"မင်း... မိုတယ်တစ်ခုမှာ တစ်ပတ်ကို ဘယ်နှရက်လောက် သွားလုပ်နေတာလဲ"
ယူဇီက ဘာမှမဖြစ်သလို ဟန်ဆောင်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
"အဲ့ဒါထက် ပိုတာပေါ့။ အလုပ်ကောင်းတဲ့ အပတ်ဆိုရင် တစ်ပတ်ကို အော်ဒါ တစ်ရာ၊ နှစ်ရာလောက်အထိတောင် ဆွဲရတယ်"
ယူဇီက မသင်္ကာသလို မျက်ခုံးပင့်ရင်း ရေရွတ်လိုက်မိသည်။
"အော်ဒါ တစ်ရာ၊ နှစ်ရာ ဟုတ်လား?!"
"ဘာဖြစ်လို့လဲ" ရှဲ့တုန်းချန်က သူ့ရှေ့ကလူ ဘာကြောင့် ဒီလောက်အံ့သြမှင်တက်သွားလဲဆိုတာ နားမလည်နိုင် ဖြစ်နေသည်။
"ဒီလိုမေးတာ နည်းနည်းတော့ ရိုင်းရာကျမယ်ဆိုပေမဲ့ ငါမေးမှဖြစ်မယ်။ မင်းရဲ့ ကလိုင်းရင့်တွေ (ဖောက်သည်တွေ) က ယောကျာ်းတွေလား၊ မိန်းမတွေလား"
"ဒါပေါ့... ယောကျာ်းရော မိန်းမရော အကုန်ရှိတာပေါ့။ တချို့ဆို အဘိုးကြီးတွေ၊ အဘွားကြီးတွေတောင် ပါသေးတယ်။ ဘာဖြစ်လို့လဲ"
အဘိုးကြီးတွေနဲ့ အဘွားကြီးတွေပါလား...
ယူဇီတစ်ယောက် လောကကြီးရဲ့ ထူးဆန်းထွေပြားတဲ့ အရာတွေကို မြင်ဖူးလှပြီ ထင်ခဲ့သော်လည်း ယခုလို ကိစ္စမျိုးကို ပေါ့ပေါ့ပါးပါး တွေးတောလုပ်ကိုင်နိုင်သူမျိုးကိုတော့ တစ်ခါမျှ မကြုံဖူးချေ။ သူသည် ခေါင်းကို အသာခါယမ်းကာ စိတ်ထဲက အောက်လမ်းအတွေးတွေကို မောင်းထုတ်လိုက်ရသည်။
ယူဇီရဲ့ မသင်္ကာသလို မျက်နှာပေးကို မြင်တော့ ရှဲ့တုန်းချန်က နားမလည်နိုင်ဘဲ ခေါင်းကိုသာ ကုတ်နေမိသည်။
"ဟွန်း..." ယူဇီက သူတစ်ပါးရဲ့ ပုဂ္ဂလိက ဘဝကို ဝေဖန်ပိုင်ခွင့်မရှိကြောင်း သိသဖြင့် လေသံကို ပြန်ထိန်းကာ— "မင်း ကျန်းမာရေးလည်း ဂရုစိုက်ဦး"
"အော်... ရပါတယ်။ ကျွန်တော်တို့ အလုပ်က ခါးတော့ နည်းနည်းနာတာပေါ့၊ အဲ့ဒါကလွဲရင် ကျန်တာ အကုန်အဆင်ပြေပါတယ်" ရှဲ့တုန်းချန်က ခေါင်းညိတ်ရင်း ပြန်ပြောသည်။
ခါးနာတယ် ဟုတ်လား။ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောချလိုက်တာပဲ။
ယူဇီသည် ရှဲ့တုန်းချန်ရဲ့ ခါးနဲ့ ဝမ်းဗိုက်ဆီသို့ မသိမသာ ဝေ့ကြည့်လိုက်မိသော်လည်း ကြီးမားပွယောင်းသည့် တီရှပ်အောက်တွင် အားလုံးက ဖုံးကွယ်နေသည်။
သူ့အကြည့်က ရှဲ့တုန်းချန်ရဲ့ မျက်နှာဆီသို့ ပြန်ရောက်သွားသည်။ မထင်ရဘူး... မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ကြည့်လိုက်ရင် တည်ကြည်ဖြောင့်မတ်မယ့်ပုံစံ၊ ဒါပေမဲ့ စာရိတ္တပိုင်းကျတော့ ငါ့ထက်တောင် အောက်တန်းကျနေပါလား။
