Ch 4
Viewers 51

🍏 Chapter 4




ဟောင်းနွမ်းလှသော လျှပ်စစ်မီးသီးသည် မျက်နှာကြက်မှ တွဲလွဲကျနေပြီး ပိုးဖလံနှစ်ကောင်မှာ တုံ့ဆိုင်းနေသော အတောင်ပံများကို သိမ်းဆည်းကာ လင်းလက်နေသော မီးသီးပေါ်တွင် ငြိမ်သက်စွာ နားခိုနေကြသည်။ 



ဝမ်သိုက် အိမ်ထဲသို့ ဝင်လာပြီးမှသာ မီးကို ဖွင့်လိုက်ခြင်း ဖြစ်သည်။ ချင်ထုံသည် မီတာခချွေတာချင်သည်ကို သူမ သိနေပေသည်။


ချင်ထုံနှင့် သူ၏မိခင် ချင်ယန်တို့ နေထိုင်သော အိမ်လေးမှာ ဝမ်သိုက် အရင်က နေခဲ့ဖူးသော ဗီလာအိမ်ကြီးရှိ အိမ်သာတစ်လုံးစာမျှပင် မရှိချေ။ ဤအိမ်လေးတွင် လေးဘက်လေးလံ အလုံပိတ်ထားသည့် တစ်ခုတည်းသော နေရာမှာ ရေချိုးခန်းဟု ခေါ်ဆိုနိုင်သော နေရာလေးသာ ဖြစ်သည်။


အိမ်သာတံခါးနှင့် မျက်နှာချင်းဆိုင်တွင် ဟင်းချက်စရာ နေရာလေးရှိပြီး ချင်ထုံသည် မီးဖိုရှေ့တွင် ကယောင်ကတမ်းဖြင့် အလုပ်ရှုပ်နေပေသည်။ သူ၏ ခွက်ကို ကိုင်ထားသော လက်များ တုန်ယင်နေသော်လည်း အသစ်ထည့်ထားသော ရေနွေးများကို ခွက်ထဲသို့ လောင်းထည့်လိုက်သည်။


ရေနွေးပူ လောင်သွားသော်လည်း သူသည် လက်ကို မရုပ်ဘဲ အောင့်ခံထားလေသည်။ သူ့ ဘဝတွင် ဤကဲ့သို့ အောင့်ခံထားရသည့် အခိုက်အတန့်များစွာ ရှိခဲ့ဖူးပေသည်။


သူသည် ရေစစ်စက်မှ ထွက်လာသော ရေအေးများကို ရောထည့်လိုက်ပြီးနောက် ခွက်ကို ကိုင်ကာ ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဝမ်သိုက်အနားသို့ ရောက်လာသည်။


"အစ်မဝမ်သိုက် ... ရေသောက်မလား"


ထိုကောင်လေးသည် ရုပ်ရည်သန့်ပြန့်သော်လည်း အလွန်ပိန်လှသဖြင့် မျက်လုံးများမှာ ပြူးထွက်နေသကဲ့သို့ ရှိချေသည်။  မျက်ဝန်းအိမ်များမှာမူ အရောင်တောက်နေပေသည်။


ဝမ်သိုက်သည် ခွက်ကို လှမ်းယူကာ ရေအနည်းငယ် သောက်လိုက်ပြီးနောက် နွေးထွေးစွာ ပြုံးပြလိုက်သည်။


"သောက်မှာပေါ့ ... မောင်လေးတိုက်တဲ့ရေကို အစ်မက မသောက်ဘဲ နေပါ့မလား၊ ဒီရက်ပိုင်း အဆင်ပြေရဲ့လား၊ ထူးထူးဆန်းဆန်းတွေ ထပ်မြင်ရရင် အစ်မကို ပြောနော်၊ အစ်မ နောက်ထပ် အဆောင်တစ်ခု လုပ်ပေးမယ်၊ မောင်လေး အမေရော ဘယ်သွားလဲ"


