အပိုင်း ၁၇၅
Viewers 38k

Chapter 175
ပုလိပ်ရောဂါ


အတွင်းဆောင်ထဲတွင် စားပွဲခုံကြီးငါးခုံကို ခင်းကျင်းထားသည်။ အဓိကစားပွဲပေါ်ရှိ ဟင်းပွဲများက အလွန်များပြားလှသည်။ ထိုနဂါးမျိုးနွယ်များက ကျွမ်းချင်နှင့် ဖူလီ၏အကြိုက်ကို လျှို့ဝှက်စွာ စုံစမ်းထားသောကြောင့် စားပွဲပေါ်မှ စားစရာအများစုက သူတို့အကြိုက်များ ဖြစ်နေသည်။ 

" အရှင်မင်းကြီး ကျေးဇူးပြုပြီးထိုင်ပါ..."

နဂါးနက်က ကျွမ်းချင်ကို အဓိကခုံတွင် နေရာချပေးလိုက်သည်။ ကျွမ်းချင်ကို ထိုခုံကိုစိုက်ကြည့်ပြီး ရပ်နေသည်ကို မြင်သောအခါ မျိုးနွယ်ခေါင်းဆောင်များက တစ်ဖန်ပြန်လည် တောင့်တင်းသွားကြပြန်သည်။

" ကျွန်တော်ကလည်း ဂျူနီယာတစ်ယောက်ပါ အားလုံးရှိနေတဲ့အချိန် ဒီခုံမှာ မထိုင်နိုင်ပါဘူး..."

" ဒီနေရာက အရှင်မင်းကြီးတစ်ယောက်တည်းနဲ့ သင့်တော်တာပါ..."

" ဒီနေရာနဲ့ သင့်တော်တဲ့လူက အရှင်မင်းကြီးကလွဲပြီး တခြားလူ မရှိပါဘူး..."

အားလုံးက အလေးအနက်တိုက်တွန်းပြီး တစ်ချိန်တည်းတွင် ပြောလိုက်ကြ၍ ကျွမ်းချင်က နောက်ဆုံးတွင် ဖူလီ့ကိုခေါ်ပြီး ထိုနေရာတွင် ထိုင်လိုက်သည်။ နဂါးပြာနှင့် နဂါးနက်မျိုးနွယ်မှ အကြီးအကဲများက သူတို့နှစ်ယောက်၏ဘေးတွင်ထိုင်လိုက်ပြီး အခြားမျိုးနွယ်လေးခု၏ အကြီးအကဲများကလည်း ငြိမ်သက်စွာထိုင်လိုက်ပြီး စကားတစ်ခွန်းမှ မပြောရဲကြပေ။

နေ့လယ်စာစားပြီးသည့်အခါ မျိုးနွယ်စုလေးခုက ကျွမ်းချင်ကို တောင်းပန်စကားပြောကြသည်။ နဂါးနီမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော ဆံပင်များဖြူဖွေးနေသည့်လူအိုကြီးက ကျွမ်းချင်ကို ဒူးထောက်၍ ဦးညွတ်အရိုအသေပေးနေသည်ကို ဖူလီကြည့်နေပြီး ဘေးနားသို့ အနည်းငယ်ရွှေ့သွားမိသည်။

" မျိုးနွယ်ခေါင်းဆောင် ဒီလိုလုပ်ဖို့ မလိုပါဘူး..."

ကျွမ်းချင်က မတ်တပ်ထရပ်လိုက်ပြီး နဂါးနီမျိုးနွယ်ခေါင်းဆောင်ကို ထူပေးလိုက်သည်။ သူ့မျက်နှာထက်တွင် မည်သည့်အမူအရာမှ ရှိမနေပေ။ 

" စီမံခန့်ခွဲရေးဗျူရိုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်မျိုးနွယ်စုက ပြဿနာကြုံလာကြုံလာ ကျွန်တော်ဖြေရှင်းပေးရမှာပါ..."

" အတိတ်တုန်းက..."

နဂါးနီမျိုးနွယ်ခေါင်းဆောင်၏ ပါးပြင်က နီရဲလာသည်။
" ကျွန်တော်တို့ အရှင်မင်းကြီးကို အထင်သေးခဲ့မိပါတယ်..."

