Ch 3
Viewers 67

🍏 Chapter 3




ဝမ်သိုက်သည် မိမိ၏ရင်ဘတ်ကို ဖိထားရင်း အပြင်းအထန် ခုန်နေသော နှလုံးသံကို ကြားနေရသည်။ ငွေမက်ပြီး မိမိ၏ မူလစိတ်ရင်းကို မမေ့လျော့ရန် သူမ မိမိကိုယ်မိမိ သတိပေးနေမိသည်။ သို့သော် လည်း သူမသည် မိဘများအတွက် တရားမျှတမှု ရှာပေးချင်လှပေသည်။


ကံကြမ္မာသည် သူမ အားနည်းချက်ကို ဓားဖြင့် မွှန်းနေသကဲ့သို့ ရှိချေသည်။


ဝမ်သိုက်တစ်ယောက် အတွေးထဲတွင် နစ်မျောနေစဉ် ခေါင်းပေါ်မှ အရိပ်တစ်ခု ကျလာသဖြင့် မော့ကြည့်လိုက်ရာ အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။


သပ်ရပ်လှသော ဆံပင်နှင့် စူးရှသော မျက်နှာအချိုးအစားရှိသည့် ထိုအမျိုးသား၏မျက်လုံးများ အောက်တွင် မှဲ့ကလေးတစ်လုံး ရှိနေပေသည်။ ထိုမှဲ့သည် ဝမ်သိုက်၏ မှဲ့တည်နေရာနှင့်ဆန့်ကျင်ဘက်တွင် ရှိနေသည်။ သူ့ နှုတ်ခမ်းများမှ ထွက်ပေါ်လာသော အသံမှာ အေးစက်လှပေသည်။


"ဝမ်သိုက်ဆိုတာ မင်းပဲ မဟုတ်လား လူလိမ်မလေး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို နည်းလမ်းတွေ သုံးပြီးလိမ်နေတာဆိုတော့ အလားအလာ တော်တော်ကောင်းတာပဲ၊ ရှေ့လူတွေကို ကျော်ဖြတ်ပြီး ထောင်ထဲမှာ တစ်သက်လုံး နေချင်တာလား၊ ပိုက်ဆံပြန်ပေးပါ၊ ငါက ရှေ့နေပဲ၊ မင်း ပိုက်ဆံပြန်မပေးရင် ငါ ဥပဒေအရ အရေးယူရလိမ့်မယ်..... ခုနစ်ထောင်ဆိုတာ အမှုဖွင့်ဖို့ လုံလောက်တယ်"


ဝမ်သိုက်သည် သူ့ စူးရှသော အကြည့်များထဲမှ ရုန်းထွက်ကာ ကုလားထိုင်ပေါ်မှ ချက်ချင်းထရပ်လိုက်သည်။ သို့သော် လည်း သူမ၏အရပ်မှာ သူ့ ပုခုံးအထိသာ ရှိသဖြင့် အားသာချက်မရှိချေ။


"ဘာကို လိမ်တာလဲ၊ ဘာလို့ လိမ်တာလဲလို့ ပြောရတာလဲ၊ ရှင်က ဘယ်လိုလူလဲ၊ လာလာချင်း လူကို စွပ်စွဲနေတာပဲ၊ ရှေ့နေလည်းပြောသေးတယ်၊ ဒီလိုလုပ်တာက အသရေဖျက်မှုဆိုတာ ရှင် မသိဘူးလား"


ဝမ်သိုက်သည် ရင်ထဲတွင် ထိတ်လန့်နေသော်လည်း အပြင်ပန်းတွင်မူ မကြောက်မရွံ့ဟန်ဖြင့် ပြန်ပြောလိုက်သည်။ သူမ ရှေ့တွင်ရှိနေသည့် အမျိုးသားသည် ချီယာ၏သားဖြစ်မည်ဟု သူမ မှန်းဆမိသည်။ ထိုစဉ်က သူမ မြင်တွေ့ခဲ့ရသော ဝေဝါးသည့် အရိပ်အယောင်များနှင့် အခုလူသည် ထပ်တူကျနေပေသည်။


သူမ နှလုံးသားသည်လည်း ထူးဆန်းစွာ တုန်လှုပ်နေပြီး ပျော်ရွှင်သလိုလို၊ ငိုချင်သလိုလို ခံစားချက်များ ရောပြွမ်းနေလေသည်။


ချန်စစ်ကျယ်သည် သူမကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကာ အိတ်ထဲမှ အဆောင်လက်ဖွဲ့ကို ထုတ်ပြလိုက်သည်။


"သက်သေကို မျက်စိရှေ့အထိ ပြမှပဲ ဝန်ခံမှာလား"


သူသည် တကယ့်ကို ချန်စစ်ကျယ်ဖြစ်နေပေပြီ။


ဝမ်သိုက်သည် အဆောင်လက်ဖွဲ့ကို ပြန်လုရန် ကြိုးစားသော် လည်း အမျိုးသားက သူမ လှုပ်ရှားမှုကို ကြိုတင်သိနေသည့်အလား လက်ကိုရွှေ့ပြောင်းကာ ရှောင်လိုက်သည်။