ရေခွက်ကို သစ်သားစားပွဲပုလေးပေါ် တင်လိုက်သောအခါ မည်သံတစ်ချက် ထွက်ပေါ်လာသည်။


"အဝတ်သွားလျှော်တယ်၊ အခုပဲ ပြန်လာတော့မှာပါ၊ အစ်မဝမ်သိုက်... ဒီနေ့ တစ်ခုခုဖြစ်လာတာလား၊ အစ်မရဲ့ မျက်လုံးတွေ နီနေတယ်"


မွေးလာကတည်းက ယင်ဓာတ် လွှမ်းမိုးနေခြင်းက ချင်ထုံအတွက် ဝိညာဉ်များကို မြင်တွေ့စေရုံသာမက သာမန်လူထက် ပိုမိုထက်မြက်သော အာရုံခံစားမှုကိုလည်း ပေးစွမ်းထားပေသည်။ သူ့မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေပြီး အင်္ကျီစကို လက်ဖြင့် ဆုပ်ကိုင်ထားမိလေသည်။


ဝမ်သိုက်သည် မိမိ၏မျက်ဝန်းအိမ်ကို အသာအယာ ထိတွေ့လိုက်ပြီး ရယ်မောလိုက်သည်။ သူမသည် ချင်ထုံကို ကြည့်ကာ သူမ ဘေးရှိ နေရာလွတ်ကို ပုတ်ပြလိုက်လေသည်။


"မောင်လေးရဲ့အကဲခတ်မှုက တော်တော်ကောင်းတာပဲ၊ လာ ... ဒီမှာထိုင်ဦး၊ အစ်မ မောင်လေးကို မေးစရာလေး ရှိလို့"


ချင်ထုံသည် ဝမ်သိုက်ဘေးတွင် ဝင်ထိုင်လိုက်ပြီး သူမကို ကြည့်ကာ လက်ကောက်ဝတ်ရှိ ဒင်္ဂါးပြားလေးကို ကစားနေမိသည်။


ဝမ်သိုက်သည် ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး လက်တစ်ဖက်ကို ချန်ထုံ၏ ပုခုံးပေါ်သို့ တင်လိုက်သည်။ သူမသည် မျက်လွှာချကာ တိုးညင်းသောအသံဖြင့် ပြောလိုက်လေသည်။


"ငါတို့တွေ အခက်အခဲဆုံး အခြေအနေနဲ့ ကြုံရတဲ့အခါ ကိုယ့်ရဲ့ မူလစိတ်ရင်းကို စွန့်လွှတ်သင့်သလား၊ လူတစ်ယောက်ဟာ ဒုက္ခပေါင်းစုံကို တစ်ယောက်တည်း ခံစားခဲ့ရတယ်၊ ခက်ခဲတဲ့ လမ်းတွေကိုလည်း တစ်လှမ်းချင်း လျှောက်ခဲ့ရတယ်၊ သူ တစ်ခါမှ မမှားခဲ့ဖူးပေမဲ့ ဘာမျှော်လင့်ချက်မှ မမြင်ရဘူး”


“အဲဒီမှာ သူက လမ်းမှားကို တစ်လှမ်းလောက် စမ်းလျှောက်ကြည့်လိုက်တဲ့အခါ ကျတော့မှ သူ့ကို လျစ်လျူရှုထားခဲ့တဲ့ ကံကြမ္မာက ရုတ်တရက် ပေါ်လာပြီး သူရထားတာတွေကို ပြန်လုသွားတယ်၊ သူ့ကို အမှောင်ထဲ ပြန်တွန်းပို့လိုက်တယ်၊ လမ်းမှာ ထွန်းခဲ့တဲ့ မီးအိမ်တွေလည်း အလကား ဖြစ်ကုန်ပြီ၊ မောင်လေး ... အဲဒီလူ ဘာဆက်လုပ်သင့်တယ် ထင်လဲ"


"အဲဒါကတော့ ..." 


