Chapter 172
ကံကြမ္မာ
ပင်လယ်စာများကို အားလုံးက အားပါးတရ စားသောက်နေကြသည်။
ဝိတ်ချလိုသည်ဟု အမြဲပြောနေသော ရှုယွမ်သည်ပင် ဗိုက်ပြည့်အောင် စားသောက်ထား၍ လမ်းမလျှောက်နိုင်လုနီးနီးဖြစ်နေသည်။
ကျွမ်းချင်ထံမှ မကြာခဏ အလကားစားသောက်ရရန်အတွက် အားလုံးက သူတို့နှစ်ယောက် မည်မျှလိုက်ဖက်ကြောင်း ချီးကျူးပြောဆိုနေကြပြီး သူတို့၏ အချစ်ရေးက ထာဝရတည်မြဲသွားမည်ဟု ပြောဆိုနေကြသည်။ အမြဲတစေ အေးတိအေးစက်နေတတ်သော ကျွမ်းချင်မှာ မျက်ဝန်းများက နူးနူးညံ့ညံ့ဖြစ်ပြီး ပြုံးယောင်သန်းနေသည်။
သို့ရာတွင် သူတို့မည်မျှစားနိုင်သည်ဖြစ်စေ အားလုံးက အကန့်အသတ်ရှိသည်။ ဖူလီနှင့် စုန့်ယွီကို အစားနိုင်ဆုံးလူများဟု ပြောရပေမည်။ စုန့်ယွီ၏ မူရင်းသွင်ပြင်က စွမ့်ယွီမိစ္ဆာဖြစ်၍ သူ့ခန္ဓာကိုယ်က တောင်တစ်လုံးစာမျှကြီးမားပြီး ပမာဏများစွာ စားသောက်နိုင်ကြောင်းကို အားလုံးက သိကြပေသည်။
ဒါပေမဲ့ ဖူကောက ယုန်ပေါက်စလေးလေ... ဘာလို့အဲ့လောက်တောင် စားနိုင်ရတာလဲ... သူက ယုန်တွေကြားထဲမှာတောင် တော်တော်ထူးဆန်းတဲ့ ယုန်မျိုးပဲ...
အားလုံး ဗိုက်တင်းသည်အထိ စားပြီးသည့်အခါ စားပွဲပေါ်မှ ပန်းကန်ပြားများက ဖရိုဖရဲဖြစ်ကုန်သည်။ ဖူလီ သန့်စင်ခန်းသို့သွားချိန်တွင် ယခုမှ သန့်စင်ခန်းထဲကထွက်လာသည့် ချူးယွီနှင့် ဝင်တိုက်မိသည်။
" ဖူကော..."
ချူးယွီက ဝိုင်အနည်းငယ်သောက်ထားခြင်းဖြစ်သည်။ သူ့ မျက်နှာက နီရဲနေရုံသာမက ဦးရေပြားများပင် ရဲတွတ်နေသည်။
" ဖူကောနဲ့ ဘော့စ်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတာ ကျွန်တော်တို့ တကယ်ဝမ်းသာတယ် တကယ်ပါ..."
ဖူလီက ချူးယွီဘက်ကို ဆပ်ပြာဘူးပေးလိုက်သည်။ ချူးယွီက ဆပ်ပြာပမာဏများစွာကို ညှစ်ထုတ်လိုက်ပြီး လက်တွင် ကြိမ်ဖန်များစွာပွတ်ပြီးမှ ရေဖြင့်ဆေးကြောလိုက်သည်။ ထိုအခါမှသာ သူ အလွန်မူးနေကြောင်း ဖူလီသိလိုက်သည်။
" ဘော့စ်က စကားများများပြောရတာ သဘောမကျတဲ့အပြင် စကားလုံးလှလှလေးတွေလည်း မပြောတတ်ဘူး... ဒါပေမဲ့ ခံစားချက်တွေနဲ့ ဆိုင်လာရင်တော့ သူက တော်တော်အလေးအနက်ထားပါတယ်..."
ချူးယွီက မနည်းငြိမ်အောင်ရပ်နေရပြီး သူ့လက်နှစ်ဖက်လုံးကို ဘေစင်၏ တစ်ဖက်တစ်ချက်စီတွင် ထောက်ထားသည်။ သူ၏ ဆပ်ပြာပေနေသည့် လက်များက ချော်ထွက်သွားပြီးနောက် ဘေစင်နှင့် ဒုန်းခနဲရိုက်မိကာ အဖြူအမဲငါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ဖူလီ နှစ်စက္ကန့်ခန့် ကြောင်အနေပြီးမှ ချမ့်ခွန်းအိတ်ထဲရှိ ဖန်ကရားတစ်ခုထုတ်ကာ ရေဖြည့်လိုက်ပြီး ချူးယွီကို ထည့်ထားလိုက်သည်။
" ရေရဲ့အရသာက ဆိုးရွားလိုက်တာ... ဘာလို့ အစွန်းချွတ်ဆေးနံ့တွေ ထွက်နေရတာလဲ..."
