Ch 2
Viewers 59

🍏 Chapter 2




"အစ်မကြီး ... အစ်မကြီးရဲ့ သားက တော်တော် အပေါက်ဆိုးတာပဲနော်၊ ကဲပါ.... တကယ်တော့ အစ်မကြီး စိုးရိမ်နေရတဲ့ အချက်က သိပ်ပြီးကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ အစ်မကြီးရဲ့ သားက အသုံးအဖြုန်းကြီးတဲ့ ချွေးမတစ်ယောက်ကိုခေါ်လာလိမ့်မယ်၊ အဲဒီချွေးမကလည်း တော်တော် လေးကို ဦးနှောက်မရှိတဲ့ပုံပဲ၊ အစ်မကြီး လက်ထဲရောက်ရမယ့် အရာတွေကို သူက ယူသွားလိမ့်မယ်၊ ကျွန်မ တွက်ချက်ကြည့်ရသလောက်တော့ အစ်မကြီးရဲ့သားဟာ အဲဒီ အသုံး အဖြုန်းကြီးတဲ့ ချွေးမလောင်းနဲ့ မကြာခင်မှာ ဆုံရတော့မယ်"


ချီယာသည် မျက်ခုံးများကို တွန့်လိုက်သည်။ ယောက္ခမနှင့် ချွေးမ ဆက်ဆံရေးသည် ရှေးယခင် ကတည်းကခေါင်းခဲစရာ ကိစ္စတစ်ခုဖြစ်ပေသည်။ သူမသည် အသက်ကြီးမှ ထိုကဲ့သို့ ကိစ္စမျိုးဖြင့် နပန်းမလုံးချင်ချေ။


"ဖြေရှင်းနည်း ရှိသလား.... အဲဒီ အသုံးအဖြုန်းကြီးမယ့် ချွေးမက ဘယ်လိုပုံစံမျိုးလဲ"


ဝမ်သိုက်သည် တည်ငြိမ်သော အမူအရာဖြင့် 


"အင်း ... တော်တော်လေးတော့ လှတယ်ရှင့်၊ တန်ဖိုးကြီး ပစ္စည်းတွေကို ကြိုက်တတ်တယ်၊ အစ်မကြီးသားကတော့ သူ့ကို တွေ့ရင် အသေအလဲ ချစ်မိသွားမှာပဲ၊ ဖြေရှင်းနည်းကတော့ ကိစ္စမရှိပါဘူး၊ အစ်မကြီးသားရဲ့ မွေးနေ့ရက်စွဲနဲ့ နာမည်ကို ပေးခဲ့ပါ၊ ကျွန်မ ပြန်ရောက်ရင် သူ့အတွက် အနှောင့်အယှက်တွေ ဖယ်ရှားပေးမယ့် ယတြာတစ်ခု လုပ်ပေးပါ့မယ်”


'ဆရာကြီးတို့ရေ ... ကျွန်မ မှားသွားပါပြီ။ အသက်မွေးဝမ်းကြောင်းဖို့ ခက်ခဲလို့သာ ဒီလို လိမ်နေရတာပါ' ဟု ဝမ်သိုက်သည် စိတ်ထဲမှ အကြိမ်ကြိမ် တောင်းပန်နေမိလေသည်။


ချီယာသည် ဝမ်သိုက်ကို ခဏမျှ ကြည့်နေပြီးနောက် ဖုန်းကို ထုတ်လိုက်သည်။


"we chat  အကောင့်ပေးပါ၊ အဲဒီမှာပဲ အချက်အလက်တွေ ပို့ပေးမယ်၊ ယတြာလုပ်ရင်လည်း ပြောဦး၊ ဒါနဲ့........နင့်နာမည်က ဘယ်သူလဲ"


"ဝမ်သိုက် ပါရှင်"


အကောင့်လဲလှယ်ပြီးနောက် ချီယာသည် ဝမ်သိုက်ထံသို့ ငွေခုနစ်ထောင် လွှဲပေးလိုက်သည်။ အချက်အလက်များလည်း ရောက်ရှိလာလေသည်။