" ပြီးခဲ့တဲ့ကိစ္စတွေ ပြီးပါစေတော့...မျိုးနွယ်ခေါင်းဆောင် ဒီကိစ္စတွေကို ပြန်ပြောနေဖို့ မလိုတော့ပါဘူး..."

ကျွမ်းချင် ဖူလီ့ကိုလှည့်ကြည့်လိုက်သည်။ အကယ်၍ နဂါးမျိုးနွယ်စုက သူ့ကို အတိတ်တွင် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပါက သူ ပင်လယ်ကြမ်းပြင်တွင်သာ နေထိုင်နေခဲ့ပြီး နဂါးမျိုးနွယ်မှ သာမန်ယောင်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေလိမ့်မည်။ အရွယ်ရောက်ပြီးချိန်တွင်လည်း ပင်လယ်ပြင်ပိုင်နက်တစ်ခုကို အုပ်ချုပ်ပြီး ဘဝဆုံးတိုင်အထိ ပင်လယ်ထဲတွင်သာ နေဖြစ်မည်ဖြစ်သည်။ ထိုသို့ဘဝမျိုးဖြင့် နေထိုင်ခဲ့ရပါက ဖူလီနှင့် ဆုံတွေ့ခဲ့ရမည် မဟုတ်ပေ။ သူ့ဘဝတစ်လျှောက်လုံးတွင်လည်း ဖူလီဟုခေါ်သည့် မိစ္ဆာလေး တည်ရှိနေကြောင်းလည်း သိခဲ့မည်မဟုတ်ပေ။ 

ပျော်ရွှင်မှုက ကံဆိုးမှုကို မွေးထုတ်ပေးသည်လား၊ ကံဆိုးမှုက ပျော်ရွှင်မှုကို မွေးထုတ်ပေးခဲ့သည်လားကို မည်သူမှ မသိကြပေ။ 

" အရှင်မင်းကြီးရဲ့ စိတ်သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်..."

နဂါးနီမျိုးနွယ်ခေါင်းဆောင်က ခေါင်းငုံ့လျက် နောက်ပြန်ဆုတ်သွားသည်။ ကျန်ရှိနေသော မျိုးနွယ်စုများကလည်း ရှေ့တိုးလာပြီး တောင်းပန်စကားဆိုကြသည်။ ကျွမ်းချင်၏ အပြုအမူက မပြောင်းမလဲသာဖြစ်သည်။ သူ့စိတ်ထဲတွင် အငြှိုးအတေးနှင့် မုန်းတီးမှုများ မရှိသကဲ့သို့ လိုအပ်သည်ထက်ပိုသော ဖော်ရွေရင်းနှီးမှုများလည်း မရှိပေ။ 

သူ စိတ်ထဲမထားဟု ပြောထားခြင်းဖြစ်၍ ထိုအတိုင်းသာ ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်။

.....

ပင်လယ်အနက်ပိုင်းတစ်နေရာတွင် သူ့ကိုယ်သူ ဘုရင်ဟု သုံးနှုန်းခေါ်‌ဆိုနေသည့် မိစ္ဆာတစ်ကောင်က ဒေါသတကြီးဖြင့် သူ့လက်အောက်ငယ်သားကို အော်ဟစ်နေသည်။

" မင်းတို့ ပုလိပ်ရောဂါလေးတောင် မဖြန့်နိုင်ဘူးလား... မင်းတို့တွေထွက်သွားတာ လပေါင်းများစွာကြာနေပြီ လူသားလောက ကနေ ဘာသတင်းမှလည်း မရသေးပါလား..."

