Chapter 174
သူတို့နှစ်ယောက် ထိုနေ့ညတွင် အိပ်ရာပေါ် ၌ ချစ်ရည်လူးခဲ့သော်လည်း ကျွမ်းချင်က အဖြစ်မှန်ကို မသိသေးပေ။ သူနှင့် ဖူလီက အကြိုက်ချင်းတူသူများဖြစ်၍ အနာဂတ်တွင်လည်း သဟဇာတဖြစ်အောင် နေထိုင်နိုင်မည်ဟု သူ ပြောလိုက်သည်။
ဖူလီက တစ်ဖက်သို့ လှည့်သွားသည်။
" အင်း..."
ကျွမ်းချင် : ...
သူ့ချစ်သူက ရုတ်ချည်းစိတ်ဆိုးသွားချိန်တွင် မည်သို့လုပ်ရမည်မသိသည့်အဖြစ်က မည်သို့ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ တစ်ဖက်လူကို သူ့စောင်အောက်ဆွဲသွင်းလိုက်ပြီး အံကြိတ်ကာ သူ့အတွက် အနည်းငယ်ရှက်စရာကောင်းစေသည့် အသုံးအနှုန်းများကို ပြောလိုက်သည်။
" မင်းက ကိုယ့်ရဲ့အစ်ကိုကြီးလို့ အမြဲပြောတယ်မလား... ရုတ်တရက်ကြီး ဘာလို့စိတ်ဆိုးရတာလဲ... ကိုယ်မင်းကို အစ်ကိုကြီးလို့ခေါ်ရင် စိတ်ဆိုးပြေမှာလား... အစ်ကိုဖူ... အစ်ကိုကြီးဖူ... ဖူကော..."
ဖူလီက တစ်ဖက်သို့လှည့်လာပြီး ကျွမ်းချင်နှင့် အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက် သူခပ်တိုးတိုးပြောလိုက်သည်။
" ငါက အဲလောက်တောင် စိတ်သဘောထားသေးသိမ်တဲ့လူနဲ့ တူနေလို့လား..."
" အဲလိုမဟုတ်ပါဘူး ကိုယ်က အတွေးလွန်နေတာပါ..."
ပြတင်းပေါက်မှာ ဖြာကျလာသည့် လရောင်ကြောင့် တောက်ပနေသည့် ဖူလီ့မျက်ဝန်းများကိုကြည့်ပြီး ကျွမ်းချင် မျက်လုံးများ ကွေးညွတ်သွားသည်အထိ ရယ်လိုက်မိသည်။
" ကိုယ့်ရဲ့ဖူကောက အရှိန်အဝါအကြီးဆုံးပါပဲ... ဟုတ်ပြီလား..."
" ဒီလောက်ဆိုရင်တော့ လက်ခံနိုင်ပါတယ်..."
ဖူလီက ကျွမ်းချင်၏ခါးကို လိမ်ဆွဲလိုက်သည်။
" အိပ်တော့လေ မနက်ဖြန်ပိတ်ရက်ဆိုတော့ မင်း ပင်လယ်ကို သွားချင်သေးလား..."
ကျွမ်းချင်က ဖူလီ့နှုတ်ခမ်းကိုနမ်းလိုက်သည်။
" မင်း မနက်ဖြန် ကိုယ့်ကိုအဖော်လုပ်ပေးမလား... အပြန်ကျရင် မာလာကျောက်ပုစွန်ကြွပ်ကြော် ဝယ်ကျွေးမယ်လေ..."
" ပြီးတော့ ငါးရောပဲ..."
" ကောင်းပြီလေ ငါးကြော်ပေါ့..."
ကျွမ်းချင် ညလယ်ခေါင်၌ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ်တွင် သူ့နှုတ်ခမ်းကို လာနမ်းသည်ကို ခံစားလိုက်ရသည်။
" ငါ မင်းကို နောက်နေတာပါ ငတုံးကောင်လေးရဲ့... တစ်ချက်ကြည့်လိုက်ရုံနဲ့ကို လန့်နေတော့တာပဲ မင်းက အရူးလေးလား..."
ကျွမ်းချင် သူ့ရင်ခွင်ထဲမှလူကို တင်းကြပ်စွာဖက်ထားလိုက်သည်။ ထိုခံစားချက်က အလွန်နူးညံ့နွေးထွေးပြီး သက်တောင့်သက်သာရှိလှပေသည်။
ခြေဦးတည့်ရာသွားလာနေသည့် ခရီးသွားတစ်ယောက်က အေးစက်နေသည့်ညတစ်ညတွင် သူတစ်ဦးတည်းပိုင်ဆိုင်သည့် နွေးထွေးမှုကို နောက်ဆုံး၌ ရှာတွေ့သွားသည့်သဖွယ်ပင်။
......