ချူယွီက ရေထဲမှ ခေါင်းပြူထွက်လာပြီး ရေနှစ်ငုံခန့် ထွေးထုတ်လိုက်သည်။
" ကျွန်တော် တောင်ပေါ်က စမ်းချောင်းရေသောက်ချင်တယ်..."
" ငါ့မှာ စမ်းချောင်းရေ မရှိဘူး... ဘုံပိုင်ရေပဲရှိတယ်လေ..."
ဖူလီက ချူးယွီ၏ခေါင်းကို ဖိချလိုက်သည်။
ချူးယွီက ရေထဲမှ ခေါင်းပြူထွက်လာပြန်သည်။
" ဖူကော ကျွန်တော်ပြောပြဦးမယ်... ဒီနှစ်တွေထဲ ဘော့စ်ရဲ့ဘေးနားမှာ မိစ္ဆာတစ်ကောင်မှ မရှိနေတော့ သူ့မှာ ခံစားချက်တွေ မရှိဘူးလို့တောင် ကျွန်တော်ထင်နေတာ...အရင်တုန်းက ဘော့စ်ကို တော်တော်သဘောကျတဲ့ ပျိုနီပန်းမိစ္ဆာတစ်ယောက် ရှိပေမယ့် ဘော့စ်က သူ့ကိုမျက်ခုံးတွန့်ပြီးပဲ အမြဲကြည့်ခဲ့တာ..."
" ပြီးတော့ရော..."
ဖူလီက ဤကဲ့သို့ ခွေးသွေးအတိတ်ဇာတ်လမ်းမျိုးကို အလွန်အမင်း စိတ်ဝင်စားပေသည်။
" ပြီးတော့ ဘာမှထပ်မရှိတော့ဘူးလေ... မာနကြီးနဲ့ ပျိုနီပန်းမိစ္ဆာက အခြေအနေမကောင်းမှန်းသိတာနဲ့ နိုင်ငံခြားကိုထွက်သွားပြီး စာဆက်သင်တယ်..."
ချူးယွီ သူ့အမြီးကိုခါလိုက်သည်။
" ဘော့စ်က အရမ်းပျင်းစရာကောင်းတဲ့မိစ္ဆာဆိုတော့ သူ့ဘေးနားကို လာကပ်သမျှမိစ္ဆာတိုင်းက အစွမ်းကုန်ကြိုးစားရင်တောင် သူ စိတ်ပါလာအောင် မလုပ်နိုင်ဘူးလေ..."
" ကြည့်ရတာ မင်းနည်းနည်းစိတ်ပျက်သွားသလိုပဲ..."
ဖူလီ၏အပြုံးက အနည်းငယ်နူးညံ့ညင်သာသွားသည်။
သူ့အပြုံးကိုမြင်သည့်အခါ ချူးယွီ၏မျက်နှာထက်မှ မူးနေသည့် အရိပ်အယောင်များပင် ပျောက်ကွယ်သွားသည်။
" ဖူ ဖူကော... ဒါတွေက ကျွန်တော်ကြားထားတဲ့ ကောလဟာလတွေပါ စိတ်ထဲမထားပါနဲ့... ဘော့စ်က တစ်ယောက်တည်းနေလာတာ နှစ် ၂၀၀၀လောက်ရှိပါပြီ ဖူကောတစ်ယောက်တည်းကပဲ သူ့ချစ်သူဖြစ်ခဲ့တာ ကျွန်တော့်ရဲ့တာအိုလမ်းစဉ်နဲ့ ကျိန်ရဲပါတယ်..."
" အင်း..."
ဖူလီ၏ မျက်နှာထက်မှ အပြုံးက မပြောင်းလဲပေ။
" ပါပီလေးတစ်ကောင်က အချစ်မှာ မနစ်မွန်းသွားတာ ကောင်းပါတယ်..."
" ဖူကောအဲ့လိုတွေးတာ ကြောက်စရာကောင်းလိုက်တာ..."
" ရှူး တစ်ယောက်ယောက်လာနေတယ်..."
