Ch 20
Viewers 66

🍏 Chapter 20




ရေချိုးခန်း နှစ်ပေခန့်သာ ကျယ်ဝန်းပြီး တံခါးမှာ သစ်သားတံခါးကလေး ဖြစ်သည်။ သို့သော် အပြင်မှ ကြည့်လျှင် မြင်နိုင်သော အပေါက်အပြဲကလေးများ ရှိနေသဖြင့် ယုံကျာ တံခါးအပြင်မှ စောင့်ပေးနေရသည်။



ရေနွေးကို ကြိုချက်၍ ပုံးထဲထည့်ပေးထားခြင်းဖြစ်ရာ ဝမ်သိုက် အမြန်ရေချိုးလိုက်ရသည်။



ယခုအခါ အချိန်မစောတော့သည့်အပြင် ရေနွေးတည်ရသည်မှာ အချိန်ကုန်သဖြင့် အားနာမိသောကြောင့် ဖြစ်သည်။

ကြွေပြားကပ်ထားသော ရေချိုးခန်းလေးထဲမှ ရေကျသံများ ရပ်တန့်သွားကာ အဝတ်အစားလဲသည့်အသံများ ထွက်ပေါ်လာသည်။ တံခါးအပြင်တွင် ရပ်နေသော ယုံကျာ ပူထူနေသော နားရွက်များကို ပွတ်သပ်ရင်း ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။



ကျေးရွာထဲတွင် ဆင်းရဲသဖြင့် မိန်းကလေးများ အပြင်လူဖြင့်သာ အိမ်ထောင်ပြုသွားကြရာ လူပျိုကြီးများ အလွန်များပြားလှပြီး တစ်ဦးချင်းစီ ဆာလောင်နေကြသည်။



သစ်သားတံခါးကလေး တကျီကျီမြည်ကာ ပွင့်လာသည်။ ညဦးပိုင်း တောင်ပေါ်လေ ပူအိုက်ခြင်းမရှိဘဲ အေးစိမ့်စိမ့်ဖြင့် လက်မောင်းပေါ်သို့ ကျရောက်လာသည်။ ဝမ်သိုက် အဝတ်ဟောင်းများ ထည့်ထားသော ပုံးကိုကိုင်လျက် ယုံကျာကို ပြုံးပြလိုက်သည်။



"ကျေးဇူးတင်ပါတယ်ရှင်၊ ရှင်လည်း သွားချိုးတော့လေ၊ ကျွန်မ စမ်းချောင်းမှာ အဝတ်သွားလျှော်လိုက်ဦးမယ်"




ရှက်ကိုးရှက်ကန်းဖြစ်နေသော ယုံကျာ ရုတ်တရက် မျက်နှာ ပျက်သွားကာ အသံကိုမထိန်းနိုင်ဘဲ အော်လိုက်သည်။



"မရဘူး"



သူ့အသံ လေထဲတွင် တုန်ခါသွားကာ တိတ်ဆိတ်မှုကို ပို၍ ထင်ရှားစေသည်။



သူ ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်ပြီး ဝမ်သိုက်၏ နားနားသို့ကပ်ကာ တိုးတိုးလေးပြောသည်။



"ငါတို့ဆီမှာ ညဘက် စမ်းချောင်းမှာ အဝတ်သွားလျှော်တာကို အရမ်းရှောင်ကြတယ်၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့၊ အရင်တုန်းက မုဆိုးမတစ်ယောက်ရှိတယ်၊ သူ ညဘက် အဝတ်သွားလျှော်တာ၊ နောက်နေ့ကျတော့ လူတွေ သူ့အလောင်းကို တွေ့လိုက်ရတယ်၊ အဝတ်အစားတွေလည်း တစ်ခုမှမပါဘူး"



သူပြောလိုသော အဓိပ္ပာယ် ရှင်းလင်းလှသည်။ ဝမ်သိုက် မျက်မှောင်ကြုတ်လိုက်ကာ စိတ်မသက်မသာ ဖြစ်သွားရသည်။



"ကျွန်မ နားလည်ပါပြီ၊ မနက်ဖြန်မနက်မှပဲ သွားတော့မယ်"



အိပ်ခန်းသို့သွားရန် လှေကားပေါ်တက်ရုံသာ ဖြစ်သော်လည်း ယုံကျာ အခန်းထဲအထိ လိုက်ပို့ပေးမည်ဟု ဇွတ်ပြောနေ သည်။ လှေကားအကွေ့တွင် သစ်ခြောက်ခက်များ စုပုံထားသော နေရာတစ်ခုရှိသည်။ ထိုနေရာကို ဖြတ်သွားသောအခါ ယုံကျာ အတန်ကြာအောင် ကြည့်နေခဲ့ပြီးမှ ဝမ်သိုက်ကို အခန်းထဲ လိုက်ပို့ပေးသည်။



