အခန်း ၅
Viewers 25


အဲဒီညက ရှဲ့တုန်းချန်ကပဲ အရင်ဆုံး ရေဝင်ချိုးခဲ့သည်။ ပုံမှန်ဆိုရင် သူက အပေါ်အင်္ကျီဗလာကျင်းနဲ့ ရေချိုးခန်းထဲက ထွက်လာတတ်ပေမယ့် ဒီနေ့တော့ အိမ်မှာ လူစိမ်းတစ်ယောက် ရှိနေတာကြောင့် ရေချိုးခန်းထဲမှာတင် တီရှပ်တစ်ထည်ကို သေသေချာချာ စွပ်ပြီးမှ ထွက်လာခဲ့၏။


"ကျွန်တော် ချိုးလို့ပြီးပြီ၊ မင်း ဝင်တော့လေ..."


ယူဇီမှာ ကိုယ်ပိုင်ရေချိုးအသုံးအဆောင် ဘာမှပါမလာ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဟိုတယ်ကပေးတဲ့ ပစ္စည်းတွေနဲ့ပဲ ဖြစ်သလို နှိုက်သုံးလာခဲ့ရတာ ဖြစ်သည်။ သူ ရေချိုးခန်းထဲ ရောက်သွားတဲ့အခါ စင်ပေါ်မှာ သံပုရာနံ့သင်းနေတဲ့ အဝါရောင် ဆပ်ပြာခဲတစ်ခဲတည်း သီးသန့်ကြီး ရှိနေတာကို တွေ့လိုက်ရ၏။


သူ တံခါးကို အသာဟပြီး ခေါင်းလေးပြူထွက်ကာ မေးလိုက်သည်။


"ဆပ်ပြာရည် (Body wash) ကော မရှိဘူးလား။"


ရှဲ့တုန်းချန်က ဆပ်ပြာခဲကို လက်ညှိုးထိုးပြရင်း —

"အဲဒါပဲ။"


"မျက်နှာသစ်ဆေးကော။"


"ဒါပါပဲ။"


"လက်ဆေးဆပ်ပြာကော။"


"အင်း... အဲဒါပဲလေ။"


ယူဇီက အဝိုင်းချောချော ဆပ်ပြာခဲလေးကို ကြည့်ပြီး ငေးခနဲ ဖြစ်သွားရသည်။


"ခေါင်းလျှော်ရည်ကော။"


ရှဲ့တုန်းချန်က သူ့ရဲ့ ကတုံးကေ (Buzz cut) ခေါင်းတိုတိုလေးကို လက်နဲ့ပွတ်ရင်း အားနာသလို လေသံဖြင့် —

"ဟို... အဲဒါလည်း အဲဒီဆပ်ပြာခဲပဲ။"


ကျဉ်းမြောင်းတဲ့ ရေချိုးခန်းလေးထဲမှာ ဆယ်စက္ကန့်လောက် လုံးဝ တိတ်ဆိတ်သွားရ၏။ ယူဇီတစ်ယောက် အိုင်တီလောကက အလွန်အမင်း ရိုးရှင်းစွာ နေထိုင်တတ်တဲ့ ဘီလျံနာအချို့နဲ့ ဆုံဖူးခဲ့ပေမယ့် ဒီလောက်အထိ အစွန်းထွက်အောင် ရိုးရှင်းလွန်းသူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။


သူ စိတ်ထဲကနေ 'ဒီလူ့ကိုသာ လူသူမရှိတဲ့ ကျွန်းလွတ်တစ်ခုပေါ် ပစ်ချထားရင် ဒီဆပ်ပြာတစ်ခဲတည်းနဲ့ အသက်ရှင်နိုင်မလား' ဟုပင် တွေးတောမိသွားသည်။


"မနက်ဖြန်ကျရင် ကျွန်တော် မင်းကို စူပါမားကတ် လိုက်ပို့ပေးရမလား" ဟု ရှဲ့တုန်းချန်က အကဲခတ်သလို လေသံဖြင့် လှမ်းမေးလာသည်။


ယူဇီက ခေါင်းညိတ်ပြလိုက်ရုံမှတစ်ပါး အခြားမရှိ။ ရှဲ့တုန်းချန် ရေချိုးခန်းအပြင်ဘက် ထွက်သွားတာကို ကြည့်ပြီးနောက် သူလည်း ကံကြမ္မာကို အရှုံးပေးလိုက်ရတော့သည်။ ရေပန်းကိုဖွင့်ပြီး ဆပ်ပြာခဲကို လက်ဖဝါးထဲထည့်ကာ အသာအယာ ပွတ်သပ်လိုက်မိ၏။


လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ ဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ ခြောက်လလောက်ကပဲ ဖြစ်ဖြစ်... သူဟာ အခြားအမျိုးသားတစ်ယောက်နဲ့ ဆပ်ပြာတစ်ခဲတည်းကို အတူမျှဝေသုံးစွဲရလိမ့်မယ်လို့ အိမ်မက်ထဲတောင် ထည့်မမက်ဖူးခဲ့ချေ။


နာရီဝက်ခန့်ကြာတော့ ယူဇီတစ်ယောက် ရေချိုးပြီးသွားသဖြင့် ကိုယ်ခန္ဓာကို ခြောက်အောင်သုတ်ကာ စင်ပေါ်က အိပ်စက်ရာတွင် ဝတ်ဆင်မည့် ညအိပ်အင်္ကျီကို လှမ်းယူလိုက်သည်။


 သို့သော် ဝတ်ဆင်ပြီးသည့်နောက်မှ အင်္ကျီအောက်နားတွင် ကြီးမားသော ဆီကွက်ကြီးတစ်ခု စွန်းထင်းနေသည်ကို သတိထားမိသွား၏။


ခဏမျှ စဉ်းစားကြည့်လိုက်တော့မှ မိုတယ်က ညစ်ပတ်စုတ်ပြတ်နေတဲ့ ရေချိုးခန်းထဲမှာ စွန်းပေလာခဲ့ခြင်း ဖြစ်ရမည်ဟု သဘောပေါက်သွားသည်။ သူ ခေါင်းကို တဘက်နဲ့သုတ်ရင်း ရေချိုးခန်းထဲက ထွက်လာခဲ့သော်လည်း အင်္ကျီက ကပ်စေးစေးနှင့် နေရထိုင်ရ ပို၍ အဆင်မပြေဖြစ်လာ၏။


သူ ခဏမျှ တွေဝေသွားပြီးမှ ဧည့်ခန်းထဲမှာ ငါးကန်ကို အလုပ်ရှုပ်နေတဲ့ ရှဲ့တုန်းချန်ကို လှမ်းမေးလိုက်သည်။

"မင်းမှာ ညအိပ်အင်္ကျီ ရှိလား။"


ရှဲ့တုန်းချန်က လှည့်ကြည့်လာပြီး —

"ညအိပ်အင်္ကျီ ဟုတ်လား။"


"အင်း။"


ရှဲ့တုန်းချန်မှာ ညအိပ်အင်္ကျီဟူသော ပစ္စည်းမျိုး လုံးဝမရှိချေ။ အပြင်သွားရင် လက်လှမ်းမှီရာ ကောက်ဝတ်တတ်သလို အိမ်မှာ အိပ်ရင်လည်း အင်္ကျီဗလာကျင်းနဲ့သာ အိပ်လေ့ရှိသူ ဖြစ်သည်။


သူက ခေါင်းကို ကုတ်ရင်း အိပ်ခန်းထဲသို့ဝင်ကာ အတန်ကြာ မွှေနှောက်ရှာဖွေပြီးနောက် တီရှပ်တစ်ထည် ယူလာပေးသည်။

"ဒါ အဆင်ပြေမလား။"


ယူဇီက လက်နဲ့ စမ်းကြည့်လိုက်ရာ သူ့ရဲ့ ညအိပ်အင်္ကျီလောက် အသားမအိသော်လည်း ဝတ်၍တော့ ရနိုင်ပါသည်။

"ဘောင်းဘီကော။"


ရှဲ့တုန်းချန်က အခန်းထဲ ပြန်ဝင်သွားပြီး ဘီရိုအောက်ခြေအထိ ထပ်မံမွှေနှောက်ပြီးနောက် ဘတ်စကတ်ဘော ကစားရာတွင် ဝတ်ဆင်သည့် ဘောင်းဘီတိုတစ်ထည်ကို ဆွဲထုတ်ပေးလာသည်။

"ကျွန်တော့်မှာ ဒါပဲ ရှိတော့တယ်။"


ယူဇီက အဝတ်အစားတွေကို ယူပြီး ရေချိုးခန်းထဲ ပြန်ဝင်သွားကာ နှစ်မိနစ်ခန့်အကြာတွင် ပြန်ထွက်လာခဲ့၏။


အင်္ကျီကတော့ ဝတ်လို့ရရုံတင်မကဘဲ နည်းနည်း ပွပွယောင်ယောင်လေး ဖြစ်နေသည်။ သို့သော် ယူဇီခါးက သေးကျဉ်လွန်းပြီး ရှဲ့တုန်းချန်၏ ဘောင်းဘီက ကြီးလွန်းနေသဖြင့် တင်ပါးပေါ်တွင် မတင်မကျသာ ရှိနေပြီး ခြေလှမ်းကျယ်ကျယ် လှမ်းလိုက်သည်နှင့် ကျွတ်ကျသွားမည့်အတိုင်း ဖြစ်နေ၏။