"စားလေ။ ညကျရင် ကျွန်တော် အလုပ်ပြန်ဆင်းရဦးမယ်။ အိမ်မှာ တီဗီရှိတယ်၊ အေးအေးဆေးဆေး နားနေလိုက်" ယူဇီတစ်ယောက် အစားအစာတွေကို မတို့မထိဘဲ ထိုင်ကြည့်နေသည်ကို မြင်သဖြင့် ရှဲ့တုန်းချန်က ကပျာကယာ တိုက်တွန်းရှာသည်။
အလုပ်... သူက အဲ့ဒီလို ကိစ္စမျိုးကို အလုပ်လို့ ခေါ်တာပေါ့။
ယူဇီသည် ရှဲ့တုန်းချန်တစ်ယောက် ညဘက်အလုပ်အတွက် အားအင်ဖြည့်တင်းသည့်အလား မြိန်ရည်ယှက်ရည် စားသောက်နေသည်ကို ကြည့်ပြီး စိတ်ထဲတွင် သနားစိတ်ကလေး နည်းနည်း ဝင်လာမိသည်။ ရှေးခေတ်က ယောကျာ်းတွေ ဘာကြောင့် ရွှံ့နွံထဲက အမျိုးသမီးတွေကို ကယ်တင်ချင်ကြလဲဆိုတာကို သူ ယခုမှ ကောင်းကောင်းကြီး နားလည်သွားတော့သည်။
ယူဇီက ပန်းကန်ထဲက အမဲသားတစ်တုံးကို ညှပ်ယူရင်း မနေနိုင်မထိုင်နိုင် ထပ်မေးမိပြန်သည်။ "မင်း ဒီအလုပ်ကို လုပ်လာတာ ဘယ်လောက်ကြာပြီလဲ"
"ခင်ဗျားတို့အိမ်ကနေ ထွက်လာကတည်းကပဲ" ရှဲ့တုန်းချန်က ပြန်ဖြေသည်။
ယူဇီက စိတ်ထဲကနေ ရက်တွက်ကြည့်လိုက်ရာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ "အဆင်ပြေပြေနဲ့ ကျင့်သားရနေပြီလား"
"ရပါပြီ။ လုပ်ရတဲ့ အလုပ်ကတော့ အတူတူပါပဲ။ အရင်က ခင်ဗျားတစ်ယောက်တည်းအတွက် လုပ်ပေးရပြီး အခုတော့ နေရာတကာမှာ ကလိုင်းရင့်တွေ လိုက်ရှာနေရတာပဲ ကွာတာ"
ယူဇီက သူ့ကို မော့ကြည့်လိုက်သည်။ ဒါက ဘာကို ဆိုလိုတာလဲကွာ ။ သူ့အတွက် ကားမောင်းပေးခဲ့တာကို ဒီလိုအလုပ်မျိုးနဲ့ နှိုင်းယှဉ်နေတာလား။
အရင်က သူ စိတ်ဆတ်ခဲ့တာ မှန်သော်လည်း ရှဲ့တုန်းချန်အပေါ် ဒီလိုမဖွယ်မရာ စိတ်ကူးမျိုး တစ်ခါမှမရှိခဲ့ဖူးချေ။ ငွေကြေးလည်း ရက်ရက်ရောရော ပေးခဲ့သလို လူတစ်ဦးအနေနဲ့လည်း လေးစားမှု ထားခဲ့သည်။
သူ ဆက်မေးရန် ပြင်နေစဉ်မှာပဲ ရှဲ့တုန်းချန်က ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုရိုလာ (Corolla) လေးက ခင်ဗျားရဲ့ ဘန်တလေ (Bentley) လောက်တော့ မောင်းလို့မကောင်းဘူးပေါ့ဗျာ"
ဝုန်း—
ယူဇီ့ဦးနှောက်ထဲ ဗုံးတစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ "နေဦး... မင်း အခုလည်း လူတွေကို ကားမောင်းပို့ပေးနေတာလား"
"ဟုတ်တယ်လေ၊ ကျွန်တော် အွန်လိုင်းကားမောင်း (Ride-hailing driver) နေတာ။ ဘာဖြစ်လို့လဲ"
ယူဇီ သုံးစက္ကန့်လောက် ဆွံ့အသွားပြီးမှ မိမိကိုယ်မိမိ ပါးရိုက်ချင်စိတ် ပေါက်သွားတော့သည်။