အမျိုးပေါင်းများစွာသော ရေနေသတ္တဝါများစွာက အရှေ့ပင်လယ်ထဲမှ ရွှေနဂါးနန်းတော်အပြင်ဘက်တွင် ကူးခတ်နေကြသည်။ ဝိညာဉ်အသွင်ရအောင် ကျင့်ကြံလာနိုင်ကြသည့် သတ္တဝါများစွာပင် ရွှေနဂါးနန်းတော်အပြင်ဘက်တွင် ရှိနေကြသည်။ မိစ္ဆာအားလုံး၏ ကြိုးစားအားထုတ်မှုကြောင့် နှစ်ပေါင်းများစွာ ပစ်ထားခဲ့သော ရွှေနဂါးနန်းတော်ကို ပြန်လည်ပြင်ဆင်ပြီး ခမ်းနားထည်ဝါမှုဖြင့် ကြီးကျယ်ခမ်းနားနေအောင်ပြုလုပ်ထားခဲ့ကြသည်။
နဂါးဧကရာဇ် မည်သည့်အချိန်တွင် ပြန်လည်ရောက်ရှိလာပြီး သူ၏တာအိုလက်တွဲဖော်ကိုပါ ခေါ်ဆောင်လာမည်ကို အားလုံးက စောင့်ဆိုင်းနေကြသည်။
ရွှေနဂါးနန်းတော်၏ ပင်မဂိတ်တံခါးများကို ဖွင့်လိုက်သည့်အခါ ယခင် ရွှေနဂါးမျိုးနွယ်၏ လက်အောက်ငယ်သားများက ဝင်ပေါက်တွင်ရပ်ပြီး ဧည့်သည်များကို ကြိုဆိုနေကြသည်။ ထိုမြင်ကွင်းက သက်ဝင်လှုပ်ရှားလွန်းလှသော်လည်း အလွန်အကျူးဖြစ်နေခြင်းမျိုး မဟုတ်ပေ။ နဂါးမျိုးနွယ်စု၏ အကြီးအကဲများက ပင်မခန်းမဆောင်ထဲတွင် ထိုင်နေကြသည်။ ယခင်က မောက်မာဝင့်ကြွားခဲ့သော မိုးပြားနဂါးမျိုးနွယ်သည်ပင် ယခုချိန်၌ နှိမ့်"ချ"နေနေသဖြင့် အခြားမျိုးနွယ်စုများက အသားမကျဖြစ်နေသည် ။
ခရမ်းရောင်နဂါး၊ နဂါးနီနှင့် နဂါးဖြူမျိုးနွယ်တို့ကလည်း မိုးပြာနဂါးများထက်ပိုပြီး ထင်ပေါ်အောင် မနေရဲပေ။ မျိုးနွယ်အကြီးအကဲများက သူတို့ခုံများကို သတ်မှတ်ပေးချိန်တွင် မည်သူကမှ အလယ်တည့်တည့်ရှိခုံသို့ မသွားရဲကြပေ။
နဂါးပြာနှင့် နဂါးနက်မျိုးနွယ်တို့က အချင်းချင်းဆက်ဆံရေးပြေလည်ကြသူများဖြစ်၍ သူတို့အားလုံးက ဘေးချင်းကပ်လျက် ထိုင်နေကြသည်။ မိုးပြာနဂါးမျိုးနွယ်၏ ပုံမှန်နှင့်မတူသော ရှားရှားပါးပါးအပြုအမူကြောင့် ထိုမျိုးနွယ်စုနှစ်စု၏ ဂျူနီယာများက သူတို့အကြောင်းတီးတိုးမပြောဘဲ မနေနိုင်ဖြစ်နေသည်။
နဂါးပြာ : " မိုးပြာနဂါးတွေ ကောင်းကောင်းနေနေတာ ငါတော့ တွေ့ရတာ အသားမကျသေးဘူး..."
