အပိုင်း ၁၇၆
Viewers 38k

Chapter 176
မကောင်းမှုဖြင့် ကြုံတွေ့ရချိန်



ဖေးက သူ့ခေါင်းကိုအုပ်ထားပြီး ဟွင်းသွမ်းကို ခွန်းတုံ့မပြန်ရဲဖြစ်နေသည်။ သူတို့နောက်ရှိ အဆောက်အဦးမှ ထွက်ပေါ်လာသည့် အော်သံများကိုနားထောင်ကာ ပင်မတံခါးနားတွင် သတိကြီးကြီးဖြင့် ရပ်နေသည့်ရဲသားကို ပြောလိုက်သည်။
" မင်းတို့အားလုံး နောက်ဆုတ်ကြမယ်ဆို ငါ မင်းတို့ကိုမသတ်ဘူး..."

သူ့ကို ပို၍အံ့အားသင့်သွားစေသည့်အရာမှာ ကြောက်လန့်နေသည့်ရဲသားများက ထွက်သွားရမည့်အစား သူတို့လက်ထဲမှ အနက်ရောင်ကစားစရာများကို တင်းကြပ်စွာ ကိုင်ထားလိုက်ကြသည်။ 

ဟွင်းသွမ်း မျက်ခုံးများ တွန့်ချိုးလိုက်သည်။ သူ့ဘေူတွင် ရပ်နေသည့် ဖေးကိုလှမ်းဆွဲပြီး ရဲသားများ ဝန်းရံထားသည်မှ ခုန်ထွက်ရန် ပြင်လိုက်သည်။

" မေမေ... ဟိုနားကလူနှစ်ယောက်က အမြင့်ကြီးခုန်သွားတယ် သူတို့ကစွန်းဝူခုန်းလား..."
ကလေးလေး ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ့မျက်နှာမှ မျက်ရည်စီးကြောင်းကြီးက မခြောက်သေးဘဲ လေပေါ်ခုန်တက်သွားသည့် ပုံရိပ်များကို ကြည့်နေသည်။

ကလေးအမေက သူမခေါင်းကို လျှပ်စီးဖြင့် ရှော့ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။
" သူတို့က ဒီလောက်တောင်ဝတာ တကယ်‌ဆို ကျူးပါကျဲနဲ့ ပိုတူတာပေါ့..."
ထို စကားကို ပြောပြီးချိန်တွင်မှ သူမ ဆတ်ခနဲတုန်ယင်သွားရသည်။ 

လူတွေက အဲ့လောက်အမြင့်ထိ ခုန်နိုင်လို့လား...

အပြင်ဘက်မှာ စတန့်ရုပ်ရှင်တွေဘာတွေ ရိုက်နေတာများလား... အဲ့လိုဆိုရင်တောင် ရောဂါကာကွယ်ရေးဌာနခွဲရဲ့အရှေ့မှာ မရိုက်သင့်ဘူးလို့ ထင်တာပဲ...

.....

ရွှေနဂါးနန်းတော်တည်ရှိရာ အရှေ့ပင်လယ်တွင် အခြားသော ရေနေသတ္တဝါမျိုးနွယ်စုများ ထွက်ခွာသွားကြပြီဖြစ်သော်လည်း နဂါးမျိုးနွယ်က ကျန်ရစ်နေခဲ့သေးသည်။

" ကျင်းကြံသူဖူလီ အဲ့အချိန်တုန်းက ပြောခဲ့တာ မှန်ပါတယ်... အဲဒီနှစ်တွေတုန်းက အရှင်မင်းကြီးရဲ့ ဘိုးဘေးတွေက နဂါးမျိုးနွယ် ခုနစ်ခုထဲမှာ မွေးရာပါစွမ်းရည်အကောင်းဆုံးနဲ့ ကျင့်ကြံဆင့်အမြင့်ဆုံးရှိခဲ့တာပါ..."