ယူဇီ... မင်းရဲ့ စိတ်တွေ တကယ့်ကို ညစ်ပတ်လွန်းတာပဲ။
သူက ဥပဒေနဲ့အညီ၊ သန့်ရှင်းစင်ကြယ်ပြီး ဘာအညစ်အကြေးမှမရှိတဲ့ သာမန် အွန်လိုင်းတက္ကစီခရီးသည်တွေကို လိုက်လံပို့ဆောင်ပေးနေခြင်းသာ ဖြစ်သည်။
ကားမောင်းရတာ ခါးနာတာပေါ့... အဲ့ဒါ လုံးဝမမှားဘူး။
"တစ်ခုခု ဖြစ်လို့လား" ရှဲ့တုန်းချန်က မေးလာသည်။
"ဘာမှမဟုတ်ပါဘူး"
"ဒါနဲ့... အဲ့ဒီ ဘန်တလေ ကားကြီးက အခု ဘယ်ရောက်သွားပြီလဲ..." ရှဲ့တုန်းချန်က ထိုဇိမ်ခံကားကြီးကို သံယောဇဉ်ရှိပုံဖြင့် တမ်းတမ်းတတ မေးရှာသည်။ ထိုကားသည် သူတစ်သက်တွင် မောင်းဖူးသမျှထဲ၌ အကောင်းဆုံးကားဖြစ်ပြီး အတွင်းပိုင်းပြင်ဆင်မှုက အနုပညာလက်ရာတစ်ခုလို လှပလွန်းသဖြင့် သူ အလွန်အမင်း သတိထားပြီး ကိုင်တွယ်ခဲ့ရသည်။
"ရောင်းလိုက်ပြီ" ယူဇီက အသာအယာ သက်ပြင်းချရင်း ပြောလိုက်သည်။
ရှဲ့တုန်းချန်က သူ မမေးသင့်တာကို မေးမိလိုက်ပြီမှန်း ရိပ်မိသွားပြီး စကားကို ဆက်မပြောတော့ပေ။
နေ့လယ်စာ စားသောက်ပြီးသောအခါ အပြင်ဘက်တွင် မိုးဖွဲဖွဲလေး စရွာလာသဖြင့် ရှဲ့တုန်းချန် ယူလာသည့် ထီးအမည်းလေးက အသုံးတည့်သွားသည်။
"သွားကြစို့" ရှဲ့တုန်းချန်က ထီးအမည်းကို မိုးကာ ဆိုင်ပြင်သို့ အရင်ဆုံး လှမ်းထွက်လိုက်သည်။
သူက ယူဇီထံသို့ လက်တစ်ဖက်လှမ်းပေးရင်း ထီးရိပ်အောက်သို့ ဝင်ရန် အချက်ပြလိုက်သည်။
ယူဇီသည် ထိုမြင်ကွင်းကို ကြည့်ပြီး တစ်နေရာရာတွင် ကြုံဖူးဆုံဖူးသလို ရင်ထဲ၌ ရင်းနှီးမှုကို ခံစားလိုက်ရသည်။ ဟိုးတစ်ချိန်က မိုးရွာတဲ့နေ့တစ်နေ့မှာလည်း ရှဲ့တုန်းချန်က သူ့အတွက် ယခုလို ထီးမိုးပေးခဲ့ဖူးသည်။ ကွာခြားချက်ကတော့ ထိုစဉ်က ရှဲ့တုန်းချန်က ကားတံခါးဖွင့်ပေးပြီး အနက်ရောင် ဘန်တလေကားကြီးပေါ်သို့ တင်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ရှဲ့တုန်းချန်က သူ့ထက် ခေါင်းတစ်ဝက်နီးပါး ပိုအရပ်ရှည်ပြီး ထီးကို အမြင့်ကြီး မြှောက်ကိုင်ထားသဖြင့် ရှေ့မြင်ကွင်းကို လုံးဝ မကွယ်စေပါ။ သို့သော် ထီးက မည်မျှပင် ကြီးမားစေကာမူ ယောကျာ်းရင့်မောင်း နှစ်ယောက်ကို မိုးဒဏ်မှ လုံးဝလွတ်ကင်းအောင်တော့ မကာကွယ်နိုင်ချေ။ လမ်းလျှောက်နေရင်း ယူဇီပခုံးက ရှဲ့တုန်းချန်ရဲ့ ခန္ဓာကိုယ်နဲ့ မတော်တဆ ပွတ်တိုက်မိသွားသည်။
ဒီလူ့ဆီက ထွက်လာတဲ့ အနံ့က မဆိုးလှပေ။ သံပရာဆပ်ပြာနံ့ သင်းသင်းလေး...