နဂါးနက် : " သူတို့မှာ တခြားရွေးချယ်စရာရော ရှိလို့လား... လွန်ခဲ့တဲ့ နှစ်၂၀၀၀လောက်က မိုးပြာနဂါးတွေ ပြဿနာရှာခဲ့တာ မင်းမှတ်မိသေးလား... သူတို့သတ်ခဲ့တဲ့လူတွေက နဂါးဧကရာဇ်ရဲ့လက်တွဲဖော် ကျင့်ကြံသူဖူလီရဲ့ အမျိုးတွေတဲ့... ချင်ယန်းကလည်း အရင်နှစ်က ကျင့်ကြံသူဖူလီကို ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ ရန်ရှာခဲ့သေးတယ်... သူ ကျင့်ကြံသူဖူလီကို ရန်သွားစလို့ ဟိုကဒေါသထွက်ပြီး သူတို့နန်းတော်အထိ သွားတိုက်တာလေ... နောက်ပိုင်းဘာတွေဆက်ဖြစ်လဲတော့ မသိပေမယ့် ကောင်းကင်ဘုံမိုကြိုးက ချင်ယန်းကိုထိသွားတယ်... အဲ့နောက်ပိုင်းတည်းကစပြီး သူ လူရှေ့သူရှေ့ မျက်နှာမပြရဲတော့ဘူး..."
မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားလျက် အဝေးတစ်နေရာရှိ ဝှီးလ်ချဲပေါ်တွင် တိတ်ဆိတ်စွာထိုင်နေသည့် မိုးပြာနဂါးမျိုးနွယ်မှ ချင်ယန်းကို နဂါးပြာက လှမ်းကြည့်လိုက်သည်။
" သူ့ကိုကြည့်ရတာ အရင်ကလောက် မတက်ကြွတော့သလိုပဲ... ဒါပေမဲ့ မိုးပြာနဂါးမျိုးနွယ်က အရင်တုန်းက ရန်ညှိုးဟောင်းတွေကို ဘေးဖယ်ထားပြီးတော့ နဂါးဧကရာဇ်အသွင်ပြောင်းတဲ့အချိန် မိုးပြာနဂါးချိပ်စည်းနဲ့ အကူအညီပေးခဲ့တာတော့ အံ့ဩစရာပဲ..."
ထိုစကားများကြားသည့်အခါ နဂါးနက်က ငြိမ်ကျသွားသည်။ မိစ္ဆာများက ဝင်လိုက်ထွက်လိုက်ပြုလုပ်နေပြီး မရေမတွက်နိုင်သည့်ငါးများစွာက ပင်မခန်းမဆောင်ထဲတွင် လှုပ်ရှားသွားလာနေသည်ကို သူ ကြည့်နေလိုက်မိသည်။ သူ မျက်လွှာချထားပြီး ပြောလိုက်သည်။
" ဒါ နဂါးမျိုးနွယ် ရှင်သန်နိုင်ဖို့ နောက်ဆုံးအခွင့်အရေးလေ... မိုးပြာနဂါးမျိုးနွယ်တင် မကဘူး ဘယ်သူကမှ စွန့်စားရဲမှာ မဟုတ်ဘူး..."
ကျွမ်းချင် သူတို့ကို အမြင်မကြည်သည်ကို မိုးပြာနဂါးမျိုးနွယ်ကလည်းသိသည်။ သူတို့သာမက တစ်ချိန်က ကျွမ်းချင်ကို အနိုင်ကျင့်ခဲ့သည့် ခရမ်းရောင်နဂါး၊ နဂါးဖြူ၊ နဂါးနီမျိုးနွယ်တို့ကလည်း သူတို့ရင်ထဲတွင် အပြစ်မကင်းမှုများဖြင့် ကျွမ်းချင်ကို မျက်နှာချင်းဆိုင် နေရသည်။ သို့ရာတွင် ယနေ့အချိန်ထိတိုင်အောင် နဂါးမျိုးနွယ်စုတစ်ခုလုံးတွင် ကျွမ်းချင်မှလွဲ၍ မဟာတာအိုကို ရရှိအောင် ကျင့်ကြံနိုင်သူမရှိခဲ့သည့်အပြင် သူတို့၏အသွင်ပြောင်းလဲမှုတွင် ဤမျှကြီးမားသော အတက်အကျများကို လှုံ့ဆော်နိုင်သူလည်း မရှိခဲ့ပေ။