ဆူပူကျိန်းမောင်းခံနေရသည့် လက်အောက်ငယ်သားက ပြန်မဖြေရဲပေ။ ဘုရင်၏ဒေါသက အနည်းငယ်လျော့ပါးသွားသည်ဟု ထင်မိသည့်အခါမှ သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 

" ဘုရင်ကြီး ကျွန်တော်မျိုးလည်း ဘာတွေဖြစ်သွားမှန်းမသိလိုက်ပါဘူး... ကျွန်တော် လူသားတွေသောက်တဲ့ရေထဲမှာ အဆိပ်ကို သေချာပေါက် ထည့်လိုက်ပါတယ် ဒါပေမဲ့ သူတို့ခန္ဓာကိုယ်က ဘယ်လိုမှ မတုံ့ပြန်ကြပါဘူး... နောက်ပိုင်းကျတော့ လေထဲကတစ်ဆင့် ပုလိပ်ရောဂါဖြန့်ဖို့‌ကြိုးစားခဲ့ပေမယ့်လည်း သူတို့ဆီက ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး... ‌ဒါက ထူးဆန်းလွန်းနေတယ်..."

" လူသားတွေလိုမျိုး အားနည်းတဲ့ သတ္တဝါတွေက ဘာလို့ ကြောက်စရာကောင်းတဲ့ ပုလိပ်ရောဂါကို ကာကွယ်နိုင်နေရတာလဲ... မဖြစ်နိုင်ဘူး တစ်ခုခုတော့ မှားနေပြီ..."

ဘုရင်က ဒေါသထွက်နေသည်။ ဘုရင်က ထိုနေရာတွင် စက်ဝိုင်းပုံစံပတ်လျှောက်နေပြီးနောက် ဝဝဖိုင့်ဖိုင့်ငါးပူတင်းတစ်ကောင်အသွင် ပြောင်းလိုက်သည်။

" မင်းလည်း သာမန်ပင်လယ်သတ္တဝါပုံစံပြောင်းလိုက်... တခြားရေနေသတ္တဝါမျိုးနွယ်တွေ တစ်ခုခုထူးဆန်းနေတဲ့အကြောင်း မသိသွားစေနဲ့..."

မျက်လုံးတစ်လုံးတည်းရှိသည့် ထူးဆန်းသောနွားကြီးကလည်း နာခံစွာဖြင့် အသွင်ပြောင်းလိုက်သည်။ သူ့ထံတွင် မျက်လုံးတစ်လုံးတည်းသာ ရှိခြင်းကြောင့် မျက်လုံးလေးလုံးပါသည့် ဥရောပငါးပြားအဖြစ် အသွင်ပြောင်းပြီး မျက်လုံးတစ်လုံးတည်းရှိသည့် အထီးကျန်မှုကို ကုစားလိုက်သည်။

သခင်နှင့် အစေခံတို့က ပင်လယ်နက်ပိုင်းထဲမှ ကူးခတ်လာကြသည့်အခါ ‌ရွှေနဂါးနန်းတော်မှ ပြန်လည်ထွက်ခွာလာကြသည့် ရေနေသတ္တဝါမိစ္ဆာများနှင့် တွေ့ကြသည်။ ‌သန့်စင်သည့်ရေနှင့် ပင်လယ်ရေတို့က ရောစပ်နေပေသည်။ အကယ်၍ လူသားဇီဝသိပ္ပံပညာရှင်များ ဤမြင်ကွင်းကို ရှာတွေ့သွားပါက နှစ်ပေါင်းများစွာသုတေသနပြုရမည့် အံ့ဩဖွယ်ရာကိစ္စကြီးဖြစ်သွားနိုင်သည်။
 
ငါးပူတင်းအတုက ဤအခွင့်အရေးကိုယူ၍ မိစ္ဆာအုပ်စုအကြား ရောနှောဝင်ရောက်လိုက်ပြီး လူသားလောကအကြောင်းများ မေးမြန်းလိုက်သည်။ နဂါးဧကရာဇ်၏ ထောက်ပံ့မှုကို ယခုမှ ရရှိလာခဲ့သော ပင်လယ်မိစ္ဆာများက စိတ်ကောင်းဝင်နေကြချိန်ဖြစ်၍ လူသားလောက၏ အထွေထွေဗဟုသုတအကြောင်း မေးနေသည့် ကျေးလက်နေငါးတစ်ကောင်၏ မေးခွန်းများကို ကောင်းကောင်းမွန်မွန်သာ ဖြေကြသည်။

