Ch 7
Viewers 63

🍏 Chapter 7




ရုံးခန်းတံခါးကြားမှ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံ အချို့ ထွက်ပေါ်လာသည်။ အနီးနားရှိ ဝန်ထမ်းများမှာ နားစွင့်ရန် ကြိုးစားရင်း လုပ်လက်စ အလုပ်များကိုရပ်ကာ မျက်လုံးများမှာ ရုံးခန်းတံခါးဆီသို့သာ ရောက်နေကြတော့သည်။


ထိုထွက်ပေါ်လာသော စကားသံ အနည်းငယ်ကို နားထောင်ပြီး အပြင်က ဝန်ထမ်းများသည် ၎င်းတို့၏ စိတ်ကူးထဲတွင် အချစ်ဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို ပုံဖော်နေကြလေပြီ။


ရုံးခန်းအတွင်း၌ ဝမ်သိုက်သည် စားပွဲစွန်းကို မှီကာ ချန်စစ်ကျယ် လက်ကောက်ဝတ်ကို အတင်းဆုပ်ကိုင်ထားဆဲ ဖြစ်သည်။ သူမ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး မျက်ဝန်းအစုံက သူ့ကို စိုက်ကြည့်နေသည်။


"ရှင်က ကျွန်မနဲ့ လုပ်ငန်းတူများလား.... အပြင်ပန်းမှာတော့ လက်တွေ့ကျတာကို ယုံကြည်တဲ့ ရှေ့နေဆိုပြီး ကွယ်ရာမှာကျ ကံကြမ္မာဟောနေတာ မဟုတ်လား... 


ဒါမှမဟုတ်ရင် ကျွန်မ Live လွှင့်တာကို ရှင့်ဆီ ဘယ်လိုလုပ် ရောက်လာမှာလဲ၊ အခုခေတ် Big Data စနစ်အရ ရှင်က ဒီလိုအရာတွေကို စိတ်မဝင်စားရင် ရှင့်ဆီ ပေါ်လာမှာ မဟုတ်ဘူး၊ ကျွန်မက ရှင့်ထက် တော်နေပြီး စီးပွားရေး ပိုကောင်းနေလို့ ရှင် မနာလိုဖြစ်နေတာ မဟုတ်လား"


ချန်စစ်ကျယ်သည် ဂုဏ်မောက်သော ပုံစံဖြင့် သူမကို ခါထုတ်လိုက်ပြီး အနောက်သို့ နှစ်လှမ်းဆုတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် ခဏတာ အံ့သြသွားဟန် ပေါ်သော်လည်း ချက်ချင်းအေးစက်သော အကြည့်များဖြင့် အစားထိုးလိုက်သည်။


သူက လှောင်ပြုံးပြုံးကာ 


"နင်ကတော့ စိတ်ကူးယဉ်ရတာ တော်တော် ဝါသနာပါတာပဲ၊ ကိုယ်တိုင် ရွှံ့နွံထဲ ရောက်နေလို့ တခြားသူကိုလည်း ရွှံ့နဲ့ လိုက်ပက်နေတာလား၊ Big Data အကြောင်း သိရင် မြို့တူတဲ့ လူတွေကို ပိုပြီးတွန်းပို့ပေးတတ်တယ်ဆိုတာရော မသိဘူးလား"


ဝမ်သိုက် ဆွံ့အသွားရသည်။ စိတ်ပျက် အားငယ်မှုများက သူမ၏ ရင်ထဲတွင် ပြည့်နှက်လာပြီး စားပွဲပေါ် ထောက်ထားသော လက်များမှာ လက်သီးအဖြစ် ပြောင်းလဲသွားသည်။ သူမသည် ခေါင်းငုံ့လိုက်မိသည်။ တကယ်ကို အားကိုးရာမဲ့ပြီး ဝမ်းနည်းလှပေသည်။


ချန်စစ်ကျယ်အမြင်တွင်မူ သူမသည် မိုးရေထဲတွင် စိုရွှဲနေပြီး လက်သည်းနှင့် သွားများ အားလုံး အနှုတ်ခံလိုက်ရသည့် ကြောင်လေးတစ်ကောင်နှင့် တူနေပေသည်။ သူ့ နှလုံးသားက အကြောင်းပြချက်မရှိဘဲ တစ်ချက် နာကျင်သွားသည်။