နဂါးမျိုးနွယ်စု၏ ယောင်ကျင့်ကြံသူများမှာ မာနကြီးကြသော်လည်း သူတို့က စိတ်လိုက်မာန်ပါလုပ်ပြီး ဦးနှောက်မဲ့သူများ မဟုတ်ကြပေ။ ဂုဏ်သိက္ခာနှင့် မာနကြီးမှုက သူတို့မျိုးနွယ်စု၏ရှင်သန်မှုထက်ပို၍ အရေးမကြီးပေ။
သို့ဖြစ်၍ တစ်စုံတစ်ယောက်က မည်မျှကြီးကျယ်မြင့်မြတ်ပြီး စွမ်းအားကြီးသည်ဖြစ်စေ ကိုယ့်အတွက်လွတ်လမ်းရှိအောင် နေတတ်ရမည်ဖြစ်သည်။ မိုးပြာ၊ ခရမ်း၊ နဂါးနီနှင့် နဂါးဖြူမျိုးနွယ်တို့ကဲ့သို့ ပြုမူခြင်းက ကိုယ့်သေတွင်းကိုယ်တူးသည်နှင့်တူပြီး ယခုမှ နောင်တရရန်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။
ကံကောင်းသည်မှာ ကျွမ်းချင်၏ အကျင့်စရိုက်က အေးတိအေးစက်ဖြစ်သော်လည်း သူက ကိုယ်ရေးကိုယ်တာ ခံစားချက်များကို ပြန်လက်စားမချေတတ်သူဖြစ်သည်။ ထိုသို့မဟုတ်ပါက နဂါးမျိုးနွယ်စုလေးခုမှာ နေ့ရက်တိုင်းတွင် အေးအေးချမ်းချမ်းနေရမည်မဟုတ်ပေ။ ယခုအချိန်တွင် သူတို့နဂါးမျိုးနွယ်စုအားလုံးက ကျွမ်းချင်ကို ထောက်ပံ့ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူတို့စိတ်ထဲ ကသိကအောက်ဖြစ်လျှင်လည်းတောင့်ခံနေရုံသာ တတ်နိုင်သည်။
နဂါးမျိုးနွယ်က လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာမှ စ၍အရေအတွက် စတင်လျော့နည်းလာကာ မွေးဖွားမှုနှုန်းလည်း ကျဆင်းလာခဲ့သည်။ မျိုးနွယ်စုပေါင်းများစွာက သူတို့၏နောက်ပိုင်းမျိုးနွယ်များကို အာဟာရပြည့်ဝပြီး ကောင်းမွန်စွာပြုစုစောင့်ရှောက်ခဲ့ကြသော်လည်း မည်သူကမျှ နဂါးဧကရာဇ်ဖြစ်သည်အထိ အသွင်ပြောင်းနိုင်ခဲ့ခြင်းမရှိဘဲ နိုင်ငံ၏ အသိအမှတ်ပြုမှုကို မရရှိခဲ့ပေ။ အကယ်၍ ဤသို့ဆက်ဖြစ်နေပါက နောက်ဆုံးတွင် နဂါးမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်သည်။
ကျွမ်းချင်၏ အောင်အောင်မြင်မြင်အသွင်ပြောင်းလဲနိုင်မှုက နဂါးမျိုးနွယ်စု၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်။ အကယ်၍ သူတို့၏မျှော်လင့်ချက်က သူတို့ကိုမုန်းတီးနေလျှင်ပင် သူတို့အားလုံးက ကပ်တွယ်နေရမည်ဖြစ်သည်။ ဤကိစ္စက သူတို့အတွက်မဟုတ်ဘဲ မကြီးပြင်းလာသေးသည့် ဂျူနီယာများအတွက်လည်း တွေးတောပြီး ပြုလုပ်ခြင်းဖြစ်သည်။
နဂါးနက်က သူတို့မျိုးနွယ်စု၏ နဂါးလက်ကျန်အရေအတွက်ကိုကြည့်ပြီး သူ့မျက်ဝန်းထဲတွင် စိုးရိမ်မှု အရိပ်အယောင်တို့ ပေါ်လာသည်။
" နဂါးဧကရာဇ် ကြွလာပြီ..."
" နဂါးဧကရာဇ်အရှင်မင်းကြီးကို အရိုအသေပြုပါတယ်..."