မသန်စွမ်းဖြစ်သွားသောချင်ယန်းက ပြီးပြည့်စုံသည့် အော်ရာမျိုး မထွက်ပေါ်နေတော့ပေ။ သူ၏ နဂါးခန္ဓာကိုယ်တစ်ခုလုံးက ယခုအခါတွင် အဆင့်နိမ့်ကျသွားသည်ဟုပင် ထင်ရသည်။

" ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၄၀၀၀လောက်ကစပြီး မျိုးနွယ်စုတွေရဲ့ အကြီးအကဲတွေဟာ အချိန်မတိုင်ခင်မှာတင် ပျက်စီးဆုတ်ယုတ်ခဲ့ကြတယ်... နဂါးပေါက်စလေးတွေကလည်း အခွံထဲက ထွက်မလာခင်မှာတင် သေကုန်တယ်... အဲ့အချိန်တွေတုန်းကတော့ တခြားနဂါးမျိုးနွယ်တွေက ပြဿနာရှာကြတယ်လို့ထင်ပြီး မျိုးနွယ်အချင်းချင်းကြားမှာ မသင့်မြတ်ဖြစ်ကုန်တာပါ..."

ထိုအကြောင်းအရင်းကြောင့် ရွှေနဂါးမျိုးနွယ်စု မျိုးသုဉ်းပျောက်ကွယ်ပြီးသည့်နောက်တွင် လူသားတစ်ဝက် နဂါးတစ်ဝက်ဖြစ်နေသည့်ကျွမ်းချင်က အခြားနဂါးမျိုးနွယ်မှ ကလေးများ၏ အနိုင်ကျင့်ခံခဲ့ရသော်လည်း မည်သူကမှ သူ့ဘက်က မရပ်တည်ပေးခဲ့ခြင်းဖြစ်သည်။ 
 
သို့သော် ‌နဂါးမျိုးနွယ်၏မျိုးပွားနှုန်းအခြေအနေက တဖြည်းဖြည်းပိုဆိုးလာသည်။ လွန်ခဲ့သော နှစ်ငါးရာခန့်အတွင်းတွင် အသစ်မွေးဖွားလာခဲ့သည့် နဂါးတစ်ကောင်မှ မရှိပေ။ ရံဖန်ရံခါတွင် နဂါးဥများကို ခက်ခက်ခဲခဲဖြင့် မွေးထုတ်နိုင်ခဲ့သော်လည်း ၎င်းတို့ကို အောင်မြင်စွာဖြင့် အကောင်ပေါက်လာအောင် မပြုလုပ်နိုင်ခဲ့ပေ။ ထိုအပြောင်းအလဲများကြောင့် သူတို့ အမှန်တရားကို မြင်နိုင်ခဲ့သည်။ ၎င်းက ကောင်းကင်ဘုံမှ ဒဏ်ခတ်မှုဖြစ်သည်။

ကောင်းကင်ဘုံ၏ဒဏ်ခတ်မှုကြောင့် အသစ်မွေးဖွားလာသည့်နဂါး မရှိခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် နဂါးမျိုးနွယ်စု၏ အကြီးအကဲများလည်း လျင်မြန်စွာ ပျက်စီးဆုတ်ယုတ်လာပြီး ငယ်ရွယ်သောမျိုးဆက်များ၏ ကျင့်ကြံဆင့်များတိုးတက်လာရန်လည်း ခက်ခဲခဲ့ခြင်းဖြစ်သည်။

ကောင်းကင်ဘုံက နဂါးမျိုးနွယ်စုကို ပျက်စီးစေချင်နေမှတော့ နဂါးမျိုးနွယ်လည်း တောင့်ခံနိုင်မယ်တဲ့လား...

ကျွမ်းချင်၏ အောင်မြင်စွာ အသွင်ပြောင်းလဲနိုင်မှုနှင့် ကောင်းကင်နှင့် ကမ္ဘာမြေထံမှ အသိမှတ်ပြုခံလိုက်ရခြင်းက နဂါးမျိုးနွယ်အတွက်မူ အမှောင်ထဲတွင် အချိန်အတန်ကြာအောင် လျှောက်လှမ်းနေခဲ့ရပြီးနောက် အလင်းရောင်ကို တွေ့လိုက်ရခြင်းနှင့် တူပေသည်။

ချင်ယန်းက နဂါးမျိုးနွယ်၏ အတိတ်မှ ဇာတ်လမ်းများအကြောင်းပြောပြစဉ်တွင် ကျွမ်းချင်၏စိတ်အခြေအနေက အလွန်အမင်းတည်ငြိမ်နေသည်။ သူ့ကလေးဘဝတွင် အဘယ့်ကြောင့် အကြီးအကဲများ၏ ကာကွယ်မှုကို မရရှိခဲ့ခြင်းနှင့် သူ အနာကျင်ရဆုံးအချိန်တွင် အကြီးအကဲများ ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး အဘယ့်ကြောင့် မကာကွယ်ပေးခဲ့ရသည်ကို သူသိချင်ခဲ့မိသည်။