ချင်ထုံအသံမှာ ရုတ်တရက် ဝါးသွားသကဲ့သို့ ရှိချေသည်။ သူသည် ဝမ်သိုက်၏ မျက်ဝန်းများကို ကြည့်လိုက်ရာ ထိုမျက် ဝန်းများထဲတွင် စိတ်ပျက်အားငယ်မှုများကို တွေ့လိုက်ရသည်။


ခဏအကြာတွင်မှ သူက ပြန်ပြောလိုက်သည်။


"အစ်မဝမ်သိုက် ... ကိုယ့်ရဲ့ မူလစိတ်ရင်းကိုတော့ မစွန့်လွှတ်ပါနဲ့၊ အဲလိုဆိုရင် နောက်ဆုံးမှာ လိုချင်တာ ရသွားရင်တောင် စိတ်ချမ်းသာမှာ မဟုတ်ဘူး၊ ကံကြမ္မာက အခုလို နှိပ်ကွပ်တာဟာ သတိပေးနေတာလည်း ဖြစ်နိုင်ပါတယ်၊ နောင်တမရ အောင်ပေါ့၊ ကြိုးစားတိုင်း အကျိုးမရနိုင်ပေမဲ့ လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းမှာ ခြေရာတွေ ကျန်ခဲ့မှာပါ၊ မီးအိမ်တွေလည်း ငြိမ်းသွားမှာ မဟုတ်ပါဘူး၊ အဲဒီမီးအိမ်တွေက အစ်မကို မှတ်မိနေမှာပါ၊ ရှေ့ကိုသာ ဆက်လျှောက်သွားပါ၊ နောက်တစ်လှမ်းမှာတင် မျှော်လင့်ချက်ကို နင်းမိသွားနိုင်တာပဲလေ"


ထိုကောင်လေး၏ပိန်လှီလှသော လက်များက ဝမ်သိုက်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့ မျက်ဝန်းများထဲတွင် ခိုင်မာသော အလင်းရောင်များ ရှိနေပေသည်။


ဝမ်သိုက်သည် ချင်ထုံကို ကြည့်ကာ ပြုံးလိုက်လေသည်။


"အေးပါ ... ငါ့မောင်လေးကတော့ တကယ်လူကြီးဖြစ်နေပြီပဲ"


သံတံခါး ပွင့်လာသံနှင့်အတူ ချင်ယန်ဝင်လာသည်။ သူမ၏ ဆံပင်များမှာ တိုသဖြင့် သားရေကွင်းဖြင့်သာ စည်းနှောင်ထားပြီး မျက်နှာတွင် အရေးအကြောင်းများဖြင့် ပင်ပန်းနွမ်းနယ်နေသော်လည်း ရှင်သန်လိုစိတ်များ ရှိနေပေသည်။


"အစ်မချင်ယန် ... ဒီနေ့ အဆင်ပြေရဲ့လား" 


ဝမ်သိုက် မေးလိုက်သည်။


ချင်ယန်သည် အဝတ်ပုံးကို ကိုင်ကာ ဝင်လာပြီး ဝမ်သိုက်ကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်သည်။


"အေး ... မနက်ပိုင်းက ဈေးရောင်းကောင်းသားပဲ၊ ညီမလေး ပေးတဲ့ အကြံကြောင့် ကျောင်းရှေ့မှာ သွားရောင်းတာ တော်တော် အဆင်ပြေတယ်၊ ကလေးတွေက ငါလုပ်တဲ့ မုန့်တွေကို ကြိုက်ကြတယ်လေ"


ချင်ယန်သည် လက်ကို သုတ်ကာ ဝမ်သိုက် လက်ကို လာ၍ ဆုပ်ကိုင်လိုက်သည်။ သူမ မျက်ဝန်းထဲတွင် မျက်ရည်များ ဝိုင်းနေပေသည်။


"တကယ် ကျေးဇူးတင်ပါတယ် ညီမလေးရယ်၊ ညီမလေးသာ မရှိရင် ငါတို့သားအမိ ဘယ်လိုလုပ်ရမလဲ မသိဘူး၊ လွန်ခဲ့တဲ့ ရှစ်နှစ်က ကလေးအဖေ ဆုံးသွားတုန်းကလည်း ငါတို့မှာ အရမ်း ဒုက္ခရောက်ခဲ့တာ၊ ထုံထုံကလည်း နမိုးနီးယားဖြစ်ပြီး ဖျားနေတာ၊ ဘာမှ မတတ်နိုင်ခဲ့ဘူး၊ သူတို့က လျော်ကြေး သုံးသိန်းပေးမယ် ဆိုတော့လည်း ငါတို့မှာ တရားစွဲဖို့ ပိုက်ဆံလည်းမရှိ၊ အချိန်လည်းမရှိတော့ သူတို့ပေးသလောက်ပဲ ယူလိုက်ရတာပေါ့"