ယူဇီကတော့ ဂရုမစိုက်ပါ။ သူက ရှဲ့တုန်းချန်ရဲ့ ရှေ့တည့်တည့်မှာတင် ရပ်ပြီး အင်္ကျီအောက်နားကို အသာမကာ ဘောင်းဘီခါးပတ်ကြိုးကို သေသေချာချာ ဆွဲချည်လိုက်သည်။ ကြိုးကို အထပ်ထပ် အထုံးချည်လိုက်ပြီးမှ ခါးနဲ့ ကွက်တိ ဖြစ်သွားတော့၏။


ရှဲ့တုန်းချန်က သူ့ကို တစ်ချက်လှမ်းကြည့်ပြီး မျက်လုံးကို အမြန်လွှဲပစ်လိုက်သော်လည်း စက္ကန့်ပိုင်းမျှအကြာတွင် မနေနိုင်ဘဲ နောက်တစ်ကြိမ် ခိုးကြည့်မိပြန်သည်။


သူ့ရဲ့ လည်စိက အသာအယာ လှုပ်ရှားသွားပြီးမှ စကားလမ်းကြောင်းလွှဲသည့်အနေဖြင့် —


"မင်းရဲ့ ညအိပ်အင်္ကျီကို ကျွန်တော် လျှော်ပေးရမလား။"


သူက ဝရံတာမှာရှိတဲ့ အစိမ်းနုရောင် အပေါ်ဖွင့် အဝတ်လျှော်စက်လေးကို လက်ညှိုးထိုးပြသည်။


"မလိုဘူး။ ဒါက အဝတ်လျှော်စက်ထဲ ထည့်လျှော်လို့မရဘူး"

 ဟု ယူဇီက တိုက်ရိုက်ပင် ငြင်းပယ်လိုက်၏။ 


သူက အမှန်အတိုင်း ပြောခြင်း ဖြစ်သည်။ သူ့ရဲ့ အဝတ်အစား အများစုဟာ အဝတ်လျှော်စက်နဲ့ လျှော်လို့မရတဲ့ အကောင်းစားတွေချည်း ဖြစ်သည်။


"ဒီနားမှာ အခြောက်လျှော်ဆိုင် (Dry cleaner) ကော ရှိလား။"


"မရှိဘူး။"


ဒီအဖြေကို ကြားလိုက်ရပြီးနောက် ယူဇီ ခဏမျှ ဆွံ့အသွားရသည်။ သူ ဟိုတယ်မှာ တည်းခိုစဉ်ကဆိုလျှင် အခန်းဝန်ဆောင်မှု (Room service) ကို ခေါ်ပြီး အဝတ်လျှော်ခိုင်းရုံသာ ဖြစ်သည်။ အခုတော့ ဒီရက်ပိုင်းအတွင်း အဝတ်အစားတွေ ဆက်မဝတ်ဘဲ နေလို့မှ မရနိုင်တာ။


ရှဲ့တုန်းချန်ကတော့ တစ်ခါတစ်ရံတွင် လူရိပ်လူခြေကို မြန်မြန်ဆန်ဆန် သဘောပေါက်တတ်ပြီး ယခုလည်း အကြံပြုလာ၏။


"ဒါမှမဟုတ် အိမ်မှာနေရင်း ဝတ်ဖို့ ကျွန်တော့်အင်္ကျီတွေကိုပဲ ဝတ်ထားလိုက်မလား။ မင်းရဲ့ အဖိုးတန်အင်္ကျီတွေကိုတော့ အပြင်သွားတဲ့အခါမှပဲ ဝတ်ပေါ့။"


ယူဇီက စဉ်းစားကြည့်ရာ အဓိပ္ပာယ်ရှိလှသဖြင့် ခေါင်းညိတ်လိုက်သည်။


မကြာမီမှာပင် ယူဇီ့ထံသို့ တီရှပ်နှစ်ထည်၊ ဘတ်စကတ်ဘော လက်ပြတ်အင်္ကျီတစ်ထည်နှင့် အောက်နားကို နှစ်ခေါက်လောက် လိပ်တင်ရမည့် ဘောင်းဘီရှည်တစ်ထည် ရောက်ရှိလာတော့သည်။


ရှဲ့တုန်းချန်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ မွေ့ရာခင်းပြီး အိပ်ရာပြင်ပေးထားပြီး ဖြစ်သည်။ ထို့နောက် သူက အိပ်ခန်းတံခါးကို ဖွင့်ပေးရင်း —


"အိပ်ခန်းထဲက ပစ္စည်းတွေကို စိတ်ကြိုက်သုံးနော်။ ကုတင်ဘေးမှာ ပလပ်ပေါက်ရှိတယ်၊ မီးခလုတ်လည်း အဲဒီမှာပဲ။"