အပြင်ဘက်မှ ချဉ်းကပ်လာသည့် ခြေသံများကိုကြားလိုက်ရ၍ ဖူလီက ချူးယွီကို လက်ချောင်းများဖြင့်ဖိထားပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
လူငယ်လေးတစ်ယောက်က အခန်းထဲဝင်လာသည်။ ဖူလီ့လက်ထဲမှ ရေကရားထဲတွင် ဝပြီးရုပ်ဆိုးသော ငါးတစ်ကောင်ကို တွေ့လိုက်ရသည့်အခါ သူ့ဦးနှောက်ကို လျှပ်စစ်ရှော့ရိုက်ခံလိုက်ရသည့်သဖွယ် ဖြစ်သွားသည်။
" ငါ ခေါ်လာတဲ့ အိမ်မွေးတိရစ္ဆာန်လေးပါ... သူ့ကို ရေလဲပေးနေတာ..."
" အာ... ဒီငါးက တော်တော်လေးထူးခြားတာပဲ..."
လူငယ်လေးက ခဏတာစိုက်ကြည့်နေပြီးမှ အတုအယောင်ချီးကျူးစကားတစ်ခွန်းဆိုလိုက်သည်။
" ငါလည်း အဲ့လိုထင်တယ်..."
ဖူလီက ရေကရားကို အပြင်ထုတ်လာသည့်အခါ လူငယ်လေး၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးမှုများဖြင့် ကျန်ရစ်ခဲ့သည်။ ခဏအကြာတွင် သူ ရေရွတ်လိုက်မိသည်။
" အခုမှ ဝယ်လာတဲ့ငါးကို ဘေစင်ရေနဲ့ လဲလိုက်တယ်ပေါ့... ငါးက အသက်ရှင်နိုင်ပါ့မလား..."
ဖူလီ ရေကရားကို ပြန်သယ်လာချိန်တွင် အားလုံးက ဂျာကင်များဝတ်ပြီး ပြန်ရန် ပြင်ဆင်နေကြသည်။ ဖူလီ့လက်ထဲမှ ငါးကို သတိပြုမိသည့်ကျွမ်းချင်က ငါးကို ချင်ရှုထံ ပေးလိုက်သည်။
" လာဦး မင်းတို့မိသားစုရဲ့ အကြီးအကဲကို သယ်သွားလိုက်..."
ချင်ရှုက ရေကရားကို သတိကြီးကြီးထား၍ ကိုင်လိုက်သည်။ ရေပူစီဖောင်းများ အဆက်မပြတ် မှုတ်ထုတ်နေသည့် ချူးယွီကို ငုံ့ကြည့်လိုက်ပြီး သူ၏ အကြီးအကဲက ဤအသက်အရွယ်သို့ရောက်သည်အထိ ပူစီဖောင်းများမှုတ်ထုတ်ပြီး ကလေးဆန်နေမည်ဟု မထင်မှတ်ထားခဲ့ပေ။
ချူးယွီ၏ နှလုံးသားက အစိတ်စိတ်အမြွှာမြွှာကွဲကြေလုမတတ် ဖြစ်လာသည်။ သူ လူသားအသွင်ပြန်ပြောင်းချင်နေပြီး ဤဘေစင်ရေများကို မသောက်ချင်တော့ပေ။
ဖူကော သူ့ကိုဘာတွေများလုပ်လိုက်တာလဲ... သူ စကားကျယ်ကျယ်ပြောလို့မရတော့တဲ့အပြင် လူသားပုံစံပါ ပြောင်းမရတော့ဘူး...
ပင်လယ်စာစားသောက်ပွဲအပြီးတွင် ကျွမ်းချင်နှင့် ဖူလီ၏ဆက်ဆံရေးက လူသိရှင်ကြားဖြစ်သွားသည်ဟု သတ်မှတ်လိုက်နိုင်သည်။ သူတို့လိုအပ်နေသည့် တစ်ခုတည်းသောအရာက တာအိုပေါင်းစည်းအခမ်းအနားဖြစ်သည်။
.....
လွင့်မျောနန်းတော်မှ အကြီးအကဲများက ဟိုဟိုသည်သည်တွင် ဂမ္ဘီရအစီအရင်များစွာ တစ်နေကုန်ပြုလုပ်နေကြပြီး အခမ်းအနားကျင်းပရမည့်နေ့ရက်နှင့် အချိန်ကို တွေးတောနေကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လသုံးလအချိန် ကုန်ဆုံးသွားသည်။ မျက်စိတစ်ဆုံးမြင်တွေ့ရသည့် ပင်လယ်ပြင်ကျယ်ကြီးတွင် ကျူးယွဲ့က မှော်လှေပျံတစ်စီးပေါ်ထိုင်နေသည်။ သူမ၏ ညာဘက်လက်တွင် ငါးမျှားတံကိုင်ထားပြီး ဘယ်ဘက်လက်တွင် ဝိုင်ကရားတစ်လုံး ကိုင်ထားသည်။ ငါးတစ်ကောင်မှ မဖမ်းမိသေးသော်လည်း ဝိုင်ကရားတစ်ဝက်ခန့်က ကုန်သွားပြီဖြစ်သည်။
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေပြီးသည့်နောက် သူမ၏ လက်ကောက်ဝတ်က လှုပ်ခါလာသည်။ ငါးမြှားတံက ရေထဲတွင် ငါးတစ်ကောင် ဖမ်းမိထားသကဲ့သို့ တွန့်လိမ်လာသည်။
" အရှင်မ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ..."