"နင့်ကို ယတြာဖိုး အရင်ပေးလိုက်တာ၊ တကယ် အကျိုးရှိတယ်ဆိုရင် ထပ်ပေးမယ်၊ ဒါနဲ့ ... နင့်ဆီမှာ အဆောင်လက်ဖွဲ့ရော ရှိလား၊ ငါ့သားက ဒီနှစ်ဆို နှစ်ဆယ့်ခြောက် ရှိပြီ၊ ရည်းစားတစ်ယောက်မှ မထားဖူးသေးဘူး၊ လူကြီးချင်း မိတ်ဆက်ပေးတာလည်း မသွားဘူး၊ အမေတစ်ယောက်အနေနဲ့ စိတ်ပူရတာပေါ့"


ဝမ်သိုက်သည် စိတ်ထဲမှ ဆုတောင်းနေမိသည်။ သူမသည် အိတ်ထဲမှ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ကာ ချီယာအား ပေးလိုက်သည်။,


"ရေမထိအောင် သတိထားပါ၊ ဖွင့်မကြည့်ပါနဲ့၊ သားဖြစ်သူရဲ့ ခေါင်းအုံးအောက်မှာ တစ်လလောက် ထားခိုင်းပါ၊ ပြီးရင်တော့ မီးရှို့ပြီး ပြာကို ရေထဲ မျှောလိုက်ရုံပါပဲ"


ချီယာသည် ထိုအဆောင်ကို သိမ်းလိုက်ပြီး "ကဲ ... ဒီနေ့တော့ ဒီလောက်ပါပဲ၊ နောက်မှ လိုအပ်တာရှိရင် ထပ်ရှာမယ်" ဟု ပြောကာ ထွက်သွားလေသည်။


'ကျွန်မကို ထပ်မရှာပါနဲ့တော့' ဟု ဝမ်သိုက်က စိတ်ထဲမှ ပြောလိုက်မိသည်။


သူမသည် လက်ဖက်ရည်ဆိုင်မှ ထွက်လာသောအခါ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေလေသည်။ သူမသည် ချီယာ၏အချက် အလက်များကို သိနိုင်သော်လည်း သူမ သားဖြစ်သူအကြောင်းကိုမူ အနည်းငယ်သာသိမြင်နိုင်ပေသည်။ ထို့ပြင် ထိုချွေးမလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း မမြင်နိုင်ချေ။


"ကံကြမ္မာရဲ့လျှို့ဝှက်ချက်ကို ပေါက်ကြားလို့ မရဘူး" ဟူသော စကားကိုသာ သူမ သတိရနေမိသည်။


သူမသည် 'ချန်စစ်ကျယ်' ဟူသော နာမည်ကို စိတ်ထဲမှ ရွတ်ဆိုကြည့်သော်လည်း ထူးခြားမှု မရှိချေ။ သို့သော် သူမ ရင်ဘတ်ထဲတွင်မူ တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားလိုက်ရလေသည်။


ဝမ်သိုက်သည် သူမ ဆံပင်များကို အသာဖွလိုက်သည်။ သူမ စိုးရိမ်မိသည်မှာ ထိုပေါက်ကြား၍မရသော ကံကြမ္မာ၏ လျှို့ဝှက်ချက်သည် သူမနှင့် ပတ်သက်နေမည်ကိုပင်ဖြစ်ပါတော့သည်။


ဟောင်းနွမ်းစပြုနေသော လူနေတိုက်ခန်း၏အပြင်ဘက်နံရံများပေါ်တွင် ဆီပူငွေ့များကြောင့် ဖြစ်ပေါ်နေသည့် အမည်းရောင် အစွန်းအထင်းများမှာ အထင်အသားရှိနေပြီး တံခါး ပတ်တာသည် လေတိုက်တိုင်း တကျိကျိနှင့် နားမခံသာအောင် မြည်ဟည်းနေပေသည်။


သုံးလွှာ ညာဘက်ခြမ်းရှိ ဝရန်တာမှန်တံခါးတွင် လိုက်ကာများကို လုံအောင်ပိတ်ထားသဖြင့် ပြင်ပမှ အလင်းရောင်များမှာ အထဲသို့ မဝင်ရောက်နိုင်ချေ။ ထိုလိုက်ကာများ၏ နောက်ကွယ်တွင်မူ ချီယာထံသို့ ယတြာလုပ်ငန်းစဉ်များ ပြီးဆုံးကြောင်း အစီရင်ခံနေသည့် ဝမ်သိုက် ရှိနေပေသည်။