ယူဇီက သူ့ရဲ့ ခရီးဆောင်သေတ္တာထဲကနေ သူ အနှစ်သက်ဆုံး ရေမွှေးပုလင်းလေးကို ထုတ်လိုက်ရာ အောက်ခြေနားတင် ကျန်တော့သည့် ဝက်ဝံပုလင်းလေးကို တွေ့ရသည်။ ပုံမှန်ဆိုလျှင် သူက နှစ်ချက်လောက် ဆွတ်တတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ တစ်ချက်တည်းသာ အသာအယာ ဆွတ်ပြီး ပြန်သိမ်းလိုက်၏။


ရှဲ့တုန်းချန်ရဲ့ အိပ်ရာခင်းတွေက အသစ်စက်စက် လျှော်ဖွတ်မီးပူတိုက်ထားသလိုမျိုး တစ်ချက်လေးပင် မတွန့်ဘဲ ချောမွေ့နေသည်။ ယူဇီက အိပ်ရာပေါ်သို့ အသာအယာ လှဲချလိုက်တဲ့အခါ အဝတ်လျှော်ဆပ်ပြာဆီရဲ့ သင်းပျံ့ပျံ့အနံ့ကို ရရှိလိုက်၏။


သူ သိပ်ကြိုက်တဲ့ အနံ့မျိုး မဟုတ်ပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စရာ အနံ့မျိုးတော့လည်း မဟုတ်ချေ။


မိုတယ်မှာ တုန်းက သူ ကောင်းကောင်းမအိပ်ခဲ့ရသဖြင့် ဒီနေ့ညတော့ ကောင်းကောင်း အိပ်ပျော်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း လက်တွေ့မှာမူ ကွဲပြားခြားနားနေသည်။ 


သူ နှစ်သက်တဲ့ ရေမွှေးကို ဆွတ်ထားပြီး မီးရောင်ကို ကွယ်ရန် ပိုးသားမျက်လုံးစီးပုဝါကို အသုံးပြုထားသော်လည်း ဘယ်ပြန်ညာပြန် လူးလိမ့်နေရင်း အိပ်မပျော်နိုင်ဖြစ်နေရ၏။


ယူဇီက ငယ်ငယ်ကတည်းက အိပ်ရာစိမ်းဆိုလျှင် ဂျီကျတတ်သူ ဖြစ်သည်။ ခရီးသွားရင်ဖြစ်ဖြစ်၊ အပန်းဖြေဟိုတယ်တွေမှာ တည်းရင်ဖြစ်ဖြစ် သူ သုံးနေကျ ကိုယ်ပိုင်အိပ်ရာခင်းတွေကို အမြဲ သယ်ဆောင်သွားလေ့ရှိသည်။


နှမြောစရာကောင်းတာက... သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သူ့ရဲ့ မိထွေးနဲ့ ယူချင်းတို့က အိမ်ကနေ မောင်းထုတ်စဉ်ကတည်းက အကုန်လုံး သိမ်းကျုံးယူဆောင်သွားခဲ့ကြပြီး သူ့အတွက် ဘာတစ်ခုမှ ချန်မထားခဲ့ခြင်း ဖြစ်သည်။


မှောင်မိုက်နေတဲ့ ညဉ့်နက်သန်းခေါင်မှာ မျက်လုံးမှိတ်ထားရင်း အပြင်က ကြောင်ရိုင်းတွေရဲ့ အော်သံနဲ့ သစ်ရွက်ကြွေသံတွေကို သူ ကြားနေရ၏။ လေတိုက်လို့ သစ်ရွက်တွေ ရှဲရှဲမြည်နေတဲ့အသံက သူ့ရဲ့ ကိုယ်ခန္ဓာကို ပေါ့ပါးသွားစေပြီး ဆောင်းဦးရဲ့ အအေးဓာတ်ထဲမှာ လွင့်မျောနေတဲ့ သစ်ရွက်ခြောက်တစ်ရွက်လို ခံစားရစေသည်။


သူ့ရဲ့ မှတ်ဉာဏ်ထဲမှာတော့ မြို့နောက်ဘက် ဆင်ခြေဖုံးက သီးခြားဗီလာအိမ်ကြီးဟာ အလွန်အမင်း တိတ်ဆိတ်အေးချမ်းခဲ့ပြီး လုံခြုံရေးလည်း တင်းကျပ်လှသည်။ အဲဒီတုန်းက သစ်ရွက်တွေတောင် ငြိမ်သက်နေပြီး ဘာအသံမှ ထွက်မလာခဲ့ချေ။ ငယ်စဉ်ကတော့ အဲ့သလို နေ့ရက်တွေကို ပျင်းစရာကောင်းလှသည်ဟု ထင်ခဲ့မိသော်လည်း အခုမှပဲ သူ့ရဲ့ အရင်က မရင့်ကျက်မှုကို နားလည်လိုက်ရတော့သည်။


