Ch 5
Viewers 61

🍏 Chapter 5




[အသုံးပြုသူ ၁၃၈၅ : ဘုရားကျောင်းမှာ လိမ်လို့မရတော့လို့ အွန်လိုင်းပေါ်မှာ လာလိမ်နေတာလား၊ နောင်တရမလား အောက်မေ့တယ်၊ အခုထိ မပြင်သေးဘူးပဲ.... တိုင်လိုက်ပြီ]


ဝမ်သိုက်သည် ထိုသူမှာ ချန်စစ်ကျယ် ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။


ဤလူသည် သူမဘဝ၏ဖျက်ဆီးသူပင် ဖြစ်ပေတော့မည်။


ချန်စစ်ကျယ် စကားကြောင့် ကြည့်ရှုသူများက သူမကို ဝိုင်းဝန်း တိုက်ခိုက်လာကြသည်။


[အသုံးပြုသူ ၁၃၈၅ : ကျွန်တော် သူ့ကို သိပါတယ်၊ သူ ကျွန်တော့်အမေဆီက ခုနစ်ထောင် လိမ်ယူသွားတာ၊ အခုမှ ပြန်တောင်းထားရတာ]


ဝမ်သိုက် ဒေါသကိုမထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်ပါတော့သည်။


"ရှင် ရှေ့နေ ဖြစ်ပြီးတော့ လူကို ဒီလို လာစွပ်စွဲနေတာလား၊ ကျွန်မ ပြောတာမမှန်ရင် ရှင့်အမေက ကျွန်မကို ပိုက်ဆံပေးပါ့မလား၊ အဲဒီခုနစ်ထောင်ကိုလည်း ကျွန်မ ပြန်ပေးလိုက်ပြီလေ၊ အခု ရှင်က ဘာလာလုပ်နေတာလဲ၊ ရှင် မယုံရင်လည်း ထွက်သွားစမ်းပါ လူယုတ်မာကြီးရဲ့"


သို့သော် သူမ ဆဲဆိုပြီးသည်နှင့် Live မှာ မှောင်ကျသွားပြီး အကောင့် ပိတ်ခံလိုက်ရပါတော့သည်။


"တောက်" 


ဝမ်သိုက်သည် ဒေါသတကြီးဖြင့် မောက်စ်ကို ပစ်ပေါက်လိုက်သည်။


သူက သူမ၏လမ်းကို ဖြတ်နေမှတော့ သူမလည်း ငြိမ်ခံနေမည် မဟုတ်တော့ပေ။ အံကိုတစ်ချက်ကြိတ်ကာ သူမလည်း တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။


ဇူလိုင်လကုန်၏ အပူရှိန်မှာ မီးဖိုကြီးတစ်ခုထဲ ရောက်နေသကဲ့သို့ပင်။ နေရာတိုင်းမှာ ပူလောင်နေပြီး လေထုထဲတွင်လည်း ရေနွေးငွေ့များ လွှမ်းမောနေသကဲ့သို့ ခံစားရသည်။

 

ဝမ်သိုက်သည် သူမ၏ခြေထောက်နှစ်ဖက်ကို အနားပေးချင်လှပြီ။ တုတ်ကောက်တစ်ချောင်း  လောက်ရှိလျှင် ကောင်းမည်ဟု တွေးနေမိသည်။ သူမသည် ဖုန်းကို ကိုင်ထားရင်း မျက်လုံးကို လမ်းညွှန်ဆိုင်းဘုတ်ပေါ်တွင်သာ အာရုံစိုက်ထားလေသည်။


"စစ်ချန် ရှေ့နေရုံး" နှင့် မီတာခုနစ်ရာခန့်သာ လိုတော့သည့်အချိန်တွင် ဝမ်သိုက်သည် ထူးဆန်းမှုကိုခံစားလိုက်ရသဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။


"ဆရာတို့ ... ဒီတစ်ခါကျတော့ ဘာလို့ ကျွန်မကို မတားကြတာလဲ"