ငါးက လှေပေါ်ရောက်သည်နှင့် လူတစ်ဝက် ငါးတစ်ဝက်မိစ္ဆာအဖြစ် ပြောင်းလဲသွားသည်။ မိစ္ဆာများက ကျင့်ကြံဆင့်မလုံလောက်လျှင် လူသားပုံစံကို အပြည့်အဝ မထိန်းထားနိုင်သောကြောင့် သူတို့၏မူရင်းအသွင်မှ အစိတ်အပိုင်းအချို့ကို မြင်နေရပေသည်။
ချူးယွဲ့က သူမလက်ထဲမှ ဝိုင်ကရားကို ခါလိုက်သည်။ ဝိုင်အားလုံး ကုန်သွားကြောင်း သိလိုက်ရသည့်အခါ ကရားအလွတ်ကို ပင်လယ်ထဲ ပစ်ချလိုက်သည်။
" လူသားအသွင် လုံးဝမပြောင်းနိုင်သေးတဲ့ မိစ္ဆာငယ်လေးပါလား ဒီနားမှာ ဘာလုပ်နေတာလဲ..."
မိစ္ဆာလေးက ထောင့်တွင်ကပ်ပြီး တုန်ယင်စွာဖြင့် ဖြေလိုက်သည်။
" အရှင်မကို ပြန်ဖြေပါတယ်... ကျွန်တော်မျိုးက ဒီပင်လယ်ပြင်ဧရိယာကို အုပ်ချုပ်တဲ့ မိုးပြာနဂါးမျိုးနွယ်က ယောင်ကျင့်ကြံသူပါ..."
" မိုးပြာနဂါးမျိုးနွယ်လား..."
ကျူးယွဲ့က အေးတိအေးစက်ဖြင့် ပြုံးလိုက်သည်။
" မိုးပြာတီကောင်တွေ အခုရော ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
ကျူးယွဲ့က မိုးပြာနဂါးများကို အထင်အမြင်သေးဟန်ဖြင့် ပြောနေသည်ကို တွေ့လိုက်ရသောအခါ မိစ္ဆာလေးက ပိုမိုကြောက်လန့်သွားသည်။ ဤပင်လယ်ပြင်ကြီးတွင် တစ်ကိုယ်တည်းရွက်လွှင့်ကာ ငါးဖမ်းနေပြီး နဂါးများ၏ ပိုင်နက်ထဲတွင် အကြောက်အလန့်မရှိ နေနိုင်သူက ကျိန်းသေပေါက် ကျင့်ကြံဆင့်နက်နဲသည့် မဟာမိစ္ဆာဖြစ်ပေမည်။ မိစ္ဆာလေးက ထိုသို့တွေးမိလေ မဟာမိစ္ဆာကို ဒေါသထွက်အောင် ပြုလုပ်မိမည်ကို ပိုမိုကြောက်လန့်လေ ဖြစ်လာသည်။ သူ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေပြီး အတန်ကြာသည်အထိ စကားကောင်းကောင်းမပြောနိုင်ဖြစ်နေရသည်။
" အရှင်မကို ပြန် ဖြေပါတယ်... ကျွန်တော်မျိုးတို့ မျိုးနွယ်ရဲ့ နဂါးဧကရာဇ် မင်္ဂလာပွဲအတွက် ရတနာတွေပို့ပေးဖို့ တာဝန်ပေးထားခံရလို့ပါ..."
" နဂါးဧကရာဇ်တဲ့လား..."
လွန်လဲ့သောလပိုင်းခန့်က အရှေ့ပင်လယ်မှ ဝိညာဉ်ချီဓာတ်က နိုင်ငံအနှံ့ကို ပျံ့နှံ့သွားခဲ့သည့်အကြောင်း ကျူးယွဲ့ပြန်တွေးမိသွားသည်။ နဂါးမျိုးနွယ်ဧကရာဇ်အသစ်က ကောင်းကင်ယံမှ မိုးသားတိမ်တိုက်များနှင့်အတူ ပေါ်ထွက်လာခဲ့ပုံပေါ်သည်။
" အဲလိုကိုး..."
ကျူးယွဲ့က မိုးပြာနဂါးမျိုးနွယ်ကို အမြင်မကြည်သော်လည်း နှစ်ပေါင်းများစွာ နေထိုင်လာပြီးသည့်နောက်တွင် သူမစိတ်ကို စင်ကြယ်အောင်ထားပြီး အပြစ်ကင်းသည့် မိစ္ဆာငယ်လေးတစ်ကောင်အပေါ် ဒေါသပုံမချလိုက်ပေ။
" နဂါးဧကရာဇ်က ဘယ်နဂါးမျိုးနွယ်ကလဲ..."