" သူတို့ဘာလို့ ပုလိပ်ရောဂါကို မကြောက်ကြလဲ ဟုတ်လား..."
ရုပ်ဆိုးသောငါးတစ်ကောင်က အားပါးတရ ရယ်လိုက်သည်။

" အခုခေတ်လူသားတွေက မွေးတည်းက ကာကွယ်ဆေးပေါင်းစုံ ထိုးထားကြတာလေ... လူသားတွေရဲ့ဆေးတွေက ရှေးခေတ်က သေစေနိုင်တဲ့ ပုလိပ်ရောဂါတွေကို ကျော်လွှားနိုင်သွားပြီ..."

ငါးပူတင်း : ...

.....

ရောဂါကာကွယ်ရေးဌာနခွဲတစ်ခု၏ ဝင်ပေါက်တွင် အနက်ရောင်ဂျာကင်ဝတ်ထားသော လူနှစ်ယောက်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ ရံဖန်ရံခါဖြတ်သွားသော ကားများက သူတို့မျက်နှာထက်တွင် ပူပန်မှုများ ဖြစ်ပေါ်လာအောင် လုပ်နေသည်။ 

ဘောလုံးတစ်လုံးကဲ့သို့ ဝဝဖိုင့်ဖိုင့်နှင့်လူက သူ့မျက်နှာကိုသုတ်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ 

" လေထုကလည်း ညစ်ညမ်းလိုက်တာ... ဝိညာဉ်ချီဓာတ်လည်းနည်းတယ်... လမ်းပေါ်မှာလည်း သတ္တုဘူးတွေက တရွေ့ရွေ့နဲ့ လူသားလောက က ဘာလို့ ဒီလိုဖြစ်နေရတာလဲ..."

" ဘုရင်... အဲဒါ ငတုံးလူသားတွေ လုပ်ထားတာပဲဖြစ်မယ်..."

သူ့ဘေးနားမှ အနည်းငယ်ဝသည့်လူက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်သည်။ 

" သူတို့ အကွက်ကျကျ စီစဉ်ထားကြတာ..."

သူ ထိုစကားကိုပြောလိုက်ချိန်တွင် ရေဖြန်းသည့်ထရပ်ကားတစ်စီးဖြတ်သွား၍ သူတို့ဖိနပ်များ စိုရွှဲကုန်သည်။ ထိုလူက သူ့ခြေထောက်များကို နောက်ပြန်ဆုတ်လိုက်ပြီး မောင်းထွက်သွားသည့် ထရပ်ကားကို ကြည့်နေမိသည်။ တစ်ခဏတာခန့် သူ ဘာပြောရမည် မသိတော့ပေ။

" သား ဆေးမထိုးချင်ဘူး..."

" ဝူး..."

အရွယ်ရောက်ပြီးသည့်လူသားတစ်ယောက်က ကောင်းကင်ဘုံကိုပင် လှုပ်ခါသွားစေနိုင်သည့် အော်သံကြီးဖြင့် ငိုယိုနေသည့် ကလေးတစ်ယောက်ကိုချီပြီး ပင်မဝင်ပေါက်မှ ဖြတ်သွားသည်ကို သူတို့နှစ်ယောက် ကြည့်နေမိသည်။ တံခါးအနောက်မှ အဆောက်အဦးကြီးကို သူတို့ လေးစားစွာဖြင့် ကြည့်နေမိသည်။

အတွင်းထဲမှာ ဘယ်လိုနတ်ဘုရားလိုမျိုး တည်ရှိမှုကြီးရှိနေလို့ ကလေးတွေကို ဒီလောက်ကြောက်လန့်အောင်လုပ်နိုင်ပြီး ပြန်ထွက်လာသမျှလူတိုင်း ရောဂါတွေကို ခံနိုင်ရည်ရှိပြီးသား ဖြစ်သွားပါလိမ့်...

" ဘုရင် ကျွန်တော်တို့ ဝင်ကြမလား..."

အနည်းငယ်ဝသောလူ၏မျက်နှာ အမူအရာက လေးနက်တည်ကြည်နေသည်။

" လူသားတွေရဲ့ လျှို့ဝှက်လက်နက်က အထဲမှာပဲ ရှိရမယ်..."