သို့ရာတွင် မိစ္ဆာများနှင့် လူသားများအကြားတွင် ဆင်တူသည့် အချက်တစ်ခုမှာ အရွယ်ရောက်လာသည်နှင့်အမျှ ကိစ္စအများစုတွင် စိတ်ဝင်စားမှု လျော့နည်းလာကြခြင်းဖြစ်သည်။ ဥပမာအနေဖြင့် ပြောရလျှင် နဂါးမျိုးနွယ် အတိတ်က ကြုံတွေ့ခံစားခဲ့ရသည်များကို သူ လုံးဝစိတ်မဝင်စားတော့ပေ။

" ကျွန်တော်သိပါတယ်..."

စက္ကူတစ်ရွက်က နန်းတွင်းခန်းမဆောင်ထဲ ပျံသန်းလာသည်ကို ကျွန်းချင်မြင်လိုက်၍ ၎င်းကိုဖမ်းဆုပ်လိုက်သည်။ စက္ကူက သူ့လက်ဖျားနှင့်ထိသည်နှင့် ပြာမှုန်ဘဝရောက်သွားသည်။ 

" ဘာဖြစ်တာလဲ..."

ဖူလီ မတ်တပ်ထရပ်လိုက်သည်။ မူလက အာရုံမစိုက်ဖြစ်နေသော သူ့အမူအရာက လုံးဝပြောင်းလဲသွားသည်။

" လင်းဟိုင်မြို့မှာ အရေးကြီးကိစ္စတစ်ခုဖြစ်တယ်ဆိုတဲ့အကြောင့် စုန့်ယွီက လှမ်းအကြောင်းကြားတာ... ကျည်ဆန်တွေကိုမကြောက်တဲ့ လူနှစ်ယောက်က လူအများကြီးရဲ့ရှေ့မှာ ဆယ်မီတာကျော်လောက်အမြင့်ကို ခုန်သွားပြီး ရဲတွေဝိုင်းထားတာကနေ လွတ်သွားတယ်... သာမန်ပြည်သူတွေက အဲ့အဖြစ်အပျက်ကို သူတို့ဖုန်းတွေနဲ့ ဗီဒီယိုရိုက်ထားကြတယ်တဲ့..."

ကျွမ်းချင်က နဂါးမျိုးနွယ်စုဘက်ကို လှည့်ပြောလိုက်သည်။

" အကြီးအကဲတို့ စိုးရိမ်တာကို ကျွန်တော်နားလည်ပါတယ်... အစောပိုင်းက ပြောထားသလိုပဲ ကျွန်တော် စီမံခန့်ခွဲရေးဗျူရိုရဲ့ ခေါင်းဆောင်ဖြစ်နေသရွေ့ အားလုံးကို မျက်နှာမလွှဲထားပါဘူး..."

" အရှင်မင်းကြီး..."

" ကျွန်တော့်ကို ခေါင်းဆောင်ကျွမ်းလို့ခေါ်တာကို နားထောင်ရတာ ပိုပြီးကျင့်သာရနေပြီ..."

ကျွမ်းချင်က ချင်ယန်းကို ဖြတ်ပြောလိုက်ပြီးနောက် ဖူလီ့ဘက်ကို လှည့်လိုက်သည်။
" ဖူလီ သွားကြမယ်လေ..."

ဖူလီက သူ့နောက်မှ တိတ်ဆိတ်စွာလိုက်လာသည်။ ကျွမ်းချင် နဂါးအသွင်ပြောင်းလိုက်သည့်အခါ ဖူလီက သူ့ခေါင်းပေါ်ခုန်တက်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူနှစ်ယောက်က ရွှေနဂါးနန်းတော်မှ ထွက်ခွာသွားကြသည်။ ကျွမ်းချင် ကတိုက်ကရိုက်ထွက်ခွာသွားသည်ကိုကြည့်ပြီး အခြားနဂါးများက မျက်ခုံးများတွန့်ချိုးလိုက်သည်။ 

လူသားလောကမှာ ပြဿနာဖြစ်ပြန်ပြီလား...