" အရှင် နဂါးဧကရာဇ်က နဂါးတစ်ဝက် လူသားတစ်ဝက်ပါ... သူက ကျွန်တော်တို့ ရေနေသတ္တဝါမျိုးနွယ်တွေရဲ့ ဧကရာဇ်ပဲ မဟုတ်ဘဲ ကျင့်ကြံရေးလောကကိုပါ တာဝန်ယူထားတဲ့သူပါ... သူကျင့်ကြံတဲ့တာအိုက နိုင်ငံ့ကံကြမ္မာနဲ့ ပေါင်းစပ်ထားတာပါ... သူကတော့ တကယ့်ကို ထူးခြားတဲ့သူပါပဲ..."
ရေနေသတ္တဝါမျိုးနွယ်များ နဂါးဧကရာဇ်အကြောင်းပြောသည့်အခါ မိစ္ဆာငယ်လေး၏ မျက်လုံးများက အရောင်တောက်ပလာသည်။ ဤယောင်ဧကရာဇ်ကို သူ့နှလုံးသားထဲတွင် အလွန်လေးစားကြောင်း သိသာလှပေသည်။
" နဂါးတစ်ဝက် လူသားတစ်ဝက်တဲ့လား..."
ကျူးယွဲ့က ဖူလီနှင့် ဆက်ဆံရေးကောင်းမွန်သည့် နဂါးကို ပြန်တွေးမိသွားသည်။ သူက ဖူလီ့ကိုယ်စား ထောင်ဝူထံမှ ရိုက်ချက်ကို ခံယူခဲ့သောကြောင့် ဦးချိုနှစ်ချောင်းကျိုးမတတ် ဖြစ်သွားခဲ့ရပေသည်။
" မင်းပြောနေတဲ့ နဂါးဧကရာဇ်ဆိုတာ ကျွမ်းချင်လား..."
" တကယ်ကြီး ခေါင်းဆောင်ကျွမ်းပေါ့လေ..."
ကျူးယွဲ့က ငါးမြှားတံကို သိမ်းလိုက်သည်။
" အဲတော့ မင်္ဂလာဆောင်မှာ သူပေါ့... မင်းတို့ရဲ့ နဂါးဧကရာဇ်နဲ့ ငါ ရင်းနှီးတယ်... သူ့ရဲ့တာအိုပေါင်းစည်းအခမ်းအနားအတွက် ငါလည်း လက်ဆောင်ပို့ပေးသင့်တာပေါ့... သူ့ရဲ့တာအိုလက်တွဲဖော်က ဘယ်သူလဲဆိုတာ ငါသိလို့ရမလား..."
" အရှင် နဂါးဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်ကလည်း အထင်ကြီးလောက်တဲ့ ယောင်ကျင့်ကြံသူတစ်ယောက်ပါပဲ... သူက နှစ် ၄၀၀၀ကျော် ကျင့်ကြံဆင့်ရှိတဲ့အပြင် နဂါးဧကရာဇ်ရဲ့ လုပ်ဖော်ကိုင်ဖက်ပါ... အရှင်တို့နှစ်ယောက်က လူသားလောကနဲ့ မိစ္ဆာလောကရဲ့ ကိစ္စတော်တော်များများကို ဆောင်ရွက်ပေးထားကြတာ..."
နှစ် ၄၀၀၀ကျော် ကျင့်ကြံဆင့်ရှိတယ်... လုပ်ဖော်ကိုင်ဖက်တွေ...
ကျူးယွဲ့၏စိတ်ထဲ ခပ်ရေးရေးမြင်ယောင်လာမိသည်။
" သူ့ရဲ့နာမည်လေး သိလို့ရမလား..."
" ယောင်ကျင့်ကြံသူတော်တော်များများက လေးစားကြတဲ့ ကျင့်ကြံသူဖူလီပါ... "
ကျူးယွဲ့၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး ပင်လယ်ထဲ ပြုတ်ကျမတတ်ပင် ဖြစ်သွားသည်။
ဘာလို့ သူတို့မိသားစုရဲ့ ချစ်စရာဖူလီလေးက ကျွမ်းချင်နဲ့ တာအိုပေါင်းစည်း အခမ်းအနား လုပ်နေတာလဲ...
" သူတို့ရဲ့ တာအိုပေါင်းစည်း အခမ်းအနားကို ဘယ်တော့လုပ်မှာလဲ..."