" ဟုတ်တယ် ဒီမှာပဲ ရှိနေလောက်မှာ... ငါတို့တွေ သူတို့ရဲ့ လျှို့ဝှက်လက်နက်ကို လုယူရမယ်..."
ဘောလုံးတစ်လုံးသဖွယ် ဝသည့်လူက မတ်တပ်ရပ်ပြီး သူ့ကိုယ်ပေါ်မှ ဖုန်များကိုခါကာ ပင်မတံခါးဘက်လှည့်ပြီး လက်ကာပြလိုက်သည်။

" ဖေး အရှေ့ကလျှောက်..."

ဖေး ဟု ခေါ်သည့်လူက တွန့်ဆုတ်နေသည်။
" ဘုရင် ကျွန်တော်..."

" သောက်ရေးမ‌ပါတာတွေ မပြောဘဲနဲ့ ရှေ့က ဝင်လိုက်စမ်းပါ..."

ဘောလုံးသဖွယ်ဝသည့်လူက ဖေးကို ဆောင့်ကန်ထုတ်လိုက်သည်။ ထိုအခါမှသာ ဖေးက ခါးမတ်မတ်ရပ်ပြီး ကော်လံကို ပြန်ပြင်ကာ ပင်မတံခါးမှ ဖြတ်လာလိုက်သည်။

သူတို့ကို စောင့်ကြည့်နေခဲ့သည်မှာ အချိန်အတန်ကြာပြီဖြစ်သော လုံခြုံရေးအစောင့်က သူတို့နှစ်ယောက် ရောဂါကာကွယ်ရေးဌာနခွဲကို တံခါးမှ ဖြတ်ကျော်ဝင်လာသည်နှင့် ရဲကိုဖုန်းလှမ်းဆက်လိုက်သည်။ ထိုလူနှစ်ယောက်က အထူးအဆန်းပုံစံဖြင့် စကားပြောနေကြသည့်အပြင် ဖြတ်သွားဖြတ်လာ ကလေးများကိုပါ လိုက်ကြည့်နေသည်။ သူတို့ကို ကလေး ခိုးပြီး လူကုန်ကူးသူများဟု လုံခြုံရေးက သံသယဝင်နေမိသည်။ 

" ဘုရင်ဟွင်းသွမ်း..."

" ပါးစပ်ပိတ်ထားစမ်း..."

ဟွင်းသွမ်းဟူသောလူက ဖေးကို ဖြတ်ပြောလိုက်သည်။

" အမြန် ဒီကိုလာကြည့်..."

သူက ငိုသံပေါင်းများစွာ ထွက်ပေါ်နေသည့် လူသွားစင်္ကြန်လမ်းကို လက်ညှိုးထိုးပြလိုက်သည်။ ကလေးများက အသံဝင်သည်အထိ ငိုယိုနေကြပြီး သူတို့၏ စူးခနဲအော်သံများကလည်း မရပ်တန့်သွားပေ။ ရံဖန်ရံခါတွင် အရွယ်ရောက်ပြီးသော လူသားများ၏ အသံကိုလည်း ကြားရသည်။

" ဒီလူသားတွေ ကလေးတွေကိုသတ်ပြီး သက်ရှိတွေနဲ့ စမ်းသပ်ချက်လုပ်နေတာများလား..."

ဖေးက တံတွေးမျိူချလိုက်သည်။ သူတို့မိစ္ဆာမျိုးနွယ်က မည်မျှရက်စက်သည်ဖြစ်စေ ကလေးများအပေါ် လက်ပါခြင်းက အလွန်ရှားပါးပေသည်။ 
ကြည့်ရတာ လူသားတွေက မိစ္ဆာတွေထက်တောင် ပိုကြောက်စရာကောင်းနေတာပဲ...