နဂါးမျိုးနွယ်အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ ဝှီးလ်ချဲတွင်ထိုင်ပြီး မလှုပ်ရှားနိုင်ဖြစ်နေသည့် ချင်ယန်းသည်ပင် ခါးမတ်မတ်ထိုင်ပြီး ခေါင်းငုံ့ကာ အရိုအသေပြုနေသည့် ကိုယ်ဟန်အမူအရာသို့ ပြောင်းလဲလိုက်သည်။ မိစ္ဆာလေးတစ်ကောင်က ခေါ်ဆောင်လာသည့် အဝေးမှ တဖြည်းဖြည်းလျှောက်လာသည့် ဝတ်ရုံနက်ဝတ်လူကို နဂါးနက်က ကြည့်နေမိသည်။ ထိုလူ၏ မျက်နှာအမူအရာက အေးစက်ခက်ထန်ပြီး အလွယ်တကူ အရောဝင်၍ မရနိုင်သည့်ပုံမျိုး ဖြစ်သည်။ သို့ရာတွင် သူ့ရင်ခွင်ထဲရှိ သေးငယ်သော အမွေးဖွားဖွားနှင့် ယုန်တူခွေးတူသတ္တဝါလေးကြောင့် သူ၏ခက်ထန်သော ကိုယ်ရောင်ကိုယ်ဝါက အနည်းငယ်လျော့ကျသွားသည်ဟု ထင်ရသည်။ အနည်းဆုံး တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်အမင်းကြောက်စရာကောင်းမနေတော့ပေ။
" အားလုံး တရိုတသေနဲ့ မတ်တပ်ထရပ်နေစရာ မလိုပါဘူး... အခုက ခေတ်သစ်ရောက်နေပြီပဲ အတိတ်က ဓလေ့တွေအတိုင်းလုပ်ဖို့ မလိုတော့ပါဘူး..."
ကျွမ်းချင်က ထိုသို့ပြောသော်လည်း အကြောင်းအရင်းအချို့ကြောင့် နဂါးနက်၏ရင်ထဲတွင် ထိုစကားများထဲတွင် ပွင့်လင်းမှုအချို့ကို အမှန်ပင် ခံစားလိုက်ရသည်။
ကြည့်ရတာ ကျွမ်းချင်က တကယ်ပဲ အရင်တည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ ဓလေ့ထုံးတမ်းတွေကို အရေးကြီးတယ်လို့ ထင်ပုံမရဘူး...
" ကျေးဇူးပြုပြီးထိုင်ပါ..."
ရွှေနဂါးနန်းတော်၏ အရှေ့ဘက်ဂိတ်တံခါးက အလွန်ကြီးမားသော်လည်း ရေနေသတ္တဝါအားလုံး ရပ်နေနိုင်သည်အထိ မကျယ်ဝန်းလှပေ။ သို့ဖြစ်၍ နေရာအနည်းငယ်ရရန်အတွက် ကျင့်ကြံဆင့်နိမ့်သော မိစ္ဆာငယ်လေးများက သူတို့၏မူရင်းအသွင်သို့ပြောင်းပြီး လူအုပ်စုထဲတိုးဝင်ကာ ကြည့်နေကြသည်။
" ဘယ်သူ ငါ့အမြီးကို လာတက်နင်းတာလဲ..."
" ငါ့ရဲ့ ဆူးတောင်တွေ... ငါ့ရဲ့ ငါးဆူတောင်လှလှလေးတွေထိကုန်ပြီ မတိုးကြနဲ့..."
" ငါးရှဉ့်တွေထွက်သွားစမ်း... ငါ ငါးရှဉ့်တွေ မုန်းပါတယ်ဆို..."
နန်းတော်အပြင်ဘက်ခန်းမဆောင်မှ တီးတိုးပြောသံများကြားရသည့်အခါ ကျွမ်းချင်တစ်ချက်လှမ်းကြည့်လိုက်သည်။ ခန်းမဆောင်တစ်ခုလုံး အပ်ကျသံပင် ကြားရသည်အထိ တိတ်ဆိတ်သွားပေသည်။ ကျွမ်းချင်၏ရင်ခွင်ကိုမှီနေသော ဖူလီသည်ပင် သူ့လက်ဖဝါးနှစ်ဖက် ဆန့်ထုတ်လိုက်ပြီး သစ်သီးပန်းကန်ထဲမှ ရွှေရောင်လိမ္မော်သီးများယူကာ ကျွမ်းချင်၏လက်ထဲ ထည့်ပေးလိုက်သည်။
ဖူလီက လိမ္မော်သီးအနံ့ပြင်းပြင်းကို သဘောမကျကြောင်း ကျွမ်းချင်သိသည်။ သို့ဖြစ်၍ သူက မူရင်းအသွင်သို့ပြောင်းထားပြီး ကျွမ်းချင်ကို လိမ္မော်သီးအခွံခွာခိုင်းခြင်းဖြစ်သည်။ ကျွမ်းချင်က လိမ္မော်သီးကို အချိန်ယူခွာနေပြီး ဖူလီ ပါးစပ်ဟလိုက်ချိန်တွင်မှ သူ့ကိုမကျွေးပဲ ကိုယ့်ပါးစပ်ထဲကိုယ် ထည့်လိုက်သည်။
ဖူလီ : ...