"သတိထား... ကားလာတယ်!"
ယူဇီ လမ်းပေါ်သို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပဲ သူ့လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ဆွဲဖမ်းလိုက်သည်။
ရှဲ့တုန်းချန်ရဲ့ လက်ဖဝါးက တောင့်တင်းသန်မာလှပြီး အရှိန်ပြင်းပြင်းဖြင့် လှမ်းဆွဲလိုက်ခြင်းကြောင့် ယူဇီ
လက်ကောက်ဝတ်မှာ နာသွားရသည်။ သူ့လက်ဖဝါးက နွေးထွေးနေပြီး ယူဇီအင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
ယူဇီက လှည့်ကြည့်လိုက်တော့မှ ရှဲ့တုန်းချန်က မိမိအမှားကို သတိပြုမိသွားကာ လက်ကို ချက်ချင်း လွှတ်လိုက်တော့သည်။
လက်ကို လွှတ်လိုက်ပြီးနောက်တွင်မူ ရှဲ့တုန်းချန်တစ်ယောက် လမ်းကို ဘယ်လိုဆက်လျှောက်ရမှန်းမသိ ဖြစ်သွားပြီး ခြေလှမ်းတွေပါ မှားကာ လဲလုနီးပါး ဖြစ်သွားရှာသည်။
ယူဇီက သူ့ရဲ့ ပျာပျာသလဲ ဖြစ်သွားတဲ့ မျက်နှာပေးကို မြင်ပြီး ရယ်ချင်စိတ်ကို မနည်းအောင့်အီးထားလိုက်ရသည်။
မိုးက နေ့လယ်ပိုင်းအထိ မစဲသေးပေ။ ရှဲ့တုန်းချန်က မွန်းလွဲနှစ်နာရီခွဲလောက်တွင် အပြင်သို့ ပြန်ထွက်သွားသည်။ ယူဇီသည် သူ ကိုရိုလာ အမည်းလေးပေါ် တက်မောင်းသွားသည်ကို လိုက်ကြည့်နေမိသည်။
ကားလေးက မိုးဖွဲဖွဲကြားထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
သို့သော် ထိုအမည်းရောင် ကားလေးကို ဘယ်လိုပဲကြည့်ကြည့် မျက်စိထဲတွင် တစ်မျိုးကြီး ရင်းနှီးနေသလို ခံစားရသည်။ ကားလေးက ရပ်ကွက်ထဲကနေ ထွက်ခွာသွားပြီး မီးခိုးငွေ့တွေသာ ကျန်ရစ်ခဲ့တဲ့အချိန်ကျမှ... အော်၊ ထိုညက မိုတယ်သို့ သွားရာလမ်းတွင် သူ မြင်တွေ့ခဲ့ရသည့် ကားလေးမှန်း ယူဇီ သတိရသွားတော့သည်။
ဒီလူ ကားမောင်းတာ ဒီလောက် ကျွမ်းကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ အရင်က သူ ဘာလို့ သတိမထားမိခဲ့ပါလိမ့်။
ရှဲ့တုန်းချန်ရဲ့ အိမ်ကလေးက တကယ့်ကို သေးငယ်လှပြီး ဖျော်ဖြေရေးအတွက် တီဗီတစ်လုံးသာ ရှိသည်။ ယူဇီက ဆိုဖာအသေးလေးပေါ်တွင် ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်က မိုးရွာနေသည်ကိုသာ ငေးကြည့်နေမိသည်။