သူတို့ တွေးနေစဉ်မှာပင် အသက်၇နှစ် ၈နှစ်အရွယ် ကလေးလေးတစ်ယောက်က စင်္ကြန်ဘက်ကို ရုတ်ချည်းထွက်လာသည်။ ကလေး၏လက်မောင်းတွင် အင်္ကျီစကိုလိပ်တင်ထားပြီး သူ့နောက်မှ လူကြီးများလိုက်လာသည်။ စူးခနဲ အော်သံများ၊ စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲသံများ၊ ငိုသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

" သား ဆေးမထိုးချင်ဘူးလို့..."

" မရဘူး ဆေးထိုးရမယ်... မင်း ဆေးမထိုးဘူးဆိုရင် အိမ်ရောက်တာနဲ့ ငါမင်းကို သေအောင်ရိုက်မှာ..."

အရွယ်ရောက်ပြီးသည့် အမျိုးသားက တိုက်ခိုက်ရေးစွမ်းအင် ပိုမိုကောင်းမွန်ကြောင်း ပြသနေသည်။  ခက်ခက်ခဲခဲဖြင့် ထွက်ပြေးလာသောကလေးကို ထိုအမျိုးသားက အားဖြင့်ပြန်ဆွဲခေါ်နေသည်။ ဒေါသထွက်နေသည့် အမျိုးသားက ကြောက်လန့်တကြားငိုယိုနေသောကလေးကို အော်သစ်ငိုယိုသံများပြည့်နေသည့်အခန်းထဲ ပြန်ဆွဲခေါ်သွားသည်။

ပို၍ကြောက်စရာကောင်းသည်မှာ ဘေးပတ်ဝန်းကျင်မှ လူကြီးများက ဤကိစ္စကို စိတ်ဝင်စားစရာ ကိစ္စတစ်မျိုးသဖွယ် ပြုံးကြည့်နေကြခြင်းဖြစ်သည်။

လူသားတွေက ဒီလောက်တောင် ကြောက်စရာကောင်းနေပြီလား...

ဟွင်းသွမ်းနှင့် ဖေးတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေပြီးနောက် ဟွင်းသွမ်းက ပြောလိုက်သည်။

" ငါတို့ ဒီပြဿနာကိုဖြေရှင်းဖို့ ခွန်အားမလုံလောက်ဘူး... ဒီဘုရင် တခြားလက်အောက်ငယ်သားတွေကို ရှာတွေ့ပြီဆိုမှ ဒီနေရာကို နောက်တစ်ခေါက်ထပ်လာမယ်..."

ထိုစကားများကြားသည့်အခါ ဖေးက ဝမ်းသာသွားသည်။
" ဘုရင်က အမျှော်အမြင်ရှိပါပေတယ်..."

မိစ္ဆာနှစ်ယောက်က ထွက်ပေါက်ဘက်ကို ပြန်လှည့်လိုက်ကြသည်။ သူတို့ဝင်ပေါက်နားရောက်သည့်အခါ အပြာရောင်အင်္ကျီနှင့်လူက သူတို့ကိုတားလိုက်သည်။

" လူငယ်လေးနှစ်ယောက် ခဏနေပါဦး..."

ဖေးက ဟွင်းသွမ်းကို လှည့်ကြည့်လိုက်သည်။
" ဘုရင် သူ ကျွန်တော်တို့ကို ခေါ်နေတာထင်တယ်..."

" သူက လူငယ်လေးလို့‌ခေါ်တယ်လေ ငါတို့နဲ့ ဘာဆိုင်လို့လဲ..."
ဟွင်းသွမ်းက ခေါင်းခါလိုက်ပြီး တစ်ဖက်လူခေါ်သည်ကို မကြားချင်ယောင်ဆောင်လိုက်သည်။

" လူငယ်လေးတွေ အမြန်မလျှောက်ကြပါနဲ့..."

တံခါးတွင်စောင့်နေသည့် ဦးလေးကြီးက လူဟွင်းသွမ်း၏အင်္ကျီလက်ကို ဆွဲထားလိုက်ပြီး တက်ကြွစွာဖြင့် ပြောလိုက်သည်။

" မင်းတို့နှစ်ယောက်က ဒီနယ်ခံတွေ မဟုတ်ဘူးထင်တယ်..."