ကျူးယွဲ့ မိစ္ဆာငယ်လေးကို ထူပေးလိုက်သည့်အခါ မိစ္ဆာလေးက ကြောက်လန့်လွန်း၍ မူလသွင်ပြင်သို့ ပြန်ပြောင်းလုမတတ် ဖြစ်သွားသည်။
" အရှင်နဂါးဧကရာဇ်နဲ့ ကျင့်ကြံသူဖူလီတို့ရဲ့ တာအိုပေါင်းစည်း အခမ်းအနားကို နောက်လ ၁၈ရက်နေ့မှာ ကျင်းပမှာပါ... ကျင့်ကြံသူဖူလီရဲ့ အကြီးအကဲတွေပြောတာတော့ အဲ့နေ့မှာ ရာသီဥတုကကြည်လင်တောက်ပပြီး သက်ရှိတွေအားလုံး အားအင်သစ်နဲ့ ပြည့်ဝနေမယ့်နေမို့ ဒီနှစ်အတွက် အကောင်းဆုံးနေ့ပါတဲ့..."
" သဘောပေါက်ပြီ..."
ဟင်္သာပြဒါးငှက်က ခေါင်းညိတ်ပြလိုက်သ
ည်။ ကြောက်လန့်မှုကြောင့် တုန်ယင်နေသည့်ငါးလေးကို ပင်လယ်ရေထဲ ပြန်ပစ်ချလိုက်ပြီး သူမ၏ ငှက်အသွင်ပြောင်းကာ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားတော့သည်။
မိစ္ဆာလေးပြောပြတဲ့ အကြီးအကဲတွေဆိုတာ သူ့ကို အရင်က သတင်းချက်အလက်တွေ ပို့ပေးထားတဲ့ တန့်ကန်းနဲ့ လောင်ဖုန်းဟွမ် ဖြစ်ရမယ်... အဲ့နှစ်ယောက် ဘာတွေတွေးနေကြတာလဲ... သူတို့ဘာလို့ ရှောင်လီနဲ့ ကျွမ်းချင်ကို တာအိုပေါင်းစည်း အခမ်းအနားလုပ်ခွင့်ပြုလိုက်တာလဲ... ဖူလီရဲ့ဇာတာခွင်က ဘယ်လိုမျိုးဆိုတာကို မေ့သွားကြတာလား...
ငါးမိစ္ဆာက ပင်လယ်ထဲမှ ခေါင်းပြူထွက်လာသည်။ သူ ပင်လယ်ရေမျက်နှာပြင်ကို ကြည့်လိုက်ချိန်တွင် ယောင်ကျင့်ကြံသူတစ်ယောက်ကိုမှ မမြင်တွေ့ရရုံသာမက သစ်သားလှေငယ်လေးကိုပင် မတွေ့ရတော့ချေ။ သူခေါင်းကိုခါလိုက်ပြီးမှ ပင်လယ်ရေထဲ ခေါင်းပြန်ငုံ့သွားသည်။
သူ နဂါးဘုရင်ကို ဤကိစ္စသတင်းပို့ရပေမည်။ ကျင့်ကြံသူဖူလီကို သိပုံရသော မဟာမိစ္ဆာက သူနှင့် နဂါးဧကရာဇ်တို့၏ မင်္ဂလာပွဲကို သဘောတူမည့်ပုံမပေါ်ပေ။
အားလုံး မျှော်လင့်စောင့်စားခဲ့ရသော တာအိုပေါင်းစည်း အခမ်းအနားက ဤနည်းဖြင့် ပျက်စီးသွား၍ မဖြစ်ပေ။
.....
