Ch 1
Viewers 58

🍏 Chapter 1




နံ့သာဖြူနံ့ သင်းပျံ့နေသော အမွှေးတိုင်နံ့များသည် လေထုထဲတွင် လှိုင်းထသကဲ့သို့ လွင့်ပျံနေပြီး တစ်ချက်တစ်ချက် ထွက်ပေါ်လာသော ခေါင်းလောင်းသံများက ပတ်ဝန်းကျင်ကို ပိုမိုဆိတ်ငြိမ် နက်ရှိုင်းသွားစေသည်။


ဤကဲ့သို့ ယုံကြည်အားကိုးထိုက်သော နေရာမျိုးတွင် ပေါ့ပျက်ပျက်နိုင်သူ အနည်းငယ် ရှိနေခြင်းကသာ မြင်ကွင်းကို ပိုပေါ်လွင်စေပေသည်။


ပူလောင်အိုက်စပ်လှသော လေထုကြောင့် လူတို့မှာ ရေခဲသေတ္တာထဲမှ ထွက်လာသည့် ရေခဲချောင်းများ ကဲ့သို့ပင် ချွေးများ တစိမ့်စိမ့် ထွက်နေကြသည်။ ကျောပြင်ထက်တွင် စီးကျလာသော ချွေးစက်များကို မခံမရပ်နိုင်ဖြစ်လာသဖြင့် ဝမ်သိုက်သည် သူမ၏ လက်မောင်းများကို မြှောက်ကာ ကျောပေါ်တွင် ဖြန့်ကျနေသော ဆံပင်ရှည်များကို မြင်းမြီးပုံစံ စည်းနှောင်လိုက်လေသည်။ 


သူမသည် မိမိနှင့် တံခါးတစ်ချပ်သာခြားနေသော အဒေါ်ကြီးတစ်ယောက်ကို အကဲခတ် ကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် နန်ကွမ်ဘုရားကျောင်း တံခါးဝ၏တစ်ဖက်ခြမ်းတွင် အိတ်အသေးလေးတစ်လုံးကို ကိုင်ကာ ရပ်နေပြီး သူမ၏ မျက်လုံးများမှာ ဝမ်သိုက်ပေါ်တွင် စူးစိုက်ကြည့်နေသည်မှာ သံမှိုဖြင့် ရိုက်ထားသည့်အလားပင် ရှိချေသည်။ သူမ၏ အကြည့်များတွင် သံသယနှင့် သတိထားနေသည့် အရိပ်အ ယောင်များ အထင်အရှား ပေါ်လွင်နေပေသည်။


"ကြည့်မနေပါနဲ့တော့ အဒေါ်ကြီးရယ်၊ အဒေါ် ဘယ်လောက်ပဲ ကြည့်ကြည့် ကုန်ဆုံးသွားတဲ့ ပျိုမြစ်ခြင်းတွေက ပြန်ရလာမှာ မဟုတ်ဘူး"


ဝမ်သိုက်သည် သိရက်နှင့် မသိချင်ယောင်ဆောင်ကာ ခါးကို အရှေ့သို့ အနည်းငယ် ဆန့်ထုတ်လိုက်ရာ ကိုယ်ကျပ်တီရှပ်အောက်ရှိ သူမ၏လှပသော ခန္ဓာကိုယ်အချိုးအစားမှာ နေရောင်အောက်တွင် ပိုမိုထင်ရှားသွားလေသည်။


ထိုအဒေါ်ကြီး၏ နှာခေါင်းထဲမှ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး မေးကို အသာမော့ကာ မျက်လုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် ဘုရားကျောင်းအပြင်ဘက်တွင် အခွင့်အရေး စောင့်နေကြသော နတ်ဆရာများကိုတစ်ချက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေသည်။


"ဟင်း ... ကောင်မလေး၊ နင် မဟုတ်တာတွေကြံမနေပါနဲ့တော့၊ ဒီမှာ စောင့်နေတဲ့သူတွေ ဘယ်လောက်တောင် များလဲဆိုတာ ကြည့်ဦး... နင့်လို အမွှေးအတောင် မစုံသေးတဲ့ ကလေးမလေးဆီမှာ ဘယ်သူက ကံကြမ္မာလာဟောမှာလဲ"


ဝမ်သိုက်သည် ထိုအဒေါ်ကြီး၏ စကားများကို ဂရုမစိုက်ဘဲ မျက်လုံးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ လှေကားထစ်များအောက်ရှိ လမ်းမပေါ်တွင် မည်သည့်အချိန်က ရောက်နေမှန်းမသိသော ရိုးလ်ရွိုက်စ်ကားတစ်စီးကို တွေ့လိုက်ရသည်။ ကားဆရာက တံခါးဖွင့်ပေးလိုက်သောအခါ ကျော့ရှင်းသော အမျိုးသမီးကြီးတစ်ဦး ကားပေါ်မှဆင်းလာလေသည်။ 


