Ch 8
Viewers 60

🍏 Chapter 8




ဝမ်သိုက်သည် ပုံမှန်မဟုတ်သော အပြုအမူများကို ကြာရှည်စွာ လုပ်ဆောင်ခြင်းမရှိပေ။ သူမသည် ဝေလင် နေထိုင်ရာ အဆောက်အအုံကို ရှာဖွေရန် အကြည့်တို့ကို လွှဲပြောင်းလိုက်သည်။ ဤကဲ့သို့ ထိရောက်မှုမရှိသော ရှာဖွေမှုမျိုးသည် သူမထံတွင် ရှိမနေပေ။ 


သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်မင်းများက လမ်းကြောင်းများကို တိကျစွာလမ်းညွှန်ပြသ ပေးနေခြင်းကြောင့် ဖြစ်သည်။ ၎င်းသည် အလွန်ပင် တိကျလှသော လမ်းညွှန်စနစ်တစ်ခု ဖြစ်ပေသည်။


ဝေလင်၏ တစ္ဆေခြောက်လှန့်ခံရသည့် ကိစ္စကို ဖြေရှင်းပေးရန်အတွက် သူမတွင် အေးအေးလူလူ အချိန်ဖြုန်းနေရန် အခွင့်မသာပေ။ 


ဝမ်သိုက်သည် နတ်မင်း၏ လမ်းညွှန်ချက်အတိုင်း ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ ချီတက်နေစဉ် သူမက တမင်တကာ လျစ်လျူရှုထားသော လူသားတစ်ယောက်က နားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် လှောင်ပြုံးဖြင့် စကားဆိုလာသည်။


"အော်.... မင်း ငါ့အပေါ် မရိုးသားတဲ့ စိတ်ကူးတွေ ရှိနေတာတော့ မဟုတ်ပါဘူးနော်...... 


အစက ငါ့ရှေ့နေရုံးအထိ လိုက်နှောင့်ယှက်လို့ တခြားလူတွေ ငါ့အပေါ် အထင်လွဲအောင် လုပ်တယ်၊


ငါ့ရဲ့ အာရုံစိုက်မှုကို ရအောင် ကြိုးစားတယ်ပေါ့၊ အခုလည်း ငါ့နောက်ကို တကောက်ကောက် လိုက်နေပြန်ပြီ”


“မင်းရဲ့ စွမ်းဆောင်ရည်ကို ငါ အထင်မသေးသင့်ဘူးပဲ၊ ငါ့ရဲ့ လှုပ်ရှားမှုတွေကို ဒီလောက်အထိ အတိအကျ သိနေတာကတော့ တကယ်ကို အထင်ကြီးစရာပဲ... ဒါပေမဲ့ မင်း ဒီစိတ်ကူးကို လက်လျှော့လိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ ငါက မင်းလို လူမျိုးကို ဘယ်တော့မှ ကြိုက်မှာ မဟုတ်ဘူး"

 

အဆောက်အအုံ အမှတ်စဉ်များကို အာရုံစိုက်ကြည့်နေသည့် ဝမ်သိုက်မှာ လမ်းညွှန်မှုများ ပြတ်တောက်သွားရသည်။ သူမသည် ဘေးနားတွင် ယှဉ်တွဲလမ်းလျှောက်နေသော အမျိုးသားကို ချက်ချင်း လှည့်ကြည့်လိုက်ရာ "မင်း ဟန်မဆောင်ပါနဲ့တော့၊ ငါ အကုန် သိနေတယ်" ဟူသော ခနဲ့သည့် အကြည့်နှင့် ဆုံလေသည်။


ရင်ထဲတွင် ဒေါသတရားတို့ တဖွားဖွားဖြစ်ပေါ်လာသော် လည်း သူမ အလိုလို ရယ်မိသွားတော့သည်။ သူမ မျက်နှာထက် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေပြီး သူ့ကို ပြန် လည်လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်ကာ ဆိုသည်။


"မဟုတ်ဘူးလေ၊ ရှင် စိတ်ရောဂါကု ဆရာဝန်နဲ့ သွားပြသင့်ပြီထင်တယ်.... ကျွန်မ စိတ်ရောဂါသည်ဆီ မှာ နှိပ်စက်ခံချင်တဲ့ ဝါသနာ မရှိဘူး၊ ရှင်လို လူယုတ်မာမျိုးကို ဘယ်လိုလုပ်ပြီး ကြိုက်နိုင်မှာလဲ.... နောက်ပြီး ကျွန်မ ဒီကို လာတာ ကိစ္စရှိလို့ဆိုတာ မဖြစ်နိုင်ဘူးလား၊ ရှင့်နဲ့ လမ်းကြုံတဲ့လူတိုင်းက ရှင့်ကို စိတ်ဝင်စားနေကြတာလား.... ရှင်ကတော့ တကယ်ကို အချစ်ရူး ရူးနေတာပဲ"