အတိတ်တွင် သူတို့များများစားစား သတိမထားမိခဲ့ကြသော်လည်း ယခုအခါမှ သဘောပေါက်လာကြသည်။

လူသားတွေရဲ့လောကမှာ ဘာလို့ဒီလောက် ပြဿနာများရတာလဲ...

.....

လင်းဟိုင်မြို့တွငိ လူနှစ်ယောက်က လေပေါ်ဆယ်မီတာကျော်ခန့်အထိ ခုန်တက်သွားသည့် ဗီဒီယိုက ရုပ်ရှင်ရိုက်ကွင်းတစ်ခုမှ မြင်ကွင်းဖြစ်ကြောင်း လင်းဟိုင်မြို့ရဲဝန်ထမ်းများက အတည်ပြုခဲ့ကြသည်။ သို့ရာတွင် ထိုလူနှစ်ယောက်က သဘာဝလွန်စွမ်းအားများ ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ရဲများက အဖြစ်မှန်ကို ဖုံးကွယ်ထားသည်ဟု အင်တာနက်အသုံးပြုသူအများအပြားကာသံသယဝင်နေကြသည်။

နိုင်ငံခြားမှ အဖွဲ့အစည်းအချို့သည်ပင် ဤကိစ္စကို လာရောက်စုံစမ်းစစ်ဆေးကြသည်။

ဖူလီနှင့် ကျွမ်းချင်တို့ ရောဂါကာကွယ်ရေးဌာနခွဲရှေ့သို့ရောက်ချိန်တွင် အပြင်ဘက်၌ လူအုပ်ကြီးက စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ယခုအချိန်မှ ရောဂါကာကွယ်ရေးဌာနခွဲရှိရာသို့ ရောက်လာပါက မည်သည့်အရာကိုမှ မတွေ့ရတော့သော်လည်း သူတို့၏ အတင်းအဖျင်းပြောလိုသည့် စိတ်အားထက်သန်မှုကို မည်သည့်အရာကမှ မသက်ရောက်ပေ။ ဖူလီက အခြားလူများပြောနေသည့် စကားအချို့ကို ကြားလိုက်သည်။ 
ကောလဟာလက လူနှစ်ယောက် ငှက်ပုံစံပြောင်းပြီး ပျံသွားတယ်ဆိုတဲ့အဆင့်ထိ ရောက်နေတာလား...

သူတို့နှစ်‌ယောက်က လင်းဟိုင်မြို့ အများပြည်သူလုံခြုံရေးဗျူရိုသို့ သွားလိုက်ကြပြီး ရောဂါကာကွယ်ရေးဌာနခွဲ၏ လုံခြုံရေးကင်မရာမှတ်တမ်းကို ကြည့်လိုက်ကြသည်။ သံသယရှိသူနှစ်ယောက်က သာမန်ဆန်လွန်းသည့် ပုံစံများသာဖြစ်သည်။ သို့ရာတွင် အကြောင်းအရင်းအချို့ကြောင့် သူတို့က ကာကွယ်ဆေးထိုးသည့်အခန်းနားကို ရောက်ခဲ့သော်လည်း အထဲသို့ မဝင်ခဲ့ကြပေ။ သူတို့နှစ်ယောက်၏ ပြုမူပုံက ဆေးလာထိုးခြင်း မဟုတ်သကဲ့သို့ ကလေးတစ်ယောက်ယောက်ကို လာကြိုသည့်ပုံလည်း မဟုတ်ပေ။ 

" ဒါက သံသယရှိသူရဲ့ပေါင်ကိုထိသွားတဲ့ ကျည်ခွံပါ..."

လုံခြုံရေးဗျူရိုက သက်သေအထောက်ထားထည့်ထားသည့်အိတ်ကို ကျွမ်းချင်၏လက်ထဲ ထည့်ပေးလိုက်သည်။ ကျွမ်းချင်က လက်အိတ်မဝတ်ထားသောကြောင့် သက်သေကိုမထိသော်လည်း ကျည်ခွံ၏အဖျားကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

" ဒီလူနှစ်ယောက်ရဲ့ ခြေရာလက်ရာတွေကို တခြားCCTVတွေမှာရော တွေ့ထားသေးလား..."
ကျွမ်းချင်က နံရံပေါ်မှ CCTV ကင်မရာပေါင်းများစွာကိုကြည့်ပြီး သူ့မျက်လုံးကို မပွတ်ဘဲ မနေနိုင်တော့ပေ။

" လောလောဆယ်တော့ မတွေ့ထားပါဘူး..."