ဝမ်သိုက်တွင် ဝါသနာ များများစားစားမရှိသော်လည်း တန်ဖိုးကြီးပစ္စည်းများကို လေ့လာရသည်မှာ သူမ၏ ဝါသနာတစ်ခု ဖြစ်ပေသည်။ ထိုအမျိုးသမီးကြီး ဝတ်ဆင်ထားသည်များမှာ ခေါင်းအစ ခြေအဆုံး ဂဏန်းငါးလုံးအောက် လျော့သည့် ပစ္စည်းတစ်ခုမှ မပါဝင်ချေ။


ဝမ်သိုက်သည် ချက်ချင်းပင် အကြံရသွားပြီး ထိုအမျိုးသမီးကြီးရှိရာသို့ ကိုယ်တိုင်လျှောက်သွားလိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြစ်ကင်းစင်သော အပြုံးတစ်ခုကို ဆင်မြန်းထားပြီး ပါးပြင်ထက်ရှိ ပါးချိုင့်လေးက သူမ၏ အပြုံးကို ပိုချိုသာသွားစေသည်။ ဤကဲ့သို့သော သူဌေးကတော်များကို ကိုင်တွယ်ရာတွင် ဆရာကြီးစတိုင် ဖမ်းနေပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကိုသာ ရရှိမည် ဖြစ်ပေသည်။


ဝမ်သိုက်သည် ထိုအမျိုးသမီးကြီးအနားသို့ ခပ်သွက်သွက် လျှောက်သွားပြီး နှာခေါင်းကိုအသာရှုံ့ကာ လှပသော မျက်ဝန်းများဖြင့် ပြုံး၍ပြောလိုက်သည်။


"အစ်မကြီး ခဏလောက် အနှောင့်အယှက် ပေးပါရစေ၊ အစ်မကြီးဆီက ကရမက်နံ့လေး ရနေသလိုပဲနော်၊ အဲဒါကလည်း သဘာဝ ကရမက်စစ်စစ်ပဲ၊ ကရမက်နံ့က အရိုးထဲအထိ စိမ့်ဝင်နေတာဆိုတော့ အစ်မကြီးက ဘုရားတရား အမြဲလုပ်တဲ့သူ ဖြစ်ရမယ်၊ ကိုယ့်ကိုယ်ပေါ်မှာ ဒီလို အမွှေးနံ့တွေ စွဲကျန်နေအောင် လုပ်တဲ့သူဟာ တကယ့်ကို သဒ္ဓါတရားထက် သန်တဲ့သူပါပဲ၊ နောက်ပြီး ကျွန်မ ရလိုက်တဲ့ အနံ့အရဆိုရင် အစ်မကြီးက မနေ့ည ရှစ်နာရီက အမွှေးတိုင် ထွန်းထားသလို ဒီမနက် ခြောက်နာရီမှာလည်း အမွှေးတိုင်ထွန်းထားတာ အနံ့ချင်း ရောနေတယ်နော်"


ထိုအမျိုးသမီးကြီးသည် သူမ အကြည့်ကို ဝမ်သိုက်၏ မျက်နှာထံသို့ ဖြည်းညှင်းစွာ ချလိုက်သည်။ 


အမျိုးသမီးကြီး၏မျက်ဝန်းထဲတွင် ဝေဖန်ပိုင်းခြားလိုသည့် အရိပ်အယောင်များ ရှိနေသော်လည်း ဝမ်သိုက်ကတော့ အမူအရာမပျက်ဘဲ ပြုံးမြဲပြုံးနေဆဲ ဖြစ်သည်။ အမျိုးသမီးကြီးသည် ဝမ်သိုက်၏တည်ငြိမ်မှုကို တွေ့သောအခါမှ အနည်းငယ် ပြုံးပြလိုက်လေသည်။


"ငယ်ငယ်ရွယ်ရွယ်နဲ့ နှာခေါင်းက တော်တော်ကောင်းတာပဲ၊ ငါ ဘယ်အချိန်မှာ အမွှေးတိုင်ထွန်းလဲဆိုတာတောင် ရအောင် အနံ့ခံနိုင်တယ်ပေါ့"


ဝမ်သိုက်သည် သူမကို လက်အုပ်ချီနှုတ်ဆက်လိုက်ပြီး အနီးရှိ သစ်ပင်ရိပ်အောက်သို့ လမ်းပြခေါ်ဆောင်သွားသည်။ ထို့နောက် ချိုသာသောအသံဖြင့် ပြောလိုက်လေသည်။