သို့သော် သူမ၏ တုံ့ပြန်မှုမှာ ချန်စစ်ကျယ်အတွက်မူ ဘာမှမဟုတ်သကဲ့သို့ ရှိနေပေသည်။ ထိုအမျိုးသားသည် အေးအေးဆေးဆေးပင် အကြည့်လွှဲသွားပြီး မော်ကြွားနေသော မေးစေ့ကြောင့် ဝမ်သိုက်မှာ သူ့ မေးရိုးကိုသာ စိုက်ကြည့်နေရတော့သည်။ သူ့ နှုတ်ခမ်းအစုံမှ စကားလုံးများမှာ ပေါ့ပါးစွာ လွင့်ပျံလာသည်။


"လူတွေက များသောအားဖြင့် သူတို့ရဲ့စိတ်ထဲက အမှန်တရားကို အပြောခံရတဲ့အခါမှပဲ တုံ့ပြန်မှု ပြင်းထန်တတ်ကြတာ၊ အဖြေက ဘာလဲဆိုတာ မင်းကိုယ်တိုင် အသိဆုံး ဖြစ်မှာပါ"


ဒေါသတရားတို့ကြောင့် ဝမ်သိုက်သည် ရင်ထဲတွင် တင်းကျပ်လာတော့သည်။


ဝမ်သိုက်သည် ဒေါသအဟုန်ဖြင့် သူ၏ လက်မောင်းကို မမျှော်လင့်ဘဲ အဆက်မပြတ် ထိုးနှက်လိုက်သည်။ ထို့နောက် နတ်မင်းများ လမ်းညွှန်ထားသည့် လမ်းကြောင်းအတိုင်း ခြေလှမ်းများကို လျင်မြန်စွာဖြင့် လှည့်ထွက်ပြေးလာခဲ့သည်။


စိတ်ထွက်ပေါက် ရှာပြီးနောက် ထွက်ပြေးခြင်းသည် လူကြီးမဆန်သော်လည်း စိတ်ကျေနပ်မှုကိုတော့ ပေးစွမ်းနိုင်သည်။ ဝမ်သိုက်သည် ရင်ထဲမှ အပူများ ငြိမ်းသွားပြီးနောက် ဝေလင် ၏ အိမ်ရှေ့တွင် ခါးကိုကိုင်ကာ အမောတကောဖြင့် ရပ်နေမိသည်။


လေတိုက်နှုန်းကြောင့် သူမ၏ လည်ချောင်းမှာ ခြောက်ကပ်နာကျင်နေသဖြင့် တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ပြီး ဖုန်းကို ထုတ်ကာ ဝေလင်ထံသို့ ဆက်သွယ်လိုက်သည်။


"ကျွန်မ ရှင့်အိမ်အောက်ကို ရောက်နေပြီ... ဒီစမတ်လော့ခ်တံခါးကို ဖွင့်လို့မရဘူး၊ ဒါကြောင့် ရှင် ဆင်းလာခဲ့ပေးပါဦး... ရှင့်ရဲ့အိမ်ရာဝင်းက တကယ်ကို အဆင့်မြင့်လွန်းတာပဲ"


ဝမ်သိုက်သည် ဖုန်းကိုကိုင်ကာ ဝင်ပေါက်ရှေ့တွင် ရပ်နေရင်း လေသံထဲ၌ ပျော်ရွှင်မှုတို့ ရောယှက်နေပေသည်။


သို့သော် ဝမ်သိုက်အတွက် ထိုပျော်ရွှင်မှုမှာ ခေတ္တခဏသာ ဖြစ်သည်။ ကံကြမ္မာက သူမကို နောက်ပြောင်ရန် ရည်ရွယ်ထားသကဲ့သို့ ရှိပေသည်။


ဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် ရင်းနှီးနေသော လှောင်ပြုံး သံမှာ ဘေးနားမှ ထပ်မံ ထွက်ပေါ်လာပြန်သည်။


သူမသည် အလိုလို ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမကို စိတ်ဒဏ်ရာ ရစေမည့် ထိုမျက်နှာနှင့် ထပ်မံရင်ဆိုင်ရပြန်သည်။


ချန်စစ်ကျယ်သည် အထိုးခံထားရသော သူ၏ လက်မောင်းမှာ နာကျင်နေဆဲ ဖြစ်သည်။ သူသည် ဝမ်သိုက်ကိုလှောင် ပြောင်သော အကြည့်ဖြင့် စိုက်ကြည့်ကာ ဆိုသည်။