ချက်ချင်းပင် သူမ စိတ်ထဲတွင် နတ်ဆရာများ၏ဝေဝါးသောအဖြေ ထွက်ပေါ်လာသည်။


"မင်းကို အနိုင်ကျင့်ခံရတာ မကြည့်ရက်တာက တစ်ကြောင်း၊ နောက်တစ်ခုကတော့ ... ဒါဟာ မင်းရဲ့ကံကြမ္မာမှာ ဖြတ်သန်းရမယ့် လမ်းကြောင်းပဲ"


“ဟွန်း ... “


စောစောက ချန်စစ်ကျယ်အကြောင်းကို တွက်ခိုင်းတုန်းက တော့ နတ်ဘုရားတို့၏လျှို့ဝှက်ချက်ဖြစ်၍ ပြောပြ၍မရဟု ဆိုခဲ့ပြီး၊ အခုကျမှ အနိုင်ကျင့်ခံရတာ မကြည့်ရက်ဘူးတဲ့လား။ သူမရဲ့ ကံကြမ္မာလမ်းကြောင်းဆိုတာ ချန်စစ်ကျယ်ဆီမှာ အနှိမ်ခံဖို့ပဲလား။


ဝမ်သိုက်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်စဉ်မှာပင် နားရွက်ကို တစ်စုံတစ်ယောက်က လိမ်ဆွဲလိုက်သကဲ့သို့ နာကျင်သွားပြီး စိတ်ထဲတွင် သတိပေးသံပေါ်လာသည်။


"မမေ့နဲ့ ... ငါတို့ ကြားနေရတယ်"


သူမသည် နှုတ်ခမ်းကို စေ့ထားလိုက်ပြီး မကျေမနပ်ဖြင့် နှုတ်ခမ်းဆူနေမိတော့သည်။


ရှေ့နေရုံး၏ ဆိုင်းဘုတ်ကို မြင်လိုက်ရသောအခါ ဝမ်သိုက်သည် ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။ သူမသည် ရုံးရှေ့သို့ အပြေးလေး သွားလိုက်ပြီး အထဲကို ချောင်းကြည့်လိုက်ရာ သစ်သားရောင်နှင့် စကျင်ကျောက်ပြားများဖြင့် ခန့်ညားစွာ ပြင်ဆင်ထားသည်ကို တွေ့ရသည်။


ဝမ်သိုက်သည် မိမိ၏ အစီအစဉ်ကို ပြန်စဉ်းစားရင်း အပူရှိန်ကြောင့် နီမြန်းနေသော ပါးပြင်လေးကို ပွတ်သပ်လိုက်သည်။ သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ အံကြိတ်ပြီး ရှေ့နေရုံးရှေ့တွင် ထိုင်ချလိုက်ကာ မျက်ရည်များ ထွက်လာအောင် ကြိုးစားလိုက်တော့သည်။


ချန်စစ်ကျယ်ဆိုသည့် ဤအတားအဆီးကို ဖယ်ရှားပစ်မှသာ သူမအတွက် လမ်းစပွင့်မည်ဖြစ်သည်။ အရှက်ကွဲရမှာကို သူမ ဂရုမစိုက်တော့ပေ။ ဘာပဲဖြစ်ဖြစ် သူမနှင့်အတူ အရှက် ကွဲမည့်သူ ရှိနေသည် မဟုတ်ပါလား။


သို့သော်လည်း မျက်ရည်က ချက်ချင်းထွက်မလာသဖြင့် ဝမ်သိုက်သည် အတိတ်ကို ပြန်လည် အာရုံစူးစိုက်လိုက်သည်။


တောက်လောင်နေသော မီးလျှံများနှင့် အမည်းရောင် မီးခိုးလုံးကြီးများ ... ကြီးကျယ်ခမ်းနားသော ဗီလာအိမ်ကြီးနှင့် သူမ၏ မိသားစုဘဝလေး ပြာကျသွားခဲ့ရသည်။


လွန်ခဲ့သော ဆယ့်တစ်နှစ်။ ထိုစဉ်က ဆယ်နှစ်သမီးလေးဖြစ်သော သူမ၏ မှတ်ဉာဏ်ထဲတွင် အလွန်ကြီးမားသော မီးလောင်မှုကြီးကိုသာ မှတ်မိနေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ပူပြင်းနေသော်လည်း သူမ နှလုံးသားကမူ အေးစက်နေခဲ့သည်။ ဝါသနာပါရာ သင်တန်းက ပြန်လာချိန်တွင် သူမသည် မိဘမဲ့ ဖြစ်သွားခဲ့ရသည်။