မည်သည့်နှောင့်ယှက်မှုမှမရှိတဲ့ ငြိမ်သက်အေးချမ်းမှုဆိုတာ... တကယ်တော့ ငွေကြေးနဲ့ တည်ဆောက်ထားရတဲ့ ငြိမ်းချမ်းမှုမျိုးသာ ဖြစ်သည်။


ယူဇီက ငယ်ငယ်တုန်းက ရှန်းပင်းကို သူ့ရဲ့ နာမည်က ဘာလို့ 'ဇီ' (ခရီးသွားခြင်း သို့မဟုတ် အလျင်စလိုဖြစ်ခြင်း) ဖြစ်ရတာလဲလို့ မေးဖူးသည်။ အဲဒီတုန်းက ရှန်းပင်းက သူဟာ ခရီးသွားနေစဉ်အတွင်း အလျင်စလိုနဲ့ မွေးဖွားလာခဲ့ရလို့ ဖြစ်ကြောင်း ပြောပြခဲ့ဖူး၏။


နှစ်အနည်းငယ် ကြာပြီးနောက် ဒီလို ညဉ့်နက်သန်းခေါင်ယံအချိန်ကျမှပဲ... ယူဇီတစ်ယောက် သူ့ရဲ့ ကံကြမ္မာဟာ ရှေးကတည်းက ပြဋ္ဌာန်းပြီးသား ဖြစ်နေတာကို အပြည့်အဝ သဘောပေါက်လိုက်ရတော့သည်။


ကောင်းကင်ဘုံက သူ့ကို ဘဝရဲ့ နောက်ပိုင်းသက်တမ်းမှာ ရည်ရွယ်ချက်မရှိ လွင့်မျောအခြေမဲ့စေရန် ဖန်တီးထားခဲ့တာ ဖြစ်ရမည်။


နောက်တစ်နေ့ မနက်တွင် ရှဲ့တုန်းချန်က စောစောစီးစီး အပြင်ထွက်သွားပြန်သည်။ ယူဇီ နိုးလာတဲ့အချိန်မှာ အိမ်တစ်ခုလုံး တိတ်ဆိတ်လို့နေ၏။


ကုတင်ရဲ့ တစ်ဖက်မျက်နှာချင်းဆိုင်မှာ စာရေးစားပွဲအသေးလေးတစ်ခု ရှိပြီး ဓာတ်ပုံမှန်ဘောင်တစ်ခု တင်ထားသည်။ ယူဇီက အနားသို့ လျှောက်သွားပြီး တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ယူပြီး ဖွင့်ကြည့်ဖို့အထိတော့ လက်မလှမ်းမိခဲ့ချေ။


သူ ဧည့်ခန်းထဲသို့ လှမ်းဝင်လိုက်တဲ့အခါ ဆိုဖာပေါ်မှာ တင်ထားတဲ့ စာတိုလေးတစ်စောင်ကို တွေ့သဖြင့် ကောက်ယူဖတ်ကြည့်လိုက်သည်။


"မီးဖိုချောင်ထဲမှာ ဆန်ပြုတ် ပြုတ်ထားတယ်။"


ယူဇီ မီးဖိုချောင်ထဲဝင်ပြီး မီးဖိုပေါ်က အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ ဆန်ပြုတ်အိုးကို တကယ်ပဲ တွေ့ရသည်။ သို့သော် သူက မနက်ခင်းမှာ ကာဗိုဟိုက်ဒရိတ် (Carbohydrate) အများကြီး စားလေ့မရှိတာကြောင့် ပန်းကန်လုံးအသေးလေးထဲ တစ်ဝက်လောက်ပဲ ခပ်ထည့်ပြီး သောက်လိုက်၏။


ထမင်းစားပွဲမှာ ထိုင်ရင်း ခြေထောက်နှစ်ဖက်ကို ရင်ခွင်ထဲအထိ ဆွဲကပ်ထားမိသည်။ မြောက်ဘက်မျက်နှာစာ ဧည့်ခန်းက ပြတင်းပေါက်က အနည်းငယ် ဟနေတာကြောင့် မနက်ခင်းရဲ့ လေအေးတွေက ကြားညှပ်ပြီး တိုးဝင်နေ၏။


သူက ရှဲ့တုန်းချန်ရဲ့ ဘောင်းဘီတိုကို ဝတ်ထားဆဲဖြစ်ရာ လေတိုက်လိုက်တိုင်း ဘောင်းဘီအောက်နားက လန်တက်သွားသဖြင့် ခြေထောက်ကို ပိုပြီး ကျုံ့ထားလိုက်မိသည်။


"ချမ်းလိုက်တာ..."