လွန်ခဲ့တဲ့ သုံးလအတွင်း ယူဇီတစ်ယောက် မိမိကိုယ်မိမိ အလုပ်အကျွေးပြုနိုင်ရန် အလုပ်ရှာဖို့ တွေးခဲ့ဖူးသည်။ ယခင်ကမူ သူသည် ယူချင်း စီမံခန့်ခွဲသည့် ဟိုတယ်ရဲ့ မားကက်တင်း (Marketing) ဌာနတွင် အလုပ်လုပ်ခဲ့ဖူးသည်။
သို့သော် လူတိုင်းက သူသည် သူဌေးရဲ့ သားအငယ်ဆုံးမှန်း သိကြသဖြင့် သူ့ကို အရေးပါတဲ့ အလုပ်မျိုး လုံးဝမပေးခဲ့ကြချေ။
သူ အလုပ်သွားရခြင်းမှာ ကစားစရာတစ်ခုလိုဖြစ်ပြီး အချိန်တန်ရင် အိမ်ပြန်ရုံသက်သက်သာ။
ထိုစဉ်က သူသည် ပြည်တွင်းက နာမည်ကြီး စီးပွားရေးတက္ကသိုလ်ကနေ သင်ယူခဲ့သမျှ ပညာရပ်တွေက လက်တွေ့အလုပ်တွင် ဘာမှအသုံးမဝင်ကြောင်း ညည်းတွားခဲ့ဖူးသည်။
သူ့ဦးနှောက်ကို သုံးရသည့် တစ်ခုတည်းသော အလုပ်မှာ— ဘယ်စပျစ်ခြံကထွက်တဲ့ ဝိုင်က ပိုကောင်းလဲ၊ ဘယ်ကော်ဖီစေ့က ပိုပြီး ရနံ့သင်းပျံ့လဲ ဆိုတာကို ရွေးချယ်ပေးရခြင်းသာ ဖြစ်သည်။
မိသားစု စီးပွားရေး ပျက်စီးပြီး ဟိုတယ်ပါ ပိတ်လိုက်ရသည့်အခါတွင်မူ သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံများက တန်ဖိုးမရှိတော့ပေ။ မြောက်ပိုင်းမြို့ (North City) ရှိ နာမည်ရ ကုမ္ပဏီအချို့က သူ့မိသားစုနဲ့ အဆက်အသွယ် ရှိခဲ့ဖူးသည်။ ကုမ္ပဏီနှစ်ခုက မန်နေဂျာအဆင့် အင်တာဗျူးတွင် သူ့ကို သဘောကျခဲ့ကြသော်လည်း နောက်ဆုံးအဆင့် အလုပ်ခန့်စာ (Offer Letter) ပေးခါနီး နောက်ခံသမိုင်းကြောင်းကို စစ်ဆေးလိုက်သည့်အခါတွင်မူ သူ့ကို ဝေးဝေးက ရှောင်ကြဉ်သွားကြတော့သည်။
ယူဇီလည်း နားလည်ပေးနိုင်ပါသည်။ ဘယ်ကုမ္ပဏီကများ မိမိတို့လုပ်ငန်းထဲကို အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အချိန်ကိုက်ဗုံးတစ်လုံးကို အလုပ်ခန့်ထားချင်ပါ့မလဲ။
တကယ်လို့ အဆင်မပြေရင်တော့... ရှဲ့တုန်းချန်လိုပဲ ဒုတိယလက်စွဲ ကားအစုတ်လေးတစ်စီးလောက် ဝယ်ပြီး အွန်လိုင်းတက္ကစီပဲ မောင်းစားရတော့မှာပေါ့။ ယူဇီက စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။
ဗျပ်... ဗျပ်...