"ကြည့်ရတာ ငါ မင်းကို အထင်ကြီးမိသွားပုံပဲ..... လူကို ထိုးပြီး ထွက်ပြေးတဲ့ တာဝန်မဲ့တဲ့ အလုပ်မျိုးကိုတောင် မင်း လုပ်ဝံ့သေးတယ်ပေါ့၊ မင်းရဲ့ မိဘတွေက မင်းကို ယဉ်ကျေးမှု မသင်ပေးခဲ့ဘူးလား.... မင်းကို လူကြီးလို့ ခေါ်ရမှာတောင် နှမြောစရာပဲ"


ဝမ်သိုက် မျက်နှာတွင် အပြုံးတို့ ပျောက်ကွယ်သွားရသည်။ သူမ၏ မျက်လုံးထဲမှ အလင်းရောင် များမှာ ချက်ချင်းပင် ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ ရှိပေသည်။ သူမသည် ခေါင်းကို စောင်းထားလျက် သားဖြင့် သူ့ကို စိုက်ကြည့်နေမိသော် လည်း ထိုမျက်လုံးများမှာ ယခင်ကထက် ပိုအေးစက်နေတော့သည်။


"ဒါဆို ရှင်ကော.... ရှင့်မိဘတွေက ဘယ်ကိစ္စမဆို မိဘကို ဆွဲမထည့်ဖို့ မသင်ပေးထားဘူးလား၊ လူ့ယဥ်ကျေးမှုအရ ကိုယ်လုပ်တာ ကိုယ်ခံရမယ်လေ၊ ရှင့်ရဲ့ ဒီလိုမျိုး ရမ်းသန်း စော်ကားတဲ့ အပြုအမူကကော ဘယ်လောက်ယဉ်ကျေးတယ်လို့ ထင်နေတာလဲ၊ ကိုယ့်ရဲ့ စိတ်ကူးနဲ့ သူတစ်ပါးကို ထိခိုက်အောင် ပြောနေတဲ့ ရှင်ကကော ဘယ်လို လူစားမျိုးမို့လို့လဲ"


နံရံကိုထောက်ထားသော လက်ကို ပြန်ချလိုက်ပြီး သူမသည် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ဝမ်သိုက်သည် သူ့ကို ခဲဖြင့် ထုသတ်ချင်သော စိတ်ဆန္ဒကို အားတင်းကာ ထိန်းချုပ်လိုက်ရသည်။


ဒေါသနှင့် နာကျင်မှုတို့ ရောယှက်နေပြီး သူမ၏ဆင်ခြင်တုံ တရားတို့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။


လှေကားပေါ်မှ ပြေးဆင်းလာသော ဝေလင်မှာ ပူပြင်းလှသော နွေရာသီတွင် လက်ရှည် အိပ်ယာဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် အိမ်ရှေ့သို့ ရောက်လာပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ သူမသည် အေးစက်နေသော လေထုအတွင်းရှိ လူနှစ်ဦးကို ကြည့်ကာ ခက်ခဲစွာ စကားဆိုလိုက်သည်။


"ဟိုလေ... တောင်းပန်ပါတယ်..... ကျွန်မက ပိုပြီး စိတ်ချရအောင်လို့ ဆရာတို့နှစ်ယောက်လုံးကို ဖိတ်လိုက်တာပါ၊ ဆရာတို့ကို နောက်ပြောင်ချင်တဲ့ စိတ်မရှိပါဘူး.... စိတ်ချပါ၊ ကုန်ကျစရိတ်ကိုတော့... ကျွန်မ အကုန်ပေးပါ့မယ်"


ဝေလင်၏အသံမှာ တုန်ယင်နေပြီး စကားတစ်ခွန်း ဆုံးတိုင်း အသက်ရှူသံများ ပါဝင်နေပေသည်။


"ဟင်...... ဘာဆရာလဲ၊ ဆရာ နှစ်ယောက်လား"


အေးစက်နေသောလေထုကို ဝမ်သိုက်က ချိုးဖျက်လိုက်သည်။ ဝေလင်က တံခါးကိုလွှဲပေးပြီး သူတို့နှစ်ဦးကို အတွင်းသို့ ဖိတ်ခေါ်လိုက်သည်။ သူမသည် ဝမ်သိုက်ကို ကြည့်ကာ ရှင်းပြလိုက်သည်။


"ဟုတ်ကဲ့ပါ၊ ရှင့်ဘေးက ဆရာက ကျွန်မ အင်တာနက်မှာ အကူအညီတောင်းရင်း သိခဲ့တာပါ၊ ကျွန်မ သူနဲ့ ဗီဒီယိုကော ပြောပြီးပါပြီ.... သူကလည်း ရှင့်လိုပဲ ကျွန်မမှာ ရေတစ္ဆေ ကပ်နေတယ်လို့ ပြောခဲ့တာပဲ၊ ဒါပေမဲ့ ရှင် သိသလောက်တော့ သူ မသိဘူးပေါ့၊ အစကတော့ ဒီဆရာကိုပဲ အကူအညီတောင်းမလို့ပဲ၊ ဒါပေမဲ့ ကျွန်မ ညီမလေးက ရှင့်ကို ထပ်ညွှန်းတာနဲ့ ရှင့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း သဘောကျတာကြောင့် နှစ်ယောက်လုံးကို ဖိတ်လိုက်မိတာပါ"