ချင်ယန်သည် ရှေးဟောင်းနှောင်းဖြစ်များကို ပြန်ပြောရင်း ငိုကျွေးနေပြန်သည်။ ဝမ်သိုက်သည် သူမအတွက် တစ်ရှူး ထုတ်ပေးလိုက်လေသည်။


"ကလေးအဖေရဲ့ သူငယ်ချင်းဆိုတဲ့ လူတွေကလည်း ကုမ္ပဏီကလူတွေနဲ့ ပေါင်းပြီး ငါတို့ကို လိမ်ကြတာ၊ သူတို့က ကလေးအဖေ အရက်သောက်လို့ ဖြစ်တာဆိုပြီး အပြစ်တင်ကြသေးတယ်၊ အဲဒီတုန်းက သူတို့က ငါတို့ကို အလုပ်အပ်တဲ့သူက ထွက်ပြေးသွားပြီဆိုပြီး တရားစွဲလို့ မရဘူးလို့ ပြောကြတာ၊ အခုတော့ အဲဒီလူတွေလည်း ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး"


ဝမ်သိုက်သည် ချင်ယန်ကို နှစ်သိမ့်ပေးလိုက်သည်။ ဤအကြောင်းများကို သူမ အကြိမ်ကြိမ် ကြားဖူးသော်လည်း ချင်ယန်ကတော့ ပြော၍ဝမည်မဟုတ်ချေ။


"မောင်လေး ... ရေတစ်ခွက်လောက် ထပ်ခပ်ပေးဦး" 


ဝမ်သိုက် ချင်ထုံကို ပြောလိုက်သည်။


"ကလေးအဖေက အသက်ရှင်စဉ်တုန်းက ပိုက်ဆံရဖို့အတွက် အလုပ်တွေကို အပင်ပန်းခံလုပ်ခဲ့တာ၊ အခုတော့ အသက်လည်း ဆုံး၊ ကလေးအတွက်လည်း ဘာမှ မကျန်ခဲ့ဘူး၊ လူတစ်ယောက်ရဲ့အသက်က သုံးသိန်းပဲလား" 


ချင်ယန် ညည်းတွားနေလေသည်။


ဝမ်သိုက်သည် ရေခွက်ကို ချင်ယန်အား ပေးလိုက်ပြီး ပြောလိုက်သည်။


"အစ်မ ... အခုခေတ်က လူကုံထံတွေကြားထဲမှာ ကျွန်မတို့လိုလူတွေက ဖုန်မှုန့်လေးတွေလိုပါပဲ၊  အောင်မြင်ချင်ရင် ကျွန်မတို့ကိုယ်တိုင် လူကုံထံဖြစ်လာအောင် ကြိုးစားရမှာပဲ"


"ညီမလေးရော ... ဘယ်လိုလဲ၊ အစအနလေး ဘာလေး ရပြီလား" ချင်ယန် မေးလိုက်သည်။


ဝမ်သိုက်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီး


"အဲဒါကတော့ ပြောရရင် ရှည်တယ်အစ်မ၊ ဒီနေ့ သူဌေးကတော် တစ်ယောက်နဲ့ ဆုံခဲ့ပေမဲ့ သူ့သားက တော်တော် ထူးဆန်းတယ်၊ သူ့ရဲ့ကံကြမ္မာကို ကျွန်မ အကုန်မမြင်ရဘူး၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ကျွန်မ နောက်ထပ် ကြိုးစားကြည့်ဦးမယ်၊ သူဌေးတွေထဲမှာ ကံကြမ္မာ ယုံကြည်တဲ့သူတွေ အများကြီး ရှိတာပဲ၊ ကျွန်မ ဘုရားကျောင်းမှာ ပိုပြီးလှည့်ပတ်ကြည့်မယ်၊ အွန်လိုင်းကနေလည်း ပိုပြီးကြိုးစားမယ်၊ အဆက် အသွယ် တစ်ခုခုတော့ ရအောင်လုပ်မှာပါ"