" သဘောပေါက်ပါပြီ..."
ကျွမ်းချင် ခေါင်းညိတ်ပြလိုက်သည်။
" အလုပ်များသွားကြပါပြီ... ကျွန်တော်တို့ တခြားနေရာမှာ သက်သေသွားရှာလိုက်ပါ့မယ်..."

အများပြည်သူလုံခြုံရေးဗျူရိုမှ ထွက်ခွာလာပြီးသည့်နောက်တွင် ကျွမ်းချင်က ဖူလီ့ကိုခေါ်ပြီး ကားပေါ်တက်သွားသည်။ ရေခဲပုံးထဲမှ ပန်းကန်ငယ်လေးတစ်ချပ်ကို ထုတ်လိုက်ပြီးနောက် ‌ပန်းကန်ထဲ ရေလောင်းထည့်လိုက်သည်။ ရေနေသတ္တဝါတို့၏ ဧကရာဇ်ဖြစ်သောကြောင့် ရေပါဝင်သည့်ခန္ဓာကိုယ်တိုင်းမှ ဝိညာဉ်ချီဓာတ်ကို အာရုံခံနိုင်ပြီး ရင်းမြစ်မသိရသေးသည့် ယောင်ကျင့်ကြံသူနှစ်ယောက်ကို ရေရှိသည့်နေရာများမှတစ်ဆင့် ခြေရာခံနိုင်ပေသည်။

.....

ရေများစွာ အဆင်မပြတ်စီးဆင်းနေသည့် မြစ်ကမ်းတစ်ခုပေါ်တွင် မူရင်းအသွင်သို့ ပြန်ပြောင်းထားသည့် ဖေးကို ဟွင်းသွမ်းက ပြောလိုက်သည်။

" ဒါမင်းရဲ့ နောက်ဆုံးအခွင့်အရေးပဲ... တကယ်လို့ ပုလိပ်ရောဂါက လူသားတွေအပေါ် မသက်ရောက်ဘူးဆိုရင် ငါမင်းကို တစ်ချက်တည်းကိုက်စားပစ်မယ်..."

" ဘုရင် ကျေးဇူးပြုပြီး စိတ်အေးလက်အေးနေပါ... ဒီလိုပုလိပ်ရောဂါမျိုးဆိုရင် လူသားတွေ မြန်မြန်သေချင်ပါတယ်ဆိုပြီး တောင်းပန်ရင်တောင် မသေနိုင်တော့ဘူး..."

ဖေးက ကောင်းကင်ကိုမော့ကြည့်ပြီး ကျယ်လောင်စွာအော်လိုက်သည်။ သူ၏ မြွေမြီးကဲ့သို့ အမြီးရှည်ကြီးက ဖောင်းကားလာသည်။ သူ့ အမြီးကို ရေထဲချတော့မည့်အချိန်တွင် ဟွင်းသွမ်းက ရေထဲကို လက်ဖဝါးဖြင့် ခပ်ပြင်းပြင်းရိုက်လိုက်သည်။

" ဒီဘုရင်ကို ဘယ်သူချောင်းကြည့်နေတာလဲ..."
ဖေး၏မျက်နှာပေါ် ရေများစွာစင်ကုန်သည်။ သူ့ပါးစပ်ထဲမှ ရေများကို မထွေးထုတ်နိုင်မီမှာပင် ရေခဲမှ ထွက်လာသည့် တစ်စုံတစ်ရာကြောင့် သူ မီတာအနည်းငယ်ခန့်သို့ လွင့်သွားသည်။

ဖေး၏ ခန္ဓာကိုယ် မြေပေါ်သို့ ကျလာသည့်အခါ နက်ရှိုင်းလှသည့် တွင်းပေါက်ကြီးဖြစ်သွားပေသည်။ ပြင်းထန်သောနာကျင်မှုကြောင့် သူ့အမြီးရှည်ကြီးကို ပြန်သိမ်းထားလိုက်ရသည်။

ဟွင်းသွမ်းကလည်း ဖေးထက်ပို၍ အခြေအနေမကောင်းလှပေ။ သူ တိုက်ခိုက်မှုကိုရှောင်လိုက်ချိန်တွင် ရေထဲမှ ခေါင်းပြူထွက်လာသည့် ရွှေနဂါးတစ်ကောင်ကိုမြင်၍ အေးတိအေးစက်ဖြင့် ရယ်လိုက်သည်။ 

" ဒီဘုရင်က ဘာများလဲလို့ထင်နေတာ... တကယ်တော့ ရေထဲမှာ တီကောင်တစ်ကောင် ရှိနေတာကိုး..."