သူသည် မိမိကိုယ်မိမိ ထိန်းချုပ်မရသည့် ခံစားချက်ကို မုန်းသော်လည်း သူမအပေါ် စိတ်ပျက်မသွားနိုင်ဘဲ ဖြစ်နေသည်။


"... အဲဒီ ခုနစ်ထောင်ကို ငါ ပြန်ပေးမယ်၊ နောက်ဆို နင့် Live ကို တွေ့ရင်လည်း မမြင်ချင်ယောင်ဆောင်ပေးမယ်၊ ဒါပေမဲ့ ငါ့ကို လာမနှောင့်ယှက်နဲ့တော့၊ ငါ့ရှေ့ကိုလည်း ထပ်ပေါ်မလာနဲ့"


ချန်စစ်ကျယ်သည် ဤမိန်းကလေးနှင့်တွေ့တိုင်း ထူးဆန်း သော ခံစားချက်များ ဖြစ်ပေါ်နေသဖြင့် နောင်တွင် မတွေ့ရအောင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူသည် ဖုန်းကို ဖွင့်ကာ Scan ဖတ်မည့် နေရာကို ဖွင့်လိုက်သည်။


"ငွေလက်ခံမယ့် QR Code ထုတ်လေ"


ဝမ်သိုက် မော့ကြည့်လိုက်ရာ စိတ်မရှည်သလို ဖြစ်နေသော ချန်စစ်ကျယ်ကို တွေ့ရသည်။


"မြန်မြန်လုပ်" ဟု သူက ထပ်ပြောသည်။


ဝမ်သိုက်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မတ်တပ်ရပ်လိုက်သည်။ သူမ မျက်ဝန်းထဲရှိ ခံစားချက်များကိုဖျောက် ပစ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။


"ကျွန်မက ပိုက်ဆံလာတောင်းတာ မဟုတ်ဘူး....ရှင့်ကို အရှက်ခွဲပြီး လက်စားချေချင်ရုံပဲ၊  ကျွန်မဘဝကို ရှင် ထပ်မနှောင့်ယှက်ဖို့ပဲ မျှော်လင့်တယ်၊ ရှင့်စကားအတိုင်း ဖြစ်ပါစေ"


သူမသည် လှည့်ထွက်သွားကာ တံခါးကို ဖွင့်လိုက်သည်။ အပြင်တွင် စောင့်နေသော ချန်နိုကိုမြင်သောအခါ ဟန်ဆောင် အပြုံးတစ်ခု ပြုံးပြလိုက်သည်။


"အစ်မချန်နျို ... ကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ စကားပြောပြီးသွားပြီ... သွားပြီနော်"


ဝမ်သိုက်သည် သွက်လက်စွာ ထွက်ခွာသွားသည်။ သူမ၏ ကျောပြင်လေးသည် ပိန်လှီလှသော်လည်း ခိုင်မာသော ဟန်ရှိနေပေသည်။


ချန်နျိုသည် ရုံးခန်းထဲသို့ ဝင်လာပြီး ချန်စစ်ကျယ်ကို ဒေါသတကြီး ကြည့်လိုက်သည်။


"ဘယ်လိုဖြစ်တာလဲ၊ နင်တို့ ဘယ်လို ညှိလိုက်ကြတာလဲ၊ ချန်စစ်ကျယ် ... နင်က မိန်းကလေးကို ပစ်ထားခဲ့တဲ့ တိရစ္ဆာန်ထက် မိုက်တဲ့လူတော့ မဖြစ်စေနဲ့နော်"


"ချန်နျို ... နင် ဒရာမာကားတွေ သိပ်မကြည့်နဲ့၊ နင် ရှေ့နေလုပ်နေတာထက် ဝတ္ထုရေးတာက ပိုကောင်းမယ်၊ အခုဟာက ငါ့ကိစ္စပါ၊ နင့်အလုပ်ကိုပဲ သွားလုပ်ပါတော့" ဟု ဆိုကာ ချန်စစ်ကျယ်က သူမကို မောင်းထုတ်လိုက်လေသည်။