ကျွမ်းချင်၏ဗီလာတွင်မူ နံရံထဲ၌ မြှုပ်ထားသည့် ကျောက်မျက်များအားလုံးကို ပြောင်းလဲထားကြသည်။ အကြီးအကဲများက အခြားပစ္စည်းများ လစ်ဟင်းနေသည်များရှိကြသော်လည်း သူတို့ထံတွင် ကျောက်မျက်ရတနာပေါင်းစုံ ရှိကြပေသည်။ အရောင်နှင့်ကျောက်တုံးများ၏ တောက်ပမှုကို တဗျစ်တောက်တောက် ပြောနေကြလျက် ကျောက်မျက်ရတနာ တောင်ပုံရာပုံကို သွန်ချလိုက်ကြပြီး အချိန်ယူကာ ရွေးထုတ်နေကြသည်။
အကာအကွယ်အဆောင်များကိုလည်း ပရိဘောဂများ အားလုံးအပေါ် ကပ်ထားပြီး ကော်ဇောများပေါ်မှ ပန်းပွင့်ပန်းခက်များကိုလည်း ရှေးဟောင်းမှော်အစီအရင်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ အကယ်၍ မကောင်းဆိုးဝါးမိစ္ဆာများ ဝင်ရောက်လာခဲ့ပါက မှော်အစီအရင်အတွင်း ပိတ်မိသွားပြီး လွတ်မြောက်ရန်လမ်း မရှိတော့ပေ။
သူတို့၏ မူရင်းသွင်ပြင်သို့ ပြောင်းလဲမည်ဆိုပါက ကျွမ်းချင်၏ဗီလာက အလွန်သေးပြီး သက်တောင့်သက်သာမရှိနိုင်ဟု အကြီးအကဲများက ထင်နေသည်။ သို့ဖြစ်၍ ကျဉ်းမြောင်းသော စာကြည့်ခန်းထဲတွင် သူတို့က ဒိုင်မေးရှင်းနေရာတစ်ခုဖန်တီးလိုက်သည်။ ဒိုင်မေးရှင်းနေရာထဲတွင် တောင်တန်းများ၊ ရေ၊ ပန်းပွင့်များ၊ သစ်ပင်များနှင့် ဝိညာဉ်ချီဓာတ်ပါဝင်သည့် ရေကန်တို့ ပါရှ်ိသည်။ ခန်းကူက သဘာဝပစ္စည်းများနှင့် ရတနာအများအပြားကိုသုံး၍ ထိုနေရာထဲတွင် အခန်းများ တည်ဆောက်လိုက်သည်။
ကျွမ်းချင် ထိုဒိုင်မေးရှင်းထဲတွင် ရပ်လိုက်သည့်အခါမှသာ ရှေးဟောင်းမဟာမိစ္ဆာအစစ်များ၏ စွမ်းရည်အစစ်အမှန်ကို သဘောပေါက်သွားတော့သည်။ စီမံခန့်ခွဲရေးဗျူရိုရှိ မှော်အစီအရင်နှင့် ဒိုင်မေးရှင်းများစွာကိုလည်း အချိန်ကြာမြင့်စွာ တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ သို့ရာတွင် ဗျူရိုရှိ ဒိုင်မေးရှင်းက ဤနေရာနှင့်ယှဉ်ပါက ဝိညာဉ်ချီဓာတ်ကြွယ်ဝမှု ပိုမိုနည်းပါးပြီး လုံခြုံရေးနှင့် အရွယ်အစားကလည်း ကွာခြားလှပေသည်။ ပို၍ကြောက်စရာကောင်းသည်မှာ
စီမံခန့်ခွဲရေးဗျူရိုရှိ ဒိုင်မေးရှင်းများက ထိုနေရာတွင်သာ အသေဖြစ်ပြီး ရွေ့လျားမရနိုင်ပေ။ စာကြည့်ခန်းထဲမှ ဒိုင်မေးရှင်းမှာမူ အသုံးမလိုပါက တခြားနေရာသို့ သယ်သွားနိုင်သည့် အရာဝတ္ထုငယ်လေးတစ်ခုနှင့်တူသည်။
" လူသားတွေရဲ့ နိုင်ငံခြားဇာတ်ကားတွေကိုကြည့်ပြီး ငါ ဒီဒိုင်မေးရှင်းနေရာကို ဆောက်လိုက်တာ... ဒီနေရာက ငါ့ရဲ့စွမ်းအားမရှိဘဲ တိရစ္ဆာန်တွေနဲ့ အပင်တွေကို ညဘက်မှာ မကြီးထွားစေနိုင်ပေမယ့် သိပ်တော့မဆိုးပါဘူး..."
ခန်းကူက လူသားများ၏ဝတ္ထုများစွာဖတ်ထား၍ ၎င်းတို့ထံမှ စိတ်ကူးအများအပြား ရရှိထားသည်။ လူသားများအတွက်မူ ထိုအရာများက စိတ်ကူးယဉ်ဇာတ်လ်းများသာ ဖြစ်သော်လည်း သူ့အတွက်မူ အံ့ဩဖွယ်ကောင်းလွန်းသည့် စိတ်ကူးများဖြစ်သည်။ အနာဂတ်တွင် အချိန်ရပါက လူသားများ၏ ဝတ္ထုထဲတွင် ဖော်ညွှန်းထားသကဲ့သို့ အပင်များပေါက်ရောက်နိုင်ပြီး ငါးများပါ ကြီးထွားနိုင်သည့် ဒိုင်မေးရှင်းကို တည်ဆောက်ရန် ကြံရွယ်ထားသည်။ သူ လုပ်စရာမရှိချိန်ဝွင် ဝိညာဉ်ဆန်နှင့် ဆေးပင်များကို အတွင်းတွင် စိုက်ပျိုးမည်ဖြစ်သည်။
သူ ပျော်ရွှင်စွာဖြင့် စိတ်ကူးယဉ်နေချိန်မှာပင် ကျွမ်းချင်၏ဗီလာအပြင်ဘက်မှ အစီအရင်က ရွေ့သွားသည်။ ယောင်ကျင့်ကြံသူတစ်ယောက်က အင်အားသုံးပြီး ဝင်ရောက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
" ဘယ်သူပါလိမ့်..."