ဖူလီက ကမ်းပေါ်ခုန်တက်လာပြီး သူ့ကိုယ်ပေါ်ရှိ ရေများကို ခါလိုက်သည်။ ထို့နောက် ဖေးကို တက်နင်းထားလိုက်သည်။

" မျက်လုံးတစ်လုံးတည်း၊ နွားခန္ဓာကိုယ်နဲ့ မြွေအမြီးဆိုတော့... မင်းက မကောင်းဆိုးဝါးသားရဲ 'ဖေး' လား..."

" မင်းက ဘာလဲ..."

ထူးဆန်းသည့် ယုန်တူခွေးတူအကောင်သေးသေးလေးက သူ့ကိုအားကြီးဖြင့် တက်ဖိထားသောကြောင့် ဖေးက ထမလာနိုင်ဘဲ တွင်းထဲတွင်သာ လှဲနေရသည်။ သူက ဖူလီ့ကို မကောင်းဆိုးဝါးကြီးသဖွယ် မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။

" မင်းကရောဘာလဲ..."
ဖူလီ ဖေး၏ကိုယ်ပေါ်တွင် အကြိမ်အနည်းငယ်ခန့် ခုန်လိုက်သည့်အခါ ဖေးက ဧရာမတောင်ကြီးဖြင့် သူ့ကိုယ်ကို အကြိမ်ပေါင်းများစွာ ကိုင်ရိုက်သကဲ့သို့ ခံစားလိုက်ရသည်။ သူ့အမြင်အာရုံများ ဝေဝါးလာပြီး ကိုယ်တွင်းအင်္ဂါများပါ နေရာရွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ 

ဟွင်းသွမ်းက ဖေးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှ ရွှေနဂါးဘက်ကိုလှည့်ကာ ဟိန်းဟောက်လိုက်သည်။

" ထွက်သွားစမ်း ဒီနေရာမှာ မင်းတို့ကိစ္စမရှိဘူး..."

ရွှေနဂါးကြီးက မြစ်ရေပြင်ပေါ်သို့ တက်လာသည်။ ဝင်လုဆဲဆဲနေရောင်ခြည်၏ တောက်ပမှုအောက်တွင် ရွှေနဂါးအမြီးက အရောင် တလက်လက်တောက်ပနေသည်။

ဟွင်းသွမ်းက ထိုနဂါး၏ကိုယ်ပေါ်မှ ရွှေရောင်သူတော်ကောင်းတရားနှင့် ခရမ်းရောင်ချီဓာတ်ကိုမြင်လိုက်သည်။

" နိုင်ငံ့ကံကြမ္မာနဂါးပဲ..."

........

အနောက်ဘက်တွင် နေဝင်ချိန်က မကောင်းမှုများကြုံတွေ့လာရချိန်ဖြစ်ပြီး ကောင်းကင်ယံတွင်လည်း ရွှေရောင်အလင်းများဖြင့် ပြည့်နေသည်။ သို့ရာတွင် အနောက်ဘက် မိုးကုပ်စက်ဝိုင်းတွင်မူ တိမ်မည်းများလှည့်ပတ်နေသည်မှာ တိမ်တိုက်များထဲ ပုန်းကွယ်နေသည့်အရာတစ်ခုက အဆင့်တက်တော့မည့်ဟန်ဟု ထင်ရပေသည်။

လွင့်မျောနန်းတော်တွင် ပိုင်ဇယ်နှင့် ရှင်းရှင်းတို့က အခမ်းအနားဝတ်ရုံအတွက် နောက်ဆုံးပုံစံကွက်ကို ချုပ်နေသည်။ အားလုံးပြီးစီးသွားသည့်အခါ အခမ်းအနားဝတ်ရုံက ရွှေရောင်ဖျော့ဖျော့တောက်ပနေပြီး သူ၏သန့်စင်မြင့်မြတ်မှုက တုနှိုင်းမဲ့ဖြစ်သွားသည်။