ကျွမ်းချင်က ဖူလီ၏ နူးနူးညံ့ညံ့နားရွက်လေးကို အသာဆွဲလိုက်ပြီး ကျန်ရှိနေသေးသည့် လိမ္မော်သီးကို ပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ဖူလီက ခေါင်းကိုတစ်ဖက်လှည့်သွားပြီး ပါးစပ်မဟတော့ပေ။
ဖူကောလည်း စိတ်ဆိုးတတ်တယ်ကွ...
" ကိုယ် စားကြည့်ပြီးပါပြီ အရသာက ချိုချိုလေးမို့ မင်းကိုပေးတာ..."
ထိုအခါမှသာ ဖူလီက တောင့်တောင့်ကြီးဖြင့် ပါးစပ်ဟပြီး လိမ္မော်သီးကိုစားလိုက်သည်။
ဤအဖြစ်အပျက်တစ်ခုလုံးကို မြင်လိုက်ရသော နဂါးနက်က သူငယ်တန်းကလေးနှစ်ယောက် ဆော့ကစားနေသည်ကို မြင်လိုက်ရသည့်သဖွယ်ဖြစ်သွားသည်။
နဂါးဧကရာဇ်နဲ့ သူ့ရဲ့အနာဂတ်တာအိုလက်တွဲဖော်က အပြန်အလှန် ဒီလိုပဲ နေကြတာလား...
ကျွမ်းချင် အောင်အောင်မြင်မြင်ဖြင့် အသွင်ပြောင်းပြီးသည့်နောက်ပိုင်း အရှေ့ပင်လယ်သို့ပြန်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ ဤပွဲက အဓိပ္ပါယ်များစွာ ရှိနေသည်။ နဂါးမျိုးနွယ်မှစ၍ ရေနေသတ္တဝါငယ်မျိုးနွယ်အားလုံးက ပင်လယ်သို့ ပြန်မလာချင်တော့မည်ကို စိုးရိမ်နေကြ၍ အားလုံးစိတ်လှုပ်ရှားနေကြသည်။ အချို့မိစ္ဆာများက ဖူလီ ကျွမ်းချင်ကို ဖျောင်းဖျပေးနိုင်ရန် ဖူလီ့ကို လက်လက်ဆောင်များပေးပို့ရန်ပင် တွေးနေကြသည်။ ကံဆိုးသည်မှာ ဖူလီက ယောင်လောကတွင် ချမ်းသာသည့် နာမည်ကြီးတစ်ယောက်ဖြစ်ပြီး စွမ်းအားကြီးသူတစ်ယောက် ဖြစ်နေသည်။ ဖူလီက သူတို့ပို့သမျှပစ္စည်းအားလုံးကိုအထင်အမြင်သေးနေမည်စိုး၍ ထိုစိတ်ကူးကို ပယ်ဖျက်လိုက်သည်။
ယခုအခါတွင်မူ ကျွမ်းချင်က ရောက်လာခဲ့ပြီး လက်ရှိ ရှိနေသော ရေနေသတ္တဝါများအပေါ် မကောင်းမြင်နေခြင်းမရှိ၍ အားလုံးစိတ်ထဲ အနည်းငယ်တည်ငြိမ်သွားပြီး အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်လာသည်။
ဤနေရာသို့ ရောက်ရှိလာကြသော ရေနေသတ္တဝါမျိုးနွယ်အရေအတွက်က ဖူလီမှန်းထားသည်ထက် များပြားနေသည်။ သူ ကျွမ်းချင်ကို အသံကူးပြောင်းမှုမှတစ်ဆင့် မေးလိုက်သည်။
" ဒီရေနေသတ္တဝါမျိုးနွယ်တွေက စိတ်လှုပ်ရှားပြီး လာကြည့်ကြတာလား ဒါမှမဟုတ် ထမင်းတစ်နပ် အလကားလာစားတာလား..."