ဟွင်းသွမ်းက လူအိုကြီးကို မျက်လုံးများမှေးကျဉ်းကြည့်လိုက်သည်။
" အဲဒါဘာဖြစ်လဲ..."

" စိတ်မကောင်းပါဘူး လူငယ်လေး... ငါတို့ ရောဂါကာကွယ်ရေးဌာနခွဲရဲ့စည်းကမ်းအရဆိုရင် နိုင်ငံခြားသားတွေက ဒီထဲမဝင်ခင် မှတ်ပုံတင်ပြရပါတယ်... မင်းတို့ရဲ့ မှတ်ပုံတင်ကတ်လေးတွေ တစ်ချက်လောက် ပြပေးပါဦး..."

လူအိုကြီးက ကြင်နာသည့်ပုံစံဖြင့် ပြုံးပြနေသော်လည်း သူ့ခန္ဓာကိုယ်ဖြင့် ဝင်ပေါက်ကိုပိတ်ထား၍ ဟွင်းသွမ်းနှင့် ဖေးတို့က မထွက်သွားနိုင်ဖြစ်နေသည်။

" မှတ်ပုံတင်ကတ်လား..."
ထိုအရာကို ဟွင်းသွမ်းမသိ၍ ဖေးဘက်ကိုလှည့်လိုက်သည်။

" မင်း ထုတ်ပြလိုက်လေ..."

ဖေးက ပြောစရာစကား ပျောက်ရှသွားရသည်။
သူ့မှာ ဘယ်လိုလုပ် အဲ့ဟာ ရှိမှာလဲ...

လူနှစ်ယောက်၏ အမူအရာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့က ထူးဆန်းနေကြောင်း ဦးလေးကြီးသိလိုက်သည်။ ရဲကားများရောက်ခါနီးဖြစ်နေသည်ကို မြင်လိုက်သည့်အခါ သူ့မျက်နှာက ချက်ချင်းအေးစက်သွားသည်။

" မင်းတို့ခန္ဓာကိုယ်တွေကိုလည်း ပြန်ကြည့်ပါဦး အားမရှိတာလည်း မဟုတ်ပဲနဲ့ ဘာလို့ လမ်းမှန်မလျှောက်တဲ့အပြင် အလုပ်မလုပ်ဘဲ ပိုက်ဆံကို အချောင်လိုချင်နေကြတယ်... ငွေ အလကားရဖို့ လွယ်တယ်ထင်နေလား...

ဟွင်းသွမ်းနှင့် ဖေး : ...

ဒီအဖိုးကြီးရဲ့ မျက်နှာအမူအရာက ဘာလို့ ရုတ်တရက် ပြောင်းသွားရတာလဲ... 

ရဲကားနှစ်စီး၊ သုံးစီးခန့်ရောက်လာပြီး ရောဂါကာကွယ်ရေးဌာနခွဲ၏ ပင်မဂိတ်တံခါးများကို တင်းကြပ်စွာပိတ်ဆို့ထားလိုက်သည်။ ရဲသားဆယ်ယောက်ခန့်က ကားပေါ်မှ ဆင်းလာကြပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ ဟွင်းသွမ်းနှင့် ဖေးတို့ကို ဝိုင်းထားလိုက်ကြသည်။

" လက်မြှောက်ထားပြီးတော့ မှတ်ပုံတင်ကတ်တွေ ထုတ်ပြစမ်း..."

သေနတ်ကိုင်ထားသော ရဲသားတစ်ယောက်က သူတို့နှစ်ယောက်၏ လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး ပြောလိုက်သည်။ 
" အမြန်လုပ်..."

ဖေးက ရဲသား၏လက်ထဲမှ အနက်ရောင်ပစ္စတိုကိုကြည့်ပြီး အားပါးတရ အော်ရယ်လိုက်သည်။ 
" အဆောင်လက်ဖွဲ့လည်းမပါ၊ ဝိညာဉ်ချီဓာတ်လည်းမပါတဲ့  ကစားစရာလေးက ဘာလုပ်လို့ရလို့လဲ..."