" အပေါ်က ပန်းပွင့်တွေက ခပ်ပြောင်ပြောင်ကြီး ဖြစ်နေလား..."ခန်းကူက အခမ်းအနားဝတ်စုံနှစ်စုံကို လှည့်ပတ်ကြည့်နေသည်။ သူ ခြေဆုံးခေါင်းဆုံးကြည့်ပြီးချိန်တွင် တစ်ခုခုကို စိတ်တိုင်းမကျသကဲ့သို့ ခံစားလိုက်ရသည်။

" ဒါက ရှောင်လီနဲ့ ရှောင်ကျွမ်းတို့အခါကြီးရက်ကြီးမှာ ဝတ်မယ့်ဝတ်စုံဆိုပေမယ့် အရမ်းကြီး တောက်ပမနေသလိုပဲ... ပွဲရဲ့ သဘာပတိအနေနဲ့ ငါ့အမြင်မှာ သူတို့ဝတ်စုံတွေက ဧည့်သည်တွေကို အာရုံစိုက်စရာ ဖြစ်နေစေချင်တယ်..."

" အဲဒါဆိုရင် သူတို့ကိုယ်ပေါ် မီးလုံးတွေ ဆင်ပေးထားလိုက်လေ...မီးခလုတ်ဖွင့်လိုက်ရင် သူတို့က တခြားလူတွေထက် တောက်ပသွားမှာပဲ..."
ဖုန်းလွေ့ကျုံးက မျက်ဆံကို ကောင်းကင်ပေါ်ထိ လှန်လိုက်သည်။

" မင်းရဲ့ အနုပညာအမြင်က အပေါစားဆန်လွန်းတယ်လို့ မထင်ဘူးလား..."

" အပေါစားဆန်ဝောာ့ရော ဘာဖြစ်လဲ... လူသားတွေလည်း မင်္ဂလာဆောင်ပြီဆိုရင် သူတို့လက်တွေ လည်ပင်းတွေမှာ ရွှေတွေဝတ်ရတာ သဘောကျတယ်မလား... ဘယ်သူက သူတို့ကို အပေါစားဆန်တယ်လို့ လာပြောလို့လဲ... ငါ့အမြင်မှာတော့ သူတို့ အဲဒီလူတွေကို မနာလိုဖြစ်နေကြမှာပဲ..."

ခန်းကူ၏စကားသံထဲတွင် ဝမ်းနည်းမှုနှင့် နောင်တရမှုတို့ ပါဝင်နေသည်။
" ငါတို့ အတိတ်တုန်းကလောက် မချမ်းသာတော့ပေမယ့် တာအိုပေါင်းစည်းအခမ်းအနားက မိစ္ဆာတစ်ယောက်ရဲ့ဘဝမှာ အရေးကြီးဆုံးပဲ... ငါတို့ ကလေးနှစ်ယောက်အတွက် သေချာပြင်ဆင်ပေးရမယ်..."

" ဝက်အိုကြီး မင်း စဉ်းစားပေးဝာာကို ငါနားလည်ပါတယ်... ဒါပေမဲ့ အခုလက်ရှိခေတ်က အရင်နဲ့ မတူတော့ဘူးလေ... မိစ္ဆာငယ်လေးတွေက ငါတို့နဲ့ အနုပညာအပေါ် ခံစားချက်ခြင်းမတူဘူး... မင်း ကြည့်ကောင်းတယ် ကြည့်ရဆိုးတယ်လို့ပြောတာက အရေးမကြီးဘူး... ငါတို့တွေ ရှောင်လီနဲ့ ရှောင်ကျွမ်းရဲ့ သဘောထားကိုပဲ မေးရမှာ..."