လေမှာ လှေကားပေါ်သို့ မတက်နိုင်သဖြင့် နွေည၏တောင်ပေါ်လေသည် အားနည်းလှသည်။



သစ်ခြောက်ခက်များ ပွတ်တိုက်သံ တတောက်တောက် ထွက်ပေါ်လာသည်။ လရောင်ဖျော့ဖျော့ ထောင့်တစ်နေရာသို့ ကျရောက်နေပြီး အမှောင်ထုထဲတွင် ဖုံးကွယ်နေသော သစ်ကိုင်းပုံထဲမှ ရောင်ပြန်နှစ်စက် ဝင်းခနဲ လက်သွားသည်။



ဒုတိယထပ်ရှိ ဝရံတာလေးမှာ ကျဉ်းမြောင်းလှသည်။ ယုံကျာ တံခါးကိုဖွင့်ပေးကာ အရင်ဝင်၍ မီးဖွင့်ပေးလိုက်သည်။ အခန်းထဲကို တစ်ချက်ကြည့်ပြီး ဗီရိုရှေ့တွင် ရပ်လိုက်သည်။ ဗီရိုပေါ်ရှိ သံဘူးအဖုံးပေါ်တွင် တစ်ခုခုဖြင့် ခြစ်ထားသော အမှတ်အသားများ ရှိနေသည်။



ဝမ်သိုက် ခရီးဆောင်အိတ်ကို သစ်သားကုလားထိုင်ပေါ်တင်လိုက်ကာ ယုံကျာဘေးတွင် ရပ်ရင်း အဖုံးပေါ်က အမှတ်အ သားကို တစ်ချက်ကြည့်လိုက်သည်။



"ဒါ ရှင်လုပ်ထားတဲ့ အမှတ်အသားလား"



သူမအသံ အလွန်တိုးလှသည်။



ယုံကျာ ခေါင်းညိတ်ပြကာ အခန်းအပြင်သို့ တစ်ချက်ကြည့်လိုက်သည်။ အခန်းထဲမှ ထွက်ပေါ်နေသော မီးရောင် မြေပြင်ပေါ်တွင် ပုံသဏ္ဌာန်မမှန်သော အရိပ်တစ်ခုအဖြစ်ငြိမ်သက် နေသည်။



သူ နှုတ်ခမ်းကို လှုပ်ရှားလိုက်သော်လည်း တစ်ခုခုကို စိုးရိမ်သကဲ့သို့ ခေတ္တရပ်သွားကာ ဝမ်သိုက်ကိုကြည့်၍ တိုးတိုးလေး ပြောသည်။



"အကယ်၍ မအိပ်ချင်သေးရင် ခဏလောက်စောင့်ပေးပါဦး၊ အခု ငါနဲ့ ငါ့အဖေ၊ အမေ ရေချိုးပြီးရင် နင်နဲ့ စကားပြောစရာရှိလို့ အပေါ်တက်လာခဲ့မယ်၊ ငါ အောက်ဆင်းတော့မယ်နော်၊ တံခါးကို ဘယ်သူ့မှ မဖွင့်ပေးနဲ့"



ဝမ်သိုက် “အင်း” ဟု ပြန်ထူးလိုက်သည်။ သူ ထွက်သွားပြီးနောက် တံခါးဂျက်ထိုးသံ ပါးလွှာသော တံခါးချပ်ကိုဖြတ်၍ အခန်းတွင်းသို့ တိုးဝင်လာသည်။



သူမ အခန်းငယ်လေးကို လှည့်ပတ်ကြည့်လိုက်သည်။ ကုတင်ပေါ်ရှိစောင်မှာ သေသေသပ်သပ်ခေါက်ထားပြီး စားပွဲပေါ်တွင် အလှဆင်ထားသော သစ်သီးခြောက်အချို့ရှိသည်။ နံရံတွင်ချိတ်ထားသော မိသားစုဓာတ်ပုံထဲ သိုလန်ဇနီးမောင်နှံနှင့် ယုံကျာတို့ ပါဝင်သည်။



သူမ ဓာတ်ပုံနားသို့ တိုးသွားလိုက်သည်။ ဓာတ်ပုံထဲတွင် သိုလန်ဇနီးမောင်နှံကြား၌ ရပ်နေကာ ယုံကျာနှင့် အလွန်တူသော မိန်းကလေး အပြုံးများဖြင့် လှပနေချေသည်။ သူမမျက်နှာ ယုံကျာနှင့် အလွန်တူသော်လည်း ပို၍နူးညံ့ကာ ညိုသော အသားအရောင်ကြောင့် ကျန်းမာသန်စွမ်းသည့်ပုံ ပေါ်သည်။