ဝမ်သိုက်သည် ဘေးနားမှမော်ကြွားနေသော အမျိုးသားကို ကြည့်ကာ တစ်ချက်လှောင်ရယ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။


သူတို့နှစ်ဦးကြားမှ တင်းမာမှုများကို ဝေလင် သတိမပြုမိပေ။ သူမသည် သူတို့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။


"ဒါပေမဲ့ ဆရာတို့ နှစ်ယောက်လုံးက တကယ်ကို ရုပ်ချောကြတာပဲ၊ ဗီဒီယိုထဲထက်တောင် ပိုချောသေးတယ်"


ကျဉ်းမြောင်းသော ဓာတ်လှေကားအတွင်း ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့မှာ တစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ အလယ်တွင် ရပ်နေသော ဝေလင်က တိတ်ဆိတ်မှုကို ဖြိုခွဲရန် စကားဆိုခြင်း ဖြစ်သည်။


"ကျေးဇူးပါ... ကျွန်မက သူ့ထက်တော့ ပိုချောမယ် ထင်တာပဲနော်"


"ကျေးဇူးပါ... ဒါပေမဲ့ တစ္ဆေနှင်တဲ့ ကိစ္စမှာ ရုပ်ရည်ကမလို အပ်ပါဘူး၊ စွမ်းဆောင်ရည်ကသာ အဓိကပါ"


ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့မှာ စကားနာထိုးနေကြပြန် သည်။


ဓာတ်လှေကား တံခါးပွင့်သွားသည်နှင့် ဝမ်သိုက်သည် လှည့်မကြည့်ဘဲ အပြင်သို့ ထွက်လာခဲ့သည်။


"တစ်ချို့လူတွေက ရုပ်လည်း မချောသလို ပညာလည်း မရှိမှာကိုပဲ စိုးရိမ်ရတယ်"


ဝေလင်သည် သူတို့နှစ်ဦး မတည့်ကြသည်ကို ယခုမှ သိလိုက်ရတော့သည်။ သူမသည် စိုးရိမ်တကြီးဖြင့် သက်ပြင်းချလိုက်ရသည်။


ဝေလင်၏အိမ်တံခါး ပွင့်သွားသောအခါ ဝမ်သိုက်မှာ အိမ်တွင်း အခြေအနေကိုကြည့်ပြီး အံ့အားသင့်သွားရသည်။ ပြတင်းပေါက် လိုက်ကာများမှာ အကုန်ပိတ်ထားပြီး အိမ်တွင်း၌ မှောင်မည်းကာ အမည်းရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသည်ကို သူမ တွေ့လိုက်ရသည်။


အနောက်မှ တံခါးပိတ်သံ ကြားလိုက်ရသဖြင့် သူမ လှည့်ကြည့်လိုက်ရာ ဝေလင်ပခုံးပေါ်တွင် စိုရွှဲနေသော ခေါင်းတစ်လုံးတင်နေသည်ကို တွေ့လိုက်ရသည်။ ထိုတစ္ဆေ၏ လက်တစ်ဖက်မှာ ဝေလင် ရင်ဘတ်အတွင်းသို့ နှိုက်ကာ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ရှိပေသည်။


"ဝိညာဉ် ဝင်ပူးနေတာပဲ"


ချန်စစ်ကျယ်က သူမထက် အရင် စကားဆိုလိုက်သည်။ သူသည် အိတ်ထဲမှ အဆောင်များနှင့် ပစ္စည်းများကိုထုတ်ကာ ဂါထာမန္တန်များကို ကျွမ်းကျင်စွာ ရွတ်ဆိုပြီး ဝေလင် ကျောကိုလက်ဖြင့် ရိုက်လိုက်သည်။


ထိုအမည်းရောင် အခိုးအငွေ့များမှာ ဝေလင်၏ခန္ဓာကိုယ်အတွင်းသို့ ပိုတိုးဝင်သွားကြသည်။ ဝမ်သိုက်သည် စိတ်ထဲမှနေ၍ သူမ၏ နတ်မင်းများကို အကူအညီတောင်းလိုက်သည်။


"နတ်မင်းတို့ မြန်မြန်လုပ်ကြပါဦး... သူမရဲ့ ကိုယ်တွင်းတံခါးတွေ ပွင့်ကုန်ပြီ၊ ဒီထက် ပိုဝင်သွားရင် သူမ ရူးသွားလိမ့်မယ်"