ပိုင်‌ဇယ်က လက်ဖက်ရည်ခွက်ကိုကိုင်ထားလျက် ပြောလိုက်သည်။ ခွက်ထဲတွင် ကျန်းမာရေးကောင်းစေသည့် လတ်ဆတ်သောပန်းပွင့်များနှင့် သစ်သီးများရှိသည်။ 

ပိုင်ဇယ်က ယခုနောက်ပိုင်းတွင် လူသားများ၏ ကျန်းမာရေးအစီအစဉ်များကို စိတ်ဝင်စားလာသည်။ နေ့စဉ်နေ့တိုင်း ထမင်းစားဆောင်မှ အလုပ်သမားများကို ကျန်းမာရေးကောင်းစေသည့် အစားအစာများ စီစဉ်ပေးရန် မှာကြားလေ့ရှိသည်။ ကံဆိုးသည်မှာ သူမှလွဲ၍ မည်သူကမှ အစားအသောက်ကို စိတ်မဝင်စားကြသည့်အတွက် သူ၏ 'ကျန်းမာရေးကောင်းစေသည့် စားသောက်မှုပုံစံ' ကို ချောင်ထိုးထားလိုက်ရသည်။

ကျူးယွဲ့က ဘေးနားတွင် ဓားသွေးကျောက်ဖြင့် သူမဓားကို သွေးနေသည်။ ရံဖန်ရံခါတွင် ဓားကို မီးဖြင့်ပါ မှုတ်နေသောကြောင့် အခမ်းအနားဝတ်ရုံကို မီးလောင်သွားမည်စိုးသော ဖုန်းလွေ့ကျုံးက အဆက်မပြတ်အော်ဟစ်နေသည်။

" တကယ်လို့ နင်ချုပ်ထားတဲ့ ဝတ်စုံတွေက မီးမှုတ်လိုက်တာနဲ့ ပျက်စီးသွားမယ်ဆိုရင် ဘာအသုံးဝင်တော့မှာလဲ..."

ကျူးယွဲ့က ဓားကို ဓားအိမ်ထဲ ပြန်ထည့်ထားလိုက်ပြီး အမျိုးသမီးဧကရာဇ်တစ်ယောက်၏ အော်ရာမျိုးထုတ်လွှတ်နေသည်။
" နင်တို့တွေ..."

သူမ ရပ်တန့်သွားပြီး အခန်းထဲရှိ အခြားသောမင်္ဂလာသားရဲများ၏ အမူအရာများလည်း တည်ကြည်ကုန်သည်။ တောင်အနောက်ဘက်တွင် ဝင်လုဆဲဆဲနေရောင်ကြောင့်  နီရဲနေသည့် ကောင်းကင်ကြီးကို အုံ့မှိုင်းနေသည့် တိမ်မည်းများက လွှမ်းခြုံထားသည်။ ကောင်းကင်ကြီးက တဖြည်းဖြည်းမှောင်မိုက်လာသည်။

" ဆင့်ခေါ်တဲ့အစီအရင်..."

ကျူးယွဲ့က သူမလက်ထဲမှဓားကို ဘေးနားချထားလိုက်သည်။ သူမ လက်တစ်ဖက်ယမ်းလိုက်သည်နှင့် ပြတင်းပေါက်များပွင့်လာပြီး တောင်ထိပ်မှ တိုက်ခတ်လာသည့် လေပြင်းကြောင့် သူမဆံပင်များပင် လွင့်သွားရသည်။ ကြောက်စရာကောင်းနေသည်မှာ လေပြင်းမဟုတ်ဘဲ အတွင်းတွင်ပါဝင်သော ဝိညာဉ်ချီဓာတ်ဖြစ်သည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတွင် ဒြပ်စင်ငါးမျိုးရှိသည်။ လူသားနှင့် ယောင်ကျင့်ကြံသူများက မှော်အစွမ်းအသုံးပြုနိုင်ရန်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေမှ ဒြပ်စင်ငါးမျိုးကို ချေးငှားရသည်။ သို့သော် ယခုလက်ရှိအချိန်တွင်မူ ဒြပ်စင်ငါးမျိုးက ဖရိုဖရဲဖြစ်နေ‌သည်မှာ တစ်စုံတစ်ရာက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ဒြပ်စင်ငါးမျိုးကို အသုံးပြု၍ တစ်စုံတစ်ရာကို ဆင့်ခေါ်နေသည်နှင့်တူသည်။

ဒြပ်စင်ငါးမျိုးလုံးကို ဆွဲငင်နိုင်ပြီး ဆင့်ခေါ်သည့်အစီအရင် ပြုလုပ်နိုင်သူမှာ ကျိန်းသေပေါက် မင်္ဂသားရဲဖြစ်ပေမည်။