"မင်းကို အထင်ကြီးမိတာ မှားသွားပြီ၊ သေခါနီးမှ သက်သေကို ဖျက်ဆီးဖို့ ကြိုးစားနေတာလား"


ဝမ်သိုက်သည် အရှက်ရသွားသဖြင့် လက်ကို ပြန်ရုပ်လိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။


"ရှင်က ဘာဖြစ်ချင်တာလဲ၊ အဆောင်လက်ဖွဲ့အတွက် ကျွန်မ ပိုက်ဆံမယူခဲ့ဘူး၊ အဲဒီ ခုနစ်ထောင်က ကျွန်မရဲ့ယတြာလုပ်ခပဲ၊ အဲဒါကလည်း ကျွန်မ တောင်းတာမဟုတ်ဘူး၊ ရှင့်အမေက သူ့ဘာသာ လွှဲပေးတာ၊ ရှေ့နေဆိုတော့ ရှင့်ဆီ လာအပ်တဲ့သူက ပိုက်ဆံပိုပေးရင် ရှင်က ပြန်ပေးမှာလား"


"ငါက ဘာလို့ ပြန်ပေးရမှာလဲ၊ ငါက ဥပဒေနဲ့အညီ ဖွင့်ထားတဲ့ ဥပဒေရုံးက ရှေ့နေပဲ၊ ငါ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ယုံကြည်လို့ သူတို့က ပေးတာ.... မင်းကရော"


ချန်စစ်ကျယ်၏စကားများက ဝမ်သိုက်ကို နာကျင်စေသည်။ သူသည် အရပ်ရှည်သဖြင့် ဝမ်သိုက်မှာ သူ့ကို မော့ကြည့်နေရပြီး သူ့ နှာခေါင်းပေါက်များကိုသာ တည့်တည့်မြင်နေရလေသည်။ သူ့အသံမှာ နားဝင်ချိုသော်လည်း စကားလုံးများကတော့ ထက်ရှလှပေသည်။


"ဒီလို ကံကြမ္မာဟောတဲ့ အလုပ်တွေနဲ့ လူတွေကို လိမ်နေတာ၊ မင်းလို နတ်ဆရာတွေကို ဒီခေတ်ကြီးက လက်ခံမယ် ထင်နေလား၊ အခုချက်ချင်း ပိုက်ဆံပြန်ပေးမလား၊ ဒါမှမဟုတ် ငါ အမှုဖွင့်ရမလား"


"ဘာလို့ ပြန်ပေးရမှာလဲ... ဒါက နှစ်ဦးသဘောတူ လုပ်ခဲ့တဲ့ ကိစ္စပဲလေ၊ ရှင့်က တော်တော် အမြင်ကျဉ်းမြောင်းတာပဲ၊ ကျွန်မ ယတြာလုပ်ပေးခဲ့တာ အားစိုက်ခဲ့ရတာပဲ၊ ရှင့်အမေက ပိုက်ဆံပေးတာ တရားမျှတပါတယ်၊ ကျွန်မမှာ အရည်အ ချင်းမရှိရင် ရှင့်အမေ ဘာမှမပြောခင်မှာတင် ရှင့်အကြောင်းတွေကို ကျွန်မ ဘယ်လိုသိမလဲ"


ဝမ်သိုက်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူမ မျက်နှာလေးမှာ နီမြန်းနေပြီး မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းနေပေသည်။ သူမ ပိုက်ဆံအိတ်မှာ နဂိုကတည်းက ဟောင်းနွမ်းနေပြီး အခုအခြေအနေတွင် ချန်စစ်ကျယ်၏ခြိမ်းခြောက်မှုကြောင့် သူမ ပိုဝမ်းနည်းလာမိသည်။


"ကျွန်မ ဘာကို မှားပြောလို့လဲ၊ ရှင်က နောက်ဆို အသုံးအ ဖြုန်းကြီးတဲ့ မိန်းမနဲ့ တွေ့မှာပဲ၊ သူက ရှင့်အမေဆီက အရာတွေကို ယူသွားမှာပဲ၊ ကျွန်မက အဲဒီမိန်းမရဲ့ပုံစံကိုပဲ မမြင်ရတာ၊ ကျန်တာတွေ အကုန်မှန်တယ်၊ ကျွန်မ ပိုက်ဆံပိုယူမိတာကို ဝန်ခံပေမဲ့ ရှင်လည်းဝန်ခံရမယ်၊ ကမ္ဘာပေါ်မှာ မှန်ကန်တဲ့ ဖူးစာဆိုတာ မရှိဘူး၊ အဲဒီမိန်းမကိုဖယ်ရှားပေးဖို့ ကျွန်မ ကြိုးစားပေးတာပဲလေ"


သို့သော် ချန်စစ်ကျယ်သည် ကျောက်တုံးနှလုံးသားရှိသူကဲ့သို့ပင် သူမ၏မျက်ရည်များကို ဂရုမစိုက်ဘဲ လှောင်ပြုံး ပြုံးလိုက်သည်။