ခန်းကူက လှေကားထစ်များအတိုင်း ဆင်းသွားလိုက်ပြီး ပင်မတံခါးကို ဖွင့်လိုက်သည်။ အမွေးထူထူအရာတစ်ခုက ရုတ်တရက် ပြေးဝင်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး လွင့်ထွက်သွားသကဲ့သို့ ဖြစ်သွားသည်။ အိမ်ထဲတွင်လည်း အမွေးများစွာဖြင့် ပြည့်နှက်သွားတော့သည်။
အောက်ဘက်မှ လှုပ်ရှားနေသံများ ကြားရသည့်အခါ ကြမ်းပြင်တွင်ထိုင်ပြီး ရတနာများရွေးနေသည့်ဖူလီက ဒိုင်မေးရှင်းထဲမှ ကျွမ်းချင်ကို လှမ်းခေါ်လိုက်သည်။
" အောက်ထပ်ကို ခဏသွားကြည့်ရအောင်..."
သူ့စကားဆုံးချိန်တွင် အောက်ထပ်မှ အက်ကွဲသံများကို ကြားလိုက်ရသည်။ ဧည့်ခန်းထဲတွင် အလှထားထားသော စုန့်မင်းဆက်ခေတ်မှ အလှပန်းအိုးကြီး၏ ကြွေသားများက ကျွမ်းချင်နှင့် နှလုံးသားနှင့်အတူ အက်ကွဲသွားပေသည်။ ဖူလီ့ကိုပြန်ကြည့်လိုက်သည့်အခါမှ သူ၏ကွဲကြေသွားသော နှလုံးသားကို ပြန်လည်ကုသလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူက ဖူလီနဲ့တောင် တာအိုပေါင်းစည်း အခမ်းအနားလုပ်တော့မှာပဲ ကြွေပန်းအိုးကြီးကွဲရင်လည်း ကွဲပါစေတော့...
ယခုအချိန်တွင် ကျွမ်းချင်၏စိတ်ထဲ ပေါ့ပါးသွားပြီး သူ့ကိုချည်နှောင်ထားသည့် နောက်ဆုံးချိန်းကြိုးများထံမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဖူလီမှလွဲ၍ ဤလောကကြီးတွင် သူ့အတွက် အရေးပါသောအရာ မရှိပေ။
ကျွမ်းချင်၏စိတ်အခြေအနေပြောင်းလဲသွားသည်ကို အာရုံခံမိသောအခါ ဖူလီအံ့ဩသွားမိသည်။
အကြီးအကဲတွေ အောက်ထပ်မှာ တစ်ခုခုကို ခွဲပစ်လိုက်တာတောင် ကျွမ်းချင်ရဲ့စိတ်အခြေအနေက ကောင်းနေတုန်းပါပဲလား... ဘာဖြစ်တာပါလိမ့်...
အောက်ထပ်တွင်မူ နီရဲနေသည့်ဝတ်စုံကို ဝတ်ဆင်ထားသည့်ကျူးယွဲ့က ခန်းကူကို သူမဓားဖြင့် ရွယ်ထားသည်။
" သောက်ကျင့်ယုတ်တဲ့ ဝက်စုတ်... နင့်ဦးနှောက်က တစ်ခုခုဖြစ်နေတာလား... နင် ရှောင်လီရဲ့ အခြေအနေကို မသိတာလည်းမဟုတ်ပဲနဲ့ သူ့ကိုတခြားယောင်ကျင့်ကြံသူတစ်ယောက်နဲ့ တာအိုလက်တွဲဖော်ဖြစ်ခွင့်ပြုတယ်ပေါ့လေ..."
ရှောင်လီရဲ့ ဇာတာခွင်အရဆိုရင် သူက ထာဝရ တစ်ယောက်တည်းနေရမှာလေ... သူ့ရဲ့ကံကြမ္မာက အရမ်းအန္တရာယ်များတယ်... သူက ယောင်ကျင့်ကြံသူတစ်ယောက်နဲ့ တာအိုလက်တွဲဖော် လုပ်လို့မရဘူးလေ... ဒါက အားလုံးကို ပိုဆိုးအောင် လုပ်နေသလိုပဲ...
သူက ဇာတာခွင်ကောင်းတဲ့လူသားတစ်ယောက်ကိုရှာတာ ပိုကောင်းလိမ့်မယ်... အဲဒါဆိုရင်တောင် သူ့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရှိကောင်းရှိဦးမယ်...