သူ့နောက်ဘက်ဆီမှ ရေကူးခတ်သံ သဲ့သဲ့လေး ကြားလိုက်ရသည်။ အသံက အလွန်တိုးသော်လည်း သူ ကောင်းကောင်း ကြားလိုက်ရခြင်း ဖြစ်သည်။
ယူဇီ လှည့်ကြည့်လိုက်သောအခါ တီဗီဘေးတွင် ရှိနေသည့် ငါးကန်လေးကို သတိပြုမိသွားသည်။
မနက်က ဝင်လာတုန်းက သူ သေချာ သတိမထားမိခဲ့သော်လည်း ငါးကန်ထဲတွင် ငါးအသေးလေးတွေ တော်တော်များများ ရှိနေသည်။ ကန်ရေက ကြည်လင်နေပြီး သန့်ရှင်းတဲ့ ရေမှော်ပင်လေးအချို့ အပေါ်တွင် မျောပါနေကာ ကန်အောက်ခြေတွင်မူ အရောင်စုံ ကျောက်ခဲလေးတွေ ခင်းကျင်းထားသည်။ ဘေးနားတွင်လည်း အောက်ဆီဂျင်စက်အသေးလေးတစ်ခု တပ်ဆင်ထားသေးသည်။
ဒီလူက ကြည့်ရတာ ကြမ်းတမ်းရိုးအလှသော်လည်း ငါးမွေးတဲ့နေရာမှာတော့ တော်တော်လေး စိတ်ရှည်လက်ရှည် အားစိုက်ထားပုံရသည်။
ညနေ ခုနစ်နာရီခွဲခန့်တွင် ရှဲ့တုန်းချန်တစ်ယောက် ထုံးစံထက် စောပြီး အလုပ်သိမ်းကာ အိမ်ပြန်ရောက်လာသည်။ ပုံမှန်ဆိုလျှင် သူ ညကိုးနာရီကျော်အထိ ကားမောင်းလေ့ရှိသည်။
သို့သော် ယနေ့တွင် အိမ်မှာ လူတစ်ယောက် စောင့်နေသည်ကို သတိရမိသဖြင့် နှောင့်နှေးခြင်းမရှိဘဲ အော်ဒါအက်ပ် (App) ကို ပိတ်ကာ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ရှဲ့တုန်းချန် အိမ်ထဲဝင်လာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မီးများလည်း ပိတ်ထားသည်။ သူ အိမ်ထဲသို့ ခြေလှမ်းအနည်းငယ် လှမ်းဝင်လိုက်ပြီးမှ ယူဇီတစ်ယောက် ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
ရှဲ့တုန်းချန်က ခါးကိုအသာညွှတ်ပြီး ယူဇီ့ရဲ့ အိပ်ပျော်နေတဲ့ မျက်နှာလေးကို ငေးကြည့်နေမိသည်။
ယူဇီက ပုံမှန်ဆိုလျှင် ခပ်ထန်ထန် ပုံစံမျိုး ရှိတတ်သော်လည်း ထိုခပ်ထန်မှုက သူ့ရဲ့ ထင်ရှားပြတ်သားလွန်းတဲ့ မျက်နှာကျကြောင့်သာ ဖြစ်သည်။ သူ့မျက်လုံးတွေက ရှည်မြောမြောရှိပြီး မျက်တောင်တွေက ထူထူထဲထဲ မဟုတ်သော်လည်း အလွန်ရှည်လျားသည်။
မျက်လုံးလေးတွေ မှိတ်ထားတဲ့ အချိန်မှာတော့ သူ့ရဲ့ ခက်ထန်မှုတွေ အကုန်ပျောက်ကွယ်သွားပြီး ကြည့်ရတာ နူးညံ့သိမ်မွေ့တဲ့ ပုံစံလေး ပေါက်နေတော့သည်။
"ယူ..." သူ နာမည်တစ်လုံးကို ရေရွတ်လိုက်မိရုံရှိသေးသည်။
ဆိုဖာပေါ်က လူက မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လာပြီး ဝေဝေဝါးဝါး မျက်ဝန်းအစုံဖြင့် ငေးမောကြည့်လာသည်။
ရှဲ့တုန်းချန် စိတ်ထဲတွင် ရုတ်တရက် ထိတ်ကနဲ ဖြစ်သွားပြီး ဘာဆက်ပြောရမှန်း မသိတော့ချေ။
"အလုပ်သိမ်းပြီလား" ယူဇီက အရင်ဆုံး စကားစလိုက်သည်။