သူမ၏ ဖေဖေနှင့် မေမေသည် အိမ်ထဲတွင် သူမ ပြန်လာမှာကို စောင့်နေခဲ့ကြသည်။ သူတို့ အတူတူ ညစာမစားရသေးချေ။


အရာအားလုံး ပြာကျသွားခဲ့သည်။


မီးသတ်ဌာနကတော့ မတော်တဆမှုဟုသာ ဆုံးဖြတ်ခဲ့သည်။ ထိုခေတ်က ဂတ်စ်ယိုစိမ့်မှုမှာ မထူးဆန်းသော်လည်း သူမကတော့ မယုံကြည်ပေ။ ဘယ်လို ဂတ်စ်ယိုစိမ့်မှုမျိုးက အိမ်တစ်လုံးလုံးကို မိနစ်သုံးဆယ်အတွင်း ပြာကျသွားစေမှာလဲ။ 


သူမ၏မိခင်သည် ဓာတုဗေဒဆရာမဖြစ်သဖြင့် ဂတ်စ်နံ့ကို မရဘဲ နေမည်မဟုတ်ပေ။ သူမ၏ဖခင်သည်လည်း ရေပေးဝေရေးဌာနမှ အရာရှိတစ်ဦးဖြစ်ပြီး ဓာတုဗေဒလုပ်ငန်းတစ်ခု၏ အကျင့်ပျက်ခြစားမှုများကို အထက်သို့ အကြိမ်ကြိမ်တိုင် ကြားခဲ့ဖူးသည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏မိဘများဆုံးပါးပြီး တစ်လအကြာတွင် ထိုလုပ်ငန်းသည် တင်ဒါအောင်မြင်သွားခဲ့လေသည်။


ဝမ်သိုက်သည် ဒေါသကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ သူမ မျက်ဝန်းမှ မျက်ရည်များမှာ တားမရအောင် စီးကျလာတော့သည်။ နှစ်ပေါင်းများစွာ စီးကျခဲ့သော်လည်း မကုန်နိုင်သော မျက်ရည်များပင်။


လှပသော မိန်းကလေးတစ်ဦးရှေ့နေရုံးရှေ့တွင် ငိုနေသည်မှာ လမ်းသွားလမ်းလာများ၏ အာရုံကိုဆွဲဆောင်ရန် လုံလောက်လှပေသည်။


ပထမဆုံး ရောက်ရှိလာသည်မှာ အဆင့်မြင့် ရေမွှေးနံ့ ဖြစ် သည်။ မော့မကြည့်သော်လည်း ရောက်လာသူမှာ ခေတ်မီပြီး ကျော့ရှင်းသော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။


ဝမ်သိုက်သည် ဝေဝါးနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ရာ တန်ဖိုးကြီး ဒေါက်ဖိနပ်တစ်စုံကို တွေ့လိုက်ရသည်။


"ဘာဖြစ်လို့လဲ ညီမလေး၊ ဘာအခက်အခဲ ရှိလို့လဲ၊ မျက်ရည်သုတ်လိုက်ပါဦး၊ အစ်မကို ပြောပြလို့ရပါတယ်..... ဥပဒေအကူအညီ လိုတယ်ဆိုရင်လည်း အစ်မ ကူညီပေးမယ်လေ" ဟု ထိုအမျိုးသမီးက ယဉ်ကျေးစွာ ပြောလာသည်။


ဝမ်သိုက်သည် ငိုရှိုက်ရင်း ပုခုံးများ တုန်ခါနေကာ သူမပေးသော တစ်ရှူးကိုယူ၍ မျက်ရည် သုတ်လိုက်သည်။ နီမြန်းနေသော သူမ မျက်ဝန်းများမှာ ပိုမိုသနားကရုဏာ သက်စရာ ကောင်းနေတော့သည်။