အိမ်ပြန်ရောက်သောအခါ ဝမ်သိုက်သည် အခန်းထဲတွင် တစ်ယောက်တည်း ငိုကျွေးနေမိသည်။


သူမသည် မိဘများကို လွမ်းဆွတ်နေခြင်းဖြစ်သည်။ လွန်ခဲ့ သော ၁၁ နှစ်က ဖြစ်ရပ်များမှာ သူမ၏ မျက်စိထဲတွင် ယနေ့တိုင် ထင်ရှားနေဆဲ။


"အနိုင်ကျင့်ခံရရင် ကိုယ့်ဘက်ကနေ ပြန်ခုခံရမယ်... မငိုနဲ့၊ မျက်ရည်က အသုံးမဝင်ဘူး၊ ထက်မြက်တဲ့သူ ဖြစ်အောင် ကြိုးစားရမယ်" ဟု သူမ၏ မေမေက အမြဲ ပြောခဲ့ဖူးသည်။


"မေမေ ရှိနေသရွေ့တော့ သမီး ငိုလို့ရပါတယ်" လို့လည်း မေမေက ချော့မြှူခဲ့ဖူးသည်။


"သမီးရဲ့ မကောင်းတဲ့ ခံစားချက်တွေက ရေပန်းက ထွက်လာတဲ့ ရေတွေလိုပဲ အပြင်ကို ထွက်သွားပြီး ကောင်းတဲ့ ခံစားချက်တွေပဲ ကျန်ခဲ့ပါစေ" လို့ ဖေဖေကလည်း ဆုတောင်းပေးခဲ့ဖူးသည်။


ဝမ်သိုက်သည် မျက်ရည်များကို သုတ်ကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။ သူမသည် အွန်လိုင်းတွင် Live လွှင့်ရန်အတွက် အကောင့်သစ် တစ်ခုကို အသုံးပြုလိုက်သည်။


"ဝါး ... Live စတာနဲ့ ချက်ချင်း ရောက်လာတာပဲ 'ကိုကာကိုလာ' ရေ.... ငါတို့တွေ တကယ် စိတ်ချင်းဆက်နေတာပဲ" ဝမ်သိုက်က ရွှင်ပျစွာ နှုတ်ဆက်လိုက်သည်။


[ကိုကာကိုလာက အကောင်းဆုံးပဲ - ဟဲဟဲ၊ ဆရာမရဲ့ အကောင့်တွေ အကုန်လုံးကို 'Special Focus' လုပ်ထားတာလေ]


ထိုသူသည် လက်ဆောင်များစွာပေးပို့ကာ ဝမ်သိုက်ကို အားပေးနေသည်။ တစ်ကမ္ဘာလုံးက သူမကို ပစ်ထားသော် လည်း သူမကို ကြည့်နေပေးမည့်သူ တစ်ယောက်ရှိနေခြင်းက ဝမ်သိုက်ကို စိတ်လှုပ်ရှားစေသည်။


ထိုနေ့က Live လွှင့်ရသည်မှာ ချန်စစ်ကျယ်နှင့် မတွေ့သဖြင့် အလွန်အဆင်ပြေခဲ့သည်။


ညရောက်သောအခါ ကိုကာကိုလာ (ဝမ်ထုံ) ဆီမှ မက်ဆေ့ချ်များ ရောက်လာသည်။


[ကိုကာကိုလာ: ဆရာမ ... ကျွန်မရဲ့အစ်မဝမ်းကွဲတစ်ယောက် ပြဿနာတက်နေလို့ ကူညီပေးပါဦး]


[ကိုကာကိုလာ: အစ်မကလည်း လီကျိုးမှာပဲ ရှိတာပါ]