ကျွမ်းချင် အံ့အားသင့်သွားမိသည်။ ရုတ်တရက် ဖူလီက နန်းတွင်းမှ ဓလေ့ထုံးစံများနှင့် ထိတွေ့မှုမရှိခဲ့ဖူးသည်ကို သူ ရုတ်ချည်းအမှတ်ရသွားသည်။ သူ့ကလေးဘဝကိုလည်း ရောင်ပြန်မြူတောင်ပေါ်တွင် ဖြတ်သန်းခဲ့ရပြီး ထိုနေရာမှ ယောင်ကျင့်ကြံသူများကလည်း သူ့ကို သဘာဝဆန်ဆန်သာ ဆက်ဆံခဲ့ကြခြင်းဖြစ်သည်။ ဘုရင်ကန်းလေ့ဟု သုံးနှုန်းခေါ်ဆိုနေသော ခန်းကူသည်ပင် တောင်ပေါ်မှ မိစ္ဆာများ၏ရှေ့တွင် သူ့ကိုယ်သူ အဆင့်မြင့်မိစ္ဆာအဖြစ် မခံယူထားပေ။ ဖူလီ လူသားလောကသို့ ရောက်လာချိန်တွင် လူသားများအကြား၌ တန်းတူညီမျှမှုရှိနေပြီး ပဒေသရာဇ်ခေတ်ကကဲ့သို့ လူတန်းစား ကွာခြားချက် များများစားစားမရှိတော့ပေ။ သို့ဖြစ်၍ ဖူလီ့အမြင်တွင်မူ ဤနေရာသို့ ရောက်လာကြသော ယောင်ကျင့်ကြံသူများက အပျော်သဘောဖြင့် ထမင်းတစ်နပ် အလကား လာစားရုံသာ ရောက်လာသည်ဟု ထင်နေခြင်းပင်။
ကျွမ်းချင်က ဖူလီ့ကျောပြင်မှ အမွေးလေးကိုပွတ်လိုက်ပြီး အသံကူးပြောင်းမှုမှတစ်ဆင့် ပြန်ဖြေလိုက်သည်။
" သူတို့က ထမင်းအလကား လာစားတာမဟုတ်ဘူး လေးစားသမှုကိုပြတဲ့အနေနဲ့ ဒီကိုလာတာလေ..."
" ဇာတ်လမ်းတွေထဲက ဘုရင်တွေဆီ လာကြသလိုလား..."
ဖူလီ့နားရွက်များ လှုပ်သွားသည်။
ကျွမ်းချင်က ပြန်မဖြေလိုက်သော်လည်း မငြင်းဆန်လိုက်ပေ။ သူ့အကြည့်က မိစ္ဆာများထံသို့ ရောက်သွားသည့်အခါ ယခင်က သူ့ကို အနိုင်ကျင့်ခဲ့ဖူးသည့် နဂါးအချို့က ချက်ချင်းခေါင်းငုံ့သွားပြီး သူနှင့် အကြည့်ချင်းမဆုံရဲတော့ပေ။ တစ်ချိန်က သူ့ကို လှောင်ပြောင်ရန်စခဲ့ဖူးသည့် ပင်လယ်လိပ်က သန္တာကျောက်တန်းတစ်ခုနောက်တွင် ပုန်းနေပြီး တုန်ယင်နေကာ ခေါင်းကိုလည်းလိပ်ခွံထဲမှ မထုတ်ရဲတော့ပေ။
သူ အနိုင်ကျင့်ခံရပြီးချိန်က ဒဏ်ရာများကို တိတ်တဆိတ် ဆေးထည့်ပေးခဲ့သည့် ရေဘဝဲမိစ္ဆာနှင့် သူ အလွန်ဆာလောင်နေခဲ့ချိန်တွင် စားစရာများ ပေးခဲ့ဖူးသည့် ပင်လယ်ဂဏန်းမိစ္ဆာကိုပါ တွေ့လိုက်သည်။
" နေ့လယ်ခင်းတောင် ရောက်တော့မယ်... အားလုံးလည်း အဝေးက လာရတာဆိုတော့ နေ့လယ်စာစားပြီးမှ စကားဆက်ပြောကြတာပေါ့..."
မိစ္ဆာအားလုံးက ထိုအချိန်မှသာ စိတ်အေးလက်အေးဖြင့် သက်ပြင်းချနိုင်တော့သည်။ နဂါးနက်မျိးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။
" အရှင်မင်းကြီး စိတ်မပူပါနဲ့ ကျွန်တော်တို့ နေ့လယ်စာပြင်ထားပြီးပါပြီ..."