"အင်း..." ထိုအခါမှ ရှဲ့တုန်းချန်က သူ ဘာယူလာတာကို သတိရသွားပြီး ခြေရင်းနားက ပလတ်စတစ်အိတ်ကို မကာ ယူဇီကို ပြလိုက်သည်။ "ကျွန်တော် ဟင်းချက်စရာတွေ ဝယ်လာတယ်။ ဒီည အိမ်မှာပဲ ချက်စားကြမယ်"
ယူဇီက ထထိုင်လိုက်ပြီးမှ မိမိကိုယ်မိမိ ကုတ်အင်္ကျီကြီးအတိုင်း အိပ်ပျော်သွားခဲ့မိမှန်း သတိပြုမိသွားသည်။ အင်္ကျီအနားသတ်တွေမှာ တွန့်ကြေလို့နေချေပြီ။
သူသည် ဆိုဖာပေါ်မှ အမြန်ထကာ ကုတ်အင်္ကျီကြယ်သီးတွေကို ဖြုတ်ပြီး ချွတ်လိုက်ရာ အတွင်းက ရှပ်အင်္ကျီလေး ပေါ်လာသည်။ ရှပ်အင်္ကျီက ဖဲသား (Satin) ဖြစ်ပြီး ခါးပတ်ထဲသို့ သေသေသပ်သပ် ထည့်ဝတ်ထားသဖြင့် သူ့ရဲ့ လှပကျနတဲ့ ခါးအချိုးအစားကို ပေါ်လွင်စေသည်။
ယူဇီက ပိန်လှီသောသူ မဟုတ်ပေ။ အမှန်တော့ သူ့တွင် ကျန်းမာသန်စွမ်းတဲ့ ကြွက်သားအချိုးအစား ရှိသည်။ သို့သော် နှစ်ပေါင်းများစွာ စည်းစိမ်ရှိရှိ နေထိုင်ခဲ့မှုကြောင့် သူ့အသားအရေက အသက်တူ ယောကျာ်းရင့်မောင်းတွေထက် ပိုမိုနူးညံ့ချောမွေ့နေခြင်း ဖြစ်သည်။
သူ လှည့်ကြည့်လိုက်သောအခါ ရှဲ့တုန်းချန်က သူ့ကို တစ်ချက်မမှိတ်ဘဲ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
"အော်... ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ဘူး" ရှဲ့တုန်းချန်က ကပျာကယာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
"မင်းအိမ်မှာ အင်္ကျီမီးပူတိုက်တဲ့ အခိုးအမြှုပ်စက် (Steamer) ရှိလား" ယူဇီက လှည့်မေးလိုက်သည်။
"မရှိဘူးဗျ၊ ကျွန်တော်ကတော့ ပုံမှန်ဆို မလိုလို့..."
ယူဇီ တွေးကြည့်ပြီးမှ နားလည်ပေးလိုက်သည်။ သူသည် အင်္ကျီချိတ်တစ်ခုကိုသာ ရှာဖွေပြီး သူ့ရဲ့ ကုတ်အင်္ကျီကို ချိတ်ဆွဲထားလိုက်တော့သည်။
အစပိုင်းတွင်မူ ယူဇီသည် ဒီညစာအပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။ သူ့ရှေ့က လူက ကြည့်ရတာ သိပ်ပြီးစေ့စပ်သေချာမယ့်ပုံ မဟုတ်တာကြောင့် အသင့်စား ခေါက်ဆွဲခြောက်ထုပ်ကို အဆင်ပြေပြေ ချက်ပေးနိုင်ရင်ပဲ တော်လှပြီဟု တွေးခဲ့မိသည်။
သို့သော် နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ရှဲ့တုန်းချန်က မီးဖိုချောင်ထဲကနေ ဟင်းနှစ်ခွက်နဲ့ စွပ်ပြုတ်တစ်ခွက်ကို သယ်ဆောင်လာခဲ့သည်။ ထိုအခါမှ ယူဇီတစ်ယောက် မိမိ စောစီးစွာ ကောက်ချက်ချမိသွားမှန်း သိလိုက်ရတော့သည်။
ယူဇီက မေးလိုက်သည်။ "မင်း ပုံမှန်ဆို တစ်ယောက်တည်းပဲ နေတာလား"
ရှဲ့တုန်းချန်က ခေါင်းညိတ်သည်။ "ဟုတ်တယ်၊ လောလောဆယ်တော့"
လောလောဆယ်တော့ ဟုတ်လား... ယူဇီက စိတ်ထဲက တွေးလိုက်မိသည်။ ဒီစကားနောက်ကွယ်မှာ ဇာတ်လမ်းတစ်ပုဒ် ရှိနေပုံရသည်။ သို့သော် သူတစ်ပါးရဲ့ လျှို့ဝှက်ချက်ကို လိုက်လံစပ်စုလိုစိတ် မရှိသဖြင့် ဆက်မမေးတော့ပေ။