သူမသည် အားအင်ကုန်ခမ်းနေဟန်ဖြင့် ကုလားထိုင်နောက်မှီပေါ်သို့ မှီချလိုက်ပြီး ဖုန်းကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူမ၏ လက်မောင်းများသည် ပေါင်ပေါ်သို့ အားမရှိသလို ကျဆင်းသွားပြီး မျက်နှာကြက်ကို ငေးကြည့်နေမိရာ မျက်ဝန်းအိမ်များမှာ တဖြည်းဖြည်းနှင့် ဝေဝါးလာလေသည်။


“ငွေခုနစ်ထောင် “


မလုံလောက်သေးပေ။ လွန်ခဲ့သော ဆယ့်တစ်နှစ်က မိသားစုဝင်များ သေဆုံးခဲ့ရသည့် မီးရှို့မှုတရားခံကို ပြန်လည်ဖော် ထုတ်ရန်အတွက် သူမ ဤမျှလောက်သာ အားထုတ်နေပါက ဘဝတစ်ဝက် ကုန်ဆုံးသွားလျှင်တောင် အခွင့်အရေး ရရှိမည်မဟုတ်ချေ။ 


အဆက်အသွယ်ကောင်းလည်း မရှိ၊ ဆွေးမျိုးများကလည်း သူမကို ကူးစက်ရောဂါသည်တစ်ဦးကဲ့သို့ ဝေးဝေးမှရှောင် ကြဉ်ကြသည်။ ထိုစဉ်က အိမ်နီးနားချင်းများမှာလည်း မိမိတို့တွင် မြင်နိုင်စွမ်းရှိသည့် မျက်လုံးများ မရှိသယောင်ပင် အဖြစ်မှန်ကို ဖုံးကွယ်ထားကြလေသည်။


"ဟူး ..." 


ဝမ်သိုက်သည် သက်ပြင်းတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်သည်။ သူမသည် ဖုန်းမျက်နှာပြင်ပေါ်တွင် တက်လာသော စာတိုအသစ်ကို သတိမထားမိဘဲ ဖုန်းကို ပိတ်လိုက်လေသည်။


ဘုရားကျောင်းတံခါးဝတွင် သူဌေးများနှင့် ဆုံနိုင်ခြေများသဖြင့် သူမ ထိုနေရာသို့ နေ့တိုင်းသွား ရပေမည်။ အမှုပြန်ဖွင့်နိုင်ရန်အတွက် စုဆောင်းငွေကိုသာ အားကိုးနေ၍ မဖြစ်ဘဲ အဆက်အသွယ် ကောင်းများ ရှာဖွေရမည် ဖြစ်ပေသည်။


သို့သော်လည်း ချီယာဆိုသည့် ထိုသူဌေးကတော်ကိုတော့ သူမ အားနာမိပေသည်။ မိမိ၏အကျိုးအတွက် လိမ်လည်ခဲ့မိသဖြင့် သူမနှင့် ခင်မင်မှု တိုးအောင်လုပ်ရန်မှာ ဝမ်သိုက်အတွက် ခက်ခဲလှပေသည်။


ဝမ်သိုက်သည် ခေါက်ကုလားထိုင်နှင့် အိတ်အသေးလေးတစ်လုံးကို ယူကာ ထွက်လာခဲ့သည်။ ထိုအိတ်ထဲတွင် အဆောင်လက်ဖွဲ့များနှင့် ၎င်းကို ပြုလုပ်ရန် လိုအပ်သည့် ကိရိယာများကို အဆင်သင့် ထည့်ထားတတ်ပေသည်။


လက်ထဲရှိ ငွေများမှာ အမှုအတွက် အသုံးမပြုနိုင်သေးဘဲ စားဝတ်နေရေးအတွက်သာ လောက်ငှသဖြင့် သူမသည် သွားလာရေးတွင် ငွေအကုန်အကျ မခံနိုင်ချေ။ အိမ်မှ ဘုရားကျောင်းအထိ ခုနစ်ကီလို မီတာခန့်  ဝေးသဖြင့် မြေအောက်ရထားဖြင့် အနီးဆုံးအထိသွားကာ ကျန်သည့် နှစ်ကီလိုမီတာကို ခြေလျင်လျှောက်ခဲ့ရလေသည်။