" ဒီနဂါးမျိုးနွယ်စုတွေက အလိုက်သိသားပဲ... ဒီကို အလည်လာတာတောင် သူတို့စားစရာကို ကိုယ်တိုင်ယူလာတယ်..."
ဖူလီ သစ်သီးစားပြီးသည့်အခါ အရှေ့လက်ဖဝါးနှစ်ဖက်ကို မြှောက်လိုက်၍ ကျွမ်းချင်က သူ့လက်ကို ပဝါဖြင့် သုတ်ပေးလိုက်သည်။
" မင်း ကိုယ့်အပေါ်မှာနေနေတာ နေ့တစ်ဝက်လောက်ရှိပြီနော်... ထလာပြီး နေ့လယ်စာ မစားချင်ဘူးလား..."
ဖူလီက ကျွမ်းချင်၏လက်မောင်းများအကြား ခေါင်းကိုတိုးဝင်လိုက်သည်။
" နဂါးနန်းတော်မှာက ပင်လယ်စာတွေအများကြီးရှိတာ မင်း လူသားပုံစံမပြောင်းထားရင် စားရတာ အဆင်မပြေဖြစ်လိမ့်မယ်..."
ကျွမ်းချင်က ဖူလီ၏တင်ပါးလုံးလုံးလေးကို ပုတ်လိုက်သည်။
" မင်း မစားချင်ဘူးလား..."
ဖူလီက အမြီးကိုတစ်ချက်ချလိုက်ပြီး ကျွမ်းချင်၏ဒူးပေါ်မှ လျှောဆင်းသွားကာ မြေပြင်ပေါ်ရောက်သည်နှင့် လူသားအသွင်ပြောင်းလိုက်သည်။ သူ ကျွမ်းချင်၏ဘေးနားမှ နေရာလွတ်တွင် ဝင်ထိုင်လိုက်သည်။
" အရှင်မင်းကြီးနဲ့ သခင်လေးတို့ ကျေးဇူးပြုပြီး အတွင်းဆောင်မှာ လာထိုင်ကြပါ..."
နဂါးနင်က မတ်တပ်ရပ်လိုက်ပြီး ဖူလီနှင့်ကျွမ်းချင်ကို လမ်းပြလိုက်သည်။ အခြားနဂါးမျိုးနွယ်များကလည်း ချက်ချင်းလိုက်လာကြသည်။ အခြားသော ရေနေသတ္တဝါမျိုးနွယ်များမှာ အတွင်းဆောင်သို့ မဝင်နိုင်ကြကြောင်းသိသည်နှင့် အပြင်ဘက်တွင် ထိုင်ခုံများ စားပွဲများချထားပြီး နေ့လယ်စာစားသောက်ပွဲ စတင်မည့်အချိန်ကို စောင့်နေသည်။ သူတို့ပုံစံက အလကားလာရောက်စားသောက်သည့်လူများနှင့် အမှန်တကယ်တူနေသည်။
ကျွမ်းချင်က အဆောင်ထဲမဝင်မီ သူ့နောက်မှလိုက်လာသည့် နဂါးများကို ကြည့်လိုက်သည်။ သို့သော် သူ စကားတစ်ခွန်းမှ မပြောပေ။ ကျွမ်းချင်၏အတွေးကိုမသိသော နဂါးနက်က ပြောလိုက်သည်။
" တကယ်လို့ အရှင်မင်းကြီး တိတ်တိတ်ဆိတ်ဆိတ်ပဲနေချင်တယ်ဆိုရင် ကျွန်တော် ဂျူနီယာတွေကို အပြင်ထွက်ခိုင်းလိုက်ပါ့မယ်..."
" အဲလိုလုပ်ဖို့မလိုပါဘူး..."
ကျွမ်းချင်က ထိုနဂါးလေးများ သတိကြီးကြီးထားပြီးနေနေကြောင်းကို သိလိုက်သည်။ ကလေးအရွယ်သာရှိသေးသည့် ဦးချိုပင် အပြည့်အဝမထွက်သေးသော အသက် ၇၀၀မှ ၈၀၀ ကြားရှိသော နဂါးပေါက်စလေးများက သူ့ကို သနားစဖွယ်ကြည့်နေကြသည်။
" မင်းတို့အားလုံး ဝင်ခဲ့ကြလေ..."
ခရမ်းရောင်နဂါး၊ နဂါးနီနှင့် နဂါးဖြူမျိုးနွယ်တို့က သူ့နောက်မှ နာခံစွာလိုက်လာကြပြီး စကားသံတစ်သံမှ မထွက်ရဲပေ။