ဒီနှစ်က ဘာလို့ ဒီလောက်အထိ စောစောစီးစီး အေးလာရတာလဲ။ ယူဇီ ထိုင်နေရာကထပြီး ဘောင်းဘီရှည်တစ်ထည် လဲဝတ်လိုက်တော့သည်။


အပေါ်ယံကြည့်ရသရွေ့တော့ ရှဲ့တုန်းချန်က သူ ဘယ်လောက်ကြာကြာ နေနေ စိတ်ထဲထားမည့်ပုံမပေါ်သော်လည်း ယူဇီကတော့ ဒီနေရာမှာ အကြာကြီး မခိုလှုံချင်ပါ။ သူဟာ သူတစ်ပါးအပေါ် မှီခိုနေရတဲ့ ခံစားချက်မျိုးကို အလွန် မုန်းတီးသူ ဖြစ်သည်။


ဘောင်းဘီလဲပြီးနောက် ဖုန်းကိုဖွင့်ပြီး အမြန်ဆုံး ပြောင်းရွှေ့နေထိုင်နိုင်မည့် အခြားနေရာတစ်ခုကို ရှာဖွေရန် စဉ်းစားလိုက်၏။ ရှဲ့တုန်းချန် အိမ်ပြန်လာမှာကို နေ့တိုင်း ဘာအသုံးမကျတဲ့လူလိုမျိုး ထိုင်စောင့်နေရတာက မဖြစ်သင့်တဲ့ကိစ္စ မဟုတ်ပါလား။


ယူ မိသားစု စီးပွားရေး ပျက်စီးသွားပြီးနောက်ပိုင်း ယူဇီတစ်ယောက် အဝေးမှတော်စပ်တဲ့ အဒေါ်တစ်ယောက်ဆီကိုပဲ ဆက်သွယ်ဖူးခဲ့သည်။ အဲဒီတုန်းက အဒေါ်ဖြစ်သူက အကူအညီလိုရင် ဆက်သွယ်ပါဦးဟု ယဉ်ကျေးပျူငှာစွာ ပြောခဲ့ဖူးသော်လည်း နောက်ပိုင်းမှာတော့ လုံးဝ သတင်းအစအန ပျောက်ချက်သားကောင်းသွားခဲ့သည်။ ယူဇီလည်း မာနရှိသူမို့ ထပ်ပြီး အောက်ကျို့မမေးမြန်းချင်ခဲ့ချေ။


သူ့ရဲ့ လက်ချောင်းလေးက ဖုန်းထဲက အဆက်အသွယ်စာရင်း (Contact list) ပေါ်မှာ ခဏမျှ ဝဲလည်နေပြီးမှ အဒေါ်ဖြစ်သူရဲ့ နာမည်ကို ရှာတွေ့ကာ ဖုန်းခေါ်ဆိုမှုခလုတ်ကို နှိပ်လိုက်သည်။


 သို့သော် ဖုန်းသုံးချက်လောက် မြည်ပြီးတဲ့နောက်မှာပဲ သူကိုယ်တိုင် အရင်ဆုံး ဖုန်းချပစ်လိုက်မိ၏။


အဲဒီကို သွားတာနဲ့ ဒီမှာ နေနေတာ ဘာထူးမှာလဲ။


အနည်းဆုံးတော့... ဒီဒရိုင်ဘာ ရှဲ့တုန်းချန်က ပိုပြီး စိတ်ရင်းမှန်သေးသည်။ သူ့အကြောင်း တွေးမိတော့ ယူဇီ့စိတ်ထဲမှာ တစ်ဖက်လူက စကားတစ်ခွန်း စနောက်လိုက်ရုံနဲ့ နားရွက်တွေ ရဲခနဲ ဖြစ်သွားတတ်ပုံကို သတိရကာ ပြုံးမိသွားရ၏။


တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ။ ကောင်းကင်ဘုံက သူ့အပေါ်မှာတော့ လုံးဝကြီး ရက်စက်မနေခဲ့ပါဘူး။ ဒီလို ဒုက္ခရောက်နေတဲ့ ဘဝထဲမှာတောင် သူ့အတွက် ဖျော်ဖြေမှုအချို့ ချန်ထားပေးသေးတာပဲ။


အဲဒီနေ့က ရှဲ့တုန်းချန်က ပုံမှန်ထက် ပိုစောပြီး ညနေ ခြောက်နာရီလောက်မှာတင် အိမ်ပြန်ရောက်လာခဲ့သည်။

"စူပါမားကတ် သွားမလား" ဟု ရှဲ့တုန်းချန်က တံခါးကို တွန်းဖွင့်ရင်း လှမ်းမေး၏။


ယူဇီက ထိုင်နေရာက ထလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ ရှဲ့တုန်းချန်တစ်ယောက် ဒီကိစ္စကို မှတ်မိနေလိမ့်မယ်လို့ သူ မထင်ထားခဲ့မိချေ။