"လိမ်တာက လိမ်တာပဲ.... လိမ်လို့ရတဲ့ ပိုက်ဆံဟာ ဘယ် တော့မှ တရားမဝင်ဘူး၊ မင်းရဲ့ အလုပ်က လိမ်လည်မှုပဲ၊ အဲဒီအသီးအပွင့်က ထောင်ထဲမှာပဲ ခံစားရလိမ့်မယ်"


ဝမ်သိုက်သည် ခေါင်းကို ငုံ့ထားလိုက်ရာ မျက်ရည်တစ်စက်မှာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ သူမသည် ဖုန်းကို ထုတ်ကာ ကြည့်လိုက်ရာ ချီယာပို့ထားသော စာကို တွေ့လိုက်ရသည်။


'ငါ အဆောင်လက်ဖွဲ့ကို စားပွဲပေါ်မှာ မေ့ထားခဲ့လို့ ငါ့သား တွေ့သွားတယ်။ သူက မယုံကြည်တဲ့သူဆိုတော့ ငါလည်း ပြောပြလိုက်မိတယ်။ နင် ဒီနေ့ ဘုရားကျောင်းကို မလာပါနဲ့ဦး'


ဝမ်သိုက်သည် ဖုန်းကို ပိတ်လိုက်ပြီး တိုးညင်းသော အသံဖြင့် ပြောလိုက်သည်။


"ကုဒ်ပြပါ.... ကျွန်မ အခု ပြန်လွှဲပေးမယ်"


ချန်စစ်ကျယ်သည် အသင့်ရှိနေသည့်အလား ဖုန်းကိုချက် ချင်းထုတ်ပြလိုက်သည်။ ဝမ်သိုက်သည် ပိုက်ဆံများကို ပြန်လွှဲပေးလိုက်ပြီးနောက် မျက်ရည်များကို သုတ်ကာ မေးလိုက်သည်။


"ရပြီ... အခု ရှင် သွားလို့ရပြီ"


ပိုက်ဆံများ ပြန်ရသွားသဖြင့် ချန်စစ်ကျယ်မှာ စိတ်ကျေနပ်သွားပုံ ရပေသည်။ သူသည် ဖုန်းကို အိတ်ထဲထည့်ကာ ဝမ်သိုက်ကို ကြည့်ပြီး မေးလိုက်သည်။


"နင် ပြောတာတွေက မှန်တယ်လို့ ဘာလို့ ဒီလောက်ယုံကြည်နေတာလဲ၊ ငါက အိမ်ထောင်မပြုဘူးလို့ ဆုံးဖြတ်ထားရင်ရော"


"ပိုက်ဆံလည်း ပြန်ရပြီကို စကားတွေများနေသေးတာပဲ၊ ကျွန်မကတော့ ယုံကြည်တယ်၊ ရှင် ယုံတာ မယုံတာ ကျွန်မကိစ္စ မဟုတ်ဘူး၊ ရှင် အဲဒီမိန်းမကို အရမ်းချစ်မိသွားမှာကိုလည်း ကျွန်မ သိနေတယ်၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ ရှင် မသွားရင် ကျွန်မ သွားမယ်"


ဝမ်သိုက်သည် ခေါက်ကုလားထိုင်ကို မကာ သူ့ဘေးမှ ရှောင်ထွက်လာခဲ့သည်။ သူမသည် ထွက်ပြေးသကဲ့သို့ အမြန်လျှောက်လာခဲ့ပြီး မျက်ရည်များမှာ တားမရအောင် စီးကျနေပေသည်။ သူမသည် မိမိကိုယ် မိမိ မုန်းတီးမိသလို ချန်စစ်ကျယ်ကိုလည်း နာကျည်းမိပေသည်။


သူမသည် အိမ်သို့မပြန်ဘဲ ဆန့်ကျင်ဘက် လမ်းအတိုင်း လျှောက်လာခဲ့သည်။ လမ်းကြားလေးများစွာကို ဖြတ်ကျော်ကာ မြို့ပြင်ဘက်သို့ ရောက်လာခဲ့သည်။ ထိုနေရာသည် မြို့ထဲနှင့်စာလျှင် အလွန်နွမ်းပါးလှသော နေရာတစ်ခု ဖြစ်ပေသည်။


သစ်ပင်အောက်တွင် စစ်တုရင် ကစားနေသော အဘိုးအိုများနှင့်မြစ်ထဲတွင် အဝတ်လျှော်ပြီး ပြန်လာသော အမျိုးသမီးများကို တွေ့ရသည်။ ဝမ်သိုက်သည် ရင်းနှီးနေသော သံတံခါးလေးတစ်ခုကို ခေါက်လိုက်သည်။


မကြာမီတွင် တံခါးပွင့်လာပြီး ကောင်လေးတစ်ယောက် ထွက်လာကာ သူမကို ဖက်လိုက်သည်။ ထိုကောင်လေး၏ အသားအရောင်မှာ ဖျော့တော့နေပြီး ကျန်းမာရေး မကောင်းသည့်ပုံ ပေါ်ပေသည်။


"အစ်မဝမ်သိုက်"