ကံကြမ္မာသည် တကယ့်ကို ကပ်စေးနှဲလှပေသည်။


ဝမ်သိုက်၏ရှေ့တွင် မိုးကြိုးပစ်ခဲ့သဖြင့် နိမိတ်ထူးတစ်ခုပေါ်သည့်အလား ဘုရားကျောင်းသို့ လူများပိုမို လာရောက်ကြသော်လည်း သူမအတွက်တော့ ထူးခြားသော အခွင့်အရေး မရရှိခဲ့ချေ။ ချီယာ ကဲ့သို့သော သူဌေးကတော်မျိုးနှင့် ထပ်ဆုံရန်မှာ ခက်ခဲလှပေသည်။


ဝမ်သိုက်သည် အိမ်တွင် လိုက်ကာများကို ပိတ်ကာကွန်ပျူ တာရှေ့တွင် ထိုင်နေသည်။ သူမ၏လှပသော မျက်နှာလေးသည် ကွန်ပျူတာ အလင်းရောင်အောက်တွင် ထင်ရှားနေပေသည်။ သူမသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သော်လည်း ကြည့်ရှုသူမှာ အလွန်နည်းပါးလှသည်။


"ပရိသတ်အသစ်တွေ ရှိရင် မေးခွန်းတစ်ခု မေးလို့ရပါတယ်ရှင်၊ နာမည်နဲ့ နေရပ်ကိုပဲပေးဖို့ လိုပါတယ် ကျွန်မက အကုန်လုံးကို တွက်ချက်ပေးနိုင်ပါတယ်" ဟု ဝမ်သိုက်က စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြောနေမိသည်။


ထိုစဉ် မေးခွန်းတစ်ခု တက်လာသည်။


[ကိုကာကိုလာက အကောင်းဆုံးပဲ : ကျွန်မကို သူ ချစ်သလား သိချင်ပါတယ်]


ဝမ်သိုက်သည် ထိုသူ၏ အချက်အလက်များကို ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။


"ညီမလေး မေးတဲ့သူက အရပ် ၁၇၅ စင်တီမီတာလောက် ရှိမယ်၊ အသားညိုပြီး အားကစားလုပ်တတ်တဲ့သူ မဟုတ်လား၊ သူက ညီမလေးကို ချစ်ပါတယ်၊ ဒါပေမဲ့ သူ ချစ်တာက ညီမလေး တစ်ယောက်တည်းမဟုတ်ဘူး၊ သူက အခုလည်း ရည်းစား ရှိနေတာပဲ၊ ညီမလေးက အားလုံးပြည့်စုံနေတာပဲ၊ ဘာလို့ သူ့ကိုမှ သွားချစ်နေရတာလဲ"


[ကိုကာကိုလာက အကောင်းဆုံးပဲ : ဟာ ... ဆရာမ အရမ်းတော်တာပဲ၊ အကုန်မှန်တယ်၊ သူ မကောင်းမှန်း သိပေမဲ့လည်း ချစ်နေမိတုန်းပဲ]


ထိုသူသည် ဝမ်သိုက်ထံသို့ တန်ဖိုးကြီး လက်ဆောင်များ ပေးပို့လိုက်သည်။ ထိုလက်ဆောင်များကြောင့် သူမ၏ Live တွင် ကြည့်ရှုသူများ ရုတ်တရက် တိုးပွားလာလေသည်။


"ကျေးဇူးတင်ပါတယ်ရှင် ... တစ်ယောက်ချင်းစီ ဖြေပေးပါ့မယ်"


သို့သော်လည်း ကြည့်ရှုသူ များလာသည်နှင့်အမျှ ဝေဖန်သူများလည်း ရှိလာပေသည်။