ရှဲ့တုန်းချန် ခေါ်သွားတဲ့နေရာက ယူဇီ ထင်မှတ်ထားသလို မားကတ်အကောင်းစားတွေ သို့မဟုတ် ကုန်တိုက်ကြီးတွေထဲက စူပါမားကတ်မျိုး မဟုတ်ဘဲ လူနေရပ်ကွက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကုန်စုံဆိုင်အသေးစားလေးတစ်ခု ဖြစ်နေသည်။


ယူဇီ ဆိုင်ထဲ ဝင်သွားတဲ့အခါ အသက်ကြီးပိုင်းတွေနဲ့ စက်ရုံက အလုပ်သမားလူငယ်အချို့ စုပြုံတိုးဝှေ့နေကြပြီး ဆူညံအုံကြွလို့ နေ၏။


ယူဇီတစ်ယောက် ခေါင်းလျှော်ရည်ရှိတဲ့ စင်ကို ရှာဖို့ တော်တော်လေး အချိန်ပေးလိုက်ရသည်။ သူ မသိတဲ့ တံဆိပ်အဆန်းတွေကို မျက်မှောင်ကုတ်ကြည့်ရင်း နောက်ဆုံးမှာတော့ ဗူးခွံခိုင်ခိုင်မာမာရှိမည့် တံဆိပ်တစ်ခုကိုပဲ ရွေးချယ်လိုက်တော့သည်။


"ဗူးအကြီးကြီး မဝယ်ဘူးလား" ဟု ရှဲ့တုန်းချန်က သူ့နောက်မှာ ရပ်ကြည့်နေရင်း ဗူးအသေးဆုံးကိုပဲ ရွေးနေတာကို မြင်သဖြင့် ဝင်မေးသည်။


"မလိုပါဘူး၊ ငါက ဒီမှာ အကြာကြီး နေမှာမှ မဟုတ်တာ" ဟု ယူဇီက လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်၏။ သူ့နောက်က လူကတော့ ဘာမှ ဆက်မပြောတော့ချေ။


ယူဇီက အခြား လိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းအချို့ကိုလည်း ခြင်းတောင်းထဲ ထပ်ထည့်လိုက်သည်။ ဆိုင်ရဲ့ မျက်နှာကျက်က နိမ့်လွန်းတာကြောင့် လေထုက မွန်းကျပ်နေပြီး သူ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားချင်နေပြီ ဖြစ်သည်။


ငွေရှင်းကောင်တာမှာ လူတွေက တန်းစီနေကြသဖြင့် တော်တော်လေး ရှည်လျားလှသည်။ ယူဇီက လူအုပ်ရဲ့ အနောက်ဆုံးမှာ ရပ်ရင်း မျက်နှာကျက်ကို မော့ကြည့်ကာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေ၏။


အတန်ကြာတော့ အဘိုးအိုတစ်ယောက်က သူ့နောက်ကနေ အတင်းတိုးဝှေ့ကျော်တက်သွားတာကြောင့် ယူဇီတစ်ယောက် ဟန်ချက်ပျက်ကာ ငွေရှင်းကောင်တာဘေးက စင်အသေးလေးကို ဘုန်းခနဲ ဝင်တိုက်မိသွားတော့သည်။


ဂလောက်... ဂလောက်...


စင်ပေါ်က ပစ္စည်းဘူးလေးတွေ တန်းစီပြီး အောက်ကို ပြုတ်ကျကုန်၏။


"တောက်... ခက်တာပဲ" ယူဇီက ထွက်သွားတဲ့ အဘိုးအိုကို ကြည့်ပြီး မျက်စောင်းထိုးကာ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။


သူ စိတ်ဆိုးဖို့ အချိန်မရခင်မှာပဲ အောက်ကျကုန်တဲ့ ပစ္စည်းတွေကို ကောက်ဖို့ ငုံ့လိုက်ရတော့၏။ သူ ငုံ့လိုက်တာကို မြင်တော့ ရှဲ့တုန်းချန်ကလည်း ကူညီပြီး ကောက်ပေးရန် ချက်ချင်း ထိုင်ချလိုက်သည်။


သို့သော်... အောက်ကျနေတဲ့ ပစ္စည်းတွေကို မြင်လိုက်ရတဲ့အခါ ရှဲ့တုန်းချန်တစ်ယောက် ချက်ချင်း ကြောင်အသွားရတော့၏။ လိမ္မော်ရောင်၊ အပြာရောင်၊ မီးခိုးရောင် ဘူးအသေးလေးတွေပေါ်မှာ ဂဏန်းတွေနဲ့ အင်္ဂလိပ်စာလုံးတွေ မျိုးစုံ ရိုက်နှိပ်ထားတာ ဖြစ်သည်။ 

(ကွန်ဒုံးဘူးများ ဖြစ်နေသည်။)


ရှူး...