ညစာစားပြီးနောက် ရှဲ့တုန်းချန်က သူ့ရဲ့ ပွယောင်းလှတဲ့ တီရှပ်ကြီးကို အသာချွတ်လိုက်ပြီး တီဗီဘေးက ငါးကန်ကို သန့်ရှင်းရေးလုပ်ရန် သွားလိုက်သည်။
သူ့အတွင်းတွင် ကြပ်ထုပ်နေသည့် မီးခိုးဖျော့ရောင် လက်ပြတ်စွပ်ကျယ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး အင်္ကျီသားက ဟောင်းနွမ်းနေကာ နှစ်ပေါင်းများစွာ ဝတ်ဆင်ထားပုံရသည်။
သူက ငါးတွေကို ကြည့်ဖို့ ခါးကို ညွှတ်လိုက်တဲ့အခါ သူ့ရဲ့ ရှည်လျားဖြောင့်စင်းတဲ့ ခြေတံတွေ၊ စွပ်ကျယ်အင်္ကျီအောက်က တင်းကျပ်နေတဲ့ ခါးအချိုးအစားနဲ့ လှပမို့မောက်နေတဲ့ တင်ပါးဆုံတွေက ပေါ်လွင်နေတော့သည်။ ဤကဲ့သို့ ခန္ဓာကိုယ်အချိုးအစားမျိုးကို ဂျင် (Gym) ထဲမှာတောင် တွေ့ရခဲလှသည်။
ယူဇီက သူ့ရဲ့ နောက်ကျောပြင်ကို ကြည့်ရင်း မနေနိုင်ဘဲ စိတ်ထဲကနေ ကျိတ်ပြီး သက်ပြင်းချလိုက်မိသည်။
ဟူး... ဒီကောင်ရဲ့ ခါးကသာ ခြေထောက်တွေနဲ့ တွယ်ဖက်ထားရင် တကယ့်ကို အားကောင်းမယ့်ပုံပဲ။
အရင်ကဆိုရင်တော့ သူသည် ငွေစက္ကူအထပ်လိုက်ကို ထုတ်ပြီး သူ့အင်္ကျီကြားထဲ ထိုးထည့်ပေးလိုက်မိမှာ သေချာသည်။
ဒါပေမဲ့ အခုအချိန်မှာတော့ သူ့အိတ်ကပ်ထဲမှာ ငွေစက္ကူတစ်ရွက်တောင် မရှိသည့်အပြင် ဒီရက်ပိုင်းအတွင်း ဒီလူ့အပေါ်မှာပဲ မှီခိုပြီး အသက်ဆက်ရဦးမည် ဖြစ်သည်။ ဒါကို တွေးမိရင်းက သူ့ရဲ့ စိတ်အလိုဆန္ဒတွေအားလုံး ပျောက်ကွယ်သွားရတော့သည်။
လူတွေပြောကြတာ တကယ်မမှားပါဘူး... 'ဝတ်နိုင်စားနိုင်ပြီး အအေးအပူလွတ်ကင်းတဲ့ အချိန်ကျမှပဲ ကာမရာဂစိတ် ဆိုတာ ပေါ်လာတတ်တာ' ကိုး။
"ဒါက ဘာငါးလဲ" ယူဇီက သူ့ဘေးနားတွင် သွားရပ်ရင်း မေးလိုက်သည်။
"ဒေါင်းငါး (Peacock fish) လေ" ရှဲ့တုန်းချန်က စုပ်တံလေးကိုသုံးပြီး ငါးကန်ထဲက အညစ်အကြေးတွေကို သန့်ရှင်းရေးလုပ်ရင်း သေသေချာချာ ပြန်ဖြေရှာသည်။
ယူဇီက ကန်ထဲက ငါးအုပ်လေးတွေကို ငုံ့ကြည့်လိုက်သည်။ ဒီနာမည်က တကယ့်ကို လိုက်ဖက်လှသည်ဟု သူတွေးမိသည်။ ငါးလေးတွေက သေးငယ်ပြီး မီးခိုးရောင်သန်းနေသော်လည်း သူတို့ရဲ့ အမြီးတွေကမူ အရောင်အသွေးစုံလင်လှပြီး ဝတ်စုံရှည်ကြီးကို မြေမှာ ဒရွတ်တိုက် ဆွဲသွားသလိုမျိုး ကြီးမားလှပလွန်းလှသည်။
ယူဇီတစ်ယောက် စကားမပြောဘဲ ငြိမ်နေသည်ကို မြင်သဖြင့် ရှဲ့တုန်းချန်က သူ နားမလည်ဘူးအမှတ်နဲ့ မျက်နှာလွှဲကြည့်ကာ ထပ်ဖြည့်ပြောလိုက်သည်။
"ဒီငါးလေးတွေက ကြည့်လို့လည်း လှသလို၊ မွေးရတာလည်း တကယ့်ကို လွယ်ကူတယ်ဗျ"
LOGIN