"အမှန်အတိုင်း ပြောရရင် ကျွန်မက ငယ်ငယ်လေးကတည်းက ကြိုတင်နိမိတ်အိပ်မက်တွေ မက်တတ်တာပါ၊ ဆယ်ကျော်သက်အရွယ်မှာပဲ အိပ်မက်ထဲမှာ ဆရာတင်ပြီး ပညာသင်ခဲ့တာ၊ ဒီလိုပြောရင် အစ်မကြီး ယုံဖို့ ခက်မယ်ဆိုတာ သိပါတယ်၊ ဒါပေမဲ့ အစ်မကြီးရဲ့ နာမည်ကိုသာ ပြောပြလိုက်ပါ၊ ကျွန်မ အစ်မကြီးရဲ့ မွေးသက္ကရာဇ် မသိဘဲနဲ့တောင် ကိစ္စတွေကို ကြည့်ပေးနိုင်ပါတယ်”


“တကယ်တော့ နာမည်တောင် မလိုပါဘူး၊ ဒါပေမဲ့ နာမည်သိရင်တော့ ပိုပြီး တိကျတာပေါ့၊ အစ်မကြီးရဲ့ မျက်နှာကို ကြည့်ရုံနဲ့တင် အစ်မကြီးမှာ အရမ်းကို ထူးချွန်တဲ့ သားတစ်ယောက် ရှိတယ်ဆိုတာ ကျွန်မ သိနေတယ်"


သူမသည် လက်ချောင်းလေးများကို သုံး၍တွက်ချက်နေသည့်ဟန် ပြုလိုက်ပြီး မျက်တောင်ရှည်များကို အသာချကာ စဉ်းစားနေသည့် ပုံစံမျိုး လုပ်လိုက်လေသည်။


"သားတစ်ယောက်ပဲရှိတယ်... ဒီနှစ်ဆို အသက် နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ်လောက် ရှိပြီ၊ ပါးစပ်က အဆိပ်ပြင်းတော့ ဥပဒေပညာနဲ့ သင့်တော်တယ်၊ အနည်းဆုံးတော့ မဟာဘွဲ့ ရထားရမယ်၊ စကားပြောရင်တော့ သူ့ကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ ဉာဏ်လည်း အရမ်းကောင်းတယ်၊  ဒါပေမဲ့ ..."


ဝမ်သိုက်သည် အမျိုးသမီးကြီးကို မျက်လုံးအောက်ကနေ ခိုးကြည့်လိုက်ရာ သူမ ပြောသမျှ အချက်များ မှန်ကန်နေသဖြင့် အမျိုးသမီးကြီးမှာ အာရုံစိုက်လာသည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့် စကားကို ရပ်လိုက်သောအခါ အမျိုးသမီးကြီးက စိတ်လှုပ်ရှားစွာဖြင့် မေးလာတော့သည်။


"ဒါပေမဲ့ ဘာဖြစ်လဲ၊ အို ... မြန်မြန်ပြောစမ်းပါ ကလေးမရယ်၊ အချိန်ဆွဲမနေပါနဲ့"


ဝမ်သိုက်သည် အခက်တွေ့နေသည့် အမူအရာမျိုး ပြုလုပ်လိုက်ပြီး ဘုရားကျောင်း ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။


"အဲဒါကတော့ ... ဒီလိုနေရာမျိုးမှာ ပြောဖို့က သိပ်မသင့်တော်ဘူး ထင်တယ်၊ အစ်မကြီးကလည်း ဘုရားတရား လုပ်တဲ့သူဆိုတော့ သိမှာပါ၊ ဗုဒ္ဓဘာသာမှာ ကံကြမ္မာဟောတာကို သိပ်ပြီး အားမပေးဘူးလေ"


အမျိုးသမီးကြီးသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမ ကိုယ်ကို ပြန်တည့်လိုက်သည်။ သူမသည် အိတ်ကို ကိုင်ကာ ကိုယ်ကို တစ်ဝက်လှည့်၍ ပြောလိုက်လေသည်။


"သွားကြစို့..... သင့်တော်တဲ့ နေရာတစ်ခုရှာရအောင်"


ဝမ်သိုက်နှုတ်ခမ်းထောင့်မှ အပြုံးများ ပိုပေါ်လွင်သွားသည်။ သူမသည် လမ်းပေါ်ရှိ သစ်ရွက်ခြောက် များကို နင်းဖြတ်ကာ စောစောက အဒေါ်ကြီးနားမှ ဖြတ်သွားသည့်အခါ မျက်စိတစ်ချက် မှိတ်ပြလိုက်လေသည်။ ထို့နောက် ပါးစပ်မှ အသံမထွက်ဘဲ "လှိုင်းသစ်က လှိုင်းဟောင်းကို ကျော်သွားပြီ" ဟု ပြောလိုက်သည့်အလား ပြောင်ပြလိုက်သေးသည်။


"နင် ..."