ရှဲ့တုန်းချန်ရဲ့ နားရွက်တွေက ချက်ချင်းဆိုသလို ရဲခနဲ ဖြစ်သွားပြန်သည်။


ဒီအဘိုးကြီးကလည်း တိုက်တတ်လိုက်တာ... တစ်စင်လုံးကို မှောက်ကျအောင် တိုက်သွားတာပဲ။


သူ့ရဲ့ ရဲနေတဲ့ နားရွက်တွေကို မြင်လိုက်ရတဲ့အခါ ယူဇီစိတ်ထဲမှာ သူ့ကို စနောက်ချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာတော့သည်။


သူတို့နှစ်ယောက် ကြမ်းပြင်ပေါ်က ဘူးတွေကို ကောက်နေရင်း ယူဇီက ဘူးတစ်ဘူးကို လက်ထဲမှာ အသာခါပြပြီး ရှဲ့တုန်းချန်ရဲ့ လက်ထဲသို့ အတင်းထည့်ပေးလိုက်၏။ 


ရှဲ့တုန်းချန်ရဲ့ လက်ချောင်းတွေက တုံ့ခနဲ ဖြစ်သွားပြီး လည်ချောင်းတစ်ချက် ရှင်းလိုက်ကာ စက္ကန့်ပိုင်းမျှ တွေဝေပြီးမှ ဘူးကို လှမ်းယူလိုက်ရှာသည်။


ယူဇီ့မှာတော့ ရင်ထဲမှာ အူလှိုက်သည်းလှိုက် ရယ်ချင်စိတ်ကို အောင့်အီးထားရ၏။ ဒီလူက သူ့ရဲ့ အသိုင်းအဝိုင်းထဲက လူတွေနဲ့ လုံးဝမတူဘဲ ရိုးအအနိုင်လှတဲ့ အမူအရာမျိုး ရှိနေသည်။


ရှဲ့တုန်းချန်က ကြမ်းပြင်ပေါ်က ပစ္စည်းတွေကို အမြန်ဆုံး အစီအရီ ပြန်တင်လိုက်ပြီး နောက်သို့ လှည့်ပင်မကြည့်တော့ဘဲ ခြင်းတောင်းထဲက ပစ္စည်းတွေအတွက် အမြန် ငွေရှင်းလိုက်တော့သည်။


သူတို့နှစ်ယောက် စူပါမားကတ်က ထွက်လာပြီး အိတ်တွေကို သယ်ကာ ညမှောင်မှောင် လမ်းမထက်မှာ လျှောက်လာကြသော်လည်း ယူဇီကတော့ သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးရန် စိတ်ကူးမရှိချေ။


"ရှဲ့တုန်းချန်..." သူက နောက်ကနေ လှမ်းခေါ်လိုက်သည်။


"ဘာလဲ..." ရှဲ့တုန်းချန်က ရှေ့က ကတ္တရာလမ်းကိုပဲ စိုက်ကြည့်ရင်း တိုးတိုးလေး ပြန်ထူးသည်။


"မင်းမှာ ရည်းစား (Girlfriend) ရှိလား။"


ရှဲ့တုန်းချန်တစ်ယောက် ရှောင်လွှဲလို့မရတော့မှန်း သိသဖြင့် လမ်းကိုသာ ဆက်ကြည့်ရင်း —

 "မရှိဘူး။"


"ယောက်ျားလေး ရည်းစား (Boyfriend) ကော။"


ရှေ့က လျှောက်နေတဲ့ လူရိပ်က သုံးစက္ကန့်လောက် တုံ့ခနဲ အေးခဲသွားပြီးမှ အလောတကြီး အော်ပြောရှာသည်။


"ငါက အဖြောင့် (Straight) ကွ။"


"မင်းက မိန်းကလေးရည်းစားလည်း တစ်ခါမှ မထားဖူးဘဲနဲ့ မင်းကိုယ်မင်း အဖြောင့်မှန်း ဘယ်လိုသိလဲ" ဟု ယူဇီက ရယ်ချင်စိတ်ကို အောင့်မြတ်ပြီး တည်ငြိမ်တဲ့ လေသံဟန်ဆောင်ကာ စလိုက်၏။


ထိုအချိန်တွင် ရှေ့က လူကတော့ အပ်နဲ့ အထိုးခံလိုက်ရသလိုမျိုး နေရာမှာတင် တောင့်ခနဲ ဖြစ်သွားပြီး လုံးဝ မလှုပ်မယှက်နိုင် ဖြစ်သွားတော့သည်။


'သွားပြီ...'


ရှဲ့တုန်းချန်တစ်ယောက် ဒီမေးခွန်းကြောင့် တကယ်ပဲ ဂျာအေးသူ့အမေ ရိုက်ရခက်သည့်အလား ချွေးပြန်သွားပုံရသည်။

သူက အဖြောင့်ဖြစ်ကြောင်း... ဘယ်လိုနည်းနဲ့ သက်သေပြရမှာလဲ။