ဝမ်သိုက် ထိုမျက်နှာကို စိုက်ကြည့်နေရင်း စိတ်ထဲတွင် ပုံရိပ်အချို့ ချက်ချင်းလက်ခနဲ ပေါ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် အသံအချို့ကိုလည်း ကြားလိုက်ရသည်။



တောအုပ်ထဲမှ ချုံပုတ်များ၊ မြေပြင်ပေါ်သို့ လဲကျသွားသောပုံစံ၊ အဝတ်အစားများ ဆုတ်ဖြဲခံရသည့်အသံ၊ အော်ဟစ်ငိုကြွေးနေသော မျှော်လင့်ချက်မဲ့သည့် ခံစားချက်၊ ညိုမည်းစွဲနေသော ခန္ဓာကိုယ်၊ အသက်ရှူရကျပ်သော ခံစားချက်ကြီးတစ်ခု။



သူမ အသက်ကို ပြင်းပြင်းရှူကာ ရင်ဘတ်ကိုဖိထားရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ကုလားထိုင်နောက်ကျောကို မှီမိသွားမှသာ ရပ်တန့်သွားသည်။



နောက်ဆုံး မြင်လိုက်ရသော အာရုံထဲတွင် ပျက်စီးသွားသော မျက်နှာတစ်ခု ပေါ်လာသည်။ ထိုမျက်နှာမှာ ဖူးရောင်ညိုမည်းရုံသာမကဘဲ လုံးဝကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရခြင်း ဖြစ်သည်။



စိတ်ထဲတွင် လေးလံသော အတွေးများ လွှမ်းမိုးသွားကာ ဝမ်သိုက် ခေါင်းငုံ့လျက် ကုလားထိုင်တွင်ထိုင်လိုက်ပြီး အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်သည်။



ဖုန်းမျက်နှာပြင်တွင် ချန်စစ်ကျယ် ပို့ထားသော စာပြန်သည့်ချက် ပေါ်လာသည်။



[ချန်စစ်ကျယ်- ငါ့ရဲ့အချိန် တန်ဖိုးရှိတယ်နော်၊ အစကတည်းက မသွားပါနဲ့လို့ ပြောထားသားပဲ၊ ဇွတ်သွားတာကိုး၊ နင် ခေါင်းမာတာကိုး]



[ချန်စစ်ကျယ်- အလွန်ဆုံး သုံးရက်ပဲစောင့်၊ ငါလာခဲ့မယ်၊ ငါ့ရဲ့အချိန်တွေ ဆုံးရှုံးသွားတဲ့အတွက် ဘယ်လိုလျော်ကြေးပေးမလဲဆိုတာ စဉ်းစားထားဦး၊ ငါ့ရဲ့တစ်နာရီကြေး ရှစ်ထောင်နော်]



"ဟား…... တစ်နာရီကို ရှစ်ထောင်တောင်တဲ့လား၊ ဒါက အိတ်ထဲကနေ တစ်ခါတည်း လုယူတာနဲ့ ဘာထူးမှာလဲ"



ရှုပ်ထွေးနေသော အတွေးများကို ခေတ္တဘေးဖယ်ကာ ဝမ်သိုက် ဖုန်းမျက်နှာပြင်ပေါ်တွင် စာရိုက်လိုက်သည်။



[ရှင် လာရင် အာဏာပိုင်တွေနဲ့ တစ်ခါတည်း လာခဲ့ပါနော်၊ ဒီရွာမှာ ပြဿနာတွေ အများကြီးရှိတယ်၊ မြို့နယ်အဆင့် အာဏာပိုင်တွေဆိုရင် အသုံးဝင်မှာ မဟုတ်ဘူး၊ လာတဲ့အခါ အထက်အဆင့်ကို ကြိုပြောထားပါဦး၊ ခါးမူကျေးရွာမှာ လူသတ်မှု နှစ်မှုထက်မက ရှိနေပြီး အခုထိ အမှုမပေါ်သေးဘူးလို့ ပြောလိုက်ပါ]



သူမ ဖုန်းမျက်နှာပြင်ကို ပိတ်လိုက်ကာ ကုတင်ဘေးတွင် ဖုန်းအားသွင်းထားလိုက်သည်။



ကုတင်မှာ နံရံတွင် ကပ်ထားခြင်းဖြစ်ပြီး ကုတင်ခေါင်းရင်းဘေးတွင် မှန်ပြာရောင် ပြတင်းပေါက်တစ်ခု ရှိသည်။ ဝမ်သိုက် ခါးကုန်းနေသော အနေအထားဖြင့် ထိုပြတင်းပေါက်အပြင်ဘက်မှ သူမကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံ ရှိနေကြောင်းခံစားမိသည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် ထူးခြားသောအစွမ်း ရှိနေပေသည်။