သုံးဆယ်ဒီဂရီ ကျော်သော အပူရှိန်ကြောင့် ပန်းနုရောင် အပေါ်အင်္ကျီမှာ ချွေးများဖြင့် စိုရွှဲနေပြီး လည်ပင်းမှတစ်ဆင့် ချွေးစက်ကလေးများ စီးကျနေပေသည်။ ဘုရားကျောင်းရှေ့တွင် စောင့်နေမြဲဖြစ်သည့် အဒေါ်ကြီးကို မြင်သောအခါ ဝမ်သိုက်သည် အမူအရာကို ချက်ချင်းပြောင်းလဲကာ အေးအေး လူလူ လျှောက်သွားလိုက်သည်။ သူမသည် အဒေါ်ကြီး၏ တစ်ဖက်ခြမ်းတွင် ခေါက်ကုလားထိုင်ကို ခင်းကာ ထိုင်လိုက်ပြီး အိတ်ကလေးကို ပိုက်ကာ ပြုံးလိုက်လေသည်။


"အို အဒေါ်ကြီးရယ်.... တော်တော် ဝီရိယကောင်းတာပဲနော်၊ အလုပ်တွေ အများကြီးရနေပြီလား၊ ကျွန်မ ပြောသားပဲ၊ တကယ် မတတ်ဘဲနဲ့တော့ ဒီအလုပ်ကို မလုပ်သင့်ဘူ၊ လူတွေကို လိမ်ရင် ဝဋ်လိုက်တတ်တယ်"


မိမိကိုယ်တိုင် ချီယာကို လိမ်ခဲ့သည်ကို ခဏတာ မေ့လျော့ကာ ဝမ်သိုက်သည် ထိုအဒေါ်ကြီးကို ခနဲ့လိုက်မိသည်။ ဤသည်မှာ စိတ်ညစ်နေသည်များကို ဖြေဖျောက်ရန်အတွက် သူမ၏ထွက်ပေါက် တစ်ခု ဖြစ်ပေသည်။


သို့သော်လည်း ကြည်လင်နေသော ကောင်းကင်ထက်မှ မိုးကြိုးတစ်ချက် ရုတ်တရက် ပစ်ချလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ထိုမိုးကြိုးသည် သူမ၏ ရှေ့တည့်တည့်တွင် ပစ်ချလိုက်ခြင်း ဖြစ်ပေသည်။


စူးရှလှသော အလင်းတန်းသည် ဓားတစ်စင်း၏အလင်းပြန်မှုကဲ့သို့ သူမ ရှေ့တွင် ခဏတာ ပေါ်လာပြီး ပျောက်ကွယ်သွားသည်။ ဝမ်သိုက်နှင့် အဒေါ်ကြီးတို့မှာ ဝိညာဉ်လွင့်သွားသကဲ့သို့ ငြိမ်သက်သွားကြလေသည်။


ဘုရားကျောင်းရှေ့ရှိ လမ်းသွားလမ်းလာများမှာလည်း ထိတ်လန့်သွားကြပြီး ရပ်တန့်သွားကြသည်။


"ငါ အိပ်မက်မက်နေတာလား ... နင် မြင်လိုက်လား" ဟု ဒေါ်ကြီးက တုန်တုန်ရင်ရင်ဖြင့် မေးလာသည်။


ဝမ်သိုက်သည်လည်း ရင်တုန်နေသဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး "မြင်လိုက်တယ်" ဟု ပြန်ဖြေလိုက်လေသည်။


"မြင်တယ်မလား..... အဲဒါ ကျွန်မ စောစောက ပြောတဲ့ စကားရဲ့ သက်သေပဲ၊ အဒေါ်ကြီးကို သတိပေးဖို့ နတ်ဘုရားတွေက မိုးကြိုးပစ်ပြတာ၊ အဲဒါကြောင့် အလုပ်အမြန်ပြောင်းတော့နော်"



ဝမ်သိုက်သည် ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေသော နှလုံးသားကို အသာဖိကာ ဟန်မပျက်အောင် ပြုံး၍ပြောလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမျှ တည်ငြိမ်နိုင်မည် မဟုတ်ပေ။ အနည်းငယ်မျှသာ တတ်ကျွမ်းသော အဒေါ်ကြီးမှာမူ ကြောက်လန့်တကြားဖြင့် ကုလားထိုင်ကို မကာ ထွက်ပြေးသွားပါတော့သည်။