ဝမ်သိုက်သည် ထိုသူ၏အမည်ကို ဝမ်ထုံဟု ပြောင်းလဲမှတ်သားလိုက်သည်။


ထို့နောက် ဝမ်ထုံ၏အစ်မဖြစ်သူ ဝေလင် နှင့် ဗီဒီယိုကောလ် ပြောဖြစ်ကြသည်။ ဝေလင် ပုံစံမှာ အလွန်ဆိုးရွားနေသည်။ ဆံပင်များ ရှုပ်ပွကာ မျက်ဝန်းများမှာလည်း အားအင်ကုန်ခမ်းနေပြီး မျက်နှာတစ်ခုလုံး ညိုမည်းနေပေသည်။


"ဆရာမ ... ကျွန်မ နာမည်က ဝေလင်ပါ" 


 á€žá€°á€™á€€ အားမရှိသော အသံဖြင့် ပြောသည်။


ဝမ်သိုက်သည် သူမကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


"ရှင် စကားသိပ်မပြောနဲ့တော့၊ ရှင် အခုဖြစ်နေတာက ရေတစ္ဆေ ပူးနေတာပဲ၊ ပြီးခဲ့တဲ့လက ရည်းစားနဲ့ လမ်းခွဲပြီး ညသန်းခေါင်မှာ ကန်ဘောင်ကို သွားခဲ့တယ် မဟုတ်လား"


ဝေလင် အံ့သြသွားသည်။ ဝမ်သိုက်သည် သူမအား အန္တရာယ်ကင်းစေရန် အဆောင်စာများကို ပေးပို့လိုက်ပြီး နောက်နေ့တွင် လာရောက်ကူညီမည်ဟု ကတိပေးလိုက်သည်။


နောက်တစ်နေ့တွင် ဝမ်သိုက်သည် ဝေလင်ရှိရာ တိုက်ခန်းဝန်းထဲသို့ ရောက်လာသည်။


သို့သော်လည်း သူမ၏ ရှေ့တွင် လူတစ်ယောက်က ရုတ်တ ရက် ဝင်လာသည်။ အသားရောင် အင်္ကျီဖြင့် အရပ်ရှည်ရှည် လူတစ်ယောက်။


ဝမ်သိုက်သည် မကျေမနပ်ဖြင့် မော့ကြည့်လိုက်ရာ ... ထိုသူမှာ ချန်စစ်ကျယ် ဖြစ်နေပြန်သည်။


"ရှင်က တန်းစီရတာ မသိဘူးလား၊ တကယ့်ကို ယဉ်ကျေးမှု မရှိတဲ့လူပဲ" ဝမ်သိုက် အော်လိုက်သည်။


ချန်စစ်ကျယ်က သူမကို လှည့်မကြည့်ဘဲ အထဲကို ဝင်သွားရင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်။


"တံခါးပွင့်သွားရင် ပြီးတာပဲလေ၊ ဘယ်သူအရင်ဝင်ဝင် ဘာကွာလို့လဲ၊ ငါ တံခါးဖွင့်ပေးတာကို ကျေးဇူးတင်ရမယ့်အစား ရန်လာစနေသေးတယ်"


ဝမ်သိုက် ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်ထဲတွင် ပေါက်ကွဲတော့မည့်အတိုင်း ခံစားရသည်။ သူမသည် သူ့နောက်မှ အပြေးလိုက်ဝင်လာခဲ့သည်။


ချန်စစ်ကျယ် သူမကို လျစ်လျူရှုကာ အရှေ့မှ လျှောက်သွားသည်။ ဝမ်သိုက်သည် သူ့နောက်ကျောကို စိုက်ကြည့်လိုက်သည်။ သူက ခန္ဓာကိုယ်တောင့်တင်းပြီး ခါးသေးကာ တီရှပ်ကို ဘောင်းဘီထဲ ထည့်ဝတ်ထားသဖြင့် သူ့ တင်ပါးမှာ သိသိသာသာ ကော့ထွက်နေသည်။


ဝမ်သိုက် စိတ်ထဲမှကြိတ်၍ ရေရွတ်လိုက်မိသည်။


"တောက်~..... တင်ပါးကလည်း ကော့နေတာပဲ၊ လက်သီးနဲ့ နှစ်ချက်လောက် ထိုးပစ်ချင်လိုက်တာနော်"