမျိုးအများစုပင် မသိကြချေ။ ဒီလို အပယ်ခံလူတစ်ယောက်ရဲ့ ရောက်ရာအရပ်ကို ဘယ်သူမှ စိတ်မဝင်စားကြတာ ဖြစ်သည်။


သူက ဘာကြောင့် သူ့ရဲ့ အကြပ်အတည်းကို သိနေရတာလဲ။


"ဪ... အဲဒီနေ့က ကျွန်တော် ဘေးနားက မိုတယ်မှာ အလုပ်လုပ်နေရင်းနဲ့ မင်း အထဲဝင်သွားတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်ရတာပါ"


"ဒါကြောင့်ကိုး" ယူဇီ ခေါင်းငြိမ့်လိုက်မိသော်လည်း၊ ချက်ချင်းဆိုသလိုပဲ တစ်ခုခု မှားယွင်းနေတာကို သတိပြုမိသွားသည်။


"နေဦး... မင်းက မိုတယ်မှာ အလုပ်လုပ်နေတာ ဟုတ်လား"


ယူဇီက ရှဲ့တုန်းချန်ရဲ့ တီရှပ်အောက်က မသိမသာ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကျယ်ကြီးကို တစ်ချက် ကြည့်လိုက်မိတယ်။  


"ဟုတ်ကဲ့" ရှဲ့တုန်းချန်က ခေါင်းငြိမ့်ပြသည်—


 "ကျွန်တော် အဲဒီကို ခဏခဏ သွားပါတယ်၊ တစ်ပတ်ကို မနည်းဘူး အကြိမ်အတော်များများပေါ့"