အဒေါ်ကြီးမှာ ဒေါသထွက်လွန်း၍ ပါးနှစ်ဖက်လုံး နီရဲသွားကာ ဝမ်သိုက်ကို အကြည့်ဖြင့်ပင် သတ်ချင်နေသကဲ့သို့ ရှိချေသည်။ သို့သော် ဝမ်သိုက်ကတော့ လှပစွာဖြင့် ဝေးရာသို့ ထွက်ခွာသွားပြီ ဖြစ်ကာ သူမ၏ မြင်းမြီးပုံစံ ဆံပင်လေးမှာ လှုပ်ခါလျက် ဒေါ်ကြီးကို စိန်ခေါ်နေသကဲ့သို့ ရှိနေပေသည်။

ဘုရားကျောင်းမှသည် လီကျိုးမြို့၏နာမည်ကြီး လက်ဖက် ရည်ဆိုင်ဖြစ်သော ရွှဲ့မော့ချန်သို့ သွားသည့် လမ်းခရီးတွင် ဝမ်သိုက်သည် ရိုးလ်ရွိုက်စ်ကား၏ ထိုင်ခုံအရသာကို ကိုယ်တိုင် ခံစားခဲ့ရသည်။


ပုံမှန်ဆိုလျှင် လှည့်တောင်မကြည့်ဝံ့သော ထိုလက်ဖက်ရည်ဆိုင်သို့ သူမ ခြေချခွင့် ရခဲ့ချေပြီ။ ထိုနေရာသည် အလွန် ဈေးကြီးလှသည်မှာ နာမည်ကျော်ပေသည်။


သီးသန့်အခန်းထဲတွင် ကရမက်နံ့ သင်းပျံ့နေပြီး စားပွဲဘေးတွင် ဒူးထောက်နေသော လက်ဖက်ရည်ဖျော် ဆရာမက လက်ဖက်ရည်ကို ဖျော်ပေးနေသည်။ အမျိုးသမီးကြီးနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော ဝမ်သိုက်သည် လွန်ခဲ့သော ငါးနှစ်လုံးလုံး လေ့ကျင့်ထားသည့် အတတ်ပညာများကို အသုံးချကာ တည်ငြိမ်စွာပင် ရှိနေလေသည်။


လက်ဖက်ရည်ဖျော်ဆရာမ ထွက်သွားသောအခါ အမျိုးသမီးကြီးသည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံ သောက်လိုက်သည်။ ထို့နောက် သူမသည် ဝမ်သိုက်ကို တည့်တည့်ကြည့်ကာ ပြောလိုက်လေသည်။


"နင် သိတာတွေ အကုန်ပြောပြတော့.. တိတိကျကျ ပြောပြနိုင်ရင်တော့ နင့်အတွက် ပိုက်ဆံက မနည်းစေရဘူး"


လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သောအခါ သစ်သားနှင့် ထိမိသံ ထွက်လာသည်။ အမျိုးသမီးကြီးသည် ဝမ်သိုက်၏ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်နေပုံ ရပေသည်။


"အစ်မကြီးက တကယ့်ကို ဉာဏ်ကောင်းတဲ့သူပဲ၊ ဘာမှ ဖုံးကွယ်လို့ မရဘူးပဲ၊ အစ်မကြီးရဲ့ သားက အခုထိ အိမ်ထောင်မရှိသေးဘူး မဟုတ်လား၊ အိမ်ထောင်တင် မဟုတ်ဘူး၊ ရည်းစားတောင် ရှိဖူးပုံမရဘူး၊ အစ်မကြီး အကြောင်းကို ဆက်ပြောရရင်တော့ အစ်မကြီးက ဘာသတင်း အချက်အလက်မှ မပေးပေမဲ့ ကျွန်မ အစ်မကြီးရဲ့ မျက်နှာကို ကြည့်ပြီး ပြောပြပါ့မယ်၊ အစ်မကြီးက ကံဇာတာ အရမ်းကောင်းတယ်။ ဒါပေမဲ့ တစ်ခုပဲ လိုနေတယ်"


ဝမ်သိုက်သည် ပြုံးလျက် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်လေသည်။


အမျိုးသမီးကြီးသည် စိတ်မရှည်တော့ဘဲ 


"ဟင်း ... ကောင်မလေးရယ်၊ ငါ့နာမည်က ချီယာတဲ့.... ယဉ်ကျေးသိမ်မွေ့တဲ့ ချီယာ လို့ ခေါ်တယ်"


"ချီယာ ... ချီယာ ..."


ဝမ်သိုက်၏ အပြုံးများ ပျောက်ကွယ်သွားပြီး သူမသည် မျက်တောင်ကို ချကာ စဉ်းစားနေသည့်ဟန် ပြုလိုက်သည်။ ခဏအကြာတွင် သူမ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်များ ပေါ်လာလေသည်။