ဖေး၏ ရန်စသည့်စကားကြောင့် ရဲသားအားလုံး အံ့ဩသွားကြသည်။ သူတို့က ကြမ်းတမ်းသည့် လူမိုက်များစွာကို မြင်ဖူးသော်လည်း သေနတ်ဖြင့်ချိန်ထားသည့်အချိန်တွင် အနည်းငယ်မှပင် ကြောက်လန့်ခြင်းမရှိသည့်လူမိုက်ကို မမြင်ဖူးပေ။ 

ရဲသားများက ဟွင်းသွမ်းနှင့် ဖေးကို သူတို့၏မှတ်ပုံတင်ကတ်များထုတ်ပြပြီး ရဲစခန်းသို့ အတူလိုက်လာရန် ထပ်ခါထပ်ခါပြောနေသည်။ သူတို့ပြောနေသည်ကို နားမလည်သော ဖေးနှင့် ဟွင်းသွမ်းတို့က တစ်ဖက်သို့လှည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ 

" အဲ့မှာရပ်နေစမ်း မပြေးနဲ့..." 

ရဲသားငယ်လေးတစ်ယောက်က ဖေး၏ခြေထောက်နားကို သေနတ်ဖြင့်ပစ်လိုက်သည်။ ကျည်ဆန်က ဖေး၏ခြေထောက်ပေါ် ရောက်သွားသော်လည်း သူက မည်သည့်တုံ့ပြန်မှုမှ မပြသည့်အပြင် ခေါင်းပါ မငုံ့သွားပေ။ 

ရဲအားလုံး အံ့အားသင့်ကုန်သည်။ ရဲသားငယ်လေးလည်း ကြောင်အသွားပြီး သူပစ်လိုက်သည့်အရာက ကျည်ဆန်အတုဟုပင် ထင်သွားမိသည်။

" အားလုံး သတိထားကြ..."
ဤကဲ့သို့အဖြစ်အပျက်များကို ကိုင်တွယ်ရာတွင် အတွေ့အကြုံများပြီး သဘာဝလွန်ဖြစ်ရပ်များကို ကြုံတွေ့ဖူးသည့် ရဲသားက အခြားရဲများကို ရဲကားနောက်သို့ ပြန်ဆုတ်ခိုင်းလိုက်သည်။

ထိုလူသားများက နောက်ဆုံးတွင် သူ့ကို အနည်းငယ်ကြောက်လန့်ဟန် ပြလညသည့်အခါ ဟွင်းသွမ်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

" စောစောတည်းက ဒီလိုဆိုရင် ပြီးနေတာကို..."

သူက လူသားများနှင့် စကားအခြေအတင်များရန် ပျင်းရိလွန်း၍ ဖေးကို လက်ကာပြလိုက်သည်။
" သွားကြမယ်..."

" ဘုရင် ဒီအနှောင့်အယှက်တွေကို သတ်ပစ်ချင်လား..."

ဖေး၏ အသံက ပုရွက်ဆိတ်များကို ခြေထောက်ဖြင့် နင်းသတ်မည့်အကြောင်း ပြောနေသကဲ့သို့ တည်ငြိမ်နေသည်။

" သတ်မယ် သတ်မယ်နဲ့. မင်း လူသတ်ဖို့ကလွဲရင် ဘာမှမသိဘူး..."

ဟွင်းသွမ်းက ဖေး၏ ခေါင်းကို အကြိမ်ပေါင်းများစွာ ခေါက်လိုက်သည်။
" မင်း တခြားဟာကို မစဉ်းစားတတ်တော့ဘူးလား..."

ဖေးက သူ့ခေါင်းကိုအုပ်ထားပြီး ဟွင်းသွမ်းကို ခွန်းတုံ့မပြန်ရဲဖြစ်နေသည်။ သူတို့နောက်ရှိ အဆောက်အဦးမှ ထွက်ပေါ်လာသည့် အော်သံများကိုနားထောင်ကာ ပင်မတံခါးနားတွင် သတိကြီးကြီးဖြင့် ရပ်နေသည့်ရဲသားကို ပြောလိုက်သည်။

" မင်းတို့အားလုံး နောက်ဆုတ်ကြမယ်ဆို ငါ မင်းတို့ကိုမသတ်ဘူး..."