ပြတင်းပေါက်အပြင်ဘက်မှ မြင်ကွင်း သူမဦးနှောက်ထဲသို့ ရောက်လာသည်။ အခန်းထဲမှ အလင်းရောင်ကြောင့် ပြတင်း ပေါက်အပြင်ဘက်တွင် ဝပ်နေသော အမျိုးသားတစ်ဦး၏ ပုံသဏ္ဌာန်မှာ ပေါ်လွင်နေသည်။



သူ့ကိုယ်လုံးမှာ ပုလုံးလုံးနှင့် ဘဲဥပုံသဏ္ဌာန် ဖြစ်သည်။ နောက်ကျောဘက်မှ ကြည့်လျှင် သူ့လည်ပင်းမှ အသားများမှာ အထပ်ထပ် ဖြစ်နေကာ ပုတိုနေသော ခြေထောက်နှစ်ဖက် ဘေးသို့ ကားထွက်နေသည်။ သူ့ကျောပြင်ကြီးမှာ ဝက်ကြီးတစ်ကောင်၏ ကျောပြင်နှင့် တူလှသည်။



သူ့မျက်နှာမှာ ပုံမှန်မဟုတ်ဘဲ ရှေ့သို့ ငေါထွက်နေကာ ဦးခေါင်းနောက်ဘက်ထက် ပိုပြည့်ဖောင်းနေသည်။

ဝမ်သိုက် ဤမျှအထိ ရုပ်ဆိုးလှသော လူတစ်ယောက်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ ရင်ထဲတွင် ပျို့အန်ချင်စိတ်များ ပေါ်လာသည်။



သူမ တစ်ဖက်လူကို မမြင်ချင်ဟန်ဆောင်ကာ ကုတင်ပေါ်တွင်ထိုင်လိုက်ပြီး လက်တစ်ဖက်ဖြင့် ပြတင်းပေါက်လိုက်ကာကို ဆွဲပိတ်လိုက်သည်။



ယခုမှပင် ယုံကျာ အဘယ်ကြောင့် ဤမျှတိုတောင်းသော လမ်းကိုပင် လိုက်ပို့ပေးသည်ကို နားလည်သွားရသည်။

ဤကျေးရွာတွင် အမှောင်ဖုံးနေသော မကောင်းမှုများစွာ မြုပ်နှံထားသည်မှာ သေချာလှသည်။



ဝမ်သိုက် ပြတင်းပေါက်နောက်တစ်ဖက်တွင် မှီ၍ ညင်သာစွာ ညအလှကို ကြည့်နေစဉ် တံခါးဂျက်ဖွင့်သံ ထွက်ပေါ်လာသည်။ သိုလန်တို့မိသားစုတစ်စုလုံး ဝင်လာကြကာ ရှေ့ဆုံးမှ ယုံကျာ ပါလာသည်။



"ခုနက ဘာမှမဖြစ်ဘူး မဟုတ်လား"



ဝမ်သိုက် လှည့်ကြည့်ကာ ကုလားထိုင်တွင် ထိုင်လိုက်ပြီး ရှေ့မှ လူသုံးဦး၏မျက်နှာကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။



"ဘာမှ မဖြစ်ပါဘူး၊ ဒါပေမဲ့၊ ရှင်တို့လည်း ကျွန်မရဲ့အစွမ်းအကြောင်း သိကြတာပဲ၊ စောစောက ပုပုလုံးလုံး အမျိုးသားတစ်ယောက် ပြတင်းပေါက်အပြင်ကနေ ကျွန်မကို ချောင်း ကြည့်နေတယ်၊ သူတော့ ကျွန်မ သိတယ်ဆိုတာကို သိမှာ မဟုတ်ဘူး"



ပုပုလုံးလုံးဟူသော စကားကို ကြားလိုက်ရသည်နှင့် သိုလန်မျက်လုံးများ ပြူးကျယ်သွားကာ မျက်လုံးထဲတွင် သွေး ကြောများဖြင့် ပြည့်နှက်နေသည်။ သူမ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။



"ငါ သိသားပဲ အဲ့ဒါ ကျန့်ဖူပဲ၊ ယီချိုင်က ဘယ်လိုများ ဒီလို တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်ကို မွေးထုတ်လိုက်တာလဲ မသိဘူး"



ဇာကန် အစိမ်းရောင်ဖျင်ဘောင်းဘီအိတ်ထဲမှ ဆေးလိပ်တစ်ဗူးကိုထုတ်ကာ တစ်လိပ်ကို နှုတ်ခမ်းတွင် တပ်လိုက်သည်။ မီးခြစ်ဖြင့် မီးညှိလိုက်ပြီး တစ်ဖက်ရှိ ပြတင်းပေါက်နားသို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။ ပြတင်းပေါက်ကို တစ် ဝက်ခန့် ဖွင့်လိုက်ကာ အပြင်သို့ငေးကြည့်ရင်း ဆေးလိပ်ငွေ့များကို မှုတ်ထုတ်နေလေသည်။